Monday, January 30, 2012

တီချမ်း ဆရာလုပ်တဲ့ အသုပ်စုံ

ကဲလာပြန်ပါပြီ တီချမ်းကို ဟင်းချက်တာပိုကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် တီချမ်း စတိုင်လ်အတိုင်း ပုံလှလှလေးတွေပြင်ဆင်ပုံ အဆင့်ဆင့် သပ်သပ်ရပ်ရပ်လေးတွေနဲ့ ဒီတပတ်အတွက် လုပ်ဖြစ်တာကတော့ အသုပ်စုံပါ။ အမှန်က ၂၆ ရက်နေ့မှာ ကျရောက်တဲ့ မောင့်အတွက် မွေးနေ့အနေနဲ့ လုပ်ပေးဖြစ်တာဖြစ်ပါတယ်။ အပြင်လူလဲ သိပ်များများစားစားမပါပါဘူး။ အိမ်က ကလေး နှစ်ကောင် (မွေးစား ဝမ်းမနာ သားနဲ့ သမီးရယ်) သူငယ်ချင်း ဘလောခ်ဂါ နှစ်ယောက် ဖြစ်တဲ့ လွယ်ကူစားမြိန် နဲ့ ခရမ်းနွယ်တို့လောက်ပဲပါပါတယ်။ (ကဲကြေငြာပေးလိုက်ပြီနော်....တီ့ဆီကနေ တဆင့် လူဝင်များပြီး ဟစ်တက်ပြီသာမှတ်) အဓိကကလဲ သူတို့နှစ်ယောက်ပဲ လုပ်သွားကြတာပါ။ တီကတော့ ဆရာကြီး လုပ်တာပေါ့။ ဘယ်ဟာကို ဘယ်လိုလုပ်၊ ဘယ်ဟာက ဘယ်လောက်ထည့် ဘယ်ဘက်လက်နဲ့ ဘယ်လိုနယ် ဘာဘာညာညာပေါ့။ အဓိကကတော့ ဓါတ်ပုံလှလှလေးတွေရိုက်ပါတယ်။ အဲ့တာလဲ ဘလောခ်ဂင်းမှာ အရေးကြီးတာကိုးနော်။ အဓိက က တီ့ဟင်းချက်တာတွေကို လူတွေကြိုက်ကြတာ အဲ့လို ပုံလှလှလေးတွေနဲ့ အဆင့်ဆင့် စနစ်တကျ ဖော်ပြတတ်လို့လို့ထင်ပါတယ်။ ထားပါလေ။မောင့်မွေးနေ့ အတွက် လုပ်ကျွေးဖြစ်တဲ့ လက်သုပ်စုံလေးကို ကြည့်ကြရအောင်နော်။ အော်မေ့တော့မလို့ ဟက်ပီးဘလိတ်တက် ဘတ်သ်ဒေးပါမောင်။

ဒီပထမဆုံးပုံကို သိပ်အာရုံမထားကြပါနဲ့ တီ ဘလောခ် ပိုစ့် အသစ်တင်ရင် တခြား ဘလောခ်ဂါတွေရဲ့ ပေဂ်ျ့တွေမှာ အရင်ဆုံးတင်တဲ့ ပုံနဲ့ ပိုစ့်က ပေါ်တတ်တာ သတိထားမိလို့ ပုံလှလှလေးတွေ အရင်ရွေးပြီးတင်ထားတာပါ။ တဆင့်ခြင်းပုံတွေက အောက်မှာ......





အားလုံးသိကြတဲ့အတိုင်း အသုပ်ဆုံ ဆိုနာ မြန်မာလူမျိုးတွေ ခုံခုံမင်မင်စားလေ့ရှိတဲ့ သွားရေစာ တမျိုးပါ။ တီတို့ဆိုရန်ကုန်မှာနေတုံးက နေ့လည်ဆို
မုန့်ဟင်းခါး၊
အုန်းနို့ခေါက်ဆွဲ၊
ကြာဇံချက်၊
ကော်ရည်ခေါက်ဆွဲ၊
ရခိုင်မုန့်တီ၊
နန်းကြီးသုပ် စတာတွေ တခုမဟုတ်တခု ထွက်စားနေကြပါ။ (တလက်စတည်း အကုန် အရင်က ချက်ဘူးတာ လင့်ခ်ပေးလိုက်မယ်နော်) ရန်ကုန်မှာတော့ ဘယ်မှာဖြစ်ဖြစ် အဲ့တာတွေ ရှိတော့ စားရလွယ်တာကိုးနော်။ တီတို့နေတဲ့ မြေနီကုန်း စမ်းချောင်းဆို ပိုတောင်ပေါသေး။ နာမည်ကြီး မုန့်ဟင်းခါးတွေလဲ အဲ့နားမှာ များတာကို။ ခုတော့ ဒီမှာက စားချင်ရင် ကိုယ်တိုင် တခုတ်တရ လုပ်စားပါမှ စားရတာပါ။ လုပ်လဲလုပ်စားဖြစ်ပါတယ်။ မလုပ်ချင်ရင် မစားရဘူးကိုးနော်။ စာဘတ်သူတယောက်က လာမေးပါတယ်။ ဘာလုပ်လဲတဲ့။ ဟင်းချက်တာတွေက မိုက်တော့ အလေ့အကျင့်ရှိတယ်ထင်တယ်နော်တဲ့။ အမှန်က တီဒီမှာ လာနေဖြစ်မှ အဲ့တာတွေအကုန် စချက်ဖြစ်တာပါ။ အို ထမင်းဟင်းကအစပေါ့။ အရင်က အိမ်မှာဆို ဘာအမွှေးမှ မလောင်အောင် မင်းသမီးလိုနေတာ။ စားပြီးတဲ့ ပန်းကန်တောင်မဆေးရဘူး။ ညီလဲ ရှိ အိမ်ဖော်တွေလဲ ရှိဆိုတော့။ ရေတောင် သောက်ချင်ရင် သူသူရေ (အိမ်ဖော်နာမည် ဥပမာ) လို့အော်လိုက်ရုံပါပဲ။ ခုမှ ဒီလဲရောက် တိုင်းတပါးမှာလဲ မိဝေးဖဝေးနေနေရ၊ လင်ကလဲရ ဆိုတော့မှ အိမ်အလုပ်ဆိုတာတွေ လုပ်ရတာ။ ဒါတောင် မောင်က လိမ္မာလို့ တီ သိပ်မလုပ်ရပါဘူး။ အိမ်မှာဆို ဟင်းချက် ထမင်းချက် အဝတ်လျှော် မီးပူတိုက် က မောင်လုပ်တာ။ အိမ်ရှင်းတာကတော့ မိတ်လုပ်တာပေါ့။ ထားတော့။ ပြောချင်တာ ဒီရောက်မှ အဲ့လို အချက်အပြုတ်တွေ စလုပ်ဖူးတာပါ။ အရင်ကတော့ အမေလုပ်တာမြင်ဘူးတာပေါ့ အဲ့လောက်ပါပဲ။ တီကို ကတော်တာဖြစ်မယ်။ တချို့တွေ ပြောသလိုလေ လက်ဆိပ်ရှိတယ်ခေါ်တာပေါ့ တခါမြင်ဘူးရင် ချက်တတ်ပြီ။ မမြင်ဘူးရင်လဲအမေတို့အဒေါ်တို့ ဖုန်းဆက်မေး သူတို့ပြောတဲ့ အတိုင်းချက်လိုက်ရင်ဖြစ်သွားတာပဲ။ သတိထားမိပါလိမ့်မယ် တီ့ အချက်အပြုတ်တွေမှာ ဘယ်တုံးကများ အသားက ဘယ်လောက်သား အချိုမှုန့်ဆားက စားပွဲတင်ဇွန်း ဘယ်နှဇွန်းဆိုတာမျိုး ရေးဖူးလို့လဲ။ (ရေးနေသူများကို မကောင်းမပြောပါ တီက ပိုတော်တာကိုသာပြောလိုရင်းဖြစ်ပါတယ်) ငှဲငှဲငှဲ.......ဒီလိုပဲ ကြည့်ထည့်လိုက် တီ့ မိုတို ကိုက လွယ်ကူမြန်ဆန် စားကောင်းအရသာရှိပဲလေနော်။ ဆား အချိုမှုန့် တို့ ဟင်းချက်ရင် ငရုတ်သီး အရောင်တင်မှုန့် တို့ဆိုတာက ထည့်သာထည့် ကြိုက်သလောက်ထည့် လိုရင် ထပ်ထည့် များသွားရင် ရေရောပဲလေနော်။ လွယ်မှလွယ်။ မလွယ်ဘူးလား သိပ်လွယ်တာပေါ့နော်။ ကဲ တီချမ်း ထုံးစံအတိုင်း လျှာရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။ တီ့ နောက်မိုတိုတခုကလဲ လျှာရှည်လေ တွေ့ရှိလေဆိုတော့ ရှည်ရမယ်လေနော်။ ကဲလာပြီ။ အသုပ်စုံ။

အားလုံးသိကြတဲ့အတိုင်း အသုပ်စုံကလဲ လုပ်တော့သာလွယ်တာ အစုံပလုံရအောက် ရှာရတာ သိပ်ခက်တယ်။ အမှန်က ငယ်ငယ်က စပ်ကော့လပ်ကော့ဈေးမှာ စားခဲ့သလို ကျောက်ပွင့်လေးတွေ ရေညှိလေးတွေတောင် ထည့်ချင်သေးတာ ခုတော့ လဲ သူများနိုင်ငံမှာ ဆိုတော့ ရှိတာလေးနဲ့ ဖြစ်သလိုပဲပေါ့နော်။ ဒါတောင် တီ့ဖြစ်သလိုဆိုတာက အများစုရဲ့သေချာစီစဉ်မှုထက်တော့ သာမှာသေချာတယ်။ တချို့လူတွေက ဖြစ်သလိုဆို တကယ့်ကို ဖြစ်သလိုလုပ်တတ်ကြတာကလား။ ထားတော့။ နာမည်တော့ မပြောတော့ဘူး တော်ကြာ စိတ်ဆိုးနေမှာစိုးလို့။

ကဲ တီ့အသုပ်စုံက တကယ်ကော စုံရဲ့လား ဘာတွေ ပါသလဲ ကြည့်ကြရအောင်နော်။





ပုံ ၁-၂-၃ အစီအစဉ်လိုက်အတိုင်း သွားမယ်နော်......ဂေါ်ဖီ ပါးပါးလှီးရယ် သင်္ဘောသီး ဓါးနှုတ်စဉ်းလေးရယ် တိုဟူးရယ်ပါ။ လှီးတာချွတ်တာတွေအတွက် ခရမ်းနွယ်ကို ခရက်ဒစ်ပေးချင်ပါတယ်။ တကယ့်ကို တရုတ်သိုင်းလောက က ဓါးသိုင်းသမကြီး အတိုင်းပဲ ရွှတ်ရွှတ် ဒုတ်ဒုတ်နဲ့ လှီးသွားတာ တော်ကြာ စတီဗင်ချောင်းများသိသွားရင် သူ့နောက်ကားတွေမှာ ထည့်ရိုက်နေမှာ စိုးရပါတယ်။ (ဝါးခြမ်းပြားကြီးကြီးနဲ့)





ထမင်းလုံး ငရုတ်ဆီနယ်ပါ၊ အမှန်က ချီးပမ်းချဉ် နဲ့ နယ်ရမှာ နီနီလေး (အဆိုတော်မဟုတ်) အရောင်ရအောင်လေ ခုတော့ မရှိတော့ ရှိတဲ့ တီ ဖက်ထုပ်တွေခေါက်ဆွဲတွေစားရင် ထည့်စားတဲ့ ငရုတ်သီး ဆီချက် ချက်ထားတာနဲပ နယ်ပလိုက်တယ် လှလှလေး လုံးပေးတာက လွယ်ကူစားမြိန်ပါ။ ဆီချက်ကတော့ မောင့် လက်စွမ်းဖြစ်ပါတယ်။ တလောကလုံးမှာ ဆီချက်ကို ဒီလို လှလှ မွှေးမွှေး မတူးအောင် ကြော်နိုင်တာ တီချမ်း ချစ်လင် ယောက်ျား အိမ်သား မောင်ပဲ ဖြစ်ပါတယ်။ နောက်ထပ်ကတော့ သခွားသီး ခုနက ပြောတဲ့ အော်မေ့ ဓါးသမ ခရမ်းနွယ်လက်ရာဖြစ်ပါတယ်။ အံမယ် ခုမှသတိထားမိတယ် သူ့နာမည်က တကယ့် သိုင်းဝတ္ထူတွေထဲက နာမည်ဖြစ်နေပါ့လား။





အားလူးပြုတ် အခွံနွှာချေထားတာဖြစ်ပါတယ်။ နံနံပင်ဖြစ်ပါတယ်။ ကဲ သုပ်ပါတော့မယ်။ အော် မေ့သွားလို့ ပြန်လာအက်ဒစ်ပြီး ထပ်ရေးရတယ်။ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဆီချက်၊ မန်ကျည်းမှည့်ရည် စတာတွေနဲ့ ဇလုံထဲတခုချင်းစီ နည်းနည်းစီ ထည့်ပြီး အကုန် နယ်ပါမယ်။ ဘယ်လောက်ထည့်ရမလဲတော့ မပြောတော့ဘူးနော်။ တီချမ်းစာဘတ်ရင် လူလည်ချည်းပေါ့။ ကြည့်ကျက်သာထည့် များသွားရင် ခေါက်ဆွဲတွေ အစာတွေ ထပ်ထည့်၊ ပေါ့နေရင် ငံပြာရည်ထပ်ထည့်။ သုပ်တာများသွားရင် ဟိုဘက်အိမ်ဒီဘက်အိမ် ဝေလိုက်။ မဟုတ်ရင် အနီးအနားမှာ နေတဲ့ တခြား ဘလောခ်ဂါတွေ ခေါ်ကျွေး။ ကဲ မပိုင်လား။

နယ်တဲ့ အခါမှာ လက်ကြားလေးတွေထဲက ထွက်တဲ့ အထိ တဗြိဗြိနဲ့ နယ်သာနယ်ပါ။ အဲ့တာမှ ကောင်းတာ။ ရဲဘော်တို့ ခုတို့ လုပ်နေတာ အသုပ်စုံ။ ဒါ လှနေ နုနေ ရမယ့် အချိန်မဟုတ်။ နယ်တာကလဲ လွယ်ကူစားမြိန်ပါပဲ။ အဲ့တော့ စာဘတ်သူက တီချမ်းဘာလုပ်သလဲမေးချင်မယ်။ အဲ့ဒီ ၃ ယောက်ကို ထောင့်စေ့အောင်ခိုင်းနေပါတယ်။ အံမယ် ၃ ယောက်လုံး မခိုမကပ်ဘဲ အမြန်ပြီးအောင် ခိုင်းနိုင်ဖို့ ဆိုတာ လွယ်မှတ်လို့ တီချမ်းမို့လို့သာပေါ့။






ဒါလေးတွေကတော့ ပုံလှလှထွက်အောင်ကော ပရယ်စင်တေးရှင်းကောင်းအောင်ကော တခါ အပြင်သွားတုံးက တွေ့လို့ တမင်ကို အသုပ်စုံလုပ်စားရင် သုံးရအောင်ဆိုပြီး ဝယ်ထားတဲ့ ဘူးပါ။ အဲ့တာ ထုတ်ပေးဖို့ မောင့်ကို ပြောတုံးကတောင် သတ်ရတော့မလို့။ သူက တလောက ရေကြီးတော့ ပစ္စည်းတွေသိမ်းထားတာ အကုန်လျောက်ပြီးတော့လေ။ ပြန်ရှာရမှာပေါ့။ ပြောလိုက်တယ် ရှင် သေတ္တာထဲမှာ ထည့်ထားတာ ကျုပ်တွေ့တယ် သွားယူချေ လို့ ဘယ်ရမလဲ တီချမ်းပဲဟာနော်။ လင်နေစ ကြောင်သေမှလေနော်။ ကြောင်ကော ကျားကော ကျားသစ်ကော ဆင်ကော ခြင်္သေ့ကော အကုန်သေစေရမယ်။ နောက်မှ လင်နိုင်နည်း ၁၀၀ ဆိုတာကို စာအုပ်နဲ့ ကိုရေးပြီး ထုတ်အုံးမယ်။ အားပေးကြအုံးနော်။ ဘေးပုံကတော့ ခေါက်ဆွဲတွေပါ။ ပဲကြာဇံ နဲ့ ဆန်ကြာဇံ ကို ၇-၁၁ ကနေ ဝယ်ပြီးတော့ ရေနွေးဖျော်ပါတယ်။ ပဲကြာဇံက ဖျော်ပြီးတာနဲ့ ရေအေးနဲ့ဆေးပါ မဟုတ်ရင် ထွေးသွားပါမယ်။ ဆန်ကြာဇံကတော့ ပြုတ်ပြီးတော့ ပဲငံပြာရည်အနောက်နဲ့နယ်ပါသေးတယ်။ လွယ်သူစားမြိန်ပါ။ ခေါက်ဆွဲကတော့ တရုတ်နှစ်ကူးရင် မှိုတွေကျိုးချိုက်တွေနဲ့ ကြော်စားတဲ့ သက်ရှည်ခေါက်ဆွဲကို ပြုတ်လိုက်တာပါ။ လွယ်တယ်နော်။





ခုနက ဇလုံက သုပ်တာ ၅ ယောက်စာပါ။ ပြီးတော့ ပွဲပြင်ပြီးတော့ နံနံပင်အုပ်လိုက်တော့ စားချင်စဖွယ် အသုပ်စုံရတာပေါ့။ အမှန်က ဒေါ်ရီတာ အရင်တခေါက် ဘန်ကောက်လာလည်ကတည်းက လုပ်ကျွေးကြဖို့ပါ။ နောက်တော့ ဘယ်လိုကနေ ဘယ်လို ရှမ်းခေါက်ဆွဲပဲ ချက်ဖြစ်သွားလဲ မသိဘူး။ အော် ဟင်းခါးလေးလဲ မမေ့နဲ့နော်။ တီတို့ကတော့ အလွယ် အိမ့်စည်းစိမ် ၃ ထုပ်ကို ရေဆူဆူမှာ တည်ပြီးတော့ ဘူးသီး နုနုလေးတွေစိတ်ထည့်။ ပဲကြာဇံ နည်းနည်းခပ်၊ ပြီးတော့ ကြွက်နားရွက်မှိုလေးတွေ တောက်လိုက်တော့ ဟင်းခါး ပူပူလေးမရပါလား။ မိုက်မှမိုက်ပဲ။ မနေ့က မိုးကလဲ အုံ့တုံ့တုံ့ ဆိုတော့ ကောင်းမှကောင်း။





ဒါကတော့ အပြန်မှာ ပါဆယ်ယူတဲ့ လွယ်ကူနဲ့ ခရမ်း သိုင်းသမ တို့ အတွက်ပါ။ လက်က ခရမ်း ရဲ့ လက်လေ။ တွေ့တယ်မှ ဓါးကိုင်တဲ့ လက်ဆိုတာ................


ကဲ အားလုံးကိုချစ်တယ်နော် မောင့်မွေးနေ့လေး ပျော်ပျော်ရွှင်ရွှင်ပြီးမြောက်သွားတာ ကျေးဇူးပါ။ ပျော်စေပျက်စေ ကလက်စေ ရေးတာမို့လို့ စိတ်မဆိုးရ။ ဆိုးရင်လဲ ဘာမှ မတတ်နိုင် ရေးတာက ရေးပြီးပြီ ဆိုးရင်လဲ လူဆိုးမကြီးတွေပဲဖြစ်မှာ။

Bonus
ဒစ်စနေရဲ့ မင်းသမီးတွေအကြောင်း ရေးဖို့ သုတေသန လုပ်နေပါတယ် မျှော်...........

A Chen
4:02 PM
30th Jan 2012
Monday
Bangkok

Friday, January 27, 2012

ပါလီလို (၂)

ဒီတခေါက်တော့ သိပ်များများရေးစရာမရှိပါဘူး။ အဓိက က ပါလီယိုသည် ရှော့ပင်း အထရက်ရှင် တခုသာဖြစ်ပြီးတော့ ယိုးဒယားများ၏ ပိုက်ဆံရှာမှုပုံစံကွဲတခုသာဖြစ်ပါတယ်။ သူတို့ က ရှော့ပင်းစန်တာ ကိုရိုးရိုးမလုပ်ဘဲ မြို့ကလေးလိုလုပ်ထားတာပါ။ ကွမ်ပေါင်း တခုလုံးက ရှော့ပင်းအတွက် သီးသန့်မဟုတ်ဘဲ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ အပြင် စားသောက်တန်းလိုမျိုး ကော်ဖီတွေအအေးတွေရောင်းတဲ့နေရာ လိုမျိုး နောက် အပန်းဖြေစရာ နေရာ (ပုံတွေကို ရှုပါ) ဓါတ်ပုံ ရိုက်စရာနေရာလေးတွေ လုပ်ပေးထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာပေါ့။ မြန်မာပြည်လို ရောင်းသူ ရောင်းသူများသာမကပေါ့လေ။ ပစ္စည်းရောင်းတာပါပဲ သို့သော်သူက သက်သက်ကြီးရောင်းတာမဟုတ်ပဲ လမ်းကြုံ လည်ရင်း ဝင်ဝယ်သွားပါအုံးဆိုတာမျိုးပေါ့။ စထတစ်ဂျစ်ဖြစ်တယ် ပြောရမယ်။ ဒီမှာ ကိုယ်သတိထားမိတာ နောက်တခုက အဲ့တာပဲ တနိုင်ငံလုံးက ရှော့ပင်းကို ဦးစားပေးတယ် ပြောရမလား အားပေးတယ် ပြောရမလား ကိုယ်တို့ ရုံးနားမှာဆိုလဲအဲ့လိုပဲ ရုံးအများစုက ကွမ်ပေါင်းဘေးဒင်းကြီးတွေ သို့ အဲ့လိုတွေ နားမှာ ဘီတီအက်စ်တွေနားမှာ စုနေတတ်ကြတယ်လေ။ အဲ့လိုပဲ အဲ့လို ရုံးစုရပ်တွေကို မီပြီးတော့ စားသောက်ဆိုင်တန်းတွေပေါ်လာတယ် အဲ့တာတွေနားမှာ နေ့လယ် ထမင်းစားချိန်အမီရောင်းတဲ့ လမ်းလျောက် ရှော့ပင်းဧရိယာတွေပါ ပေါ်လာတာပဲ။ အများကြီး ရှိတယ် အံမယ် ရုံးတက်လူတန်းစားကလဲ မဝယ်မရှိဘဲနော် နေ့တိုင်း ကြိတ်ကြိတ်တိုး စည်းကား လူတွေများ အဝယ်များနေကြတာပါပဲ။ သူ့အရပ်နဲ့ သူ့ဇာတ်ပဲပြောရမလား။ ထားတော့။





ကြေးသွန်းရုပ်လေးတွေပါ ဓါတ်ပုံရိုက်ဖို့ သက်သက်လုပ်ထားပေးတယ်ထင်တယ်။ ဘာအထိန်းအမှတ်မှတော့ ဟုတ်ဟန်မတူဘူး။ ကိုယ်မသိတာလဲဖြစ်နိုင်ပါတယ်လေ။ သို့မဟုတ် အီတလီ မြို့လေးနဲ့တူအောင် လုပ်ထားတာလားမှ မသိတာ ဥပမာ ကိုယ်တို့ မက္ကစီကို သွားတုံးက ဆို လမ်းပေါ်မှာ အဲ့လို ဘာညာဘာညာ ကြေးသွန်းရုပ်တွေ ခုံတွေ များမှများ။ အနုပညာပေါ့။ ပြောသားပဲ သူ့အရပ်နဲ့သူ့ဇာတ်ပါဆို။ အော် မေ့တော့မလို့ နောက်မှာ သတိထားကြည့်................ တွေ့လာ?





တွေ့တယ်နော်။ ဒီလို ခုံတန်းလေးတွေလဲရှိတယ်။ ဟိုဟိုဒီဒီ လျောက်ပုံရိုက်ဖြစ်ကြတာပါပဲ။ ဝယ်စရာတော့လဲ ထွေထွေထူးထူး မတွေ့တာပါတယ်။ သူ့ဆီမှာ ရောင်းတဲ့ ပစ္စည်းအများစု ဘန်ကောက်ထဲမှာ ဝယ်လို့ရတာမျိုးတွေပဲ။ နိုင်ငံခြားက လာတဲ့ သူတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းမှာပါ။ နောက်ပြီး အီတလီနဲ့ ဆိုင်တာမျိုး ရောင်းတာလဲ မတွေ့ဘူး၊ တခြားနိုင်ငံတွေမှာဆို အဲ့လိုရှိတယ်လေနော်။ တရုတ်တန်းရောက်နေရင် ဘယ်နိုင်ငံက တရုတ်တန်းဖြစ်ဖြစ် တရုတ်ပစ္စည်းတွေကိုတွေ့ရမယ်။ ခုတော့ ဒီလိုမဟုတ်။ ထားတော့။ ဘာပဲဖြစ်ဖြစ် ဒီလိုနေရာလေးတွေတော့ ကြိုက်တယ်၊ ပထမပုံကိုကြည့် တံတားလေးလေ အောက်မှာ ရေတွေလဲရှိတယ်။ ကြည်ကြည်လေးတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ရပါတယ်လေ။ နောက် ဒုတိယ ပုံကိုကြည့် မိုက်တယ် တွေ့လား အဲ့နေရာကိုရောက်ဖို့ အိမ်ကြို အိမ်ကြားကနေတက်ရတာ တကယ့် အီတလီလိုပဲ သို့သော် ညစ်တော့ ညစ်ပတ်မနေ။ နောက် တတိယ ပုံက ကွက်လပ်ကိုကြည့် မိုက်တယ်နော်။ ဇိုကိုလို လိုလို ဘာလိုလိုနဲ့။





ခုနက ကွက်လပ်ပဲ အန်ဂယ်မတူတာ ဓါတ်တိုင်ကတော့ တူတူပဲတွေ့လား။ ကော်ဖီသောက်နေကြသော မောင်နဲ့ ကိုယ်။ ဒေါ်သလင်းက အိမ်သာလားမသိဘူး ခဏသွားတာ ပုံမှာ သူမပါဘူး။ ဟိဟိ။ စကားမစပ် ဒုတိယ ပုံမှာ သေချာကြည့်ပါ ကိုယ့်လက်ကလေးတွေလှမှလှပဲနော်။ မြန်မာနိုင်ငံမှာ စိုးစိုးပြီးရင် အလှဆုံး ဟိဟိ။ သူကတော့ မင်းသမီးမို့ အလျော့ပေးလိုက်မယ်။





ဒါတွေကတော့ နောက်ထပ် ကိုယ့်လက်ရာ ပန်းပို့ထရိတ်တွေပါ။





တူတူညီညီ များကြသည်................ပဲ..................





နောက်ထပ် နောက်ထပ် ပန်းပုံတွေ။ အရင်ကလို ပန်းကဗျာတွေ ရေးချင်ပေမယ့် ပန်းနာမည်မသိတာရယ် အင်စပရေးရှင်း မရတာရယ်ကြောင့်မရေးဖြစ်ပြန်ဘူး။ ခက်တာပဲ ကဗျာ ရေးတယ်ဆိုတာကလဲ ဖီလင်လာမှလေနော်။ အချိန်များများ နားရရင်တော့ ရေးဖြစ်မယ်ထင်တာပဲ။





ဒါကတော့ ပါလီယို က ပြန်ထွက်လာပါပြီ။ ကားပတ်ခ် မှာ ရိုက်ထားကြတာပါ။ ကားပတ်ခ်ကတော့ ကျယ်ကျယ်ဝန်းဝန်းပါပဲ။ နေတော့ တော်တော်ပူတယ် အဲ့နေ့က သီချင်းတပုဒ် ကိုတောင် သတိရမိသေးတော့တယ်။

xxxxxxxxxxx....... နေပူပူ ဆန်းဒေး နေ့တနေ့မှာ ကွယ်.......ပါလီယိုလမ်းထဲ လျောက်မိပြန်တယ်.............xxxxxxxxxxx





နောက်နေ့မှာ ခေါဝ်ရိုဝ် အကြောင်းဆက်မယ်နော်.......ဝိုင်ခြံ အကြောင်းလဲ ကျန်သေးတယ်။ နောက်တပိုင်းတော့ ထပ်မျှော်အုံး။


A Chen
10:22 AM
Friday
27th Jan 2012
Bangkok

Sunday, January 22, 2012

ပါလီယို နဲ့ ခေါဝ်ရိုဝ် သို့ အလည် တခေါက် (၁)

ကဲ ဒီခေါက်တော့ တီချမ်း ခရီးသွားတာလေးတွေ ရေးပါအုံးမယ်နော်။ အရင်ကလဲ အလုပ်နဲ့သွားတာ အပျော်သွားတာ ဘာဘာညာညာရေးတတ်ပါတယ်။ ပုံလေးတွေလဲ ဝေဝေဆာဆာနဲ့ပေါ့လေ။ ခုခရီးကလဲ သွားထားတာ ကြာပါပြီ သူငယ်ချင်း အမကြီးတယောက်နဲ့ (သူက ဒီမှာ ခရီးသွားအေဂျင်စီ တွေဘာတွေနဲ့ အရှုပ်တွေလုပ် အဲလေ အလုပ်တွေ လုပ်နေတဲ့သူပါ) သူ့ကိုပဲ စီစဉ်ခိုင်းရတာပါ။ ကားတွေ ဘာတွေကအစပေါ့။ သူနဲ့ ဆက်သွယ်ချင်ရင်တော့ ဒေါ်သလင်း ကိုဆက်သွယ်နိုင်ပါတယ်။ ဒီပိုစ့်ကိုလဲ သူ့ဘလောခ် အတွက်ရေးပေးမယ် ပြောထားတာပါ။ ကြာဆို လွန်ခဲ့တဲ့ နှစ်ကတည်းကပေါ့။ နှစ်ကုန်ပိုင်းကျတော့ ကိုယ်လဲ အလည်တွေလွန် အလုပ်တွေရှုပ်နဲ့မရေးဖြစ်ပါဘူး။ ကြားထဲမှာ တခြားဟာတွေ စိတ်ပါတာလျောက်ရေးနေတာလဲ ရှိတော့ ကိုယ့် ဘူဆန် ခရီးတောင် ၂ ရက်ထဲနဲ့ ရပ်ထားတာပါ။ အရင်ကတော့ ခရီးတွေ ထွက်ရင် ရေးချင်တယ်။ ခုတော့ ခရီးထွက်တာများလို့ မရေးချင်ဘူး။ စိတ်ကလဲ ခက်ပါတယ်။ သူ့အလိုလိုပါမှ ရေးလို့ ထွက်တာကိုးလေနော်။ ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းကဆို နိုဝင်ဘာကလဲ ဘန်ကောက်မှာ ရေတွေကြီးလို့ ရုံးက ၃ ပတ်လောက်ပိတ်တာနဲ့ ကိုယ်လဲ ခွင့်ရောယူပြီးတော့ ရန်ကုန်ပြန် တာ ငပလီ နဲ့ ကျိုက္ကထီးရိုး ရောက်ပါတယ်။ နောက်တခါ ဒီဇင်ဘာလ ကျပြန်တော့ ဟော်လီးဒေးတွေ နဲ့ ဆက်ပြီး တခါ ခွင့်ထပ်ယူ တလနီးပါး မြန်မာပြည်ပြန် တောင်ကြီး အင်းလေး မန်းတလေး ထပ်ရောက်ပြန်ပါတယ်။ အဲ့တာတွေလဲ ကြုံတော့ တင်တာပေါ့နော်။ တောင်ကြီး နားက အသစ်ထပ်မံတွေ့ရှိတဲ့ သဘာဝ လှိုင်ဂူ ထန်စမ်းဂူ ဆိုတာလဲ ရောက်ခဲ့ပါသေးတယ်။ ခုတော့ ကြာလဲကြာနေတာနဲ့ မဖြစ်ဖြစ်အောင် ရေးပေးလိုက်တာပါ။ ဒေါ်သလင်းရေ ရောက်ရာအရပ်ကနေ ကျေနပ်တော့နော်။ ရေးမယ်ဆိုပြန်တော့လဲ ပစ်စလက်ခတ် မရေးချင်လို့ ပုံတွေပြန်ရှာ ပြန်စီ သေချာ ပြန်တင်ရပါတယ်။ ပုံတွေ က များနေတော့ ပိုစ့်ကို အပိုင်းလေးတွေ ခွဲပြီးရေးမယ် စိတ်ကူးတယ်။ စိတ်ရှည်လက်ရှည်သာ ဘတ်ကြပေတော့နော်။





ပထမဆုံး သွားမယ်နေ့ မနက်က အစောကြီးထပြီး လမ်းထိပ်ထွက်စောင့်နေတာပါ။ ထုံးစံအတိုင်း ဒေါ်သလင်းက နောက်ကျပါတယ်။ မနက်စောစော အိမ်ကနေ ၈ နာရီလောက်ထွက်ချင်တယ်ဆိုတာကို ၉ နာရီလောက်မှ ရောက်လာပါတယ်။ ထားတော့။ ပုံလေးတွေက ဆံပင်ညှပ်ထားခါစ မောင်ရယ် ကိုယ်ရယ်ပေါ့ (ကိုယ်ကတော့ မညှပ်ထားတော့ ညှင်းသိုးသိုးဖြစ်နေသလိုပဲ အဲ့တာတောင် ဆီနဲ့ ဖိထားတာ မမိုက်ဘူးဖြစ်နေတယ် အပြင်မှာ ပိုချောတယ်) နောက်ဆုံးပုံက အတူတူ အမှတ်တရ။ (စကားမစပ် အမှတ်တရ ကို အမှတ်တယ လို့ ရေးရင် သိပ်မုန်းပါတယ် နောက် ချစ်တရ် တို့ ဘာတို့ ရေးရင်လဲ အယမ်းမုဏ်းပါတရ်) ထားတော့။

ကိုယ်တို့ သွားတဲ့နေရာ က တကယ်တော့ ခေါဝ်ရိုဝ် (ခေါဝ်ဆိုတာက တောင် ရိုဝ် ဆိုတာက ကြီးတာကိုပြောတာ ယိုးဒယားစကားနဲ့ပေါ့ အဲ့တော့ တိုက်ရိုက်ဘာသာပြန်ရင် တောင်ကြီးပါပဲ။ ကိုယ်တို့ သွားဖို့ရည်ရွယ်ထားတာက အဲ့ဒီ က နေရှင်နယ် ပတ်ခ် ခေါ် သဘာဝ လူတွေ ထိန်းသိမ်းပြုပြင်ထားတဲ့ ပန်းခြံ ကိုသွားမှာပါ လမ်းမှာ ပါလီယို လို့ ခေါ်တဲ့ နေရာကို ဝင်ပါမယ်။ အဲ့ဒီ ခေါဝ်ရိုဝ်က နာခွန်ဝါချစီမ မြို့နယ် မှာရှိတာပါ နာခွန်နာယောခ် တို့ ဆာရာဘူရီ တို့ နဲ့ လဲ ဆက်စပ်နေပါတယ်။ အဲ့ဒီ တောင်ကြီး (လို့ပဲဆက်ရေးပါမယ်) နေရှင်နယ် ပတ်ခ် က ယိုးဒယားမှာ ဒုတိယအကြီးဆုံး သဘာဝထိန်းသိမ်းဥယာဉ်ပါ။ စတုရန်း ကီလိုမီတာ ၂ ထောင်ကျော် ကျယ်ပါတယ်။





ကဲ စထွက်တော့မယ် ဆိုင်းဘုတ်အပြာလေးတွေ့တယ်နော် အဲ့တာ ကိုယ့်အိမ်လမ်းထိတ်ပါ။ ဆွိုင်း ကော်လစ် လို့အမည်တွင်ပါတယ်။ ဆွိုင်းဆိုတာ ဒီမှာ လမ်းသွယ်ကိုခေါ်တာပေါ့။ ဖရာထိုင်း ဆိုတဲ့ အရပ် ရချထီဝီ မြို့နယ် မှာ နေပါတယ်။ ဒုတိယ ပုံကိုကြည့်ပါ ဆာရာဘူရီ ဘက်ကို ဦးတည်သွားပါတယ်။ ဆိုင်းဘုတ်ကို သေချာကြည့်ရင်တွေ့မယ် အယုဒ္ဓယဘက်ကို သွားတာနဲပ တဘက်တည်းပါပဲ။ လမ်းမှာသာ ပြန်ခွဲသွားတာပါ။ တတိယပုံကတော့ ဒေါ်သလင်းပါ သူက သူ့ပုံတွေ မထည့်နဲ့ ပြောပါတယ်။ တီကတော့ ထည့်မှာပဲ။





ပုံမှာပါတဲ့ နာရီကိုကြည့်လိုက်ပါ ထွက်ခွာလာတာ တနာရီ မိနစ် ၂၀ လောက်ရှိပါပြီ မောင်ကတော့ ကားပေါ်ရောက်တာနဲ့ အိပ်တော့တာပဲ။ တတိယပုံကတော့ လမ်းမှာ ရပ်ပြီး ကားလဲ ဆီဖြည့် လူလဲ ဆီဖြည့်ပါ။ ပြောချင်တာ တခုရှိပါတယ်။ ယိုးဒယားမှာ လူတွေ သွားလာရေး လမ်းပမ်းဆက်သွယ်ရေးတွေကွန်မြူနီကေးရှင်းတွေအကုန်လုံးကို အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အမှန်က နိုင်ငံတနိုင်ငံမှာ အဲ့တာတွေက အဓိက ကျတယ်လို့ကိုယ်မြင်ပါတယ်။ အဲ့တာတွေ လုပ်ပေးနိုင်လို့ ပြည်သူတွေ အဆင်ပြေရင် နိုင်ငံ တိုးတက်ဖို့ အစပါပဲ။ ယိုးဒယားက အဲ့တာတွေသိပ်အဆင်ပြေပါတယ်။ လမ်းတလျောက် ဆီဖြည့်ဖို့ နေရာတွေ အများကြီး ရှိပါတယ်။ နေရာတိုင်းမှာလဲ နားနားနေနေ လူတွေအဆင်ပြေအောင် ၇-၁၁ လိုမျိုးဆိုင်တွေ ဘလက်ကင်ညွန် လိုဆိုင်တွေ S&P လိုဆိုင်တွေ ရှိပါတယ်။ နားလို့လဲ ရ ရှော့ပင်လဲ မလွတ်စေရ။ ရောင်းတဲ့လူလဲရောင်းရ ဘယ်လောက်ကောင်းလဲ။ ရှော့ပင်ဆိုလို့ ဒီနိုင်ငံ က အစိုးရက ရှော့ပင်ကို သိပ်အားပေးပါတယ်။ ကိုယ်မှတ်မိတာပြောအုံးမယ်။ ခရီးပိုစ့်ဆိုပေမယ့် ဆိုင်ရာဆိုင်ရာနေရာတွေမှာ နိုင်ငံအကြောင်း ကိုယ့်အမြင်တွေလဲ ထည့်ရေးသွားပါမယ်။ ကိုယ်ဒီရောက်တာ ၃ နှစ်ရှိပါပြီ။ ပထမ တနှစ်ကတော့ သိပ်သတိမထားမိသေးပါဘူး။ ကိုယ်လဲ သွားလိုက်ပြန်လိုက် များနေတာနဲ့ပါ။ ဒုတိယ နှစ်မှာတော့ ၄ လပိုင်းမှာ သူတို့ အဖြူအနီတွေ ဖြစ်ကြတော့ သိနေပါပြီ။ အဲ့မှာ အဲ့ဒီအဖြစ်အပျက်တွေပြီးတော့ အစိုးရက ဘာလုပ်ပေးလဲဆိုတော့ ပိတ်ရက်တွေအစားပြန်ပေးတာမျိုး၊ အခွန်တွေ လျော့ပေးတာမျိုး လုပ်ပြီး နိုင်ငံ့ အရောင်းအဝယ်ကို ပြန်တက် လာအောင်လုပ်ပေးပါတယ်။ စတာစတာတွေပေါ့။ တစွန်းတစ လေ့လာမိတာလေးတွေပါ။ နိုင်ငံရေးကို သိလှလဲ မဟုတ်ပါဘူး။ ထားတော့။ တော်ကြာ သားစိုးလို လူသိရှင်ကြားတောင်းပန်နေရအုံးမယ် အစကတည်းက တီချမ်း
ဆိုစောင့်ကြည့်တဲ့သူတွေက များနေတာ တခုခုမှားတာနဲ့ ဝိုင်းပြောကြမယ်ဆိုတာချည်းပဲ ကြောက်လို့တော့ မဟုတ်ပါဘူး။ လာထားပဲ။





မောင်က ဘာစားတာလဲ မမှတ်မိတော့ဘူး။ ငါးလုံးကြော်ထင်တယ်။ တုတ်နဲ့ထိုးပြီး ကင်တာလား ကြော်တာလား တခုခုပဲ ကိုယ်ကတော့ ဝက်သားပေါက်စီလေးစားတယ်။ နောက် အိုက်ခရမ်လဲ စားကြသေးတယ်။ ရေတွေ ကျွဲရိုင်းတွေ ဆက်လက်ရမယ့် ခရီးအတွက် ရိက္ခာတွေ ဝယ်တယ်။





နောက်တခါ ထပ်ပြီး ခရီးဆက်ကြရပြန်ပါတယ်။ ကြည့်ပါအုံး လမ်းခရီးက သာလိုက်တာ လမ်းတွေဆိုတာ ၁၀ လမ်းသွားတွေလား ၁၂ လမ်းသွားတွေလား ဖြူးနေတာပဲ နိုင်လွန်ကတ်တရာဆိုတာ ကိုယ့်နိုင်ငံမှာ မဲမဲ ပျော့ပျော့ နေပူရင် ဘေးကို ပျော်ထွက်တာမျိုးပဲ မြင်ဖူးတဲ့ ကိုယ့်အတွက်တော့ အရာရာဟာ အထုးအဆန်းတွေချည်းပါပဲလေ။ အော် လမ်းကိုဒီလိုကောင်းအောင်လဲ ခင်းလို့ ရတာလားပေါ့လေ ကိုယ်တို့ နိုင်ငံက လမ်းတွေက တော့ ဘယ်အစိုးရပဲ တက်တက် ပျက်အစဉ် ပြင်ခဏခဏ ပြင်ပြီး ပြန်ပျက်လဲ ခဏခဏ ထပ်ပြင်လဲ ထပ်ပျက် ခဏခဏ ဖြစ်နေတာပါလားပေါ့။ ရုပ်ရှင် သမားတွေ ပြောသလို နည်းပညာ အားနည်းတာမဟုတ်ပါဘူး မြန်မာပြည်ကလဲ အင်ဂျင်နီယာတွေအများကြီးထွက်တာကိုးနော်။ (စလုံးရောက်ကုန်တာတော့ တဘာသာပေါ့) နည်းပညာအားနည်းတာ မဟုတ်ရင် ပစ္စည်းပိုင်းအားနည်းလို့ပေါ့လို ရိုးရိုးလေးပဲ တွေးထင်ခဲ့တာ ဆရာသမားတယောက်ပြောမှ ကိုယ်လဲ ဟင်ဖြစ်သွားပါတော့တယ်။ သူပြောတာကတော့ ခဏခဏပျက်မှ လမ်းပြင်လုပ်သား မြူနီစီပယ်တွေအလုပ်ရှိမှာပေါ့တဲ့။ အော် အင်း.......ဟုတ်သား ဟုတ်သလိုလိုပဲ ပေါ့။ ထားပါ။ နိုင်ငံရေး အကြောင်းသိပ်မသိပါဘူး။ မသိဆို လမ်းပျက်တာ နိုင်င့ရေးနဲ့ ဘာဆိုင်သလဲနော်။ မီးပျက်တာလဲ မဆိုင်ပါဘူးပေါ့ ခုတော့ မီးပျက်တာလဲလွှတ်တော်ထဲမှာ ပြောနေကြ လမ်းပျက်တာလဲ ပြောနေကြတော့လဲ အော် ဒီမိုကရေစီ နိုင်ငံရေးနဲ့တော့ အဲ့တာတွေက ဆိုင်မယ်ထင်ပြန်တာပဲပေါ့နော်။ (အင်း နီးတော့ နီးနေပြီထင်တယ်) အို ဘာတဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေး အချက်ဘယ်လောက်ဆိုလား..........တော်ပြီ တော်ပြီခရီးထွက်တဲ့ အကြောင်းပဲ ဆက်ရေးတော့မယ် ကိုယ်ကအဲ့လိုပဲ တောင်ဆို မြောက်ရောက်တတ်လွန်းလို့ ။ တွေ့တယ်မှလား လူပျင်းတွေကတော့ ကားပေါ်ရောက်တာနဲ့ အိပ်တော့တာပဲ ပတ်ဝန်းကျင်လေ့လာရမှန်းလဲမသိ အဲ့တာကြောင့်လဲ မတိုးတက်တာနေမှာ။





ဟော......ရောက်ပါပြီလမ်းမှာဝင်မယ့် ပါလီယို ဆိုတဲ့နေရာ ဒီနေရာမှာ အဲ့ဒီ ပါလီယိုလျောက်လမ်း palio walking street သူက ခုနက ဆာလာဘူရီ ဘက်ကိုသွားတဲ့ လမ်းတဝက်လောက်မှာ ရှိတာပါ။ခေါဝ်ရိုဝ် (တောင်ကြီး မေ့မှာစိုးလို့) ဘက်ကိုသွားလို့ရှိရင် အသွားမှာ ဝင်ရင်လဲရသလို အပြန်မှာ ဝင်ရင်လဲ ရပါတယ်။ လမ်းပေါ်မှာပဲ ရှိတာပါ။ သိပ်လဲအထင်ကြီးမနေကြပါနဲ့။ အမှန်ကတော့ ပါလီယို ရှော့ပင်း street လို့ပြောရင်တောင် ပိုမှန်မယ်။ သူက အဲ့ဒီနေရာ ကွက်ကွက်ကလေးကို အီတလီ ပုံစံမြို့ငယ်လေးတခုလိုလုပ်ထားတယ်။ အဆောက်အဦးတွေ လမ်းတွေ ကွက်လပ်တွေ က အစပေါ့။ နောက် သူက ဆောက်ထားတာ သိပ်မကြာသေးဘူး။ အသစ်ပေါ့။ အရင်ကတော့ ဝင်ကြေးကောက်တယ်ပြောတယ်။ ကိုယ်တို့ သွားတော့ ဝင်ကြေးမကောက်တော့ဘူး။ ပုံမှာပြထားတာ နောက်ဘက် ကားပါကင်နားပါ။ ဝင်ပေါက်ကတော့ အများကြီးပဲ ဘယ်ဘက်က ဝင်ဝင်ရတယ်။ မြေပုံလေးတွေရှိတယ်။ You are here ဆိုတာမျိုးလေ။ ရှော့ပင်းတွေကတော့ အစုံပါပဲ။ ပြောရမယ်ဆိုရင် ပစ္စည်းအများစုက ဘန်ကောက်နားက ချပ်တူချပ်မားကက်က နဲ့တောင်တူသေးတယ်။ ဆူဗီးနီးယားလေးတွေ၊ အင်္ကျီ အဝတ်အစားတွေ။ ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တန်းတွေရှိမယ် မနက် ၁၀ နာရီ ကနေ ည ၁၀ နာရီ အထိဖွင့်ပါတယ်။ စတိုးဆိုင်ပေါင်း ၁၀၀ ကျော်ရှိပြီး စတားဘတ်ခ်စ် ကော်ဖီဆိုင်လဲရှိပါတယ်။ ခုနောက်ပိုင်းမှာ အီတလီ လမ်းကြားဆိုပြီး နာမည်ကြီးလာတာပေါ့။ သူက ထူးတာကတော့ ဓါတ်ပုံရိုက်စရာနေရာလေးတွေပါ လုပ်ထားပေးတယ်။ စားသုံးသူ ကိုစွဲဆောင်နည်းတမျိုးပေါ့။ ပြီးတော့ သူက ခေါဝ်ရိုဝ်ရဲ့ အောက်လက်ရွာလို့လဲ နာမည်ပေါက်သေးတယ်။ အင်း.....ကိုယ်သတိထားမိတာနောက်တခု။ ဒီက ဘန်ကောက်အပြင်ဘက်က မြို့ သေးသေး တော်တော်များများမှာ အဲ့လို outlet ဆိုင်လေးတွေတော်တော်များများရှိတယ်။ ဥပမာ ဖက်ထရားတို့ ဖူးကက်တို့ ဟွာဟင်တို့လို ကမ်းခြေ မြို့တွေမှာ ရှိတတ်သလို ချင်းမိုင်လို တောင်ပေါ်မြို့ မျိုး မဲစောက်လို နယ်စပ်မြို့တွေမှာလဲ ရှိတတ်တယ်။ ဖော်ရိန်နာများတာရယ်၊ export import များပြီး demand များလို့လဲဖြစ်နိုင်တယ်။ အဲ့ဒီ စက်ရုံတွေမှာ လုပ်နေတဲ့ လူများစုကတော့ ဝမ်းနည်းစရာကောင်းစွာနဲ့ သိသာစွာ ကိုယ်တို့ မြန်မာလူမျိုးတွေပဲပေါ့။ ကိုယ့်အတွေ့အကြုံအရတော့ ဒီက လူတွေက ကိုယ်တွေထက်ယှဉ်ရင် အလုပ်လုပ်တာမှာ နည်းနည်းပိုညံ့ပြီးတော့ ပျင်းပေမယ့် ဒီလို လုပ်စားနေရာမှာကျပြန်တော့ ပိုတော်နေပြန်ရော်။ ဥပမာ လက်ဖြစ် handy crafts လေးတွေ၊ နောက် ဒီလို မဟုတ်တာကို အဟုတ်လုပ်ပြီး ဈေးရောင်းနည်းလေးတွေ တော့ သူတို့မို့လို့ စဉ်းစားတတ်ပလေ လို့ ပြောရမလိုပဲ။ ဖတ်ထရားနားက ရေပေါ်ဈေးလိုဟာမျိုး ဟွာဟင်က နှစ်တရာ မြို့ဟောင်း ဆိုတာလိုဟာမျိုးတွေဟာ တကယ်တော့ ရိုက်စားမှ တကယ့်ကို ရိုက်စားပဲ ရကောက်နဲ့ရော ယပလက်နဲ့ပါရိုက်စားတာပါ။ ထားတော့။ သူများနိုင်ငံ မကောင်းကြောင်းတွေ သိပ်မပြောချင်ဘူး။ ကိုယ့်နိုင်ငံကလဲ မကောင်းတော့။





အိမ်သာဆိုင်းလေးတွေက မိုက်လို့ တကူးတက ကိုရိုက်လာခဲ့တယ်။ နောက်တခုက အိမ်သာထဲက ဆိုင်းပါ ပြင်သစ်လိုပါရေးထားသေးတယ်။ ဒီနေရာမှာ အန်ပါထင်တယ် ဝေါ့........နောက်တခု ပြောရမှာ ဒီကအများသုံး အိမ်သာ အများစုဟာ သိပ်သန့်တယ်ဆိုတာပါပဲ။ အေးလေ သူတို့ဆီမှာ ဗုံးတွေဘာတွေမပေါက်လို့နေမှာပေါ့။ အိုကိုယ်လဲ ဘာတွေပြောမိနေပြန်ပလဲမသိဘူး။ ထားတော့။ အိမ်သာက ဆိုင်းဘုတ်လေးတွေလှတယ် အိမ်သာလဲသန့်တယ် ဒီလောက်ဆိုရပြီ။





ဒါလေးတွေကတော့ ပန်းပုံရိုက်ရတာကြိုက်တဲ့ ကိုယ့်လက်ရာလေးတွေပါ။





ပထမပုံက နန်းညီအတွက်ဖြစ်ပါတယ်။ သူသိပ်ကြိုက်တဲ့ ပန်းချီဆရာရဲ့ ပုံကို ကော်ပီဆွဲထားတာပါ။ အလယ်ပုံက အိမ်သာထဲက ပန်းချီကားလေးပါ။ သဘောကျလို့။ အိမ်သာလေးက သန့်သန့်ရှင်းရှင်းလေးနဲ့ ပုံလေးတွေနဲ့ ဆိုတော့ တကယ့်ကို နာမည်နဲ့လိုက်အောင် တအိမ်လုံးမှာ အသာယာဆုံးပေါ့။ နောက်ဆုံးပုံကတော့ မြင်ကွင်းကျယ်နဲ့ရိုက်ထားတဲ့ ပုံပါ။ မောင်နဲ့ ဝင်ပေါက်ဘက်က တနေရာရာပေါ့။





ပထမပုံက အိမ်သာနားကိုသွားတဲ့ လမ်းကြားလေးပါ။ ပန်းတွေနဲ့ တွေ့လား ဘယ်လောက်သာယာအောင်လုပ်ထားသလဲ။ ဘေးပုံတွေကတော့ မြို့ငယ်လေးနဲ့ တူအောင်လုပ်ထားတဲ့နေရာလေးတွေပေါ့။ အောက်မှာလဲ ပုံတွေ ရှိသေးတယ်။နောက်နေ့ကျဆက်ပြီး အားပေးကြ ကြည့်ကြအုံး။


A Chen
2:03 AM
Monday
23th Jan 2012
Home
Bangkok