Thursday, July 30, 2015

မန်းလေး မူလလက်ဟောင်း နှစ် (၃၀) ကျော် ဒေါ်တော မုန့်တီ

မန်းလေး မူလလက်ဟောင်း နှစ် (၃၀) ကျော် ဒေါ်တော မုန့်တီ

ကဲကဲကဲ ဒီတခေါက်တော့ အားလုံးက မျှော်နေကြတဲ့ ဒေါ်တော မုန့်တီ (မန်းလေးအခေါ်) ရန်ကုန်မှာတော့ နန်းကြီးသုပ်ပေါ့ လေးရေးပေးပါမယ်။

စိတ်မကောင်းစရာ တခုက အဲ့လို အင်မတန် အရသာရှိတဲ့ မနက်စာလေးတွေ ရန်ကုန်မှာ ပေါပေါသောသော မရတာပါဘဲ။

လိပ်စာ

ကမ်းနားအောက်လမ်း ၂၆ လမ်းဆုံးထောင့်နား ဆက်သွားရင် လှေဆိပ်ပဲ ရှိတော့တယ်။ သွားတာတော့ တော်တော်မှ တော်တော့ကို တမျှော်တခေါ်သွားရတာပါ။ တီတည်းတဲ့နေရာကနေဆို မန်းအခေါ် ၇၅ ပြ လောက်ရှိမလားပဲ

တခါက မရွှေဇင် (ဘလောခ်ဂါ မရွှေဇင်ဦး နဲ့ စည်းစိမ်ရှင် တို့ညီအမ လိုက်ကျွေးလို့ စားဖူးတာပါ) သူ့အရင်က စားဖူးတာက စိုးစိုးမုန့်တီ။ စိုးစိုးမုန့်တီလဲ စစားဖူးခါစက သိပ်ကောင်းပါတယ်။ အဲ့တုံးက သူက ဒညင်းသီးစေးစေးလေးလဲရပါတယ်။ စာကလေး ဒညင်းသီး ခေါ်တယ်ထင်ပါတယ်။ မြစ်ကြီးနား ဗန်းမော် ဘက်ကလာတယ်ဆိုတယ် အဆိုတော် ကြိုးကြာက တခါစားရင် အလုံး ၅၀ လောက် တထိုင်ထဲစားတယ် ပြောတယ်။ စားနိုင်လောက်တယ် သူက သေးသေးလေးပဲ ပဲကြီးလှော်ထက် နည်းနည်းပဲ ကြီးတာကိုး။ နာမည်ကိုက စာကလေး ဒညင်းသီးလေနော် သိမ်းငှက် ဒညင်းတို့ ငှက်ကြီးဝန်ပို ဒညင်းတို့ မှ မဟုတ်ဘဲနဲ့ ထားပါတော့

နောက်ပြီးတော့ ပြောသေးတယ် Rဇာနည်က ရန်ကုန်ကနေ မှာစားလို့ စိုးစိုး မုန့်တီကို လေယာဉ် နဲ့တောင် ပို့ပေးရတယ် ဆိုပဲ မာရီယာကာရေး အေဗီယန် နဲ့ ရေချိုးဖို့ လေယာဉ် နဲ့သယ်လာတာထက် ဆိုးနေပြီ သို့သော် နောက်အခေါက်တွေ ထပ်သွားစားတော့ လုံးဝ ကိုမကောင်းတော့တာ စိုးစိုးပါ မှိုပေါင်းထုပ် ငါးဖယ်ပေါင်းထုပ်တွေလား ထပ်ရောင်းပေမယ့် မုန့်တီကတော့ ပျက်တာမှ ပစောက် ယပင့် ကသတ် ပျက်ပဲ ဆိုင်တွေကလဲ လာစားတဲ့ လူတွေများလာရင် မထိန်းနိုင်တော့တာ သိပ်ဆိုးတယ်

ဒီတခါ ခေါ်သွားကျွေးတာကတော့ သူငယ်ချင်း မင်းခန့်ပါ ။။။

ခု ဒေါ်တော ကတော့ ရှယ်ပါပဲ။ ရှယ်ရဲ့ ရှယ် စူပါရှယ်လို့ ဆိုချင်ပါတယ် မုန့်တီ (နန်းကြီး)ကို အမဲသား အမဲကျော် နဲ့ ရတာ သူ့တဆိုင်တွေ့ဖူးသေးတာပဲလေ။ ကြက်သဲကြက်မြစ် နဲ့ လဲရပါတယ်။ ငါးနဲ့လဲရပါတယ်။ အဲ့တော့ လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပါသည် ဆိုတာ သူမှ အစစ်ပေါ့လေ။

နန်းဆိုလဲ ကြီးလတ်ပြား အကုန်ရပါတယ်။ ခေါက်ဆွဲလဲရတယ်။ ဟင်းရည်ကတော့ မန်းဆန်ဆန် ပိတ်ဆွယ်နဲ့ပါ တီကတော့ အဲ့ဒီ ပိတ်ဆွယ်ဆိုတာကို ကြိုက်ကိုမကြိုက်တာပါ ငှက်ပျော်အူ အတုလို့ပဲ ခံစားရတယ်။ သို့သော် တူတော့ မတူပေဘူး။ ပုံစံတူတယ် အရသာတူတယ်လေ။။။။။

ပြီးတော့ ဟင်းရည်ထဲကို ကြိုက်တတ်ရင် ငါးဖယ်လုံးထည့်လို့ရပါတယ်။ ပထမ တော့ သူ့ငါးဖယ်လုံးကို CP တွေ ထုံချိုင်းတွေဖြစ်နေမစိုးလို့အထင်တကြီး မစားမိဘူး…….ဒီတခေါက်သွားစားတော့မှ အလကားပဲတင်း အပိုတွေထည့်ပေးတာ အမဲကျောတွေကော ကြက်မြစ်ကြက်သည်းတွေကော ဟင်းရည်ထဲမှာ ငါးဖယ်လုံးတွေ ကော တီချမ်းတို့များ နာမည်တွေကြီးတာ ရောက်လေရာ အလကားတုတ်ရတာများနေပြီပဲ။

အော် ပြီးတော့ ဟင်းရည်ထဲ နူးနေအောင်ပြုတ်ထားတဲ့ ကြက်လည်ချောင်း တောင်ပံရိုးတွေကိုလဲ သုပ်ပေးပါတယ်၊ ကြက်သည်းမြစ်ထည့်သုပ်လဲ သိပ်ကောင်းတယ်

အပိုပြောတယ်ထင်ရင်လဲ ပုံတွေကို ကြည့်ပါ။ ကြည့်လိုက်တာနဲ့စားချင်စရာမှလား…..တီကတော့ တီ့ထုံးစံအတိုင်း အချိုမှုန့် မလျော့ခိုင်းပါဘူး။ အဲ့တာမှ အရသာ ပြည့်ဝတာ သူငယ်ချင်းကတော့ စားနေကြပုံစံ မှာစားတော့ အချိုမှုန့်တွေ လျော့တာ အရသာ ပေါ့ရွှတ်ရွှတ်နဲ့ စားရတာ ပါးစပ်မပါလိုက်တာ ဆိုတာလေ……

စကားမစပ် သူငယ်ချင်း အဖွားတယောက် တသက်လုံး အချိုမှုန့်စားတာပါပဲ အသက် ၉ ၀ ကျော်ထိ နေသွားတယ် ဘာပဲ ဖြစ်ဖြစ် တန်ဆေး လွန်ဘေးပေါ့နော်








အပိုတွေလုပ်ပြီးတော့လဲ အထူးတလည် လျော့စားနေစရာမလိုပါဘူးနော် တီတို့ ရှမ်းပြည်ဘက်ဆို ပဲပုပ် (တက်စာ) ဆား (သွေးတိုးစာ) အချိုမှုန့် (ပြောကြည့်) ငြုပ်သီးမှုန့် (မှိုနိုင်းချင်း) တွေအကုန် ရောသမမွှေပြီးမှ မကောက်သီး ခေါ် ပင်စိမ်းသီးလေး နဲ့ တို့တို့စားတာ ဆွေမျိုးမေ့ပေါ့အေတို့ရယ်…….

အဲ့တော့ တီကတော့ ဘယ်သူဘာပြောပြော

ယူဝါရှုဝါ အိချိယို အာဂျီနိုမိုတို…….ပါပဲနော်

အားလုံးကို စားစေချင်တဲ့
T


03:00 AM 30th Jul 2015 
Aureum Palace 
Nay Pyi Taw 
MYANMAR 


Sunday, July 26, 2015

မေမြို့အသွား တောလား




(ပုံတွေတင်ရတာ အဆင်မပြေဘူး ဘယ်လိုလုပ်လို့ရလဲ ပြောပြကြပါ။ ခုတော့ စိတ်ပေါက်ပေါက်နဲ့ဒီလိုပဲ တင်လိုက်တယ်) 

မန်းလေးကို ၂၃ ရက်နေ့မှာ အလုပ်ရှိတော့ ၂၂ ရက်နေ့မှာ လေယာဉ်နဲ့ တက်လာပါတယ်။ ရောက်တဲ့နေ့က စားတဲ့ မြင့်လွင် တုတ်ထိုးတော့ တင်ပြီးပါပြီနော်။ နောက်ထပ်တင်စရာတွေလဲအများကြီး ကျန်ပါသေးတယ်။ ဗထူး မြီးရှည်၊ ဒေါ်တော မုန့်တီ၊ မစီမာ အချဉ်ပေါင်း၊ ကော့ချောင်မြီးရှည်၊ ဆိတ်ကင် စမူဆာသုပ်၊ အကင်၊ ဂဏန်းချက်၊ နန်းရှေ့ ဝက်ဆီဖတ် မုန့်ပစ်စလက် အများကြီးဆို အများကြီးကျန်ပါသေးတယ်။

ဒီနေ့တော့ မေမြို့တက်လည်ကြဖို့ သူငယ်ချင်းက ခေါ်တာနဲ့ တက်လာခဲ့ကြတယ်။ မန်းလေးကို သဘောကျတာ တခုက အဲ့လို နေ့ချင်းပြန်လေးတွေအလွယ်တကူသွားလို့ ရတဲ့ လည်စရာ ပတ်စရာ နေရာတွေသိပ်များတာကိုပါပဲ။ တနေ့ကတောင် ဆည်တော်လေး ကိုသွားလည်ခဲ့သေးတယ်။ ရေးပါအုံးမယ် သပ်သပ်။

မန်းလေးကနေ ကားနဲ့ တက်လာတော့ ၂၁ မိုင်မှာ မနားဘဲ အနီးစခန်း တောက်လျောက် တက်လာပါတယ်။ ၂၅ မိုင်ကျော်လာတော့ ရာသီဥတုလေးက သိသိသာသာ ပြောင်းလာ တော့ အေးစိမ့်စိမ့်ကလေး ဖြစ်လာတာနဲ့ လမ်းမှာတွေ့တဲ့ “ရှိုင်းရှိုင်း” ဆိုတဲ့ ရှမ်းခေါက်ဆွဲ ဆိုင်လေးမှာ ဝင်စားခဲ့ပါသေးတယ်။ ဆန်ဖွယ် ဆန်စေး ဂျုံ ဆန်ပြား အကုန်ရတာပါပဲ။ သို့သော် အသားကတော့ ကြက်သားတမျိုးပဲရတယ်။ ဒါပေမယ့် ဝက်ခေါက်ကြော်ကျတော့ ရောင်းတာပဲ။ လော့ဂျစ်ကို လိုက်မမီပါဘူးလေ။ ဟင်းရည်ကတော့ ဆူပါရှယ်ပဲဆရာ ကြက်ရိုးတွေက ပြုတ်ထားတာ နူးတောင်နေပြီ။ အရိုးနုလေးတွေနဲ့ စားရင် အိမ်ရှေ့ မင်းသား ဖြစ်မယ်ဆိုတဲ့ အရိုးကပ် အသားလေးတွေကို ပြင်ထွင်ပြီး ဟင်းရည်ထဲ ထည့်ထား တော့ သိပ်ချိုပြီး အရသာရှိတာပေါ့။ ပိုကောင်းစေတာကတော့ ငြုပ်ကောင်းလေးခတ်ပြီး နံနံပင်လေး ကျဲထားတော့ ဟင်းရည်ချည်းပဲတောင် ထိုင်သောက်နိုင်တယ် အဟုတ်။ တီကတော့ ဆန်ဖွယ် အရည်ဖျော်စားတယ်။ သူငယ်ချင်းလဲ အဖွယ်တပွဲ၊ နောက် နှစ်ယောက်သား မဝ တဝ ဆိုတော့ (နှစ်ယောက်သား မဝတဝလို့သာပြောရတယ် ဒါတောင် မန်းလေးက မထွက်ခင် ဟိုတယ် နားက ရွှေပြည်မိုး ကဖေးမှာ မန်းမြီးရှည် တပွဲရယ် သူငယ်ချင်းက မုန့်တီသုပ်ရယ် ကော်ဖီ ဆိုင်နှပ် ခွက်ကြီးတယောက်တခွက်ရယ် စားခဲ့သောက်ခဲ့ကြပါသေးတယ်။) ဆန်စေး အသုပ် တပွဲကို နှစ်ယောက် တယောက် တဝက် ထပ်စားကြသေးတယ်။ ဝက်ခေါက်ကတော့ ဟင်းရည်ထဲလဲ ထည့်သောက်တယ်။ အချဉ်နဲ့လဲ တို့စားတယ် ကောင်းမှကောင်းပဲ။

တီချမ်း အပိုပြောတယ်ထင်ရင် ပုံမှာသာ ကွကိုယ် ကြည့်ကြပါတော့ ပိတ်သတ်ရယ်။    
































































ဆက်လက်ထွက်ခွာလာတဲ့အခါ မိနစ်ပိုင်းလောက် မောင်းရင်ပဲ အနီးစခန်းက သည်ဗျူး ဝအဝင်လမ်းကို ရောက်ပါတော့တယ်။

ရီဗျူး အဘောက် သည်ဗျူး

ဒီနေရာလေးကို သူငယ်ချင်းတွေသွားသွားနေကတည်းက သွားကြည့်ချင်နေမိတာ။ နေရာလေးက သာယာလှပလှသလို သည်ဗျူးဆိုတဲ့ အတိုင်း ဗျူးကောင်းကောင်းလေး နဲ့ပေါ့။ နေရာက မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်နဲ့ နီးပြီးသကာလ သူငယ်ချင်းက ဒေသ ထွက်ကော်ဖီ ဆိုတာ သိပ်ကောင်းတယ်လို့ 
သတင်းပေးလာတော့ ကော်ဖီသရဲ ကိုယ့် အတွက် သိပ်ကို သွားသင့်တဲ့နေရာလေးဖြစ်နေတယ်လေ။

ပြီးတော့ စာတွေဘာတွေမတောက်တခေါက်ရေးတဲ့ စိတ်ကူးယဉ်သမား ကိုယ်က သည်ဗျူး မှာလာ ကော်ဖီလေးသောက် သာယာလှပတဲ့ ရှုခင်းလေး ရှုစား၊ Carrie Bradshaw လို ပန်းသီးလက်တော့ပ်လေးနဲ့ စာလေးရေးပေါ့………..ဘယ်လောက်တောင် စိတ်ကူးယဉ် ပါသလဲဆို နယူးယောက်ခ် သွားတုံးကတောင် အခုလိုပဲ စင်ထရယ်ပတ်ခ်ထဲ မရောက် ရောက်အောင်သွားပြီး စက္ကူခွက်ကော်ဖီလေး နဲ့ ပန်းခြံ ခုန်တန်းလေးမှာ ပို့စ်တပုဒ်ရေးခဲ့ သေးတာပါ။ အဲ့တုံးကလဲ အတူတူသွားခဲ့ကြတဲ့ ဟိုးငယ်ငယ်လေး အရင်းခင်တဲ့ ချစ်တဲ့ သူငယ်ချင်းလေးပါပဲ။

ဘာပဲပြောပြော ခုတော့ ဟိုးအဝေးကနေ ရေတွေ တဝုန်းဝုန်းကျနေတဲ့ ဓါတ်တော်ချိုင့် ရေတံခွန်ကို မျက်စိနဲ့ ပဿာဒ ကျကျ ရှုစား၊ ရေကျသံ တဝုန်းဝုန်းကိုလဲ နားနဲ့ ဖရန ပီတိ သောတဆင် သာယာ လှပတဲ့ ရှုခင်း အေးစိမ့်စိမ့် ရာသီဥတုနဲ့ဆိုတော့ သာယာမှုက 9 တောင်မကပါ ပေါ့လေ။

ဆိုင်လေးက အနီးစခန်းနားက လမ်းခွဲလေးကနေဝင်လာရတာပါ။ ချမ်းမြေ့ရိပ်သာ ဝိပဿာနာကျောင်း ရှိတဲ့လမ်းပါပဲ။ ခုလောလောဆယ်တော့ လမ်းလေးက တော်တော် ဆိုးနေပါသေးတယ်။ သို့သော်လဲပြင်တော့ပြင်နေတယ် လမ်းတလျောက် ကျောက်တွေ ပုံထားတာ တွေ့ခဲ့ရတယ်လေ။ အဝင်လေးနားသာ နည်းနည်းလေး လမ်းဆိုးတာပါ၊ အထဲဝင်လာတော့ လမ်းက ကောင်းတယ် မပြောသာပေမယ့် မြန်မာပြည်က လမ်းဆိုတော့ လဲ (ကြိုက်ကြိုက်မကြိုက်ကြိုက်လက်ခံရတဲ့ တခြားတခြားသော အရာများလိုပဲ) လက်ခံနိုင်ပါတယ်။ သူငယ်ချင်းပြောတာကတော့ အဲ့လမ်းက ခင်းနေတာ လ ပေါက်နေပါပြီ တဲ့လေ။

ကဲ ချမ်းမြေ့ရိပ်သာ ဝိပဿာနာကျောင်းဘေးနားကနေဖြတ်ပြီးတော့ ကွန်ကရစ်ကုန်းလေး ကနေဆင်းပြီးရင်တော့ ရောက်ပါပြီ။ အနီးစခန်းနားက ကျတော် တောင်ပေါ်ဆိုပေမယ့် လမ်းတလျောက် မြေပြန့်လိုပဲ ခံစားရတာလေ။ အဲ့ကလေ လမ်းဘေးဖဲ့ဆင်းပြီး အထဲဝင် လာတော့ ဓါတ်တော်ချိုင့်ဆိုတဲ့အတိုင်းပဲ ချိုင့်ထဲမှာ ရှိတာကလား။ အောက်ဘက်ကို တော်တော်လေးကို ပြန်နိမ့်ဆင်းဝင်လာရတယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ ရောက်ပါပြီ။ သူက ပုဂ္ဂလိက ပိုင်ပါ။ ဝင်းနဲ့ဘာနဲ့ သေသေချာချာ ကျကျနန ဆောက်ထားပြီးတော့ ဝင်ကြေးကောက်ပါတယ်။ ဝင်းထဲ ဝင်ဝင်ချင်းကတော့ ကားပါခ်ကင်ပါ။ ကားရပ်ပြီးရင် လာရောက် လည်ပတ်တဲ့သူတွေ အဆင်ပြေစေဖို့ ကားပါတ်ခ်ကင်မှာပဲ ပတ်ပလစ်ခ် တွိုင်းလက် ကလေးရှိပါတယ်။ ခရီးဝေးကနေလာခဲ့တဲ့ သူတွေအဖို့တကယ်ကို အဆင်ပြေစေတာပါပဲ။

အဲ့ကနေမှ သည်ဗျူးပေါ်တက်တဲ့ အတက်ကလေးမှာ ဝင်ကြေးကောက်ပါတယ်။ တယောက် ၁၀၀၀ ကျပ်ပါတဲ့။ သည်ဗျူးရက်စထရန့်မှာ စားစရာစားရင် ပေးထားသမျှ ဝင်ကြေး ဘယ်နှယောက်ဖြစ်ဖြစ်ပေါ့ ကူပွန်သဘောမျိုးပါ ပြန်နှုတ်ပေးပါတယ်။ ဥပမာ တီတို့ သူငယ်ချင်း ၂ ယောက်လာတော့ ဝင်ကြေးက ၂၀၀၀ စားတဲ့ထဲက ကျသမျှမှာ အဲ့ ၂၀၀၀ ကို ပြန်နှုတ်ပေးမယ် အဲ့လိုပါ။ ကြည့်ရတာ တော်တော်များများက သည်ဗျူးကိုလာ ပြီး ဆိုင်မှာ ဝင်မစားကြပဲ ဗျူးကြည့် ဓါတ်ပုံရိုက်ပြီးပဲ ပြန်သွားကြပုံရပါတယ်။

သည်ဗျူးကနေ ဓါတ်တော်ချိုင့် ရေတံခွန် (၃ ဆင့်ရှိတယ် ပြောပါတယ် တီကတော့ ပင်ပန်းမယ့် အလုပ်ဆိုဘာမှမလုပ် အိပ်တာနဲ့ စားတာပဲ လုပ်တာဆိုတော့ မသွားပါဘူး) အဲ့အထိ ဆင်းချင်တယ်ဆိုရင်တော့ နောက်ထပ် ရေတံခွန်သွားတဲ့ ဝင်ကြေးက သပ်သပ်ပါ တဲ့ ၂၀၀၀ ထပ်ပေးရပါမယ်တဲ့။ မေးလိုက်သေးတယ် လမ်းတွေဘာတွေ သေချာ လုပ်ထား လို့လားလို့ ဝင်ကြေးတွေ ဒီလောက် တဖြတ်တဖြတ် ခဏခဏ ကောက်နေရအောင်လို့။ အမှန်တော့ တီတို့လို စစ်စစ်ပေါက်ပေါက်မေးတတ်တဲ့ (ယေဘုယျ အပြော ရစ်တတ်တဲ့ အမှန်တော့ ကိုယ်တွေက ရစ်တာ မဟုတ်ပါဘူး ပေးရတဲ့ တန်ဖိုးအတွက် သင့်တော်တဲ့ ဆားဗစ် ကိုလိုချင်တာပါ) ကပ်စ်စတမ်မာတွေက အဲ့လိုတွေ မေးရင် သင့်တော်တဲ့ အဖြေကို ဝန်ထမ်းတွေက မပေးနိုင်ကြပါဘူး။

အဲ့တာ အဲ့လို နေရာတွေ လုပ်ပြီး ဝင်ကြေး ကောက်ချင် တဲ့ ပိုင်ရှင်တွေ လိုတာပါ။ တကယ် ဆို ကောက်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး သေချာ လုပ်ပြီးတော့ ကောက်ရင် ဘယ်သူမှ မပြောနေပါဘူးနော်။ အခုလဲ မေးကြည့်တော့ လမ်းက အဲ့လောက် မကောင်း ပါဘူးတဲ့။ မကောင်းရင် ဘာလို့ အဲ့လောက် ပိုက်ဆံကောက်နေရတာလဲ လို့ဆိုတော့ ကျောက်တောင်တွေကို အောက်အထိ ပေါက်အောင် လမ်းက တော်တော်လေး ဖောက် ထားရလို့ပါတဲ့။ ဒီလိုဖြေရှင်းမှုကိုတော့ လက်ခံပါတယ်။

တီက ရေတံခွန်ဆိုရင် နည်းနည်းကြောက်တယ်။ ငယ်ငယ် က ကျိုက်ထီးရိုး ကျောက်ထပ် ကို အောက်ကျောက်ထပ်အထိ လမ်းလျောက်သွားဖူးတော့ အဲ့ကတည်းက မှတ်သွားပါ တယ်။ တခါ မန်းလေး အေးရှားဝေါလ်ဂိတ် ပြင်ဦးလွင်အတက် အစနားက ဒေါ်သီ သနှပ်ခါး နတ်နန်းလေး မရောက်ခင်ဘေးကနေ ခွဲထွက်ရတဲ့ ဒီးဒုတ် ရေပြာဆိုလဲ ၁၂ ဆင့်ကို ရောက် တော့မယ် ရောက်တော့မယ် နဲ့ တော်တော် အလိမ် အညာခံပြီး တော်တော်တက်ခဲ့ရဖူး ပါ တယ်။ အဲ့ကတည်းက ရေတံခွန်ဆို သိပ်သတိထားတယ်။ ပင်ပန်းဆင်းရဲမယ့် အလုပ်တွေ ဘာမှ မလုပ်ချင်ဘူး။ (ထားသခင်မလေးက ငယ်ငယ်လေး ကတည်းက လက်ကျော်မတင်း နေလာရတာဆိုတော့ ငဲငဲ)

လမ်းမှာ ခုနက ရှမ်းခေါက်ဆွဲစားလာတာရယ် ခဏနေ မေမြို့ရောက်ရင် ထပ်စားဦးမှာနဲ့မို့ အများကြီး မမှာဖြစ်ဘဲ သူငယ်ချင်း အကြံပြုတဲ့ ဒေသထွက်ကော်ဖီ တယောက်တခွက်ရယ်၊ ငှက်ပျော်သီး နွားနို့နဲ့ ဖျော် Milk Shake ရယ် ချိစ် ဆင်းဒွတ်ရှ် တပွဲရယ် စားကြပါတယ်။

သည်ဗျူးမှာ သဘောကျမိတာကတော့ ဝန်ထမ်းတွေရဲ့ အက်တီကျူပါပဲ။ အင်မတန်ကို ရည်ရည်မွန်မွန်ရှိပါတယ်။ တခုပဲ အပြင်မှာ မိုးတွေရွာထားတော့ ခုန်တွေက စိုနေတယ်။ သို့သော် ဗျူး လှလှ မြင်ချင်ရင် အပြင်မှာ ထိုင်မှသာရမှာမို့ (ဒီလောက် အဝေးကြီး လာခဲ့ပြီး မှတော့လဲ အထဲမှာတော့ မထိုင်ချင်ဘူးလေနော်) အပြင်မှာ ခုန်သေးလေး ချပေးပါဆိုတော့ အဆင်မပြေဘူးဖြစ်နေတယ်။ ခုန်အပိုမရှိတာကော ချပေးလိုက်ရင် လမ်းပိတ်မှာ စိုးတာ ရောပေါ့။ သို့သော် ရေတဝက်စိုနေတဲ့ ခုန်တွေကို ရေသုတ်ပေးလိုက်တော့ အဆင်ပြေသွား ပါတယ်။ ခုနက ပြောတဲ့ ဝန်ထမ်းတွေ အက်တီကျူ ကောင်းကြတယ်ဆိုတာ အဆင်ပြေ အောင် စီစဉ်ပေး နေတဲ့ တလျောက်လုံးက အပြောအဆို အမူအရာတွေကို ဆိုလိုတာပါ။ မျက်နှာ တချက် ပျက်တာ မဲတာ မရှိပါဘူး။ စားသုံးသူလဲ ကျေနပ်တာပေါ့။

ခုနောက်ပိုင်းတွေ့နေရာတာတွေက ကပ်စ်တမ်မာ ဆားဗစ် ညံ့ကြတာပါ။ ဆို်င်ရီဗျူးတွေ ရေးရင် မကောင်းတဲ့ ဆိုင်တွေအကြောင်းလဲ ဝေဖန်ချင်ပါသေးတယ် သွားစားရမယ့် ဆိုင်မျိုးမဟုတ်ဘဲ ရှောင်ကြဉ်ရမယ့် ဆိုင်မျိုးပေါ့။ အားပေးမှာလား???) 

ဆိုင်က အင်တာနက် ဝိုင်ဖိုင်လဲ ရှိပါတယ်။ သို့သော် ထုံးစံအတိုင်း ဝိုင်းဝိုင်းလည်ပေါ့လေ။ ကွကိုယ်ပဲ တယ်လီနော လေး ထုတ်သုံးလိုက်တော့မှ အဆင်ပြေတော့တယ်။

ကော်ဖီ တခွက်ကို ပုံမှန် ၂၀၀၀ ပါ။ တီတို့က ခွက်ကြီးသောက်ချင်တယ်ပြောတော့ စီစဉ် ပေးပါတယ်။ သူက Double မရှိတော့ ခွက်အကြီးထဲ ထည့်ပြီး ၂ ခွက်စာ တောင်းလိုက် တာပေါ့။ Sandwich က တပွဲကို Cheese နဲ့ ရိုးရိုး ကို တပွဲ ၄၀၀၀ ပါ။ Banana Milk Shake က တခွက် ၃၅၀၀ ကတော့ ဈေးအနည်းငယ်ကြီးသလို ခံစားရပါတယ်။ သို့သော် လဲသူ့နေရာ အပြင်အဆင်နဲ့ ဆိုရင် ယူတဲ့ ဈေးက တန်သလိုပါပဲ။

ဆိုင်မှာ စိတ်တိုင်းမကျစရာတခုတော့ ဖြစ်ခဲ့တယ် ဆိုင်နဲ့တော့ မဆိုင်ပေမယ့် ပေါ်လစီ နဲ့ ဆိုင်တာပေါ့။ အမေရိကတို့ ဥရောပတို့မှာဆို စားသောက်ဆိုင်ကောင်းကောင်းတွေက ကလေးခေါ်ခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတော့ လာရောက်စားသုံးတဲ့သူတွေအတွက် “ကြီးစွာသော” စိတ် အနှောက်အယှက်ဖြစ်စေနိုင်လို့ပဲလေ။ တချို့မိဘဆိုတာတွေကလဲ ပိုက်ဆံတတ်နိုင် လို့ ကလေးတွေသာ တပြွတ်မွေးထားတယ် ဘယ်လိုဆုံးမရမှန်းမသိကြ၊ အဲ့ဒီလို ဘောကျော့ ကလေးတွေကလဲ အိမ်မှာ အလိုလိုက်ထားကျတော့ ပြောမနိုင် ဆိုမနိုင်တွေဖြစ်၊ လူကြားသူကြားထဲသွားရင် ဘယ်လိုနေရမယ် ထိုင်ရမယ် ဆိုတာမျိုးက ဆုံးမထားခြင်းလဲမရှိ ဆုံးမရလောက်အောင်လဲအသိရှိပုံမပေါ်ဆိုတော့ကာ ဆိုင်မှာ လာစားသောက်ကြတော့ ကလေးတသိုက်ခေါ်လာ၊ အော်ဟစ်ဆူညံ၊ ကလေးဘာသာ ဘာဝ ဆူညံတာ သဘာဝကျတယ် အဲ့တာကြောင့် ခေါ်လာမယ်ဆို ကိုယ့်ကလေးကြောင့် သူများ အနှောက်အယှက်မဖြစ်အောင် ထိန်းနိုင်ရမယ် မထိန်းနိုင်ရင် အိမ်မှာ ထားခဲ့ သင့်တယ်။ အဲ့တာကြောင့် အထက်က ပြောခဲ့တာ အဆင့်ရှိတဲ့ စားသောက်ဆိုင်တွေက နိုင်ငံကြီးတွေမှာ ကလေး ခေါ်ခွင့်မပေးဘူးဆိုတာ ဆိုင်ရဲ့ စားသုံးသူအပေါ်ထားတဲ့ ဂရုစိုက်မှုကိုပြတဲ့ ပေါ်လစီ ပါပဲ။ ဒါက စားသောက်ဆိုင်နဲ့ ကြုံလို့ပြောတာပါ။ လေယာဉ် စီးတဲ့ အခါ ခရီးသွားတဲ့အခါ ဘတ်စ်တွေပေါ်မှာ ခဏခဏ ကြုံရပါတယ်။

နောက်ထပ် စိတ်တိုင်းမကျတာ တခုက ယင်ကောင်တွေ သိပ်များတာပါပဲ။ ယင်မမည်းကြီး တွေတောင်လာပါတယ်။ ဖယောင်းတိုင်တော့ တောင်းတော့ လာထွန်းပေးပါတယ်။ သို့သော်လည်း ယင်ကောင်ကို မတွန်းလှန်နိုင်ပါဘူး။ အဲ့တော့ သာယာနေသော အက်မော စဖီးယားလေးက ယင်ကောင်လေး တလူလူ နဲ့ပေါ့လေ။ သူငယ်ချင်းနဲ့တောင် မန်းလေး ကနေ တက်လာရင် လမ်းပေါ်မှာ ပြောဖြစ်ပါသေးတယ်။ မေမြို့အပြင်က ဒီဇင်ဘာ ခြံ ဆိုလဲ ယင်ကောင်တလောင်းလောင်း နဲ့ စားရတာတောင် ရွံပါတယ်။ တခါတခါ သွားစား ချင်စိတ် ဖြစ်လို့ ယင်ကောင်တွေအကြောင်းတွေးမိရင် သွားချင်စိတ်တောင် ပျောက်ပျောက်သွား ပါတယ်။ ဆိုင်ရှင်တွေဒီကိစ္စကို တခုခုတော့ လုပ်သင့်ပါတယ်။

ခြုံပြီးပြောရင်တော့ သည်ဗျူးသည် ရီဗျူး တခုတ်တရ လာရေးရလောက်အောင်တော့ ဗျူးက တန်ပါတယ်။ တီ့ စာဘတ်ပိတ်သတ်တွေလဲ ကြုံရင် တခါလောက်တော့ ဝင်လည် ကြည့်သင့်တယ် လို့ ရက်ကောမန် လုပ်ပါတယ်။

အားလုံးကို စားစေချင်တဲ့
တီချမ်း     





























Saturday, July 11, 2015

အကုန်လုံးယူသွား


အကုန်လုံးယူသွား

Verse 1:
မာန နဲ့ ကိုယ်ဖျက်ဆီး
နာကျည်းမှုနဲ့ လောင်ငြီး
ချစ်ခြင်းက ပူလောင်ပြင်းပြတဲ့ မီး

Verse 2:
သူပေးခဲ့တဲ့ လှောင်ပြုံး
ကိုယ်ရခဲ့ ထာဝရအမုန်း
ငိုကြွေးမဲ့ စိတ္တဇအရှုံး

Pre Chorus:
မင်းယူသွားပါ
အချစ်အကုန်လုံးသာ
မင်းအတွက်ဆိုရင်
ကိုယ်ပေးမှာပါ

Chorus:
ရော့ယူသွားပါ
ရော့ယူသွားပါ
အားလုံးယူသွား
ရော့ယူသွားပါ

အူး ဟူး ဟား……အူဟူးအားးးးးးးး
အိုဟို အူးအား………
အူ ဝိုအိုးအိုရေး……….

Bridge 1:
ယူသွား ချစ်ခြင်း ငိုခြင်း ရယ်ခြင်း
ငါ့ရဲ့ပျော်ခြင်း နာခြင်း ခင်ခြင်း မင်ခြင်း
မင်းအမုန်းကို လှောင်မဲ့ ချစ်ခြင်း
ရင်ခုန်သံ အဆိပ်တို့နဲ့ပြင်း
ဒီကမ္ဘာမှာ မင်းအတွက် ငါ့အချစ်တွေလာမွေးဖွား

Bridge 2:
ယူသွား ချစ်ခြင်း ငိုခြင်း ရယ်ခြင်း
ငါ့အတွက် ပျော်ခြင်း နာခြင်း ခင်ခြင်း မင်ခြင်း
အဆုံးသတ်မှာ သာတဲ့ ချစ်ခြင်း
အကြင်နာတွေ ထုံးမွှန်းနေရင်း
တချိန်ချိန်မှာ အချစ်ရဲ့ဆုလာဒ်ကို ငါရရှိ…….(ငါပိုင်ဆိုင်)

Pre Chorus:
မင်းယူသွားပါ
အချစ်အကုန်လုံးသာ
မင်းအတွက်ဆိုရင်
ကိုယ်ပေးမှာပါ

Chorus:
ရော့ယူသွားပါ
ရော့ယူသွားပါ
အားလုံးယူသွား
အကုန်လုံး ယူသွား

အူးဝိုး........ရေးရေးရေး....
အကုန်လုံးယူသွား ရေး......အူဝိုး အိုးအိုး
အားလုံးယူသွား ယူသွား အကုန်ယူသွားစမ်း
ရေး......အို
အကုန်လုံးယူသွား......
ရေ ရေး အား..............

T Chen
1:46 AM
Saturday
11th Jul 2015
Hilton, Nay Pyi Taw
MYANMAR




 

Friday, July 10, 2015

ငါငယ်ငယ်လေး နဲ့ သေသွားခဲ့ရင်

ငါငယ်ငယ်လေး နဲ့ သေသွားခဲ့ရင် 

ငါငယ်ငယ်လေးနဲ့သေသွားခဲ့ရင် ငါ့ကို ဖဲစတွေနဲ့မြုပ်နှံပါ
နှင်းဆီပွင့်ချပ်တွေပေါ်မှာ လှဲလျောင်းစေပါ
အာရုဏ်သောက်ခါစ အချိန်မှာ မြစ်ထဲမှာ မျောလိုက်ပါ
အချစ်သီချင်းစာသား ချိုချိုလေးတွေ နဲ့အဝေး ကိုမျောပေးလိုက်ပါ

ဘုရားသခင် သမီးကို သက်တံ့ အဖြစ် ဖန်ဆင်းပေးပါ မိခင်အပေါ်ကို ဖြာချ ချင်လို့ပါ 
သမီးရဲ့ ရောင်စဉ်တွေအောက်မှာ မေမေရပ်နေမိခဲ့ရင်
သူရဲ့ချစ်သမီးလေး ဘုရားသခင် ထံတော်ပါးမှာ ငြိမ်းချမ်းနေပြီလို့ သိပါစေလေ

ပြီးတော့ ဘဝဆိုတာ ကိုယ်ထင်တွေး ထားသလိုမဟုတ်ပါဘူးလေ
နိုး……မဟုတ်ဘူး
မှိုင်းတာတောင် မဟုတ်ဘူး

ဒါပေမယ့် ….
သူမကတော့ သူမရဲ့ချစ်လှစွာသော သမီးလေးကို မြုပ်နှံ လိုက်ရပြီ
တိုတောင်းတဲ့ ဘဝရဲ့ ထက်မြတဲ့ ဓါးသွားလိုပါပဲ
ဒါပေမယ့်လဲ ကျမကတော့ လုံလောက်တဲ့ အချိန်ရခဲ့ပါတယ်

ငါငယ်ငယ်လေးနဲ့သေသွားခဲ့ရင် ငါ့ကို ဖဲစတွေနဲ့မြုပ်နှံပါ
နှင်းဆီပွင့်ချပ်တွေပေါ်မှာ လှဲလျောင်းစေပါ
အာရုဏ်သောက်ခါစ အချိန်မှာ မြစ်ထဲမှာ မျောလိုက်ပါ
အချစ်သီချင်းစာသား ချိုချိုလေးတွေ နဲ့အဝေး ကိုမျောပေးလိုက်ပါ

ဘဝတိုတိုအတွက် ဓါးသွားထက်ထက်ရယ်ပါ
ကျမအတွက်တော့ အချိန်က လုံလောက်ခဲ့ပါတယ်လေ

အဖဘုရားသခင်ရဲ့နိုင်ငံတော်ကို လာတဲ့ အခါ သမီး အဖြူရောင် ဝတ်လာခဲ့ပါ့မယ်
သမီး လက်ချောင်းမှာ ဝတ်ဆင်ထားတဲ့ လက်စွပ်လို စိမ်းနိုင်သမျှ စိမ်းပြီးတော့ပေါ့

ယောက်ျားတယောက်ရဲ့အချစ်ဆိုတာ ဘာလဲလို့ မသိခဲ့ရပါဘူး
ဒါပေမယ့် သူ ကျမ လက်ကို ကိုင်ထားခဲ့စဉ်မှာတော့ ခံစားချက်က သာယာခဲ့ပါတယ်

မြို့ထဲမှာ ကျမ ကို ထာဝရ ချစ်မယ်လို့ ပြောလာတဲ့ ကောင်လေးတယောက်ရှိခဲ့ရဲ့
ထာဝရ ဆိုတာ ကို ဘဝတိုတိုရဲ့ ဓါးသွားက လှီးဖြတ်လိုက်မယ်လို့ ဘယ်သူထင်ခဲ့ပါ့မလဲ

ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကျမ အချိန် အလုံအလောက်ရခဲ့ပါတယ်
ကဲ အသားနားဆုံးသာ ဝတ်ခဲ့ပါ ကောင်လေးရေ ကျမ လဲ ပုလဲလေးတွေ ဆွဲခဲ့မယ်လေ
တခါမှ မလုပ်ဘူးတာ ကို လုပ်ခဲ့ပြီပေါ့

ကျမ ရဲ့အတွေးကို သိချင်ရင် တပြား…….အင်း မဟုတ်သေးဘူး တစ်ဒေါ်လာ နဲ့ရောင်းမယ်လေ
ကျမ သေသွားရင် သူတို့တွေက တန်ဖိုး ပိုတက်လာအုံးမှာပါ
အဲ့အခါကျလို့ရှိရင် ကျမ သီဆိုနေခဲ့တဲ့ စကားလုံးတွေကို ရှင်ကြားနိုင်မှာပေါ့လေ

ရယ်စရာကောင်းတာက လူတွေဟာ ရှင်သေသွားမှသာ ရှင့်ပြောစကားတွေကို အလေးပေးနားထောင်တာပါကလား

ငါငယ်ငယ်လေးနဲ့သေသွားခဲ့ရင် ငါ့ကို ဖဲစတွေနဲ့မြုပ်နှံပါ
နှင်းဆီပွင့်ချပ်တွေပေါ်မှာ လှဲလျောင်းစေပါ
အာရုဏ်သောက်ခါစ အချိန်မှာ မြစ်ထဲမှာ မျောလိုက်ပါ
အချစ်သီချင်းစာသား ချိုချိုလေးတွေ နဲ့အဝေး ကိုမျောပေးလိုက်ပါ

ခိုတစ်ကောင်ရဲ့အလင်္ကာဆိုတာ
အချစ်နဲ့ ငြိမ်းချမ်းရေးပါတဲ့
မျက်ရည်တွေကို သိမ်းပြီး အိတ်ကပ်ထဲကိုထည့်လိုက်ပါ
တကယ်လိုအပ်မယ့် အချိန်တွေအတွက် သိမ်းထားစမ်းပါလေ

ဘဝတိုတိုရဲ့ဓါးသွားထက်ထက်ရယ်ပါ
ကျမ ကတော့ အချိန် လုံလောက်ခဲ့ပါတယ်

ကဲ ကောင်လေးရေ အသားနားဆုံးသာ ဝတ်ခဲ့တော့
ကျမ ကလဲ ပုလဲလေးတွေ ဝတ်ထားမယ်လေ….နော်

T Chen
1:34 PM
10th Jul 2015
Friday
IRD, MoF
Nay Pyi Taw
MYANMAR