Showing posts with label အချဉ်တည်. Show all posts
Showing posts with label အချဉ်တည်. Show all posts

Thursday, April 12, 2012

လည်၊ စား၊ ချဉ်၊ သုပ်၊ ကြော်

မနေ့က အိပ်ရာထတော့ ညနေစောင်းနေပါပြီ။ အဲ့တာနဲ့ ဘယ်သွားလည်ကြမလဲ ဆိုတော့ ညီဝမ်းကွဲက စန်ထရာဝေါ သွားချင်ပါသတဲ့ အဲ့တာနဲ့ သွားကြမယ်လေ ဆိုပြီးတော့ ကားငှားတော့ စီကြီး အရင်ရောက်တာနဲ့ အရင်ဝင်ကြပါတယ်။ BIG C မှာ လျောက်ပတ် လည် ပြီးတော့ ခြေထောက်ညောင်းလာတာနဲ့ စားကြသောက်ကြ ကြမယ်ဆိုပြီး ဆိုင်ရှာတော့ မောင်က ငါးကြော်နဲ့ထမင်းစားချင်တယ်ဆိုလို့ သူ့ဘာသာ ဖွတ်ကော့မှာ ဝယ်စားတယ် ကိုယ်နဲ့ညီကတော့ အမဲသား စားချင်တာနဲ့ ရှာတော့ ဖက်ထုပ်လေးတွေ (ရှောင်လုံပေါဝ်)လို့ခေါ်တဲ့ ဟောင်ကောင် စတိုင်လ်ဖက်ထုပ် စားကြမယ် နောက် စီချွမ်း အမဲသားခေါက်ဆွဲလဲရတယ်ဆိုတာနဲ့ ထိုင်ကြပါတယ်။





ညီဝမ်းကွဲက အမဲသားစီချွမ်စတိုင်လ်ခေါက်ဆွဲစားပြီးတော့ တီက အမဲသား ငရုတ်ပွကြော် ပဲသီးဝက်သားစင်းကော
ကြော်တွေကို ထမင်းဖြူနဲ့စားပါတယ်။





ပြီးတော့ BIG C ကနေ တံတားကူးပြီးတော့ စင်ထရယ်ဝေါ ဘက်ကို လျောက်ပါတယ်။ တံတားပေါ်မှာ ဓါတ်ပုံ ရိုက် ကြပါတယ်။ ညီရယ် မောင်ရယ် ကိုယ်ရယ်။ ရှု......





ပြန်လာတော့ ချက်ကြပြုတ်ကြမယ်ဆိုပြီးတော့ လုပ်ကြပြင်ဆင်ကြပါတယ်။ မနက်ဖြန်ကနေစပြီး သင်္ကြန်ရုံးပိတ်ပြီ
ဖြစ်တဲ့အတွက် တခုပြီးတခု လုပ်စားကြမယ် လို့ ပလန်တွေချပါတယ်။ ဒါလေးက တနေ့က ညဈေး (ညဈေးဆိုတာ တကယ့်သဈေးပါ မြန်မာပြည်မှာလို ညနေဘက်ရောင်းတဲ့ ညဈေးမဟုတ်ပါဘူး၊ သီရိမင်္ဂလာဈေးလို ညဦးပိုင်း ၁၂ ကျော်မှာ ရောင်းတဲ့ဈေးပါ) သွားတုံးက ကန်စွန်းရိုးနီကောင်းကောင်းလေးတွေ တွေ့တာနဲ့ ချဉ်ဖတ်တည်မယ် စိတ်ကူးပါတယ်။ နောက်နေ့ကျမှ အဲ့နေ့ကပဲ ဝယ်လာတဲ့ အမဲသား ကြွက်သားလုံး ကိုဆီပျံချက်ပြီးစားမယ်ပေါ့။





ဆန်ဆေးရေနဲ့ ထမင်းကို အအေးခံထားတာပါ။ အချဉ်တည်ရင် အဲ့တာ အဓိက လိုပါတယ်။





ကန်စွန်းရိုးနီကို သေးသေးမျှင်မျှင်လေးတွေ ရအောင်ဓါးပါးလေးနဲ့စိတ်ရှည်လက်ရှည် စိတ်ရပါတယ်။ ညီဝမ်းကွဲလုပ်တာပါ။ ပြီးတော့ ရေသေချာဆေးပြီးတော့ စစ်ထားပါ။ နောက် ခုနက ဆန်ဆေးရေ ရယ် ထမင်းအေး ရယ်ကို စိမ်မယ့် ဘူးထဲ ထည့် ကန်စွန်းရိုးထည့် ရေနည်းနေရင် နည်းနည်းထပ်ထည့် ပြီးတော့ ဆားလေး လက်တဖြစ်လောက်ထည့် ပြီးရင် စိမ်ထားလို့ရပါပြီ။ တရက် နှစ်ရက် လောက်နေရင် စားရပါပြီ။ ဒီနည်းအတိုင်းပဲ မုန်လာဥဖြူချဉ်၊ တချို့က ကြိုက်တတ်ရင် အရောင်နီနီလေးထည့်ပါတယ်။ ကြောင်လျှာသီးပါးပါးလှီးပြီးချဉ်၊ သရက်သီးကင်းလေးတွေချဉ်၊ ပဲပင်ပေါက်ချဉ် စတာတွေလဲ တည်လို့ရပါသေးတယ်နော်။





ဒါလေးက မောင်နဲ့ စကားစပ်မိရင်း စားချင်စိတ်ပေါက်လာလို့ ထလုပ်လိုက်တဲ့ ပဲကြမ်းသုပ်လေးပါ။ ငယ်ငယ်က ရန်ကင်းမှာနေတုံးက အသုဘ အိမ်တွေ သွားရင် အဲ့တာကျွေးတာ သတိရနေမိတယ်။ သူတို့ကတော့ ပဲကြမ်းချည်းပဲ သုပ်တာပေါ့ ကိုယ်တို့ကတော့ အိမ်မှာ အသင့်ရှိနေတဲ့ လက်ဘက်က ပဲကြော်စုံ ကို သုပ်လိုက်ပါတယ်။ မောင်တို့ဘက်မှာလဲ အဲ့တာတွေ စားကြတယ် ပြောလို့။ နောက်ထပ်စားချင်နေတာက ပဲကတ္တီပါသုပ်ပါ။ ဒီမှာတော့ မတွေ့မိဘူး။ ကြက်သွန်ပါးပါးလှီး ပြီးတော့ ပဲဆီမွှေးမွှေးရယ် ဆား အချိုမှုန့် အနည်းငယ် နဲ့ဆိုရင်ကို အလုပ်ဖြစ်နေပါပြီ။ ရေနွေးကြမ်းလေးနှပ်လိုက်ရင် ပိုရှယ်တာပေါ့။ သူငယ်ချင်းတွေနဲ့အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။





ဒါလေးကတော့ မောင်စားချင်လို့ တနေ့က ညဈေးမှာ ဝယ်လာတဲ့ ပန်းငရုတ်ပါ။ ပန်းငရုတ်ပွ အနီရယ် အစိမ်းရယ် နောက် ပန်းငရုတ် ရှည်တမျိုးရယ် ကို မနေ့က ကြေးအိုးက ပိုတဲ့ အသားနယ်ပြီးသားနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားလေးကိုတော့ မွှေးအောင် ထည့်လိုက်တာပေါ့။ မောင်တယောက်ထဲ မနေ့က ညကော ဒီနေ့ မနက်ပါ စားတာပါ။ မောင်က ဒီနေ့တော့ ညီဝမ်းကွဲ နဲ့ အော်ဇီက သူငယ်ချင်းရဲ့ သူငယ်ချင်းတို့နဲ့အတူ ကျောက်ဖရား မြစ်တလျောက် ဘုရားဖူးထွက်နေကြတယ် ကိုယ်ကတော့ ရုံး ခဏ လာရတာပေါ့။ မနက်ဖြန်ကနေစပြီး နောက်တပတ် တနင်္လာနေ့အထိ ရုံးပိတ်ပါမယ်။ ပြောသာပြောတာပါ ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာမှ တရက်လား နှစ်ရက်လားပဲ ရုံးတကသေးတာ။ ကမ္ဘောဒီယားက ပြန်လာကတည်းက ရုံးကို ကောင်းကောင်းမတက်ရသေးဘူး။

A Chen
3:53PM
Thursday
12th Apr 2012
Office
Bangkok

Thursday, January 19, 2012

ချစ်သူငယ်ချင်း ခိုင်မာအောင်အတွက် အိမ်လုပ် ကမ်ချီ နှင့် ပုစွန်ဆီပျံ




မနေ့ညက လွယ်ကူစားမြိန်တယောက် အိမ်ကိုလာပါတယ်။ တနေ့က အကူအညီတောင်းထားတဲ့ ကမ်ချီလာလုပ်ပေးတာပါ။ သူက တခါလုပ်တာအောင်မြင်ထားတယ်ဆိုတော့ မရှိရှိတဲ့ သူ့ပဲ ဆရာမတင်ရတာပါပဲ။ တီချမ်းက ကမ်ချီကြိုက်ပါတယ်၊ အိုကမ်ချီတင်မက ဗမာ အချဉ်သုပ် ရှမ်းမုန်ညှင်းချဉ် ယူနန်အချဉ် အကုန်ကြိုက်တယ် ပျင်းရင်တောင် သံပရာသီးနဲ့ ဆားတို့စားနေတာ။ ထားတော့ အဲ့တာနဲပ ကမ်ချီကို ဆရာမ ပြောတဲ့ အတိုင်းလုပ်ကြည့်ပါတယ်။ QT ဆီမှာလဲ နည်းတွေ သွားကြည့်သေးတယ် သူ့နည်းတွေက နည်းနည်း ပိုရှုပ်တာနဲ့ အိမ်မှာ ရှိတာနဲ့ ပဲ ဖြစ်အောင်လုပ်လိုက်ကြတယ်လေ။ တီချမ်းထုံးစံအတိုင်း လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ မိုတိုနဲ့ ကိုက်ရမယ်လေနော်။





ပထမဆုံး ပုံထဲကအတိုင်း မုန်ညှင်းဖြူ ထုပ်တွေကို အလွှာလိုက်ခွာပြီး ဆားရေစိမ်ထားပါတယ်။ ဘယ် ရူးလ်စ် တွေကိုမှ မလိုက်နာပါဘူး။ ဘလောခ်တွေမှာ ဘယ်နှ မိနစ် စိမ် ဘယ်နှနာရီ စိမ်စသဖြင့်ပြောတာတွေအကုန်လုံးနဲ့ေ-ာက်တလွဲ လုပ်ထားပါတယ်။ စစချင်း လှီးပြီးစိမ်ထားတယ်၊ ပြင်ဆင်တာတွေအကုန်ပြီးတော့ တန်းလုပ်တယ် ဒီလောက်ပါပဲ။ ပြီးတော့ မုန်ညှင်းတို့ မုန်လာဥ တို့ က အစိမ်းလဲစားလို့ရနေတာပဲဆိုတော့လေ။ အဲ့လိုပေါ့။ စိမ်ထားတာတွေကို အနှစ်ရလာတော့ (အနှစ်ပြင်ဆင်ပုံကို အောက်မှာ သေချာပြထားပါတယ်) ရေဆေးပြီး လှီးပါတယ်။ ကြိုက်တဲ့ပုံလှီးပါ။ တချို့တွေက အထုပ်လိုက် လုပ်ထားပြီး စားခါနီးမှ လှီးကြတယ် တီကတော့ တခါတည်း စားချင်တဲ့ ပုံစံ လှီးထားလိုက်တယ် အေးရော။





မုန်လာဥကိုလဲ အခွံသင် အဝိုင်းလေးတွေလှီးပြီးတော့ နောက်တခါ လေးစိတ်ပြန်စိတ်ပါတယ် အတုံးလေးတွေရတာပေါ့ နောက်တော့ ပိုပြီးတော့ လွယ်အောင် ခုန က အိုးထဲပဲ ရောပြီးဆားရည်စိမ်လိုက်ပါတယ် ကဲ မလွယ်လား ပြီးတော့ မှ တခုချင်းစီ ရွေးထုတ်ပြီး ရေဆေး ပြန်စစ်ပေါ့နော်။





ဒါကတော့ အနှစ်လုပ်မယ့် ပရောဆက်ပါ။ ကြက်သွန်ဖြူ စဉ်းငယ်ခန့် ဂျင်း လက်တသစ်၊ ပန်းသီး တလုံး အခွံခွာ အတုံးလေးတွေလုပ်ပြီးတော့ ခုနက ကြက်သွန်ဖြူ ဂျင်းတွေနဲ့ ရောပြီး ဘလန်ဒါနဲ့ ကြိတ်လိုက်ပါတယ်။ ပန်းသီးထည့်တာ မွှေးအောင်ပါ။ ပြီးတော့ ကြက်သွန်မိတ်လေးတွေ ကို လက်နှစ်ဆစ်လောက်ဖြတ်ထားပြီး ဇလုံတခုထဲမှာ အနှစ်တွေကြိတ်ထားတာကိုထည့် ဆား ငရုတ်သီး အရောင်တင်မှုန့် သကြား ငံပြာရည် စတာတွေထည့်ပြီး နယ်ပါတယ် နယ်နေတုံးမှာလဲ မြည်းကြည်ပါ တီတို့ နှစ်ယောက်ကတော့ နယ်လိုက်မြည်းလိုက် လိုတာထပ်ထည့်လိုက်ပဲ။





အဆင်ပြေပြီဆိုရင်တော့ နယ်ပါမယ်။ ခုန က အနှစ်တွေ နယ်ပြီးသားကို နှစ်ပုံခွဲလိုက်တယ် တပုံက မုန်လာဥဖို့ တပုံက မုန်ညှင်းရွက်ဖို့။ ပြီးရင် လက်နဲ့ ရှယ်နယ်ရုံပါပဲ။ လက်အိတ်တွေဘာတွေလဲစွတ်မနေတော့ပါဘူး။ ရှုပ်လို့။ လွယ်ကူ သက်သာ မြန်ကောင်း အရသာရှိပါဆိုနော်။





အောက်ကတော့ မုန်းညှင်းတွေကို ရေဆေး ရေစစ်ပြီး အိုးကြီးကြီးတခုထဲ ထည့်နယ်တာပါ။ ဇလုံကသေးလို့လေ။





ပြီးရင်တော့ စိတ်ကြိုက်ဘူးလေးတွေနဲ့ထည့်ပြီးတော့ ရေခဲသေတ္တာထဲ ပစ်ထားလိုက်တာပေါ့။ လွယ်ကူစားမြိန်မမကတော့ ၃ ရက်နေရင် စားရတယ်ပြောတာပဲ စောင့်ကြည့်ရမယ် ရရင်တော့ ရ မရရင်တော့ ပစ်ပေါ့။





တနေ့ကတည်းက ပုစွန်ဆီပျံစားချင်နေတာ မနေ့က ပင်လယ်စာ အကင်သွားစားတော့ ပုစွန်မီနီထုပ် တကီလို ဝယ်လာပါတယ် ဘတ် ၄၈၀ ပါ ၁၂ ကောင်ရပါတယ် မောင်က အိမ်ရောက်တော့ ရေဆေး အခွဲနွှာပြီးတော့ ဆားနနွင်းနယ်ပေးပါတယ်။ ကြက်သွန်ဖြူနီလေးတွေအဖတ်သေးသေးလေးတွေလှီးလိုက်ပါတယ်။ ပြင်ဆင်ထားတာပါ။





ဆီပူလာရင် ကြက်သွန်ဖြူနီ ဆီသတ်ပါ။ နည်းနည်နွမ်းရင် ပုစွန်ထည့် အကောင်လေးတွေ ကွေးလာရင် လှန်ပေး။ ပုစွန်အကွေး ငါးအနွေးဆိုတယ်မှလား။ ပုစွန်ကထွက်တဲ့ရေတွေ ဆီပျံရင်တော့ ရပါပြီ။





ထမင်းပူပူလေး ကိုပုစွန်ဆီလေးဆမ်း ဆားလေးဖြူးပြီး နယ်စားပါတယ်။ စားချင်နေတဲ့အချိန်မှာ စားရလို့လားတော့မသိဘူး။ ကောင်းမှကောင်း။





အောက်ဟာတွေက အသီးတွေပါ။ ဝယ်လာတာ များသွားတယ်။ မမက ပန်းသီး ကို ကမ်ချီထဲထည့်ဖို့ ဝယ်ခိုင်းတာ ဘယ်လောက်ဝယ်ရမလဲ မသိတော့ တပုံတရာ ဆိုတာနဲ့ ဝယ်လာလိုက်တယ် ၇ လုံးပါ။





ကျန်တာတွေကလဲ စားချင်တာ မြင်မြင်ရာရာ ဝယ်လာတာပါပဲ။




ဒါကတော့ အသီး ပလက်တာပေါ့။





ဒီပိုစ့်လေးကို တီနဲ့ တူတူ ကိုရီးယား သွားခဲ့တဲ့ ချစ်သူငယ်ချင်း ကိုရီးယား ရူး မိခိုင်မာ ကို dedication လုပ်ပါတယ်။


A Chen
12:42 AM
Friday
20th Jan 2012
Home
Bangkok

Tuesday, March 22, 2011

စိမ် စိမ် စိမ်................

တလောကပေါ့အေတို့ရယ်။ ကျုပ်တို့မှာ မြို့ကြီးပြကြီးရယ်လို့ ရောက်ရှိနေထိုင်နေရပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဓလေ့ကိုတော့ ဘယ်မေ့ပါ့မလဲနော်။ အရင် ရွှေပြည်တော်မှာ (နေပြည်တော်မဟုတ်) မှာ နေခဲ့တုံးက ဒီလိုအချိန် ဆောင်း အကုန် နွေ အကူး လေရူးမြူးတဲ့ နွေဦး ကာစ အခါသမယတွေမှာဆိုရင် တို့တယောက် ဈေးအစုံစုံလှည့် သရက်ကင်း လေးတွေရှာဝယ်ရင်း ဈေးသည်တွေနဲ့ ရန်ဖြစ်ခဲ့ရတာ သတိရသေးသာပ။

အော်ခုတော့လည်း ရန်ဖြစ်စရာမလိုအောင် သရက်သီးစိမ်းဆိုတာ ဆယ့်နှစ်လရာသီ ရနေပေမယ့်လဲ ဒီက အသီးတွေက တို့ရွှေပြည်က အသီးတွေလို မွှေးချင်းလဲမရှိ အစေးဆိုတာလဲ နထ္တိ အရသာကျတော့ ဖွယ်တယ်တယ်ရှိ၏ ဆိုသလို (မသိတော့လဲ သေချာမသိပါဘူးအေတို့ရယ် အမောင်လေးပြောတော့ သူတို့ဆီက အသီးတွေက အော်ဂင်းမနစ်ဘူးဆိုလား ဘာလား ကျုပ်တော့ နားမလည်ပေါင်အေ)

ပြောသာပြောရသာပါ ခုတော့လဲမြို့ကြီးပြကြီး အနေကြာလာလို့ သွေးကြီးတာလား ဘာလားတော့ မသိ။ ပြောမပြောချင်တော့ပါဘူးအေ။ တခါတလေတော့ လဲ ငတို့ပြည် ငတို့ရွာက အသီးစိမ်းလေးတွေ တမ်းတမိသား။ အဲ့သဟာနဲ့ ပြောရမယ်ဆိုရင်တော့ ပေါ့အေ..........

ငတို့ပြည်နဲ့ နယ်ချင်းကပ်နေတဲ့ နေရာက အရီးဒေး တို့ အဖွားဖဲ တို့ အလည်လာကြပါရောလား။ အဲ့သမှာ သတို့ ကို ရွာ ဘက်က အသီးစိမ်းလေး ဘာလေး ပေါ်ရင် ဆွဲခဲ့ကြအေတို့ရယ်ဆိုသော့ ခမျာများလဲ တွေ့တာ ဆွဲခဲ့ပေးကြသာပေါ့။ မရမ်းသီး စိမ်းလေးတွေက စိုမှစို၊ ဒညင်းသီးစိမ်းလေးတွေက လတ်မှလတ် ဆိုတော့ အိမ်က လူကြီးနဲ့ သိုင်ပင်ကြတော့ စိမ်စားကြမယ်ပေါ့။ အဲ့သဟာနဲ့.....တွေ့ကြတဲ့အတိုင်း မရမ်းသီး စိမ်းလေးတွေကို ရေစင်စင်ဆေး၊ နောက် ဗူးထဲမှာ ထည့်၊ ဟော ဆေးသကြားခဲလေးတွေ ကြိတ်ပြီး ထည့် ရေသန့်လေးတွေ ဖုံးရုံ လောင်းပေး နောက်တရက်နှစ်ရက်နေ့တော့ စားရရောပေါ့အေ။ ပြေအာရအုံးမယ် အဲ့ဒီ ဆေးသကြားဆိုသာကလဲ တို့တွေ ရွာမှာနေတုံးက အရပ်ထဲက ကုလားမဆိုင်ဝယ်မလား၊ တရုတ်မ ကုန်စုံဆိုင်ပြေးမလား ပေါလအောရပါ့အေ။ ခုတော့ ဒီမှာ မရှိလို့ အဲ့သည် အရီးဒေး တို့ မဲစောက် ကိုမှာရပါပကောလား။ ပြောပြောချင်ဘုအေ။ ကဲကဲ ပုံတွေကိုသာကြည့်သော့.......





အောက်ကဟာကသော့ မရမ်းသီး စိမ်သာကျပြီး စားလို့ရတဲ့အခါ သို့စားဖို့ အိမ်က ဟာကြီးဖျော်တဲ့ ငရုတ်သီးပေါ့အေ။ ငရုတ်သီးအကြက်မှုန့် ဒင်းကြမ်းနဲ့ ပုစွန်ခြောက်မှုန့် ငံပြာရည်နဲ့ အချိုမှုန့် နည်းနည်းထည့်သယ်။ သူတို့ နယ်ဘက်ကပေါ့အေ။ နောက် ငရုတ်သီး မှုန့် ကျအောင်တညနပ်လိုက်ရင် ရေးရင်းဘတ်ရင်းနဲ့ ပါးစပ်ထဲက သွားရည်ကျအောင်လွှတ်ကောင်းပေါ့အေ





အောက်ဆုံးဟာကတော့ အိမ်သား လုပ်တဲ့ ဒညင်းသီး ဆားရည်စိမ် သူကတော့ သော်သော်ကြာမှစားရသယ်။ ပုံမှာပါတဲ့ ရက်စွဲကနေ စိမ်လိုက်သာ မနေ့တနေ့ကမှ ကျက်တယ်ဆိုတော့ စဉ်းစားသာကြည့်ကြတော့။
ကောင်းတာတော့ ကောင်းတယ်အေ ဒညင်းသီးလေးတွေက နုတော့ ကြွပ်ဆတ်ဆတ်နဲ့
ဆီပျံဟင်းလေးနဲ့ ထမင်းပူပူလေးနဲ့ ကုန်းလွှေးလိုက်ရရင်တော့လား..............အညာက အရီးတားတို့ အရီးကွမ်တို့ အဖွားလေး သူသူ တို့ အကုန်မေ့သွားမယ်





A Chen
2:00 PM
22nd March 2011
Tuesday
Home
Bangkok