Showing posts with label အသုပ်များ. Show all posts
Showing posts with label အသုပ်များ. Show all posts

Wednesday, May 2, 2012

ကြက်သားပြွန်း (ကြက်ကာလသမီးချက်)

အခုတလော ချဉ်ချင်းတပ်နေတာ ကြက်သားကာလသားချက်လို့ ခေါ်တဲ့ ကြက်သားပြွန်းပါ။ အဲ့တာနဲ့ တလောက ညဈေးဘက် ရောက်တော့ မြန်မာကြက် ဒီက အခေါ် အိမ်ချက် ပေါ့ အဲ့တာ တကောင်ကို ဝယ်ပါတယ် ၁ ကီလို စွန်းစွန်းလေးထင်တယ်။ ၁၃၅ ဘတ်လား မသိဘူး ပေးရတယ်။ သေချာတာကတော့ မြန်မာပြည်ထက် အများကြီး ပိုပေါတယ် ဆိုတာပဲ။ တီချမ်းဆိုတဲ့ ကာလသမီးချက်တော့လဲ ကြက်သားကာလသမီးချက်ပေါ့ သို့သော်လဲ လျှို့ဝှက်ချက်က ဘာလဲဆိုတော့ ....ငှဲငှဲငှဲ.......(အမှန်ကတော့ မောင်ချက်ပေးတာပါ ကိုယ်က ခိုင်းယုံပဲ) (:=))

ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင့်လို ယောက်ျားရ (ရွေးယူ)ထားတာ ကိုယ်ကံကောင်းတယ်ပေါ့။ မနာလိုဖြစ်ကြပါ အားကျကြပါ ရွေးချယ်မှု ဥပမာ ယူကြပါ။ ကြားဖူးကြတယ်မှလား အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုပ်ထိုးလေ ကျန်တာတွေအားလုံးက ပညာရှိမကြီး တီချမ်း ပြောသလို “နင်ရွေးချယ်တဲ့ လမ်း” ပဲလေ။

ကြက်သားပြီးတော့ ဘူးသီးလဲ ရှာဝယ်ရပါသေးတယ်။ ဒီမှာက မြန်မာပြည်မှာလို ဘူးသီးအကြီးကြီးတွေ မရှိဘူး။ အသေးလေးတွေပဲ ရှိတယ် နုတော့ ပိုနုတာပေါ့ သို့သော် ဘူးသီးကြီးတွေကိုမှ ဘူးသီးထင်တဲ့ တိုင်းပြည်ကလာ တာကိုးနော်။ သေးလို့ မကြိုက်တာဆိုလို့ဘူးသီး နဲ့ နောက်တခု ပီး.........(ဆင်ဆာ) ပဲရှိတယ်။ ထား။

ကြက်သားကိုတော့ ဆိုင်က တခါတည်း တုံးခိုင်းလိုက်ပါတယ်။ ရောင်းတဲ့ မိန်းမ က အကုန်လုပ်ပေးလိုက်တာပါ။ အတုံးတုံးတာကော၊ အူ (ဒီမှာက အူကို မယူပါဘူး လွှတ်ပစ်ကြပါတယ် ကိုယ်က ယူမယ်ပြောတာ နောက်ကျသွား တယ် သူက လှီးရင်း ဖြတ်ရင်း ပစ်ပြီးနေပြီ) အခု ဒီစာကိုရေးနေရင်းနဲ့တောင် စဉ်းစားနေမိတယ်။ အခုတော့ ဒီမှာ ဝယ်တော့ ဒီက ဈေးအတွေ့အကြုံရေးတာပေါ့။ မကြာမီ တီချမ်းတယောက် မြန်မာပြည်ပြန်ရောက်ရင်တော့ တီချမ်း စာတွေထဲမှာ မြန်မာပြည်ကဈေးအတွေ့အကြုံ ဆိုရင် ဈေးသည်တွေ အပေါက်ဆိုးတာ အလေးခိုးတာ
တီချမ်း စွာလန်ကျဲပြန်ရန်ဖြစ်တာတွေ မိုးမွှန်နေတော့မှာပဲလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီက ဈေးတွေကတော့ ဝယ်ရတာ တကယ် စိတ်ချမ်းသာပါတယ်။ ကိုယ်ကေ-ာက်ဖက်လုပ်ပြီး ဒင်းတို့ ကို စကားမပြောချင်ရင် ထိုင်းလို မတတ်သလို ပြုံးပြီး ဟိုဟာ လက်ညှိုးထိုး ဒီဟာလက်ညှိုး ပြုံး (ချင်ယောင်ဆောင်)ပြီး အီးလိုပြောခိုင်း ရင် သဘောကောင်းစွာ လုပ်ပေးကြပါလိမ့်မယ်။ ထား။

အဲ့တာနဲ့ အိမ်ပြန်ရောက်တော့ ကြက်သား ကာလသား ကို ကာလသမီးက ကာလသားကို အပြောနဲ့ ခိုင်းပြီး ချက်ပါ
တော့တယ်။ ပထမဆုံး ဘူးသီးလေးတွေကို ကြိုက်တဲ့ အနေလေးတွေလှီးထားပါ။ (ပုံ-၁)။ ကြက်သားကို နနွင်း၊ ဆား အချို မှုန့် တို့ နဲ့ နယ်ပြီး နှပ်ထားပါ။ (ပုံ-၂)။ ကြက်သွန် ဖြူ နီ ကို လိုသလောက် ကြိတ်စက်နဲ့ ကြိတ်ထားပါ။ (ပုံ-၃)။ ငရုတ်ဆုံနဲ့ ထောင်းလဲ ရတယ်။ ကိုယ်ကြိုက်သလိုပေါ့။ နိုင်ငံခြားမှာနေနေတာ ဆိုတော့ ငရုတ်ဆုံ တော့ မရှိ။ ရှိလဲ ထောင်းရင် ဘေးအိမ်တွေ နဲ့ သတ်ရဖို့ မြင်တယ်။ ထား။





ပြီးတော့ ချက်မယ်လုပ်တော့ ဆရာလုပ်မယ့် ကာလသမီးနဲ့ တကယ်ချက်ရမယ့် ကာလသားနဲ့ သတ်ကြရပါသေး တယ်။ မောင်က အလွယ် လုံးချက်မယ်တဲ့၊ တီက ကြက်သွန်ဖြူနီ နဲ့ ကြက်သား ကို အရင် ဆီသတ်တဲ့ နည်းနဲ့ချက် မယ်ပေါ့။ လုံးတော့ လုံးတာပဲလေ အစိမ်းစော် မနံအောင်ပေါ့နော်။ အဲ့တာကို ဒင်းက နားမထောင်ပါဘူး။ တခါတည်း အကုန်ထည့်ပြီး လုံးမယ့် နည်းနဲ့လုပ်ပါတယ်။ အဲ့တော့လဲ လုပ်ပေါ့နော်။ သူက တကယ်ချက်မှာကိုး။ အဲ့တာနဲ့ ခုနက နယ်ထားတဲ့ ကြက်သားထဲ ကို ကြက်သွန်ဖြူနီ ကြိတ်ထားတာ ထည့်ပါတယ်။ နောက် အရောင်တင်မှုန့် နည်းနည်းထည့် စပ်စပ်ကလေး စားချင်တဲ့ သူတွေအတွက်တော့ အရောင်တင်မှုန့် ကို ပိုထည့်ပေါ့ ငရုတ်ဆုံနဲ့ ထောင်းမယ့် သူတွေအတွက်တော့ ငရုတ်သီးခြောက်ရေစင်စင်ဆေးပြီး ထည့်ထောင်းလဲ ရပါတယ်။
ပြီးတော့ ဆီနည်းနည်းထည့် ဆားနဲ့ အချိုမှုန့်ကတော့ ခုနက ကြက်သား နှပ်တုံးက ထည့်ပြီးဖြစ်လို့ ထပ်မထည့်တော့ပါဘူးနော်။ ကဲ ပြင်ဆင်တာတွေပြီးပြီဆိုရင်တော့ စချက်ကြရအောင်......





ဒီမှာ တီချမ်း သတိတချက်လွတ်သွားပါသေးတယ်။ တီက ဖဘ ပြေးကြည့်နေတုံး ဒင်းက ခုနက နယ်ထားတဲ့ အိုး ထဲကို ရေလိုသလောက် တခါတည်းထည့်ပြီး တည်ချလိုက်တော့တာပဲ။ တခါ ထပ် သတ်ကြရပြန်ပါတယ်။ လင်နဲ့ မယား လျှာနဲ့ သွား မှလား။ သူက ကိုယ့်ကို လာလာပွတ်လို့ပဲ ရတာ။ ကိုယ်ကတော့ ကြုံတာနဲ့ကိုက်ပစ်တာပဲ။ သူက လျှာ ကိုယ်က သွားပြောပါတယ်။ ဒင်းက အလွယ် ချက်တာလေ သူကြက်မစားတိုင်း။ အဲ့တာနဲ့ တီလဲ တင်းတာပေါ့ အမြင်ကပ်တာနဲ့ ကက်ဆက်ဖွင့်ပြီး အေသင်ချိုဆွေ သီချင်း ဆိုနေလိုက်တယ် အေးရော။

အမှန်က တီက ခုနက လုံးထားတဲ့ ကြက်သားတွေကို ဆီလဲ သင့်ယုံထည့်ထားပြီး ဖြစ်တဲ့ အတွက် အရင် သူ့ချည်း လုံးချင်တာပါ။ ဦးပေါ်ဦးလိုတော့ ဆားမထည့်တော့ဘူးပေါ့။ သူ့ချည်းပါပဲဘုရားပေါ့နော်။(ပြောတာ နားမလည်က စာများများ ဘတ်ကြကုန် အသင် စာဘတ်သူအပေါင်းတို့)။ အဲ့လို ကြက်သားချည်းလုံးပြီးတော့ မွှေးတက်လာပြီ
ဆိုတော့မှ ရေထည့်မယ်ပေါ့။ အဲ့လို အဲ့လို။ အဲ့တာကို ဟင်းက သူ့ကွန်ပျူတာ အဆော့ မပျက် အောင် တခါတည်း
ရေထည့်ပလိုက်တယ်။ ဘာမှ တော့ မဖြစ်ပါဘူး။ သို့သော် ကိုယ်က ပါးစပ်နဲ့ ချက်မယ့် သူ၊ တခါ ဘလောခ်မှာလဲ တီချမ်းဟင်းချက်နေသည် ကဏ္ဍာလေနော်။ ဒင်း ဟင်းချက်နေသည် မှ မဟုတ်တာ။ လူတွေကလဲ တီချမ်း ချက်တာ ကောင်းလွန်းလှချည်ရဲ့ အရသာရှိလှချည်ရဲ့ လိုက်ချက်ဖို့ နည်းလေးတွေ လွယ်လှချည်ရဲ့ စာရေး ကောင်းလှချည်ရဲ့ ဆိုပြီး လာကြ ဘတ်ကြ နည်းနိသျယူကြတာမှလား။ ဘယ်သူကများ ဒင်းကြောင့်လာတာ မှတ်လို့။ အဲ့တော့ မကောင်းရင် တီက နာမည်ပျက်မှာလေနော်။ အဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် သမိုင်းပေး အစဉ်အလာ အရ မိန်းမသည် လင် ကို တဗျစ်တောက်တောက် တော့ အနည်းကလေး လုပ်ရပါတယ်။ ဘယ်တော့ မှ ဒင်းတို့ ကို လွယ်လွယ် အလျော့မပေးနဲ့။ မရရင် ကိုယ့်ကိုကိုယ် ကာကွယ်နည်း သင်တန်းတွေမှာ ပေးလေ့ရှိတဲ့ GPT နည်းကိုသာသုံး။ အော် ဘာလဲ မသိဘူးလား။ အလွယ်ပြောရင်တော့ ညှစ် ဆွဲ လိမ် ပေါ့ကွယ်။ Grip, Pull and Twist ပေါ့ ဘာကို ညှစ်မလဲ ဘာကို ဆွဲ မလဲ ဘာကို လိမ် မလဲ ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပေါနော်။ တီကတော့ အဆင်ပြေရာ လက်လှမ်းမီရာပဲ ဟင်းဟင်းဟင်း.....ဆက်ချက်ကြမယ် ပြောပါ
တယ်။ ထား။ ဒါတောင်ဒင်းက အထွန့်တက်ချင်နေသေးတယ်။ သူတို့ တောမှာဆိုရင် ကာလသားကြက်ဆိုတာတဲ့ သူခိုးကြီးညမှာ အလစ်သုတ်တဲ့ ကြက်ကို ပိုင်ရှင် မသိအောင် အမြန်နည်းနဲ့ ချက်ပြီး ကာလသားတွေက ဆွဲပြစ်တာ ဆိုပဲ။ ရေတွေဘာတွေတောင် သေချာမဆေးဘူး ဒီလိုပဲ အကုန်ပစ်ထည့် အမြန်ချက် ကြတာတဲ့။ ပြောပလိုက် ခု နင်ရောင်နေတာ တော မဟုတ်ဘူး ဘန်ကောက်မြို့လို့................ (မသေးမျှင် အသံတော့ ခဏ ငှားသုံးရတာပေါ့အေ)

ကြက်သားတွေကို ရေနဲ့ အရင်တည်လိုက်ပြီဖြစ်တဲ့ အတွက်....ကြက်သား နူး စပြုရင် ဘူးသီးထည့်ပါ။ ဘူးသီးကို အစကတည်းက တမင် ထည့် မနှပ်ထား မနယ်တာ မချက်တာက ကြက်သား မနုရင် ဘူးသီးပြဲမှာ စိုးလို့ပါနော်။ နောက်တော့မှ ရေလိုသလောက်ထည့်။ အရသာ ချိုပေါ့ငံမြည်း တီ့နည်း အတိုင်း လိုရင် ထည့် ပိုရင် ရေရော။ အိုကေပြီဆိုရင် ရပါပြီနော်။





ပုံကိုကြည့်ပါ ဘယ်လောက်တောင် စားလို့ ကောင်းလိုက်မလဲလို့နော်။ တီကတော့ အရည်သောက်လေး စားချင်တာကြောင့် ရေများများနဲ့ ချက်ခိုင်းလိုက်ပါတယ်။ ဟင်းရည်အဖြစ်လဲ သောက်လို့ ရ ထမင်းနဲ့လဲ ဆမ်းစား လို့ကောင်း။ အဆင်ပြေလိုက်တဲ့ ချက်ရတာလဲ လွယ် (အိုတီချမ်း ချက်ရင် မလွယ်တာ မကောင်းတာ ဘာမှ မရှိဘူး) ဟုတ်တယ်မှလား ပရိသတ်ကြီး။





ကဲ မိန်းဟင်း တခွက်ရပြီဆိုတော့ အရံဟင်း ချက်ရပါမယ်။ သာကီမျိုးတွေမှလား။ မင်းတုန်းမင်း လောက်တော့ အပွဲ ၃၀၀ မဟုတ်ပေမယ့် (အဲ့တာ အလကား ဇာချဲ့ ပြီး ဖြုန်းတီးတာ သက်သက် လို့ ကိုယ်ကတော့ ထင်ပါတယ်။ အင်းလေ... အဲ့တာ ရယ် နောက် တခု နှစ်ခု ရယ်ပဲ သူတို့မှာ လုပ်စရာရှိတာကိုးနော်) မိန်းဟင်းတခု အရံ တခုလောက်တော့ ရှိမှ ကောင်းတာပေါ့နော်။ မရှိတဲ့ အခါလဲမရှိတဲ့ အလျောက်စားဖြစ်ပါတယ်။

အရံအတွက်ကတော့ အဲ့နေ့ကပဲ တွေ့လို့ စားချင်သဟာနဲ့ ဝယ်လာတဲ့ မန်ကျည်းရွက်နုလေးတွေပါ။ ထမင်းမြိန်ဖို့ သုပ်စားကြပါတယ်။ မန်ကျည်းရွက်က တကယ်တန်းပြောရရင် ချက်နည်း ဘယ်နှနည်းမှ မရှိ။ သုပ်ရင် သုပ် မသုပ်ရင် အရည်သောက်။ မဟုတ်ရင် ကင်ပွန်းချဉ်လေးလို ကြော်ချက် ဒလောက်ပါပဲ။ ဆိုတော့ အလွယ်ဆုံးကတော့ သုပ်တာပေါ့။ ကြက်သွန်လေးလဲ ပါးပါးလှီးလိုက်ပါအုံးလေ။ နောက် မြေပဲမှုန့် ထောင်းထား
တာလေးပါရှိရင်တော့ ပို ကေတာပေါ့။ တီကတော့ ဒီမှာ မြေပဲမှုန့်က ထောင်းပီးသား အထုပ်လေးတွေ နဲ့ ရောင်း တာကို ဝယ်ထားပါတယ်။ အရင်တခါ မာလာဟင်းတုံးက ဟာတွေခုထိ မကုန်သေးဘူး။





ပြီးရင် ဘာမှ မလိုတော့ဘူး ဆား အချိုမှုန့် နည်းနည်းထည့် ဆီစိမ်းလေးနဲ့ ဆိုရင် မွှေးမွှေးလေး။ အမှန်က မြေပဲဆီ စစ်စစ် ရရင်တော့ ပိုကောင်းမှာပေါ့ သို့သော် ဒီမှာက ပဲပိစပ်ဆီကလဲ စစ်စစ်လေးပဲ ဆိုတော့ မြန်မာပြည်က စားအုန်းဆီ အရောတွေ ထက်တော့ ပိုစိတ်ချရတာ အမှန်ပဲ။ ရေရှည် ရောဂါဘယ ကင်းဝေးကြဖို့ စားသုံးကုန် တွေအန္တရာယ် ကင်းရှင်းအောင်လဲ လုပ်ဆောင်ပေးကြစေချင်ပါတယ် လွှတ်တော် အမတ်များနဲ့ သမ္မတကြီး ရှင့်။





ဒီနေ့တော့ စိတ်ပါလက်ပါနဲ့ ရုံးမှာ ရေးလိုက်တာ ပိုစ့်လေးက ရှည်ပြီး ဘတ်လို့ကောင်းမယ် ရယ်ရမယ် မျှော်လင့်ပါ တယ်နော်။

ယနေ့ ဘလောခ်ဂင်းကမ္ဘာရဲ့ တီချမ်း ချက်မယ် ပြုတ်မယ် ညှစ် ဆွဲ လိမ်မယ် အစီအစဉ် ဒီတင်ပြီးဆုံးပါပြီရှင်။
မိဘပြည်သူများ မီးမှန်မှန်လာ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပြီး ပိုက်ဆံ အပါအဝင် ၃ ဖြာ ချမ်းသာကြပါစေ။

A Chen
4:08PM
Thursday
3rd May 2012
Office
Bangkok

Thursday, April 12, 2012

လည်၊ စား၊ ချဉ်၊ သုပ်၊ ကြော်

မနေ့က အိပ်ရာထတော့ ညနေစောင်းနေပါပြီ။ အဲ့တာနဲ့ ဘယ်သွားလည်ကြမလဲ ဆိုတော့ ညီဝမ်းကွဲက စန်ထရာဝေါ သွားချင်ပါသတဲ့ အဲ့တာနဲ့ သွားကြမယ်လေ ဆိုပြီးတော့ ကားငှားတော့ စီကြီး အရင်ရောက်တာနဲ့ အရင်ဝင်ကြပါတယ်။ BIG C မှာ လျောက်ပတ် လည် ပြီးတော့ ခြေထောက်ညောင်းလာတာနဲ့ စားကြသောက်ကြ ကြမယ်ဆိုပြီး ဆိုင်ရှာတော့ မောင်က ငါးကြော်နဲ့ထမင်းစားချင်တယ်ဆိုလို့ သူ့ဘာသာ ဖွတ်ကော့မှာ ဝယ်စားတယ် ကိုယ်နဲ့ညီကတော့ အမဲသား စားချင်တာနဲ့ ရှာတော့ ဖက်ထုပ်လေးတွေ (ရှောင်လုံပေါဝ်)လို့ခေါ်တဲ့ ဟောင်ကောင် စတိုင်လ်ဖက်ထုပ် စားကြမယ် နောက် စီချွမ်း အမဲသားခေါက်ဆွဲလဲရတယ်ဆိုတာနဲ့ ထိုင်ကြပါတယ်။





ညီဝမ်းကွဲက အမဲသားစီချွမ်စတိုင်လ်ခေါက်ဆွဲစားပြီးတော့ တီက အမဲသား ငရုတ်ပွကြော် ပဲသီးဝက်သားစင်းကော
ကြော်တွေကို ထမင်းဖြူနဲ့စားပါတယ်။





ပြီးတော့ BIG C ကနေ တံတားကူးပြီးတော့ စင်ထရယ်ဝေါ ဘက်ကို လျောက်ပါတယ်။ တံတားပေါ်မှာ ဓါတ်ပုံ ရိုက် ကြပါတယ်။ ညီရယ် မောင်ရယ် ကိုယ်ရယ်။ ရှု......





ပြန်လာတော့ ချက်ကြပြုတ်ကြမယ်ဆိုပြီးတော့ လုပ်ကြပြင်ဆင်ကြပါတယ်။ မနက်ဖြန်ကနေစပြီး သင်္ကြန်ရုံးပိတ်ပြီ
ဖြစ်တဲ့အတွက် တခုပြီးတခု လုပ်စားကြမယ် လို့ ပလန်တွေချပါတယ်။ ဒါလေးက တနေ့က ညဈေး (ညဈေးဆိုတာ တကယ့်သဈေးပါ မြန်မာပြည်မှာလို ညနေဘက်ရောင်းတဲ့ ညဈေးမဟုတ်ပါဘူး၊ သီရိမင်္ဂလာဈေးလို ညဦးပိုင်း ၁၂ ကျော်မှာ ရောင်းတဲ့ဈေးပါ) သွားတုံးက ကန်စွန်းရိုးနီကောင်းကောင်းလေးတွေ တွေ့တာနဲ့ ချဉ်ဖတ်တည်မယ် စိတ်ကူးပါတယ်။ နောက်နေ့ကျမှ အဲ့နေ့ကပဲ ဝယ်လာတဲ့ အမဲသား ကြွက်သားလုံး ကိုဆီပျံချက်ပြီးစားမယ်ပေါ့။





ဆန်ဆေးရေနဲ့ ထမင်းကို အအေးခံထားတာပါ။ အချဉ်တည်ရင် အဲ့တာ အဓိက လိုပါတယ်။





ကန်စွန်းရိုးနီကို သေးသေးမျှင်မျှင်လေးတွေ ရအောင်ဓါးပါးလေးနဲ့စိတ်ရှည်လက်ရှည် စိတ်ရပါတယ်။ ညီဝမ်းကွဲလုပ်တာပါ။ ပြီးတော့ ရေသေချာဆေးပြီးတော့ စစ်ထားပါ။ နောက် ခုနက ဆန်ဆေးရေ ရယ် ထမင်းအေး ရယ်ကို စိမ်မယ့် ဘူးထဲ ထည့် ကန်စွန်းရိုးထည့် ရေနည်းနေရင် နည်းနည်းထပ်ထည့် ပြီးတော့ ဆားလေး လက်တဖြစ်လောက်ထည့် ပြီးရင် စိမ်ထားလို့ရပါပြီ။ တရက် နှစ်ရက် လောက်နေရင် စားရပါပြီ။ ဒီနည်းအတိုင်းပဲ မုန်လာဥဖြူချဉ်၊ တချို့က ကြိုက်တတ်ရင် အရောင်နီနီလေးထည့်ပါတယ်။ ကြောင်လျှာသီးပါးပါးလှီးပြီးချဉ်၊ သရက်သီးကင်းလေးတွေချဉ်၊ ပဲပင်ပေါက်ချဉ် စတာတွေလဲ တည်လို့ရပါသေးတယ်နော်။





ဒါလေးက မောင်နဲ့ စကားစပ်မိရင်း စားချင်စိတ်ပေါက်လာလို့ ထလုပ်လိုက်တဲ့ ပဲကြမ်းသုပ်လေးပါ။ ငယ်ငယ်က ရန်ကင်းမှာနေတုံးက အသုဘ အိမ်တွေ သွားရင် အဲ့တာကျွေးတာ သတိရနေမိတယ်။ သူတို့ကတော့ ပဲကြမ်းချည်းပဲ သုပ်တာပေါ့ ကိုယ်တို့ကတော့ အိမ်မှာ အသင့်ရှိနေတဲ့ လက်ဘက်က ပဲကြော်စုံ ကို သုပ်လိုက်ပါတယ်။ မောင်တို့ဘက်မှာလဲ အဲ့တာတွေ စားကြတယ် ပြောလို့။ နောက်ထပ်စားချင်နေတာက ပဲကတ္တီပါသုပ်ပါ။ ဒီမှာတော့ မတွေ့မိဘူး။ ကြက်သွန်ပါးပါးလှီး ပြီးတော့ ပဲဆီမွှေးမွှေးရယ် ဆား အချိုမှုန့် အနည်းငယ် နဲ့ဆိုရင်ကို အလုပ်ဖြစ်နေပါပြီ။ ရေနွေးကြမ်းလေးနှပ်လိုက်ရင် ပိုရှယ်တာပေါ့။ သူငယ်ချင်းတွေနဲ့အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။





ဒါလေးကတော့ မောင်စားချင်လို့ တနေ့က ညဈေးမှာ ဝယ်လာတဲ့ ပန်းငရုတ်ပါ။ ပန်းငရုတ်ပွ အနီရယ် အစိမ်းရယ် နောက် ပန်းငရုတ် ရှည်တမျိုးရယ် ကို မနေ့က ကြေးအိုးက ပိုတဲ့ အသားနယ်ပြီးသားနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားလေးကိုတော့ မွှေးအောင် ထည့်လိုက်တာပေါ့။ မောင်တယောက်ထဲ မနေ့က ညကော ဒီနေ့ မနက်ပါ စားတာပါ။ မောင်က ဒီနေ့တော့ ညီဝမ်းကွဲ နဲ့ အော်ဇီက သူငယ်ချင်းရဲ့ သူငယ်ချင်းတို့နဲ့အတူ ကျောက်ဖရား မြစ်တလျောက် ဘုရားဖူးထွက်နေကြတယ် ကိုယ်ကတော့ ရုံး ခဏ လာရတာပေါ့။ မနက်ဖြန်ကနေစပြီး နောက်တပတ် တနင်္လာနေ့အထိ ရုံးပိတ်ပါမယ်။ ပြောသာပြောတာပါ ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာမှ တရက်လား နှစ်ရက်လားပဲ ရုံးတကသေးတာ။ ကမ္ဘောဒီယားက ပြန်လာကတည်းက ရုံးကို ကောင်းကောင်းမတက်ရသေးဘူး။

A Chen
3:53PM
Thursday
12th Apr 2012
Office
Bangkok

Friday, February 24, 2012

ဘန်ကောက် ချမ်းချမ်း နန်းကြီးသုပ်

ကဲ နောက်ထပ် တခုခု လုပ်စားကြဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ။ ဒီတခါတော့ တနေ့က လုပ်စားမယ်လို့ ပြော ထားတဲ့ နန်းကြီးသုပ်ပါပဲ။ အရင်ကလဲ တခါ လုပ်စားဖူးပါတယ်။ မဘတ်ဖူးသေးသူများ ဒီမှာ ပြန်ဘတ်ပါနော်။

ဒီလိုပဲ တနေ့တနေ့ တခုပြီးတခု လုပ်စားရင်းနဲ့မှ မြန်မာ အစားအစာတွေက လုပ်ရတာ တော်တော်လွယ်တာပဲ လို့ သတိထားမိပါတယ်။ မြန်မာဟင်း မုန့် အသုပ် ဘာဘာညာညာ တော်တော်များများမှာ အဓိက မိန်းက ကြက်သွန်
ဖြူနီ ဆီချက်ပါပဲ။ ကိုယ်လဲ ဒီမှာ လာအလုပ်မလုပ်ခင်က ဘာမှ မတတ်ပါဘူး။ အိမ်မှာက အခန့်သားနေရတာပါ
ခြေမွှေးလက်မွှေးမပြောနဲ့ဘာမွှေးမှ မီးမလောင်ဖူးပါဘူး။ ရေတောင် အိမ်ဖော် ခပ်ပေးတာ သောက်တာပါ။ ခုတော့ လင်လဲ ရကော အကုန် လုပ်ရတော့တာပဲ။ အိမ်ထောင်မှု ဘုရားတည် မှလား အိမ်ထောင်ကျတယ် ဆိုတာ တကယ်တော့ အိမ်ဖော်ဖြစ်တာပါပဲ။ ဒါတောင် ကိုယ်က လင်ကို နိုင်ပေလို့မဟုတ်လို့ကတော့ .........ဟွင်းဟွင်း..
ခုတော့လဲလုပ်ရင်းလုပ်ရင်းနဲ့ တော်တော် တတ်ကျွမ်းလာလို့ စာဘတ်သူတွေ ကတောင် တီချမ်း ဟင်းချက်စာအုပ် ထုတ်ပါလားလို့တောင် ပြောလာကြတဲ့ အဆင့်ကိုရောက်နေပြီပေါ့နော်။ နောက် တီချမ်း ယုံလဲယုံကြည် ကျင့်လဲ ကျင့်သုံးတဲ့ မိုတို နောက်တခုက ဘာလဲဆိုတော့ “ဘယ်သူမှ မွေးကတည်းက မတတ်လာဘူး” ဘာမဆို လေ့လာ ချင်တဲ့စိတ် သင်ယူချင်တဲ့ စိတ်သာရှိပါစေ ဖြစ်ရမယ် လုပ်နိုင်ရမယ် ဟစ်တလာဆိုတဲ့ ငပုကလေး ပြောတဲ့ အတိုင်း ပဲ မဖြစ်နိုင်တာ ဘာမှ မရှိ မဖြစ်သေးတာပဲ ရှိမယ်။ အဲ့တော့ စာဘတ်သူ တွေလဲ လုပ်ချင်တာရှိရင် ဖြစ်အောင်လုပ်
........

ကဲ စကားတွေလဲများပြီးပြီ ဆိုတော့ စချက်လိုက်ကြရအောင်နော်......





နန်းကြီးသုပ်မှာ အဓိကကတော့ တီထင်တာ ပဲမှုန့် နဲ့ အသားဟင်းပါ။ ဒီတခါတော့ မောင်လဲ စားလို့ ရအောင်လို့ နန်းကြီးသုပ်ကို ကြက်သားနဲ့ မချက်ဘဲ ဝက်သားနဲ့ ချက်ကြည့်ပါတယ်။ ထုံးစံအတိုင်း အရည်ကြည် ဟင်းချို တအိုး ကို ဝက်နံရိုးနဲ့ တည်ထားလိုက်ပါတယ်။ အရည်ပိုချိုအောင် အရိုးကြမ်း လဲ ထည့်လိုက်တယ်။ နောက်ပြီးတော့ နံရိုး ကို အသားလေးတွေနွှင်လိုက်တယ် ဟင်းအနှစ်ချက်ရအောင်လို့....ပြီးတော့ ဝက်သား ကီလိုစိတ်သားလောက်ကို အရည်ထဲမှာပဲ ထည့်ပြုတ်ထားတယ်။ ပြီးတော့ အသားတုံးကို အမျှင်လေးတွေ ဖြစ်အောင်နွှင်ထားလိုက်ပါတယ်။ အသားနွှင်ထားတဲ့ ပုံကို ရိုက်ဖို့ မေ့သွားတယ်။ အောက်က ချက်တဲ့ အိုးထဲမှာ ကြည့်လိုက်ပါ။ တချို့ကလဲ ဝက်သား ကိုတုံးပြီး ချက်လဲရတယ်။ တီကတော့ ပြုတ်ပြီးနွှင်တာကို ပိုကြိုက်လို့ အချောင်းချောင်းလေးတွေဖြစ်လို့လေ။





ကဲ ချက်ပါမယ်။ ကြက်သွန်ဖြူနီကို လိုသလောက် ကြိတ်ထားပါ။ ဆီပူလာရင် ကြက်သွန်ဖြူနီ ထည့်၊ အရောင်တင် မှုန့် နနွင်းမှုန့်ထည့် ကြက်သွန်ဖြူနီ ကျက်ရင် အသားလေးတွေထည့် ပြီးတော့ ဆား အချိုမှုန့်ထည့် ပြီးတော့ ခဏ
မွှေပေးပါ။ အသားတွေ ကျက်လောက်ပြီဆိုရင် ခုနက အရိုးပြုတ်ဟင်းရည် နည်းနည်းထည့်လိုက်ပါ။ ပြီးရင် ဆီပျံ လာတဲ့အထိတည်ပေးပါ။ ဆီလေး နည်းနည်းပိုထည့်ပါနော် အသုပ်နယ်တဲ့အခါ ပိုထည့်ရအောင်လို့။ ပုံကိုကြည့်။





တခြားပြင်ဆင်စရာရှိတာလေးတွေလဲ ပြင်ထားရအောင်ပါနော်။ တချို့က အချဉ်ကို မန်ကျည်းရည်လေးနဲ့ စားချင်
တယ်ဆိုလို့ မန်ကျည်းရည်လေးလဲ ပြင်ထားပေးပါတယ်။ တီကတော့ သံပရာသီးနဲ့ ပိုကြိုက်တယ် အချဉ်ချင်းတူတူ ပိုမွှေးလို့ တချို့အသုပ်တွေက မန်ကျည်းရည်နဲ့ လိုက်ပေမယ့် နန်းကြီးသုပ် တို့ ဝက်သားချဉ်သုပ်တို့ကတော့ သံပရာသီးနဲ့ မှလိုက်တယ်ထင်ပါတယ်။ သို့သော်လဲ လူတကိုယ် အကြိုက်တမျိုးဖြစ်တဲ့အတွက် နှစ်မျိုးလုံး ပြင်ပေး
ထားတာပေါ့နော်။ နောက် ကြိုက်တဲ့သူတွေ ထည့်စားလို့ ရအောင် ကြက်သွန်နီကိုလဲအကွင်းလေးတွေ လှီးပေး ထားပါတယ်။ မှတ်ချက် တီကတော့ နန်းကြီးသုပ်ထဲမှာ ကြက်သွန်ထည့်သုပ်တာ “လုံးဝ” မကြိုက်ပါ။





ဒါကတော့ တနေ့က စာဘတ်သူတယောက်က အရင် မန္တလေးသွားတုံးက စားတဲ့ နန်းကြီးသုပ် ပိုစ့်မှာ ကွန်မန့် လာရေးတာနဲ့ ပြန်ကြည့်တာ သူတို့က ငါးဖယ်လုံးလေးတွေ ထည့်တာတွေ့ပါတယ် (မှတ်ချက် တီက ငါးဖယ် ကိုအဲ့လို လုံးတာလဲ မကြိုက်ပါဘူး) အဲ့တော့ ဝက်သားလုံးထည့်ပါတယ်။ ဘာထည့်ရမယ် ဘာမထည့်ရဘူး စည်းမျဉ်း စည်းကမ်း မရှိဘူးလေနော် ကြိုက်တာသာထည့်။ လိုလျှင်ကြံဆ.......ဘာဖြစ်လဲပရိတ်သတ်ကြီး......... (မိုက်ကို ပရိတ်သတ် ဘက်လှည့်လိုက်တယ် ပြီးတော့ ရေတခွက်ပြေးသောက်တယ်)





အခု ဒီမှာ (ထိုင်း) က နန်းကြီးဖတ် ကိုဖရက်ရှ် မရလို့ ကျိုင်းတုံဘက်က ရှမ်းခေါက် မြီးရှည်ခြောက်ကို ရေစိမ်ထား၊
ပြီးတော့ ပြုတ် တော်တော်ကြာကြာ ပြုတ်ရပါတယ်။ သူကတော်တော်မာတာကိုး။ အရင်တခါ လုပ်စားတုံးကလဲ နန်းကြီးဖတ်မရလို့ ဗီယက်နမ် ခေါက်ဆွဲ “ဖာ” (English လို ဘိုသံနဲ့ FUR လို့ ထွက်ပါ မြန်မာသံပီပီသသ မထွက် ပါနဲ့) နဲ့လုပ်စားရပါတယ်။ ပြုတ်ပြီးလို့ နန်းဖတ်တွေ ရပြီဆိုရင် ရေအေးလေးနဲ့ ဆေးပြီး စစ်ထားပါ။





ဘဲဥအစားကြက်ဥပဲ ပြုတ်လိုက်တယ်နော် နောက်ပြီးတော့ ခွာပြီး သေးသေးလေးတွေလှီးထားပါ။ ထည့်နယ်လဲ ရတယ် ဖြူးပြီးစားလဲရတယ် တီကတော့ ထည့်လဲနယ်မယ် ဖြူးပြီးလဲ စားမယ်။





ဒါကတော့ ပွဲပြင်ခါနီးပါ။ ခုနက ကြိုပြင်ထားတဲ့ ကြက်သွန်နီ အကွင်းကြီးလှီး၊ မန်ကျည်းရည် ဝက်သားလုံးပြုတ်တို့ အပြင် ပဲမှုန့်အကျက်မှုန့်၊ ငံပြာရည်၊ နောက် မနက်က နံရိုးကနေ ခွာထားတဲ့ ဝက်သား (ဖြူးစားဖို့ပါ) ဆီချက်၊ ဆား အချိုမှုန့် ငရုတ်သီး အကျက်မှုန့်၊ နံနံပင်စတာတွေ လိုပါမယ်။ မုန့်ကျွတ်ကြော်ကိုတော့ မောင်လဲမကြိုက် ကိုယ်လဲ မကြိုက်သလို အလွယ်လဲ မရှိတာနဲ့ မထည့်တော့ပါဘူး။ သူက တကယ်တော့လဲလှပဲလှတာ အရသာလဲမရှိဘူး။ တကယ်လို့ အဲ့လို ထည့်စားမယ် ဆိုရင် ကိုယ်ကတော့ မုန့်ကျွတ်အစား တိုဟူးခြောက်ပြား ကြော်လိုပဲ ထည့်ချင် တယ်။





ဒါလေးကတော့ ပွဲလှလှလေးပြင်ထားတာပါ။ တီက သံပရာသီးနဲ့ ပြင်ပါတယ် ကြက်သွန်နီကွင်းတွေက ပုံရိုက်ရင် လှအောင်ထည့်ထားတာပါ နယ်တော့ ပြန်ဖယ်လိုက်ပါတယ်။ ဘေးကတော့ မနက်က နံရိုးပြုတ်ထားတဲ့ ဟင်းရည် ကို နံနံပင် ခပ်ထားတာပါ။ ကဲ တွေ့လား ဝက်သားလုံးလေးတွေကိုလဲ တဝက်အရွယ်တုံးလေးတွေ ညှပ်လိုက်၊ ကြက်ဥပြုတ်လေးတွေထည့်၊ အသားများများထည့် ဆိုင်ရောင်းတမ်း မဟုတ်ဘဲ အိမ်လုပ်စား ဖြစ်တဲ့ အတွက် စိတ် ကြိုက်သာ ထည့်ပါနော်။ အားမနာပါနဲ့။ အသားများလေး စားကောင်းလေ။ ဆီလေးလဲ ရွှဲပါစေနော်။





ဒါကတော့ နယ်ပြီးဖတ်ပြီးသား ပုံပေါ့။ အရမ်းအရမ်းကို စားကောင်းပါတယ်။ အိုအီရှိ၊ ကောင်းမှကောင်းပဲ။ မစားရတာကြာလို့ ထင်တယ် တော်တော့် ကိုကောင်းတယ်။ တီလဲ စားလိုက်တာ အားရပါးရ နှစ်ပွဲ ကုန်တယ်။ အသားကို အနှစ်ထဲက အသားမျှင်တွေအပြင် နံရိုးက အသားတွေလဲ ထပ်ဖြည့်စားပါသေးတယ်။ မောင်ကတောင်
ပြောနေသေးတယ် ဝက်သားနဲ့လဲ ကောင်းတာပဲနော်တဲ့။





ဒါကတော့ လမ်းထိပ်ကနေ ဝယ်လာတဲ့ ကျွဲကော်သီး အချိုပွဲပါ။





ထုံးစံအတိုင်း နန်းကြီးသုပ်စားပြီးတော့ သူငယ်ချင်းတွေ နဲ့ လေပစ်ဖို့ လုပ်ပါတယ်။ မုန့်ဖုတ်တဲ့ မမယာ နဲ့ တုတ်ထိုး ကြည်လဲ့ တို့လဲ ရောက်နေတာနဲ့ အရက်သောက်ကြမယ် ဆိုပြီး လုပ်ပါတယ်။ တီနဲ့ မယာက ဝိုင်ပဲ သောက်တယ် ကြည်လဲ့ တယောက်ထဲ အရက်ပြင်းသောက်တာ။ ကြက်ကြော် ရယ်၊ သံပရာသီး ကို အခွံနဲ့ သေးသေးလေးတွေ
လှီးထားတာရယ်၊ နောက် ၇-၁၁ ကနေ ဝယ်လာတဲ့ ရေညှိ ရယ် ပုစွန်မုန့်ရယ် အမြည်းတွေပါ။ နည သောက်ချင်နေ
ပြီမှလား။ အရင်တုံးက စီဘောက်စ်တွေမှာ ချိန်းချိန်းသောက်ကြတဲ့ ခွက်ပုန်းဘလောခ်ဂါတွေကို သတိရပါတယ်။





ပြီးတော့ ကြည်လဲ့က ဒေါ်ရီတာ ယူလာတဲ့ စလုံးရောက် မြန်မာပြည်ပေါက်လက်ဖက်ကို ပုစွန်ခြောက် နိုင်းချင်းနဲ့ ကြက်သွန်ဖြူ ပါးပါး ငရုတ်သီးစိမ်း ရိတ်ရိတ်တွေနဲ့ ဆီရွှဲရွှဲဆမ်းပြီးသကာလ နှပ်ပေးပါတယ် ရှယ်ပဲ။





အရက်သောက်တာ တစခန်းရပ်သွားတော့ ရုပ်ရှင်ကြည့်ကြတယ်။ ပြီးတော့ တခုပြီးတခု လုပ်စားတတ်ကြတဲ့ တီတို့ ဝါသနာ အရ မမယာ INDEX ကနေ ဝယ်လာတဲ့ ဆင်းဒွတ်ရှ် လုပ်စက်ကို စမ်းကြမယ် ဆိုပြီးတော့ ချိစ် နဲ့ ဘေကွမ် ညှပ် ပေါင်မုန့် လုပ်စားကြပါသေးတယ်။





လုံးဝ မခက်ပါဘူး။ ကိုယ့်ဘာသာ လုပ်စားရင် များများစားရပါတယ် ၇-၁၁ မှာ ဝယ်စားရင် ဈေးကြီးတယ် နှစ်ခုပဲ ရတယ်။ လိုတာက ပေါင်မုန့် နဲ့ ချိစ်ပြားနဲ့ ဝက်ပေါင်ပဲ။ ပုံကိုကြည့်ပါ။





ပြီးရင် စက်ကို အပူပေး၊ ပေါင်မုန့် ပေါ်ကို ဘေကွမ်တင် ချိစ်ပြားထပ် ပေါင်မုန့် နောက်တချပ် ထပ်ညှပ် ပြီးတော့ စက်ထဲထည့်။ ခဏ အပူပေးလိုက်ရင် ရပါပြီ။ စက်က အော်တိုဆိုတော့ မီးငြိမ်းသွားရင် ရပြီပေါ့။ ချိစ်တွေက အပူနဲ့
ပျော်ပြီး ဘေကွမ် နဲ့ ပေါင်မုန့် ကြား ဝင်သွားပါတယ်။





ထုံးစံအတိုင်း အစာပိတ် အနေနဲ့ ကတော့ ကော်ဖီပေါ့နော်။





ဒါကတော့ တနေ့လုံး ရှော့ပင်း ပတ်လာတဲ့ တီချမ်း ခြေထောက်ကို ရေနွေးစိမ်ဖို့ မောင်လုပ်ပေးတာပါ။ ပြီးတော့ လိုရှင်းလေးနဲ့ နှိပ်ပေးသေးတယ်။ မောင် တီချမ်း ကို ရတာ သိပ်ကံကောင်းတယ်နော်။ တီ့ ခြေထောက်ကို ကိုင်ခွင့် ရလို့..........ဟိဟိ။





အမှန်က ပိုစ့်က တနေ့ကတည်းက ပုံတွေ တင်ထားတာ ခုတလော အလုပ် နည်းနည်းများနေလို့ နောက်ကျပြီး တင်ဖြစ်တယ်။ ဟင်းတွေ ချက်ထားတာ ရှိသေးတယ်။ နောက်နေ့မှ နော်........
ခုတောင် အလုပ်နဲ့ သင်တန်းပေးဖို့ Rayong ရောက်နေလို့ .........ဒီတပတ်လုံး စနေရော တနင်္ဂနွေရော အပါအဝင်
နောက်အပတ် စနေ အထိ သင်တန်း နှစ်ခု Back to Back လုပ်နေပါတယ်။ မအားတော့ သိပ်တင်ဖြစ်မယ် မထင်ဘူး။ တလောက ဟင်းချက်ထားတဲ့ ပုံတင်ပြီးသားတွေ တော့ အားရင် အားသလိုတင်ပါမယ်နော်။


A Chen
12:58 PM
Friday
24th Feb 2012
Phavina Hotel/Service Apartment
Rayong,
THAILAND