Showing posts with label ပေးစာများ(letters). Show all posts
Showing posts with label ပေးစာများ(letters). Show all posts

Friday, December 2, 2016

First of May

First of May

ညီညီ
နင်ငါ့ကို မှတ်မိသေးရဲ့လား။ ငယ်ငယ်တုံးက ခရစ်စမတ်သစ်ပင်ကို မော့ကြည့်ရင် အကြီးကြီး အမြင့်ကြီးလို့ ထင်ရတယ်
အရွယ်ရောက်လာတော့ ခရစ်စမတ်သစ်ပင်ဆိုတာ သေးသေးလေး ဖြစ်သွားရော

တချို့အရာတွေဟာ အချိန်ရဲ့ တရွေ့ရွေ့တိုက်စားမှု နဲ့အတူ မျောပါသွားတတ်ပေမယ့် အဲ့ဒီ တို့တွေအသက် ၁၇ နှစ် အရွယ်က ခရစ်စမတ်သစ်ပင်လေးကတော့ ငါ့စိတ်ထဲမှာ အမြစ်နစ်နစ်နဲ့ ပျိုးခဲ့သလို တသက်လုံး  ရှင်သန်နေခဲ့တယ်

မှတ်မိသေးရဲ့လား
ငါ့ကို မှတ်မိသေးရဲ့လား ညီညီ

အဲ့ဒီ နှစ်က အင်္ဂလိပ်စာ စကားရည်လုပွဲ ဆုပေးပွဲမှာ ငါ့ဘေးနားကနေ နင်တိုးတိုးလေး ပြောခဲ့တာလေ

“နောက်တခေါက်ကျ နင့်ကို ငါနိုင်စေရမယ်” တဲ့

တလောက ဂီတပွဲတစ်ခု မှာ နင့်ကို မြင်တော့ ငါထင်ပါတယ်လေ ဒီတခေါက် နင်ငါ့ကို တကယ် နိုင်သွားပြီလို့….. အရွယ်ရောက်လာတဲ့ နင့်ရဲ့ ပုံစံကို မြင်ရတာ သိပ်ဝမ်းသားတာပဲ အချိန်တွေ ဒီလောက်ကြာသွားခဲ့တာတောင် နင်ကတော့ ဘာမှ သိပ်မပြောင်းလဲ ခဲ့ဘူးနော်

ဒါပေမယ့် ငါတို့ မိန်းမတွေကတော့ မတူဘူးဟ
ဘာလို့လဲဆိုတော့ နင်ငါ့ကို မမှတ်မိခဲ့ဘူးလေ….

When I was small, and Christmas trees were tall
We used to love while others used to play
Don't ask me why, but time has passed us by
Some one else moved in from far away
Now we are tall, and Christmas trees are small
And you don't ask the time of day
But you and I, our love will never die
But guess we'll cry come first of May
The apple tree that grew for you and me
I watched the apples falling one by one
And I recall the moment of them all
The day I kissed your cheek and you were mine
Now we are tall, and Christmas trees are small
And you don't ask the time of day
But you and I, our love will never die
But guess we'll cry come first of May
Bee Gee

Bee Gee

T Chen 
6:54 PM
1st Dec 2016
Thursday
WAD
DFB

အတိတ်

ညီညီ

မှတ်မိသေးရဲ့လား
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ
ငါတို့ ၁၇ နှစ် အရွယ်က
မိုးရက်လေးတရက်ကိုလေ
အေးမြတဲ့ ရာသီဥတု
မိုးရွာပြီးစ မြေသင်းနံ့မွှေးမွှေးလေးနဲ့ မြေနီလမ်းကလေး
ပန်းခြံကြီးထဲက နေရောင်ခြည်နွေးနွေးတွေ
ရေကန်ကြီးနာ အတူတူထိုင်ကြတော့
ရုတ်တရက်ရွာချလာတဲ့ မိုးစက်တွေ

မင်း မှတ်မိသေးရဲ့လား

နှမြောစရာ တစ်ခုက
ကိုယ်တို့တွေနေရာဟောင်းတွေဆီ ပြန်သွားလို့ရပါ့ရဲ့
ဒါပေမယ့် အဲ့လို အခိုက်အတန့်တွေကိုတော့
ပြန်မရနိုင်တော့ဘူးနော်

11:09 PM
Thursday
Sweet December 1st 2016

DFB

Saturday, January 21, 2012

one more day with you

one more day with you





မနေ့ညက ဂျင်မီ ရဲ့ စာအုပ် မသစ်တသစ်လေးတအုပ်ကို ဘတ်မိတယ်။ အရင်ကလဲ ဂျင်မီစာလေးတွေ ဘာသာပြန်ခဲ့တာရှိပါတယ ပြတင်းပေါက်က ကောင်လေး၊
ပတင်းပေါက်က ကောင်မလေး နဲ့ ပြတင်းပေါက်မှ စောင့်ကြည့်သူလေးများ ဆိုတာတွေရယ်၊
နောက် ပေးစာလေးတွေ တော်တော်များပါတယ်။ အခုလဲ ဘတ်မိတဲ့ စာအုပ်လေးတအုပ်ကို ပြန်ရေးပြချင်ပါတယ်။ တူတူခံစားကြည့်ကြရအောင်နော်။


ချစ်ရတဲ့ ရစ်ကီရေ....

ဒီနေ့ ငါတို့နှစ်ယောက်ရဲ့ ကတိကိုအကောင်အထည်ဖော်မယ်လို့ ငါဆုံးဖြတ်လိုက်တယ်။
ဒါက ငါ့အတွက် တယောက်ထဲ ဒီလောက်ဝေးဝေးကို ပထမဆုံးသွားဖူးတာပါ။
ငါ.....နည်းနည်းတော့ ကြောက်နေတယ်ဟ။

နေ့လည်စာကိုတောင် ကမန်းကတမ်း မြိုချလိုက်မိတယ်။
အချိန်မမီမှာစိုးလို့လေ........

“လမ်းမှာ ဂရုစိုက်အုံးနော်”
“ဟုတ်ကဲ့ပါ....ဖြူတုတ်က စောင့်ရှောက်မှာပါ မေမေ”

“ဦးထုပ်ဆောင်းဖို့ မမေ့နဲ့နော်”
“ဟုတ်........ကဲ့”

“သမီးတို့......သွားပြီနော် တာ့တာ”
“တာ့တာ”

ရာသီဥတုက သာယာလိုက်တာ၊
နေရောင်ခြည်ကလဲ နွေးနွေးထွေးထွေးလေးနဲ့၊
တောပန်းရိုင်းတွေတောင် လမ်းတလျောက်ပွင့်လို့၊
ဖြူတုတ်လေးကတော့ သုတ်သုတ် သုတ်သုတ်နဲ့ ရှေ့ကနေ ပြေးသွားနေလေရဲ့။

ငါတို့ အကွေ့တကွေ့ ကွေ့လိုက်တော့
တောအုပ်လေးနားကိုရောက်သွားတယ်
ဒီလျှို့ဝှက်လမ်းလေးကိုသိတာ နင်ရယ် ငါရယ် ဖြူတုတ်ရယ်ပဲနော်

ဆိတ်အုပ်စုလေးက တခါတခါ ခေါင်းငုံ့ပြီး မြက်တွေကို မဲစားနေတတ်တယ်
တခါတခါကျတော့ မြက်တောထဲမှာ ပြေးလိုက်လွှားလိုက်နဲ့သဘာဝ သရုပ်ကိုဖော်နေသလိုပဲ
ဖြူတုတ်က အရင်ကဆို တချိန်လုံး ဆိတ်ကလေးတွေနောက်ကို ပြေးလိုက်တတ်လို့
သူတို့တွေ တပဲပဲနဲ့ ကြောက်ပြီး လေးဘက်လေးတန်ကို လျောက်ပြေးလို့ အော်လိုက်ကြတာဆိုတာလေ။
ခုတော့ သူလဲ ငါ့နားမှာ လိမ်လိမ်မာမာလေး လျောက်ရမယ် ဆိုတာ သိနေသလိုပါပဲ။

နွေဆို ငါတို့အမြဲ ရေကူးနေကျစမ်းချောင်းလေးကိုမှတ်မိသေးလား
ကမ်းဘေးနှစ်ဘက်က ပရုပ်ပင်အရွက်တွေက စမ်းချောင်းထဲတောင်ကျနေပြီသိလား
နင်မှတ်မိသေးရဲ့လား?
မနှစ်က ငါတို့နှစ်ယောက် ချောင်းထဲမှာ တိတ်တိတ်လေး ခိုးလွှတ်လိုက်တဲ့ ရွှေငါးလေး ၃ ကောင်လေ
အခု သူတို့ ဘယ်ရောက်ကုန်ပြီလဲမသိဘူးနော်။

စမ်းချောင်းထဲမှာတော့ ဘဲရုပ်ဆိုးလေးတကောင် တကောင်တည်း အထီးကျန်ကျန်ကူးနေတယ်
အိမ်ပြန်လမ်းပျောက်နေတာများလား?

ဘာကိစ္စ ကိုမဆို ငါက အဆိုးဘက်က အမြဲစဉ်းစားတတ်တယ်
နင်ကတော့ ငါနဲ့ဆန့်ကျင်ဘက်နော်
ဘယ်ကိစ္စကိုမဆို အမြဲ အကောင်းဘက်ကတွေးတတ်တယ်

တကယ်လို့ နင်သာ ငါ့အနားမှာရှိရင် ငါ့ကိုနှစ်သိမ့်ပြီးတော့
“ဘဲကလေးက သူရဲ့ နွေးထွးတဲ့ အိမ်ကလေးကို ပြန်ရောက်မှာပါ၊ အများကြီးလျောက်မတွေးပါနဲ့” လို့ပြောမှာသေချာတယ်နော်။
ဒါပေမယ့် ငါကတော့ အဲ့လိုပဲ တောရောက်တောင်ရောက် လျောက်လျောက်တွေးနေတတ်တယ်။ ရပ်လဲရပ်လို့မရဘူး။

လေလေးတသိမ့်သိမ့်တိုက်လာတော့ ပန်းပွင့်ဖတ်လွှာလေးတွေ ငါ့ကိုယ်ပေါ်ကျလာကြတယ်။
ဖြူတုတ်ကိုယ်ပေါ်လဲ ကျကြတယ်။

အရင်တုံးက မေမေ့ကို ခဏခဏမေးချင်မိပေမယ့် အမြဲလိုလို မမေးဖြစ်ခဲ့ဘူး။
မေမေတို့ စက်ရုံက လုပ်ရင်းပျက်သွားတဲ့ မွှေးပွ ဝက်ဝံ ရုပ်လေးတွေ ဘယ်ရောက်သွားလဲလို့လေ။

သူတို့တွေလဲ တိတ်တိတ်ကလေး ကမ္ဘာတခုဖွဲ့ထားကြမလားမသိဘူးနော်။
မပျက်တဲ့ ဝက်ဝံ ရုပ်လှလှလေးတွေ ကိုပေးမဝင်တဲ့ ကမ္ဘာလေးလေ။

ငါတို့တွေကကော ဘုရားသခင် လုပ်ရင်း မတော်တဆပျက်သွားတဲ့ ကလေးလေးတွေလားဟင်?

တကယ်လို့ အရုပ်ဆိုင်လေးထဲက ယုန်ရုပ်လေးတွေ ထွက်ပြေးဖို့ တူတူဆုံးဖြတ်ကြတယ်ဆိုပါစို့...
သူတို့ ထွက်အပြေးချင်ဆုံးက ဘယ်နေရာများလဲ?

ငါကတော့ နင်လက်ဆောင်ပေးထားတဲ့ ယုန်ရုပ်အမဲလေးကို ကျောင်းတက်တိုင်းယူသွားတယ်။
တခါတလေ ဆို သူ့ကို နင့်ထိုင်ခုံလေးပေါ်ပေးထိုင်ထားတာပေါ့။
ငါတို့နဲ့ တူတူ စာသင်ကြတယ်လေ။

တကယ်လို့ ဝက်ကလေးကို မြေအောက်မှာ ချစ်စရာကောင်းတဲ့ အိမ်ကလေးတလုံးဆောက်ပေးရင်
သူကြိုက်မလားမသိဘူးနော်?

မေမေကတော့ ငါ့အခန်းလေးက ဝက်သိုက်လိုပဲ ရှုပ်ပွနေတယ်လို့ ပြောတာပဲ။
ဒါပေမယ့် ငါတို့နှစ်ယောက်ကတော့ တချိန်လုံး ငါ့အခန်းဝက်သိုက်ကလေးမှာပဲ ပုန်းနေ ဆော့နေရတာကိုကြိုက်ကြတာကိုးနော်။

တကယ်လို့ ဝက်သိုက်ကသာ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဆို ဘယ်လာချစ်စရာကောင်းပါတော့မလဲလေ။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ခေါင်မိုးအောက်ကြားထဲမှာ
ငှက်သိုက်ကလေးတခုတွေ့တယ်ဟ
ငှက်ဖေဖေ နဲ့ ငှက်မေမေက နေ့တိုင်း တီတီတာတာနဲ့ ဝင်လိုက်ထွက်လိုက် ရှုပ်နေလိုက်ကြတာ

မနေ့ကတော့ ခေါင်းမွှေးပြောင်ပြောင် ငုတ်စိလေးတွေနဲ့ ငှက်ပေါက်လေးနှစ်ကောင်ကို တွေ့ရတယ်
ပါးစပ်တွေဖြဲပြီး မရပ်စတမ်းအော်နေလိုက်ကြတာဆိုတာလေ။
အရင်တုံးက ငါတို့နှစ်ယောက်လိုပဲ
သောင်းကျန်းနေလိုက်ကြတာ။

နောက် ကျောင်းရာသီရောက်ရင် ကျောင်းမှာ ကပွဲလုပ်ကြတော့မယ်။
ဒီတခါ ငါ့ကို သစ်ပင်ထပ်မလုပ်ခိုင်းပါစေနဲ့လို့တော့ ဆုတောင်းတာပဲ။
ယုန်ကလေးဖြစ်ဖြစ်ပေးလုပ်ရင် သိပ်ကောင်းမှာ။
အဲ့တာဆို ပြေးလိုက် ခုန်လိုက်နဲ့ လှုပ်လှုပ်ရှားရှားတော့ လုပ်ရမှာပဲ။

ငါက ယုန်လေးလို ရှက်ကြောက်တတ်သလောက် နင်ကတော့ ခြင်္သေ့ကြီးလို ရဲရင့်တယ်နော်။
ဘာလို့များ ခြင်္သေ့လေးက ယုန်လေးနဲ့ သူငယ်ချင်းလုပ်ဖို့ သဘောတူခဲ့တာပါလိမ့်။

နင့်အကိုက ၆ နှစ်သားကတည်းက ၆မီတာ မြင့်တဲ့ ဘုတ်ကနေ ဒိုင်ဗင်ထိုးရဲတယ်လို့ ပြောဖူးတယ်နော်။
နင်တို့တအိမ်လုံးက သတ္တိသိပ်ရှိကြတာပဲ။

အခု ကျောင်းက ရေကူးအသင်းမှာ ငါပါခွင့်ရခဲ့ပြီဟ။
ဆရာက ငါဖားကူးကူးတာ သိပ်လှတယ်လို့ ချီးကျူးတယ်လေ။
အဲ့တာ နင်သင်ပေးထားတာလို့ ငါဂုဏ်ယူဝင့်ကြွားပြီးဖြေလိုက်တာပေါ့။

ကျောင်းမှာ နင့်မောင်လေးနဲ့အမြဲတွေ့တယ်။
သူတောင် အရပ်နည်းနည်း ပိုထွက်လာပြီ။
အရင်တခေါက် အားကစားပြိုင်ပွဲတုံးက သူက အပြေးပြိုင်ပွဲမှာ ပထမလေ။
ငါဝမ်းသာလွန်းလို့ အားပေးတာ လည်ချောင်းတောင်နာတယ်။

အရင်က နင်တို့ မောင်နှမတွေ ပွေ့ပွေ့ဖက်ဖက်လုပ်ကြရင်
အား... အီး... ရွံစရာကြီးလို့ ငါအမြဲ ရယ်ခဲ့တာလေ။
အမှန်ကတော့ ငါလဲ စောစောကတည်းက နင်တို့နဲ့ တူတူ
နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင် တူတူ ပွေ့ဖက်တတ်အောင်သင်ခဲ့ရမှာနော်။

ဒီလမ်းမြောင်လေးက ကြည့်လိုက်ရင် ဖွားဖွားအိမ်ကို သွားတဲ့ လမ်းလေးနဲ့ သိပ်တူတယ်
ဖွားဖွားတောင် အရင်တပတ်က ရေချိုးခန်းထဲမှာ ချော်လဲသေးတယ်လေ။
တော်သေးတယ် အရမ်းမများလို့။

ဖိုးဖိုးရဲ့နားလဲ တဖြည်းဖြည်းနဲ့ မကြားရတော့ဘူး။
ငါ သူနဲ့စကားပြောတိုင်း အော်အော်ပြောနေရတယ်။
နောက်ဆုံးတော့လဲ ကြက်အော်တာ ဘဲနားမလည်ပါပဲဟာ။
သိပ်ရယ်ရတယ် သိလား။

ငါ့အမ ဒီနှစ် အဆောင်မှာ ဘောဒါ သွားနေရပြီဟ။
အိမ်မှာ ကလေးဆိုလို့ ငါတယောက်ပဲကျန်တော့တာ
တခါတခါ သိပ်အထီးကျန်တာပဲ။

မေမေလဲ ခုတလော ကျန်းမာရေးသိပ်မကောင်းဘူး
စိတ်လဲအမြဲလိုလိုတိုနေတတ်တယ်
ဖေဖေကတော့ အရင်လိုပါပဲ
အလုပ်ကပြန်လာတာနဲ့ TV ဖွင့်တော့တာပဲ
သူ့ ဗိုက်ကြီးလဲ တနေ့တခြား ပူပူလာပြီ

နင်ချစ်တဲ့ ကြွက်ကလေး မစ်ကီ တောင် အခု ငါ့အခန်းထဲ ပြောင်းလာပြီသိလား
ပူစီကတော့ တချိန်လုံး ငါ့အခန်းရှေ့ကနေ ကျားချောင်းချောင်းနေတာပေါ့
ငါကတော့ ဘယ်တော့မှ သူ့ကို အခန်းထဲ ပေးမဝင်ဘူး
ငါနဲ့ မစ်ကီပြောတဲ့စကားတွေ ကြားမှာစိုးလို့လေ

ကျောင်းဆင်းတိုင် နင်နဲ့ ငါ သွားသွားဆော့နေတဲ့ ပန်းဆိုင်လေးလေ
အဲ့ဆိုင်ပိုင်ရှင် အန်တီတောင် တလောကပဲ ဘေဘီလေး မွေးသေးတယ်
ဘေဘီလေးက ရယ်လိုက်ရင် နင်နဲ့သိပ်တူတာပဲ

ငါတော့ပန်းဆိုင်ကို ခဏခဏသွားပြီး ဘေဘီလေးကို ရယ်အောင် စစနေတော့တာပဲ။

ဖြူတုတ်ရေ ဖြေးဖြေးသွားပါဟ ငါမမီတော့ဘူး။
ခုတလော ကျောင်းမှာ ဆရာမ က ငါ့ကို အမြဲလိုလို....
“ကြိုးစားနော် သမီးစာတွေ လိုက်မမီတော့ဘူး” လို့ ပြောပြောနေတယ်။
တကယ်လို့ တခြားသူတွေက ရပ်မစောင့်ပေးဘူးဆိုရင် ငါက ဘယ်လိုလုပ် မီလာမှာလဲနော်။

ဒဲရစ်က နင့်ကို အိပ်မက်ထဲမှာ ခရမ်းရောင်ယုန်ကြီးကို စီးပြီး တိမ်တွေထဲ တိုးဝင်သွားတယ်လို့ မက်တယ်တဲ့။
ပြီးတော့ ကောင်းကင်ထောင့်စွန်းမှာ လှပတဲ့ သက်တံ့ကြီးတခုပေါ်လာရောတဲ့။
ဒါပေမယ့် ခဏလေးပါပဲ၊ ခဏလဲနေရော ကောင်းကင်တခုလုံးအရောင်ပြောင်းပြီ
မိုးရိပ်မိုးသက်တွေကျလာတော့တာပဲ။
သူလဲ နောက်ကနေ ပြေးပြေးပြီးတော့ လိုက်တာပဲတဲ့
ဒါပေမယ့် ဘယ်လိုပြေးပြေး နင်တို့ကိုတော့ လိုက်လို့ မမီဘူးတဲ့လေ။

မန်ဒီကလဲ ပြောသေးတယ်။ သူကျုရှင်က အပြန်ဆို နင်တို့ အိမ်ရှေ့ က အမြဲဖြတ်ပြန်ရတယ်တဲ့။
ဘယ်လောက်ပဲ နောက်ကျကျ နင့်အိပ်ခန်းလေးကတော့ အမြဲလိုလို မီးလင်းနေတာပဲတဲ့။
တခါတခါဆို နင် သိပ်ကြိုက်လို့ အမြဲလိုလို တီးတတ်တဲ့ ဆင်ဖိုနီ သံကိုတောင်ကြားရတယ်တဲ့။

ငါထင်တယ် အဲ့တာ နင့်မေမေ စန္ဒားယားတီးနေတာဖြစ်မယ်။

ခုထက်ထိကို ငါလမ်းတွေ ခဏခဏမှားနေတုံးပဲ။
“ငါတို့ လမ်းမှားမနေတာ သေချာရဲ့လား” လို့နင်အမြဲလိုလို ငါ့ကိုမေးတတ်တယ်လေ။

“လမ်းမှာတယ်ဆိုတာ လမ်းလျောက်တာရဲ့ တစိတ်တဒေသပါဟ” လို့ ငါက ဆရာကြီးလေသံနဲ့ အမြဲပြန်ပြောတတ်တာလေ။ နင်မှတ်မိသေးလား။

ခုထက်ထိလဲ ငါခဏခဏ လမ်းမှားနေတုံးပါပဲ။
ဒါပေမယ့်.....
လမ်းမကိုတော့ တယောက်ထဲ ကူးရဲပြီဟ။

ငါတိတ်တိတ်ကြိုက်နေတဲ့ ကောင်လေးလဲ ကျောင်းပြောင်းသွားပြီဟ။
သူကတော့ ငါ့ကို လိပ်စာနဲ့ ဖုန်းနံပါတ်ပေးသွားပါတယ်။
ဒါပေမယ့် ငါတို့တွေ နောက်ထပ်တွေ့ဖြစ်ကြတော့မယ် မထင်ဘူး။

နှုတ်ဆက်ခွဲခွာရတာကို ငါမုန်းတယ်ဟာ။
ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့်....
ရင်ထဲမှာတော့ သိပ်ခံရခက်တာပဲ။

အရင်တုံးက ငါတို့နှစ်ယောက် အကသင်တန်းဆို သိပ်တက်ကြွကြတာလေ။
ခုတော့ နင်မရှိတော့ ငါ့မှာ ခဏခဏ စိတ်မပါဘူးဖြစ်ဖြစ်နေတယ်။

လူကြီးတွေက ငါတို့ရဲ့နာကျင်မှုတွေ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သက်သာသွားမယ်ထင်နေတာ။
လူကြီးတွေက ငါတို့ ရယ်နေတာတွေ့ရင် အဲ့ဒီ နာကျင်မှုတွေ ကိုမေ့ကုန်ပြီထင်နေတာဟ။
အဲ့လောက်လွယ်ရင် ဘယ်လောက်ကောင်းမလဲလေနော်။

အရင်တုံးကတော့ လူတွေကိုပျော်အောင်လုပ်ပေးတဲ့သူတွေက
ဘယ်တော့မှ မနာကျင်တတ်ဘူးလို့ ငါထင်ခဲ့တာဟ။

ခုတော့ တချို့လူတွေဟာ သူတို့ အနာကျင်ဆုံး အချိန်မှာတောင်
တခြားသူတွေကို ပျော်ရွှင်လာအောင် ကြိုးစားပေးတတ်တယ်ဆိုတာ
ငါသိလာခဲ့ပြီ။

လေတွေကလဲ အရင်လို တိုက်နေတုံးပဲ။
ပန်းတွေကလဲ အရင်လိုပွင့်နေကြတုံးပဲ။
နေမင်းကြီးလဲ နေ့တိုင်း နေ့တိုင်း ထွန်းလင်းနေတုံးပဲ။
ဒါပေမယ့် တချို့ ကိစ္စတွေကတော့ အရင်ကနဲ့ မတူတော့ပါဘူးဟာ......

အပူအပင်ကင်းတဲ့ အချိန်တွေကို ထာဝရ ရပ်ထားလို့ရရင်ကောင်းမယ်
စိတ်ညစ် ခေါင်းကိုက်ရတဲ့ ကိစ္စတွေလဲ ထာဝရ ဝေးကွားနေရင် သိပ်ကောင်းမယ်

တခါတလေကျရင် ဘယ်သူမှ ရှာမတွေ့မယ့် ချောင်ကလောင်တခုထဲမှာ ပုန်းနေချင်မိတယ်
ပြီးတော့ ငါတယောက်ထဲ အဖော်မပါပဲ ကြီးပျင်းရမှာလဲ ကြောက်တယ်
အရွယ်ရောက်ပြီးပြီဆိုရင် ဘယ်တော့မှ ပြန်လာလို့မရတော့ဘူး

တူတူပျော်ခဲ့ရတဲ့ အချိန်တွေက မီးပန်းတွေနဲ့ တူတယ်
ကောင်းကင်တခုလုံးကို လှလှပပ ပြည့်စေပေမယ့်
ခဏပဲခံတယ်လေ

လွမ်းရတဲ့ စိတ်ကကျတော့ သစ်စေ့နဲ့တူတယ်ဟ
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ မြုပ်ထားရာကနေ
တဖြည်းဖြည်း အညှောင့်ပေါက်လာတာ

ဒီနေ့က နင်တို့အိမ်ရဲ့ဆပ်ကပ်စ် ဒီနေရာမှာ ပွဲပြတာ နောက်ဆုံးနေ့လေ
ငါသာအချိန်မီမရောက်ရင် နောင်ဘယ်တော့လောက်မှ
နင့်အိမ်သားတွေကို ထပ်တွေ့ရမလဲမသိဘူး။

ကျောင်းက ကလေးတတွေကတော့ ဆပ်ကပ်စ်အဖွဲ့ မိသားစုက ကလေးဖြစ်ရတဲ့ နင့်ကို သိပ်အားကျနေကြတာပေါ့
ဆပ်ကပ်စ်မိသားစု တခုရှိတယ်ဆိုတာ ဘယ်လောက် မိုက်ပြီး ဘယ်လောက်လန်းလိုက်သလဲနော်တဲ့
သူတို့ စိတ်ထဲမှာ နင်နေ့တိုင်း မိုမိုဆင်ကြီး ကိုစီးလို့ရတယ်ထင်နေတာ
ဒါပေမယ့် ဆင်ကြီးရဲ့ အီအီးတွေကျူံးရတာ ဘယ်လောက် ပင်ပန်းသလဲ သူတို့မသိကြဘူးလေ။

ခွေးလေး ပါပီကတော့ အတော်ဆုံးပဲနော်။
ဂျွမ်းထိုးတတ်တယ် သင်္ချာလဲ တွက်တတ်တယ်။
ဘာမဆို အကုန်သင်လိုက်ရင် တတ်တာပဲ။
ဒါပေမယ့် သူက သိပ်မလိမ်မာဘူး။ နင့် အရုပ်တွေကို အမြဲ ကိုက်ပစ်တတ်တယ်။
ငါတို့နှစ်ယောက် စိတ်ဆိုးလိုက်ရတာဆိုတာ။

ဖြူတုတ်လဲ ငါ့လိုပဲ သူ့ကို သတိရနေမှာပါ။

မြင်းကြီး ချီလီကတော့ အရင်ကအတိုင်းပဲ မျက်လုံးကြီး ပြူးထားပြီးတော့
ရှေ့ ခွာတွေနဲ့ မြေကို ပေါက်ပေါက်ပြီးတော့
ငါတို့ဆီက ပန်းသီး တောင်းတောင်းစားတတ်တာလေ
ဘယ်လောက်ပဲ ကျွေးကျွေး သူကတော့ ဝတယ်ကိုမရှိဘူး။

အခုဆို သူလဲ တော်တော် ဝနေပြီလား မသိဘူးနော်။

နင့်အိမ်သားတွေကို မကြာခဏ လာကြည့်မယ်လို့ နင့်ကို ကတိပေးထားခဲ့ပေမယ့်
တခေါက်မှ မရောက်ဖြစ်ပါဘူးဟာ။

သူတို့နဲ့ တွေ့ရင် ဘာပြောရမလဲ မသိဘူးလေ။
ပြီးတော့ သူတို့ ကိုတွေ့လိုက်ရင် ငါအရမ်းငိုမိမှာ
ငါ သတ္တိတွေမရှိသေးဘူးဟာ...
ငါ့ကို ခွင့်လွှတ်ပါ။

နင်မရှိတော့တဲ့ နေ့ရက်တွေ တုံးက
သူတို့တွေဘယ်လို စိတ်တွေနဲ့ အပူရုပ်ကို ဟန်လုပ်ပြီး
ဆပ်ကပ်စ်ပွဲလာတဲ့ လူတွေကို ဖျော်ဖြေသလဲဆိုတာ
ငါစဉ်းစားလို့တောင်မရဘူး။

ကိုကိုကြီး ကိုတွေ့တယ်။
မောင်လေးကိုရောပဲ။
နင့်မေမေနဲ့ ခြင်္သေ့ဖေဖေလဲတွေ့တယ်။

သူတို့ အားလုံးကလဲ ငါ့ကိုမြင်ရော ဝမ်းသာအားရ ပြေးဖက်ကြတာပဲ။

ငါတို့တွေ ဝိုင်းကြီးပတ်ပတ် နဲ့ က ကြတာပေါ့။
အရင်အချိန်တွေ အတိုင်းပဲ။

ငါ့ကိုငါ နင့်နေရာ ရောက်နေသလို ခံစားရတယ်။
ငါငိုမိပြန်ပြီ....
ဒါပေမယ့် ဒီတခါက ပူနွေးစိုစွတ်တဲ့ ဝမ်းသာမျက်ရည်ချိုတွေပါ။

ကိုကိုကြီးရေ.....
ဟိုမှာ ရစ်ကီတွေအများကြီး ကနေကြတာ တွေ့လား?

ခြင်္သေ့ဖေဖေကြီးရေ ရစ်ကီ့ရဲ့ အကြိုက်ဆုံး အရုပ်ကလေး သမီးကို လက်ဆောင်ပေးတာ သိပ်ကျေးဇူးတင်တာပဲ။
သမီး ကောင်းကောင်းတန်ဖိုးထားပါ့မယ်။
ဆပ်ကပ်စ်ပွဲ ကတာကိုတော့ စောင့်မကြည့်နိုင်တော့ဘူး။
အိမ်ပြန်ရမယ့် လမ်းက အဝေးကြီးလေ။

ခြင်္သေ့ဖေဖေကြီးရေ နောက်နှစ် နွေဦးကျရင်
ပြန်လာရမယ်နော်။

ချစ်ရတဲ့ ရစ်ကီရေ
ငါတို့နှစ်ယောက်ထားခဲ့တဲ့ ကတိကို ငါဖြည့်ခဲ့ပြီ။
ငါသိပါတယ်။
နင် လေပြေလေးပဲ ဖြစ်သွားသွား
တိမ်တိုက်လေးပဲ ဖြစ်သွားသွား
ကြယ်လေးပဲ ဖြစ်သွားသွား
အလင်းရောင်လေးပဲ ဖြစ်သွားသွား

နင်ဟာ ငါ့အတွက်တော့
အနွေးထွေးဆုံး အားပါ။
အရဲရင့်ဆုံး သတ္တိပါ။
အလှပဆုံး အတိတ်ပါ။

ငါ့အနားမှာ အမြဲရှိနေခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အက်ဒီ

Dedication:

(remembrance for my beloved friend Ricky,
even you are far far away you are always in our heart
may your soul rest in peace)

A Chen
3:52 AM
Saturday
21st Jan 2012
Home
Bangkok

Saturday, December 19, 2009

ချစ်ရတဲ့ ကလိုကလူ လေးရေ



(picture of jimmy)

ချစ်ရတဲ့ ကလိုကလူ လေးရေ

မနေ့က ငါပြတင်းပေါက်အပြင်ကိုထွက်ပြီး၊့ ၁၇ ထပ်အမြင့် ပြတင်းပေါက်ဘောင်ပေါ်ကနေပြီးတော့
နေ၀င်တာကိုစောင့်ကြည့်နေခဲ့တယ်
သီချင်းတွေလဲ အကျယ်ကြီးအော်ဆိုပြီးတော့လေ
တစ်ပုဒ်ပြီးတော့ နောက် တစ်ပုဒ်……ပျော်လိုက်တာဟာ
သာယာလှပတဲ့ အနာဂတ်နဲ့
လောကကြီးတစ်ခုလုံးကိုငါပိုင်နေသလိုပဲ

ဒါပေမယ့် ငါအိမ်ထဲပြန်ဝင်လိုက်တာနဲ့ ပိုပြီးထူထပ်သိပ်သည်း တဲ့
အထီးကျန်မှု ကိုခံစားလိုက်ရတယ်
အဲဒီတော့ တခါပြတင်းပြင်ကိုထပ်ထွက်ပြီးတော့ မှုန်တုန်တုန်ကြယ်တွေ ကိုကြည့်ပြီး
သီချင်းတွေ ထပ် တခါအော်ဆိုတာပေါ့ဟာ

ဆိုရင်းနဲ့ အာခေါင်တွေ ခြောက်ကပ်လို့ လျှာတောင် ကွဲတော့မယ် မရပ်ချင်သေးဘူးလေ
မိုးအလင်းဆိုပစ်ချင်သေးတာ။
မောလှပြီ။ ။
ပြတင်းဘောင်ပေါ်မှာ ထိုင်ချလိုက်ပြီး
မြို့တော်ကြီးရဲ့ မီးရောင်တွေကိုတခါငေးမိပြန်တယ် စိတ်ထဲမှာနဲနဲ နွေးလာသလိုပဲလေ

မြို့တော်ကြီးထဲမှာတော့ ‘‘အထီးကျန်သူ’’ ဟာ ငါတစ်ယောက်ထဲ ဟုတ်မှာမဟုတ်ပါဘူးနော်
အနည်းဆုံး ငါ့လို အထီးကျန်နေတဲ့ ငကြောင်နောက်တစ်ကောင်တော့ ရှိရမယ်
ဟောင်းလောင်းကြီးခံစားရတဲ့အခါ ကောင်းကင်ကြီးကိုကြည့်ပြီးတော့ သီချင်းတွေအော်ဆို..
မိုးလင်းတဲ့ အထိပေါ့
အင်း ဒီ မြို့တော် ကြီးထဲ မှာ သူ နဲ့ ငါဘယ်တော့မှ ဆုံမှာတော့ မဟုတ်ပါဘူး
ဒါပေမယ့် သူ့ကိုငါ ရင်းနှီးနေသလိုခံစားရတယ်

မိုးလင်းပြီဟ………..
သွားအိပ်တော့မယ်ဟာ………….နော်။ ။

ခိုကလေး
၎ လပိုင်း ၁၇ ရက်နေ့။ ။
အာရုံ ၅နာရီ။

Thursday, July 23, 2009

ချစ်ရတဲ့ ကလေးလေးရေ


Jimmy ဆီကနေ ပုံကိုယူပါတယ်ကွယ်
ချစ်ရတဲ့ ကလေးလေးရေ

တချိန်က တို့လဲမင်းလိုပဲ ခေါင်းကိုမော့ပြီး သစ်ပင်ပေါ်က သန့်ရှင်းလတ်ဆတ်တဲ့အရွက် စိမ်းစိမ်းလေးတွေကိုကြည့်ရုံ မိုးပေါ်က ပြေးဖြတ်သွားတဲ့ တိမ်ထု ဖြူဖြူလေးတွေကိုမြင်ရုံနဲ့ ပျော်ရွှင်ခြင်းကိုခံစားလို့ရခဲ့ဖူးတာပေါ့။

တချိန်တုံးက တို့လဲ သစ်ပင်အောက်မှာတိတ်တိတ်ကလေး ရပ်ပြီး လေကဆော့ကစားလို့ သစ်ရွက်လေးတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်သံ ကိုနားထောင်ရင်း၊ ငှက်ကလေးတွေ ကျီကျီတျာတျာနဲ့ သီချင်းဆိုတာ ကိုနားထောင်ရင်း ကျေနပ်တတ်ခဲ့ဖူးတယ်။

မနေ့က ပန်းခြံထဲမှာ တို့ မင်းကိုအတုယူပြီး ငှက်ကလေးတွေသီချင်းဆိုတာ၊ လေတိုက်လို့ သစ်ရွက်မြည်တာ၊ သစ်ရွက်ကလေးတွေကခုန်တာ၊ တိမ်ဆုတ်ကလေးတွေဖြတ်ပြေးတာ စောင့်ကြည့်မိပါတယ်။ ဒါပေမယ့် မင်းအရွယ်တုံးက တို့ခံစားခဲ့ရဖူးတဲ့ ခံစားချက်မျိုးတွေ ကိုပြန်မရတော့ပဲ ပျင်းရိငြီးငွေ့ခြင်းနဲ့ စိတ်ပျက်စရာကောင်းခြင်း၊ ထွက်ပေါက်မဲ့ခြင်း စတဲ့ ခံစားချက်မျိုးကိုပဲရတော့တယ်လေ။

တို့လဲ မွန်းကျပ်သလိုခံစားလာရတာနဲ့ ပန်းခြံထဲကထွက်ပြီး အနားမှာရှိတဲ့ အဆင့်မြင့် စားသောက်ဆိုင်တခုထဲဝင်ပြီး ဈေးကြီးပေ့ ဆိုတဲ့ အစားအသောက်တွေမှာစားတယ်လေ။ ဝိုင်တောင် သောက်လိုက်သေး။ နောက်တော့ တို့ စိတ်မရှည်မှုတွေနဲ့ ဆိုင်ကို ခရုဆီဆောစ့် က မလတ်ဘူး၊ အမဲသား ကင်က တို့လိုချင်တဲ့ အတိုင်းအတာ နဲ့မဟုတ်ဘူး ကျက်လွန်းနေတယ်ဆိုပြီးတော့ ကွန်ပလိမ်းတက်တယ်။ အမှန်တော့ တို့ က ဆိုင်အပေါ်မှာ “စားသုံးသူရဲ့ကအမြဲမှန်တယ်ဆိုတဲ့ အခွင့်အရေး” ကိုအပြည့်အဝယူပြီး တို့ရဲ့ မကျေနပ် ချက်တွေ ကိုဖောက်ထုတ်နေတာပါ။ တို့ရဲ့ မွန်းကျပ်နေတဲ့ အတွေးတွေ စိတ်ညစ်ညူးမှုတွေ အတွက်ထွက်ပေါက်ရှာကြည့်တာပါ။

တို့ စိတ်အရမ်းညစ်နေတာ ထွက်ပေါက်မဲ့သလိုခံစားနေရတာ တော်တော်ကြာပါပြီ။ တို့ဘာလို့များ ဒီလိုကြောက်စရာကောင်းလောက်အောင်ပြောင်းလဲသွားရတာလဲ?

တို့ မင်း ကိုမနာလိုဘူးသိလား ကလေးရေ။
တို့ရဲ့ ဆုံးရှူံးသွားတဲ့ အပြစ်ကင်းစင်မှု လွတ်လပ်မှုတွေအတွက်ပေါ့…

ဦးဦးအောင်မျိုး
ဒေသဆိုင်ရာ ညှိုနိုင်းရေးအရာရှိ


A Chen
2:04 pm
23rd July 2009
Office
Bkk

Saturday, April 11, 2009

ချစ်ရတဲ့ အလွမ်းမင်းသမီးရေ…

ချစ်ရတဲ့ အလွမ်းမင်းသမီးရေ… (ကောင်းကင်ပြာ အတွက်ပေးစာ)

ရွာငံမှာ ဒီနှစ်ရဲ့ ချယ်ရီ ပန်းတွေ ကြွေ ကုန်ပြီ မဟုတ်လား?
ခုမှတော့ ငါဘယ်လိုယာဉ်ပဲစီးပြီး ဘယ်လောက်မြန်မြန်ပြေးလာပစေအုံးတော့
မှီတော့မှာမဟုတ်ပါဘူးလေ….အဆိုးဆုံးအနေနဲ့
မြေပေါ်မှာကြွေကျနေတဲ့ ပန်းပွင့်လွှာတွေတောင်မှ လေတိုက်လို့လွင့်ကုန်ရောပေါ့
တကယ့်ကို ၀မ်းပန်းတနည်း ခံစားရပါတယ်ဟာ

နွေဦးဟာ ခဏတထောက်နားတဲ့ ငှက်ငယ်လိုပဲ ရုတ်တရက် ပျံထွက်သွားလိုက်တာ
ဘာမှတောင်ချန်မထားခဲ့ဘူးနော်

ဒါပေမယ့် နင်ကတော့ နင့်ရဲ့ ထုံးစံ အတိုင်း အပြုံးချိုချိုလေးနဲ့…..ငါ့ကို
‘‘နောက်နှစ်ကျရင်လဲ ချယ်ရီတွေက ပွင့်အုံးမှာပါဟာ’’ လို့နှစ်သိမ့်အုံးမှာ မဟုတ်လား?
အဲဒါတော့ ငါလဲသိတာပေါ့ဟာ
ဒါပေမယ့် ငါ့ရဲ့လက်ရှိခံစားချက်က ဒီနှစ်ရဲ့ ချယ်ရီတွေ ကိုပဲတွေ့ချင်တာလေဟာ

ဒီနှစ်ရဲ့ ခံစားချက်နဲ့ နောက်နှစ်ရဲ့ခံစားချက် ဘယ်တူပါ့မလဲဟ
နောက်ပြီး ဒီနှစ်ရဲ့ ချယ်ရီနဲ့ နောက်နှစ်ရဲ့ချယ်ရီကလဲ တူမှာမဟုတ်ဘူးလေ

အားလုံးနောက်ကျနေပြီ မဟုတ်လား
ငါ့ဆီကိုစာရေးပြီ ချယ်ရီတွေအကြောင်းပြောပြပါအုံးဟာ
ဘယ်လောက်လှ ပြီး ဘယ်လောက်မွှေးတဲ့ အကြောင်းပေါ့။

နင့် ကို သတိရတာ ချယ်ရီတွေပွင့် တာကို သတိရတဲ့ အတိုင်းပဲ

အစစ အရာရာ ကောင်းမွန် အဆင်ပြေ ပါစေဟာ

အတူတူငိုရတဲ့
တီချမ်း
၁း၀၇ နာရီ
၁၁ရက် ဧပရယ်လ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။ ။

Friday, March 20, 2009

ချစ်ရတဲ့ မီးဏီ ရေ….(သဇင်ဏီသို့ ပေးစာ)

ချစ်ရတဲ့ မီးဏီ ရေ….


(the pic from jimmy)
မီးဏီ စိတ်ညစ်နေတာ သိလို့ တီ ဒီစာလေးရေးပေးလိုက်တယ်နော်
တီ တို့ ကြိုးတန်းပေါ်လမ်းလျောက်ကျင့်ရအောင်လေ

မြေကြီးပေါ်အမြင့် စင်တီမီတာ နည်းနည်းလေးကနေစကြမယ်
အာရုံစိုက် ၊ လေ့ကျင့် ၊ သတိ ၊ မငိုနဲ့ ၊ မကြောက်နဲ့ ၊ စိတ်လဲ မတွေဝေစေနဲ့
ပြုတ်ကျမှာဘဲ။ ဘာဖြစ်လဲ? အားတင်းထား….
နောင်လဲ အများကြီး၊ ခဏခဏ ပြုတ်ကျနေအုံးမှာဘဲ……………….
ပြုတ်ကျနေအုံးမှာဘဲ ၊ ပြုတ်ကျနေအုံးမှာဘဲ ၊ ပြုတ်ကျနေအုံးမှာဘဲ

နောက်ဆုံးတစ်နေ့တော့
အဲဒီ ကြိုးတန်းရဲ့ တည်ရှိနေခြင်းကိုမေ့သွားမယ်၊ ပြုတ်ကျတတ်တာကိုလဲမေ့သွားမယ်
အဲဒါမှ ကြိုးတန်းကို ကောင်းကောင်းလျောက်တတ်သွားတယ်ဆိုနိုင် တဲ့ တနေ့ပေါ့

မနေ့က
လူတစ်ယောက် ၁၉ ထပ်အမြင့် ကနေ ကြိုးတန်းလျောက်ရင်း ပြုတ်ကျလာတယ်။
ပြုတ်ကျလာနေတုံး တန်းလန်း မှ သူက ဟမ်းဖုန်းနဲ့ အင်တာနက်ကနေ အသက် အာမခံ
လှမ်းဝယ်ဖို့ကြိုးစားသေးတယ်လေ (တွေးကြည့်စရာပဲလေနော်………..)
လူ့ဘ၀ ဆိုတာ မတော်တဆမှု တွေများလွန်းပါတယ်၊ ထောင်ချောက်တွေလဲအများကြီး
ဒါကြောင့် တီ တို့တတွေ နေ့တိုင်း၊ နေ့တိုင်း ကြိုးတန်းလျောက် ကျင့်ရမယ်လေနော်

မျက်နှာ ကိုပြုံးပြုံးလေးထား၊ ရင်ကိုမတ်၊ သတိ ကိုမပြတ်စေနဲ့၊ ဇွဲ နဲ့ ရှေ့ဆက်….

အင်း ဘာလိုလိုနဲ့
သင်္ကြန်တောင်ကျတော့မယ်
နှစ်သစ်မှာ စိတ်သစ်လူသစ် မျက်နှာအသစ်နဲ့ ပျော်ရွှင်ပါစေလေနော်။

အန်တီချမ်း
နေ့လည် ၀၃ နာရီ ၄၁ မိနစ်
၃လပိုင်း၊
၁၉ရက်နေ့၊
၂၀၀၉ ခုနှစ်။

Wednesday, March 11, 2009

နန်းညီ...ထံမှပြန်စာ....

ချစ်သော တီချမ်းရေ

ဘာသာပြန်ဝတ္တုတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်ဗျာ..
“နှင်းကျနေတဲ့ညကြီးမှာ မီးထိုးပြီးကားမောင်းရတာကို သိပ်ကြိုက်တာပဲ”
လို့ အဲဒီမင်းသားကပြောတယ်.. ရှေ့တစ်ပေအကွာမှာ ဘာရှိနေလဲမမြင်ရ
မီးတန်းအဆုံးမှာပဲ လမ်းကဆုံးနေပြီလိုလို ထင်ရတယ်တဲ့.. တကယ်တမ်းမောင်းတော့
တစ်ပေအကွာမှာလည်း ဘာမှမရှိ..
မီးတန်းဆုံးလည်း လမ်းကမဆုံး ဆက်မောင်းနေရတုန်းပဲတဲ့”
တကယ့်ဘ၀ကလည်း ဒီလိုပါပဲ..
လမ်းဆုံးပြီလို့ထင်နေပေမယ့် တကယ်ကမဆုံးသေးဘူး..
ရှေ့မှာရှိနေသေးတယ်.. မမြင်ရတဲ့ အကွေ့အကောက်တွေရော..
ကြိုသိနေတဲ့အဆင်းအတက်တွေရော.. အန္တရာယ်တွေရော..
ရင်ခုန်စွန့်စားစရာတွေရော အများကြီးပဲလေ.. ဘာပဲဖြစ်ဖြစ်
ဓာတ်ဆီနဲ့လမ်းရှိနေသရွေ့တော့ ဆက်မောင်းနေရဦးမှာပဲမဟုတ်လား..

ညီညီိတို့က Forrest Gump ဇာတ်လမ်းထဲကလို.. "Run Forrest... Run" ဆိုတာနဲ့
ခြေကုန်သုတ်ပြေးတတ်ဖို့ကို ပတ်ဝန်းကျင်က ပုံစံသွင်းပေးတာ ခံခဲ့ကြရတာ...
“အားတင်းပြီးပြေးတယ်၊ လေဆန်ပြီးပြေးတယ်
ဒါပေမယ့် ဘယ်တော့မှ လမ်းရဲ့အဆုံးကိုရောက်မသွားဘူး”
ဆိုပေမယ့်လည်း ပြေးနေရတဲ့ဘ၀ကတောင် အဓိပ္ပါယ်ရှိနေသေးတယ်လေ..
အဆုံးမှာဘာရှိလည်းကတော့ အဆုံးရောက်မှသိနိုင်မှာမို့ ကြိုစဉ်းစားစိတ်ညစ်မနေပါနဲ့တော့..
မပြေးနိုင်တဲ့ဘ၀တွေကို တွေးပြီး ကိုယ်ပြေးနေရတာကတောင်
အရသာရှိသေးတယ်လို့ တွေးကြည့်ပေါ့.. ကြယ်ရောင်တွေအောက်မှာ ပြေးရင်း လေတိုးတဲ့အရသာကိုခံစားကြည့်လိုက်ကြရအောင်လား.. ...

တီချမ်းအတွက် မှ နီညမ်း

ချစ်ရတဲ့ နန်းညီရေ….

ချစ်ရတဲ့ နန်းညီရေ….

စိတ်ညစ်နေတဲ့အချိန်ဆို ငါလမ်းလျောက်ရတာကြိုက်တယ်
မှုန်မှိုင်းမှိုင်းလမ်းမကြီးတစ်ခုပေါ်မှာ ငါလမ်းလျောက်နေတာပေါ့ဟာ
သွားလိုက်၊ ပြန်လိုက် နဲ့ အခေါက်ခေါက်အခါခါပါပဲလေ
ကောင်းကင်ကြီးက နှင်းဆီပွင့်ဖတ်တွေရဲ့အရောင်ပေါ့ဟာ
ပန်းရိုင်းတွေက ပင်လယ်ပြာပြာကြီးရဲ့အရောင်…..ပြီးတော့
လမ်းရဲ့တစ်ဘက်အဆုံးမှာ ခရမ်းရောင် ယုန်ကြီးတစ်ကောင်က ပြုံးတုံ့တုံ့နဲ့
ငါရှေ့ကို အားတင်းပြီးပြေးတယ်၊ လေဆန်ပြီးပြေးတယ် ဒါပေမယ့်
ဘယ်တော့မှ လမ်းရဲ့အဆုံးကိုရောက်မသွားဘူး ပင်ပန်းမှုတွေနဲ့ ပြန်လှည့်တော့လဲ...
နောက်တစ်ဘက် က လျောက်လို့ဘယ်တော့မှမဆုံးမယ့် လမ်းမကြီးဘဲ
ခရမ်းရောင်ယုန်ကြီးတစ်ကောင် ကလဲ လမ်းဆုံးမှာ လျှို့လျှို့ဝှက်ဝှက်နဲ့ စိုက်ကြည့်လို့
ပြေးလဲမပြေးဘူး၊ ခုန်လဲခုန်မဘူး။
တခါက ငါကြည့်ခဲ့ဘူးတဲ့ ရုပ်ရှင်လေးတစ်ကားကိုသတိရမိတယ်ဟာ……
ဇာတ်လမ်းထဲမှာ ကောင်မလေးတစ်ယောက်က သူ့မောင်လေးကိုခေါ်ပြီး
လမ်းမကြီးတစ်လျောက် အဖေ ကိုလိုက်ရှာတာပေါ့
တစ်လမ်းလုံး စိတ်မကောင်းစရာအဖြစ်အပျက်တွေနဲ့ပဲ ကြုံတွေ့ရတယ်လေ
နောက်ဆုံးဇာတ်သိမ်းလေးကလဲ ၀မ်းနည်းစရာလေးပါ
အခုပြန်စဉ်းစား ကြည့်တော့…တကယ့် ကို မျက်လုံးစိမ်းစိမ်း၊ အေးစက်စက် နဲ့
တို့တွေကိုစောင့်ကြည့်နေတဲ့ ခရမ်းရောင် ယုန်ကြီးတစ်ကောင်ရှိချင်ရှိနေမှာနော်
လူဘ၀မှာအချိန်တိုင်း တို့တွေဟာ မမြင်ရတဲ့ မျက်လုံးတစ်စုံနဲ့ စောင့်ကြည့်ခံနေရသလိုပဲ
နတ်တမန်တော်ရဲ့မျက်လုံးတွေလား? မိစ္ဆာ ရဲ့မျက်လုံးတွေလား?
ဒါမှမဟုတ် တကယ်ကို…တကယ့်ကိုပဲ ခရမ်းရောင်ယုန်ကြီးများလားနော်

စိတ်ညစ်တဲ့အချိန်ဆို ညီ ဘာလုပ်လေ့ရှိလဲဟင်?

အန်တီချမ်း
၃လပိုင်း၊ ၁၁ရက်နေ့၊ ၂၀၀၉ ခုနှစ်။

Wednesday, February 4, 2009

ချစ်ရတဲ့ ယူရီရေ…..

ချစ်ရတဲ့ ယူရီရေ…..

သတိရခြင်းများစွာနဲ့စာရေးလိုက်ပါတယ်…….
နင်အိမ်ထောင်ကျသွားပြီကြားတယ် တကယ်လား? မယုံနိုင်စရာပဲနော်
ငါကဒီတစ်သက်နင် လင်မယူတော့ဘူးမှတ်နေတာ အေးလေ
“ကီး” ချိန်တန် “ကီး” ၊ “ပွင့်” ချိန်တန် “ပွင့်” ပေါ့ဟာ။ ကောင်းပါတယ်။

နင်ကဘာလိုလိုနဲ့ ဘလောက်တစ်ခုရဲ့အထင်ကရ မမကြီးဖြစ်နေပြီနော်။
ဝမ်းသာပါတယ်။
နင်စာတွေတော်တော်ရေးဖြစ်လာတာပဲ။ တခါတလေ ငါစဉ်းစားမိတယ်။
ငါတို့တွေ မြန်မာပြည်ထဲ မှာသာရှိနေသေးရင် အခုလို
စာတွေဒီလောက်ရေးဖြစ်ပါ့မလားလို့လေ။
နိုင်ငံခြားရောက်မှာ စာပိုရေးဖြစ်တာ ဘာဖြစ်လို့လဲ။ အထီးပိုကျန်လာလို့လား။
ပိုပြီး ဆက်သွယ်ရေးကောင်းလာလို့လား လို့လေ။ ရောက်တတ်ရာရာပေါ့ဟာ။

နင့်အိပ်မက်တွေအကြောင်းလဲဖတ်လိုက်ရတယ်။ လွမ်းစရာလေးတွေနော်။
ဘာလိုလိုနဲ့ ငါတို့တတွေ ခင်မင်လာကြတာ ဆယ်စုနှစ်တစ်ခုထဲဝင်လာပြီနော်။
ပြန်တွေးမိရင်လွမ်းတယ်ဟာ။ အေမီ တို့ရော၊ ပုပု တို့ ဟဟ တို့ရော၊ မမကြီးရော။

အဲဒီတုံးကပျော်တော့ပျော်စရာကြီးနော်။ စိတ်လဲရှုပ်ရ။ ပြဿနာတွေလဲရှင်းရနဲ့လေ။
ဘယ်သွားသွားအယောက်နှစ်ဆယ်လောက်ရှိတယ်နော်။ အင်း လွမ်းစရာလေးတွေ။

အခုတော့လဲ အိမ်ထောင်တွေကျ (နင်ကအစ)၊ ကလေးတွေမွေး။
ဟူး…ဘ၀တွေပြောင်းသွားလိုက်ကြတာနော်။ နင့်ရဲ့အတက်အကျတွေနဲ့မတူပေမယ့် ငါ့ရဲ့အတက်အကျတွေကလဲ တော်တော်ကြမ်းခဲ့ပါတယ်။ ဒါပေမယ့် ငါဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ အနားမှာအမြဲရှိခဲ့တဲ့နင့်ကိုတော့ကျေးဇူးတင်တယ် သိလား။
ငါ့ကို M3 အထိ အမိုးကြော်ပေးတဲ့ ပုတ်သင်ညိုတွေလိုက်ပေးတာမှတ်မိသေးတယ်။

နောက်နင့် အိပ်မက်ထဲက ပန်းဆိုးတန်းဘောတံတားကြီးမှာ ငါ့ကိုနင်ဖက်ပြီးငိုတာလေ။
မျက်ရည်တွေကတော့ အကယ်ဒမီ ရှော့နော်။ မျက်နှာကသာ စပ်ဖြီးဖြီးဖြစ်နေတာ။

ကဲကဲတော်လောက်ပြီ သူငယ်ချင်းရယ်
နောက်အချိန်ရမှ ထပ်ရေးပါအုံးမယ်

ခင်တဲ့
အောင်မျိုး
၂ လပိုင်း၊ ၄ ရက်နေ့။

Monday, February 2, 2009

ချစ်ရတဲ့ မခိုင်ရေ....

ချစ်ရတဲ့ မခိုင်ရေ....

ဘယ်လိုလဲ အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်
အခု ကိုဇော်ဇော် နဲ့ ကျွန်တော်ရေးထားတဲ့စာလေးတွေ ထည့်ပေးလိုက်တယ်
အဆင်ပြေမယ်ထင်တာတွေ အားလုံးကြည့်သုံးလိုက်ပါ
ရီဒါမှာသုံးလို့ရရင်လဲသုံးပေါ့
ဒါပေမယ့် အများစုကတော့ အနုပညာ ဆိုင်ရာတွေပဲများတာ
HIV/AIDS နဲ့ ဆိုင်တာဘာမှမရှိသလောက်ပဲ
ဘာလို့မရေးဖြစ်တာလဲ လို့မေးရင်တော့
အလုပ်ချိန်ပြင်ပ မှာတော့ ကျွန်တော့် ကို ကျွန်တော် အပြည့် အ၀ ပိုင်ချင်တယ်လေ
ကျွန်တော် လုပ်ချင်တာလေးတွေပဲလုပ်ချင်တယ်
လုပ်သင့်တာတွေချည်းပဲလုပ်နေရတဲ့ဘ၀ ကိုတခါတခါ တော်တော်မုန်းနေပြီ
ဪ ပြီးတော့ ကျွန်တော့်စာတွေထဲက မဂ္ဂဇင်းတွေနဲ့သင့်တော်မယ်ထင်တာတွေလဲပို့ပေးပါလား
အင်း…………တော်ပါပြီ မပို့နဲ့တော့။
နောက်မှ စဉ်းစားတော့မယ်
စာအုပ်ထုတ်ဖို့တော့ တကယ်ကြီးကိုစဉ်းစားနေတာဗျ
ပေးစာလေးတစ်အုပ်လောက်လုပ်ချင်လို့
တွေ့နေကြ အတ္တကျော် ကို့ ကောင်းသန့် တို့လိုတော့ မဟုတ်ဘူးပေါ့
ကျွန်တော်ရေးထားတဲ့ပေးစာလေးတွေ ကိုကြည့်ပြီးဝေဖန်ပေးပါအုံး
အဲလို ဟာမျိုးလေးတွေလုပ်ချင်တယ်
လောကကြီးကို ကလေးလေးတွေ ရဲ့အမြင်ကနေကြည့်ပြီးတော့လေ
ကလေးဆန်ချင်ဆန်နေမယ် ဒါပေမယ့်
ရိုးသားမယ်လေ
ပြီးတော့ အထူးအဆန်းလေးလဲဖြစ်စေချင်တယ် အတွေးဆန်းရမယ်ပေါ့ဗျာ
စာက ၉ စောင်ရှိမယ် ထင်တယ် တချို့ နာမည်တပ်ထားတဲ့လူတွေကအပြင်မှာတကယ်ရှိတယ်
ဖွားဖွား၊ မေမေ၊ ၀က်ကလေး တို့ကတော့ ကျွန်တော်တွေးထားတာပေါ့
နောက်ကဗျာတွေ ဖတ်ကြည့်ပါ ပြီးတော့ဝေဖန်ပေါ့………………
စာလဲရေးလေ ကိုဇော်ဇော် ကတဆင့် ဒါမှမဟုတ် မခိုင်မြန်မာလိုကိုစာရွက်နဲ့ပဲရေးပြီး
Alliance က ကိုကောင်းထက် ကိုကျွန်တော့်ဆီ ကိုပို့ပေးဖို့ပြောလိုက် သူလုပ်ပေးလိမ့်မယ်လေ
တော်သေးပြီနော်
နောက်မှထပ်ရေးပါအုံးမယ်
အောင်မျိုး ၊ ၁ လပိုင်း ၊ ၁၅ ရက်နေ့။ ။

ရိုက်ချင်စရာကလေးမ

15 year old lady (Dear dad)

A father passing by his teenage daughter's bedroom was astonished to see the bed was nicely made and everything was neat and tidy. Then he saw an envelope propped up prominently on the centre of the pillow. It was addressed "Dad". With the worst premonition, he opened the envelope and read the letter with trembling hands.

Dear Dad,

It is with great regret and sorrow that I'm writing you, but I'm leaving home. I had to elope with my new boyfriend Randy because I wanted to avoid a scene with Mom and you. I've been finding real passion with Randy and he is so nice to me. I know when you meet him you'll like him too - even with all his piercing, tattoos, and motorcycle clothes.

But it's not only the passion Dad, I'm pregnant and Randy said that he wants me to have the kid and that we can be very happy together. Even though Randy is much older than me (anyway, 42 isn't so old these days is it?), and has no money, really these things shouldn't stand in the way of our relationship, don't you agree?

Randy has a great CD collection; he already owns a trailer in the woods and has a stack of firewood for the whole winter. It's true he has other girlfriends as well but I know he'll be faithful to me in his own way.
He wants to have many more children with me and that's now one of my dreams too.

Randy taught me that marijuana doesn't really hurt anyone and he'll be growing it for us and we'll trade it with our friends for all the cocaine and ecstasy we want. In the meantime, we'll pray god; that science will find a cure for AIDS so Randy can get better; he sure deserves it!!

Don't worry Dad, I'm 15 years old now and I know how to take care of myself. Someday I'm sure we'll be back to visit so you can get to know your grandchildren.

Your loving daughter,
Rosie

At the bottom of the page were the letters "PTO".

Hands still trembling, her father turned the sheet, and read:

PS:
Dad, none of the above is true. I'm over at the neighbor’s house. I just wanted to remind you that there are worse things in life than my report card that's in my desk centre drawer.
Please sign it and call when it is safe for me to come home. I love you!!

Important note:
Got it from one of my close friends, don't know where she got it from. But wherever she got this, the credit goes to the original poster.
Thanks for visiting
Always
Addy

ချစ်ရတဲ့ ကောင်လေးရေ……

ချစ်ရတဲ့ ……..ကောင်လေးရေ……………..

နင်ကလူကောင်းလေး ပါ။ ငါကလဲ လူကောင်းမလေး ပါပဲ။
ဒါပေမယ့် ကိစ္စက ဘာလို့ ဒီလောက်အထိဖြစ်ကုန်ရတာလဲ?
ငါတို့ လမ်းခွဲရတော့မယ် ဟုတ်လား?
အရင် တုံးက တို့နှစ်ယောက်က အရမ်း အရမ်း၊ အရမ်း အရမ်း
အဆင်ပြေ ခဲ့ကြတာမဟုတ်လား?

အင်း တကယ်လို့ လမ်းခွဲကြတော့မယ်၊ မချစ်ကြတော့ဘူးဆိုရင်လဲ
ဘာလို့ အဲဒီ လမ်းခွဲမယ့်နေ့က ဓါတ်လှေကားထဲမှာ
တင်းတင်းကြီးဖက်ပြီးမျက်ရည်တွေကျနေရတာလဲ၊ လွတ်ထွက်သွားမှာစိုးတဲ့အတိုင်းပဲလေ

ငါ့ကိုယ်ငါ မရပ်မနားတမ်း မေးမိတယ်သိလား
ဘာမှ မတတ်နိုင်ကြတော့ဘူးလား လို့လေ
အရင်တုံးကလဲ တို့တွေ ရန်ဖြစ်ဖူးကြပါတယ်၊ စိတ်တွေလဲကောက်ဖူးကြတာပဲ၊
စစ်အေးတိုက်ပွဲတွေလဲ ဆင်နွဲခဲ့ကြတယ်
ဒါပေမယ့် တစ်ခါမှ တစ်ယောက် ကိုတစ်ယောက်
လမ်းခွဲကြဖို့အထိတော့ မစဉ်းစားခဲ့ကြဖူးလေ

ဘာဖြစ်လို့ဒီတစ်ခေါက် ဒီလောက်ပြတ်သားသွားကြတာလဲ?
တို့တွေဟာ တစ်ယောက်ကတစ်ယောက်ရဲ့ အဖိုးမဖြတ်နိုင်တဲ့
‘‘ရတနာ’’တွေလို့ မှတ်ယူထားခဲ့ကြတာမဟုတ်လား
ဘာဖြစ်လို့ ရုတ်တရက် အမှိုက်တွေဖြစ်ကုန်ကြတာလဲ?
ကဲပြတ်ကြတော့ မယ်ဆိုပြန်တော့ရော ဘာလို့ ရပ်လို့မရအောင်ငိုနေကြတာလဲ
မောပြီ……………….မုန်းပြီ……………… တော်ပါပြီဟာ……………..

ငါတို့နှစ်ယောက် ဓါတ်လှေကားထဲမှာ တင်းတင်းကြီးဖက်ပြီးတော့ ငိုနေလိုက်ကြတာ
ဘယ်သူကမှ ဘယ်သူ့ကို အရင်‘ထား’ မသွားချင်ဘူးလေ
လမ်းခွဲ မယ့် ဓါတ်လှေကားလေးက ဖွင့်လိုက်ပိတ်လိုက် ၊
တက်လိုက်ဆင်းလိုက် ၊ သွားလိုက်ရပ်လိုက် နဲ့
အရူးနှစ်ယောက်လို တင်းတင်းကြီးဖက်ပြီးငိုနေတဲ့ တို့နှစ်ယောက်ကိုကြည့်ပြီးတော့
ဘယ်သူမှလဲ ၀င်မလာရဲကြဘူးလေ
………………………….

အသည်းကွဲနေတဲ့ ကောင်မလေး
၁ လပိုင်း၊ ၁၅ ရက်နေ့။ ။

ချစ်ရတဲ့ ဖေဖေရေ…..

ချစ်ရတဲ့ ဖေဖေရေ…..

ကမ်းခြေကို ရေကူးဖို့ ကျွန်တော့်ကို ခေါ်သွားမယ်လို့ ကတိပေးထားခဲ့ဖူးတာလေ
ဖေဖေမှတ်မိသေးလား….
အခု ဆောင်းဦးရာသီတောင်ရောက်နေပြီ ကျွန်တော်မျှော်နေမိတုံးပဲ

ကျွန်တော်က ကျွန်တော့်မှာအမြဲတမ်းတစ်ယောက်တည်းရယ်လို့ပြောရင်
ဖေဖေ က ‘‘ဘယ်သူတွေကရောတစ်ယောက်တည်းမဟုတ်လို့လဲသားရယ်’’လို့
ရယ်ပြုံးပြုံး(နာကျင်ပြုံး) မျက်နှာနဲ့ ပြောလေ့ရှိတာလေ

ကျွန်တော့်ရဲ့အထီးကျန်မှုတွေက..ဘယ်ကလာတယ်ဆိုတာကျွန်တော်မသိပါဘူး
ဒါပေမယ့် တကယ့်ကိုပဲအမြဲတမ်းအထီးကျန်နေတယ်လို့ခံစားရတာပါ
ဖေဖေလဲအထီးကျန်နေမှာပါ လောကကြီးမှာရှိတဲ့လူတွေအားလုံးလဲ
သူ့နည်းသူ့ဟန်နဲ့တော့ အထီးကျန်နေကြတာပါပဲ ပုံစံသာမတူကြတာလေ

တကယ်တော့ နွေဦးရာသီတုံးက ကမ်းခြေကိုကျွန်တော်ရောက်ဖူးပြီးသားပါ
ဟိုးဝေးဝေးကသောင်ပြင်ကျယ်ကျယ်ပေါ်မှာရပ်ပြီးတော့
ကောင်းကင်ပြာပြာကြီးကိုလဲမော့ကြည့်ခဲ့တာပဲ
ရှေ့ဆက်ပြီးတော့သာမလျှောက်ခဲ့တာလေ
အဲဒီတုံးက ကျွန်တော်တွေးမိတာက ဖေဖေကိုစောင့်အုံးမယ်လို့လေ
ဖေဖေ့ကို ကျွန်တော်သစ္စာမဖောက်ချင်ပါဘူး၊ အတူသွားဖို့ စောင့်မှဖြစ်မယ်လေ

ဆောင်းဦးရာသီရဲ့ ကမ်းခြေက လေပြင်းတွေစတိုက်နေလောက်ပြီ သိလား
နောက်နှစ်နွေဦးကြရင်တော့ ဖေဖေ့ကို ကျွန်တော်ကမ်းခြေခေါ်သွားမယ်လေ
ကျွန်တော်ကားစီးတတ်ပါတယ် ဘယ်ကားစီးပြီး၊ ဘယ်လိုသွားရမယ်ဆိုတာ
ကျွန်တော်ကောင်းကောင်းသိနေပြီလေ
ပြီးတော့ ကမ်းခြေကိုလဲ ကျွန်တော် တော်တော်ကျွမ်းနေပါပြီ
ဖေဖေ မြန်မြန်နေကောင်းပါစေ…………ပြီးတော့…………
ဆရာဝန်ရဲ့ပြောစကားကိုလဲနားထောင်ရမယ်နော်။ ။

ချစ်သား
အောင်မျိုး
၁၁ လပိုင်း၊ ၁၀ ရက်နေ့။

ချစ်ရတဲ့ မေမေရေ…..

ချစ်ရတဲ့ မေမေရေ…..

မှတ်မိသေးလား ကျွန်တော် သုံးနှစ်သားတုံးကလေ။ ပြောခဲ့ဖူးတဲ့ဟာသလေးကိုမေမေ မှတ်မိသေးလား? အဲဒီတုံးက မေမေ့ကို ‘‘မိခင်’’ ဆိုတာဘာလဲ လို့ ကျွန်တော် မေးခဲ့တော့
‘‘မိခင်’’ ဆိုတာ မေမေ လို့ နောက်တစ်မျိုးခေါ်တာ လို့ မေမေ ကပြန်ဖြေတယ်လေ။

အဲဒီတော့ အနားမှာရှိနေတဲ့ ဖေဖေ က မေးတယ်။ ။
‘‘ ဖေဖေ့ ကိုရော နောက်တစ်မျိုးဘယ်လိုခေါ်လို့ရသလဲ?’’ ဆိုတော့
ခဏ စဉ်းစားပြီး ကျွန်တော် က ‘‘ဖိခင်’’ လို့ပြန်ဖြေတော့
ဖေဖေ နဲ့ မေမေ ဆိုတာ ရယ်လိုက်ကြတာ။ တော်တော်နဲ့မရပ် ဘူးလေ။
တွေ့တဲ့လူတိုင်း ကို ကျွန်တော်ရဲ့ကလေးဆန်တဲ့ ဟာသလေးကိုပြောပြောပြရတာအမောလေ။

ဒီနေ့မေမေ့ ကိုလွမ်းလိုက်တာ။ ဟိုး ငယ်ငယ် ကလေးဘ၀တုံးကလို
လက်ကလေးနှစ်ဘက် ကိုတောင်ပံတွေလိုဖြန့်ပြီးတော့ မေမေ့ရင်ခွင်ထဲ ကို
အဝေကြီးကနေပြေးလာပြီးတော့ ခိုဝင်ချင်လိုက်တာလေ။
ပြီးတော့ မေမေ့ကိုလွတ်ထွက် မသွားအောင် တင်းတင်းလေးဖက်ထားမယ်လေ။

မေမေရေ ပြတင်းပေါက်အပြင်ဘက် မှာ နေမင်းကြီးက သာလိုက်တာ
လေပြေတွေ ကလဲဖြေးဖြေးလေး ပြေးဆော့လို့
ကျွန်တော် နွေးနွေးလေးနဲ့ ပျော်နေတယ် ချိုမြိန်တဲ့ အချိန်လေးတွေပါပဲ
မေမေ ဘယ်ကိုရောက်နေနေ……..နွေဦး လိုထာဝရ
ချိုမြိန် ပျော်ရွှင်ပါစေ။ ။

မေမေ့ ချစ်သားလေး
အောင်မျိုး
၁ လပိုင်း၊ ၁၄ ရက်နေ့။

စာကြွင်း

ကျွန်တော့်ရဲ့ ‘‘ဖိခင်’’ ကြီးလဲ စိတ်သွားတိုင်း ကိုယ်ပါပြီး ရောက်ရာအရပ်မှာ ကျန်းမာပျော်ရွှင်ပါစေ။

ချစ်ရတဲ့ မြင့်မြတ်ရေ…..

ချစ်ရတဲ့ သူငယ်ချင်း မြင့်မြတ်ရေ…..

ငါကလူတွေပြောပြောနေတဲ့ လောကကြီး ရဲ့အလှအပတွေ ကိုမယုံဘူးဟ
ချစ်ခြင်း ရဲ့အလှအပ၊ လူ့ဘ၀ ရဲ့အလှအပ၊ စိတ် ရဲ့အလှအပ၊
အရွယ်ရောက်ခြင်း ရဲ့အလှအပ၊ တိတ်ဆိတ်ငြိမ်သက်ခြင်း ရဲ့အလှအပ၊
စသဖြင့်၊ စသဖြင့် ပေါ့ဟာ

တခါတခါ ငါ့ ကိုယ်ငါ စဉ်းစားမိတယ် ငါဟာ စေတန် ရဲ့ ကိုယ်ပွားများလားလို့ပေါ့ဟာ
လောကကြီးရဲ့အရာရာဟာ ငါ့ အတွက်တော့ သံသယနဲ့ ကြည့်စရာတွေ ချည်းပဲဟ
ရှိရှိသမျှ အလှအပတွေ ကိုလဲ ငါကမယုံကြည်တော့လေ
တကယ်တော့ ငါကကောင်ဆိုးလေးမဟုတ်ပါဘူးဟ
ဆိုးတော့လဲဘာဖြစ်လဲဟာ
ကောင်ဆိုးလေးမှာလဲ စိတ်ကောင်းလေးတော့ရှိနိုင်တာပဲမဟုတ်လား
(တကယ်တော့ အဲဒါကိုလဲ ငါသိပ်တော့မယုံဘူးဟ ဟားဟားဟား)

တော်ပါပြီဟာ….
ငါ့ကို ကုစရာဆေးမရှိတော့တဲ့အဆိုးမြင်ဝါဒီတစ်ယောက်လို့ပဲ ထားလိုက်ပါတော့
ဒါပေမယ့် ဘာလို့ ဒီလောက်စိတ်ကောင်းရှိပြီးဖြူစင် တဲ့နင့်ဆီမှာ
ငါ့လိုစိတ်ပုတ် ပြီး အရာရာအဆိုးမြင်တတ်တဲ့
သူငယ်ချင်းတစ်ယောက်ရှိနေရတာလဲ လို့
နင်တခါမှ မစဉ်းစားမိဘူးလား
ဒါမှမဟုတ် ငါ့ရဲ့ဆိုးညစ်မှုတွေဟာ နင့်ရဲ့ ကောင်းမြတ်မှုတွေ ကိုကလန်ကဆန်လုပ်ဖို့
တို့နှစ်ယောက် ကိုမိုးနတ်မင်းကြီးက
သူငယ်ချင်းဖြစ်ပေးထားတာနေမှာပေါ့ဟာ နော်

ကြည့်……တွေ့လား……….ငါနင့်ကိုစိတ်ဆိုးအောင်ပြောမိနေပြန်ပြီ
ဒါပေမယ့် ငါသိပါတယ် နင်က ငါ့ရဲ့ စိတ်ကောင်းရှိတဲ့အခြမ်းကို
နင်မြင်ပါတယ်လို့ပြောအုံးမှာမဟုတ်လား
တခါတခါနင့်ရဲ့အကောင်းမြင်တတ်လွန်းမှုကို ငါသည်းမခံနိုင်ဘူးဟ
ဒါပေမယ့် နင် နဲ့သူငယ်ချင်းဖြစ်ရတာကိုတော့ ကျေနပ်ပါတယ်
ထူးပါ့…. ဆန်းပါ့… ထူးဆန်းပါ့…………..လောကကြီးရယ်

နင့်ရဲ့ သူငယ်ချင်း
အောင်မျိုး
၁ လပိုင်း ၊ ရ ရက်နေ့။

ဘုတ်ဆုံထံမှပြန်စာ

ဟေ့ အောင်မျိုးကြီး . . .

နင့်ရဲ့ ကောင်းကင်ဘုံခရီးက စိတ်လှုပ်ရှားစရာကြီး။
နင့်အစားငါ ပျော်ပါတယ်ဟာ။
ဟုတ်တယ်ဟငါက ကောင်းကင်ဘုံတကယ်ရှိတယ်ဆိုတာကို လုံးဝမယုံဘူး။
ငါ့အတွက် ကောင်းကင်ဘုံက ငါ့စိတ်ကူးတွေပဲလေ . . .
တခါတလေ . . .
ကားစီးနေရင်းနဲ့ ငါကိုယ်ငါ ကားဘေးမှာ ပျံဝဲပြီး လိုက်နေတယ်။
တခါတလေ . . .
ရုပ်ရှင်ထဲက ဗီလိန်လူညစ်က ငါဖြစ်နေတယ်။
တခါတလေ . . .
လမ်းဘေးအမှိုက်ပုံကို ခွေးဝဲထူ တစ်ကောင်နဲ့ အပြိုင် အဆိုင် ရှာဖွေစစ်ဆေးသိမ်းဆည်းကြတယ်။
တခါတလေ . . .
ငါ့ရဲ့ အချစ်ဆုံးသူလေး ဘေးမှာ ထိုင်ပြီး ကဗျာတွေ တလှိမ့်ချင်း ရွတ်ပြနေလိုက်တယ်။
တခါတလေ . . .
စိတ်ဆင်းရဲစရာတွေကို စာလုံးပေါင်းပြီး ကဗျာယောင်ဆောင်ခိုင်းလိုက်တယ်။
နင်ကလည်း နင့်ဘုံကြီးမှာ ပျော်နေတုန်း
ငါကလည်း ငါ့စိတ်ကူးတွေနဲ့ လုံးလားထွေးလား . . .
အင်း . . . နင့်ရဲ့လျှို့ဝှက်လမ်းကို သိချင်တယ်
(နင်ပြောတဲ့ ကောင်းကင်ဘုံကြီးဆီကို ရောက်တယ်ဆိုရင်ပေါ့)
တခါတလေပါ။ ။

သတိရလျက်
ဂန္ဓ၀င်ဘုတ်ဆုံ
9 ဇန်န၀ါရီ 2009

ချစ်ရတဲ့ ဘုတ်ဆုံရေ…..

ချစ်ရတဲ့ သူငယ်ချင်း ဘုတ်ဆုံရေ…..

ငါကောင်းကင်ဘုံပေါ် သွားဆော့ခဲ့ပြီဟ..သိလား
နင်ပြောဖူးတယ်မဟုတ်လား ဟိုးမိုးပေါ်မှာ ကောင်းကင်ဘုံဆိုတာမရှိပါဘူး ၊
နတ်သား၊ နတ်သမီးတွေလဲရှာတွေ့မှာမဟုတ်ဘူး၊
ကောင်းကင်ပေါ်မှာ လူတွေလွှတ်တင်ထားတဲ့ ဂြိုလ်တုတွေ၊
အာကာသလူစွမ်းကောင်းတွေနဲ့ ပန်းကန်ပြားပျံတွေပဲရှိတယ် ဆိုတာလေ

ဒါပေမယ့် နေ့လယ်တရေးအိပ်တုံးက ငါ တကယ်သွားခဲ့ပြီဟ
ငါ ငါ့ရဲ့အာကာသမှာ စီးလို့ရတဲ့ယာဉ်နဲ့ တိမ်တွေပေါ်မှာ
ငါသိပ်ချစ်ခဲ့တဲ့ ဖွားဖွားကိုသွားရှာတာပေါ့ဟာ
သိမ်းငှက်ကြီးကရှေ့ကလမ်းပြလို့ပေါ့
လေဟုန်စီးရင်း ငါ့ဘေးနားမှာ နိမ့်လိုက်မြင့်လိုက်နဲ့ ပျံသန်းရင်းလေ
တိမ်တိုက်ဖြူဖြူကြီးတွေကလဲ မျက်လှည့်ပြလို့
နတ်သမီးသေးသေးလေးတွေက ငါနဲ့အတူ တိမ်တွေထဲမှာ တိမ်ကူးလို့၊
အပြေးပြိုင်လို့၊ တူတူပုန်းလို့၊ အံမယ် ငါတို့ ၀ိုင်းကြီးပတ်ပတ်တောင်ဆော့ကြသေးတယ်ဟ
မိုးကြီးတော်တော်ချုပ်မှ ငါလဲမပြန်ချင့်ပြန်ချင်နဲ့ ပြန်လာရတယ်
သူတို့ကပြောသေးတယ် ဖွားဖွားကကောင်းကင်မြို့တော်ကြီးမှာ
ကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင်နေနေပါတယ်တဲ့
ငါ့ကိုလဲ စိတ်မပူပါနဲ့လို့ပြောသေးတယ်

ဒီတခါတော့ နင်ကောင်းကောင်းကြီးမှားသွားပြီပေါ့ဟာ
ဟားဟားဟား

စိတ်မကောင်းစရာတခုက နင့်ကိုငါ ကောင်းကင်မြို့တော်ဆီသွားတဲ့
လျှို့ဝှက်လမ်းကိုပြောပြလို့မရဘူးဟ
နတ်သမီးလေးတွေကပြောတယ် ကလေးတိုင်းမှာ ကောင်းကင်မြို့တော်ဆီသွားတဲ့
လျှို့ဝှက်လမ်း ဒါမှမဟုတ် နည်းတစ်ခုစီရှိတယ်တဲ့ဟ
ဒါပေမယ့် ဘယ်သူကမှ ဘယ်သူ့ကိုပြောပြလို့မရဘူးလေ
(အထူးသဖြင့်ကောင်းကင်မြို့တော်ရှိတယ်ဆိုတာမယုံတဲ့သူတွေပေါ့)
စိတ်မရှိပါနဲ့ဟာ…..နော်။

နင့်ရဲ့ သူငယ်ချင်း
အောင်မျိုး
၁ လပိုင်း ၊ ရ ရက်နေ့။

ချစ်ရတဲ့ ဖိုးထူး ရေ…..

ချစ်ရတဲ့ သူငယ်ချင်း ဖိုးထူး ရေ…..

အခုဒီမှာ နေရောင်ခြည်တွေ ဖျဖျလင်းလို့၊
အုန်းပင်ရိပ်တွေကလဲ ငါ့ရှေ့မှာ ကနေကြလေရဲ့
ကောင်းကင်ပြာပြာကြီးမှာ တိမ်တွေနဲ့လေပြေတွေ အပြေးပြိုင်လို့
လေထုကလဲ သစ်သီးနံ့တွေ ထုံးမွှန်းလို့၊
ကလေးလေးတွေ ဘေးမှာဆော့နေတဲ့အသံတွေက
နီးလာလိုက် ဝေးသွားလိုက်နဲ့ ……နီးလိုက်…………ဝေးလိုက်……
နီး………..ဝေး…………

မင်းကတော့ အခုဆို အချိန်ပိုဆင်းနေရတုံးလား၊ မင်းတို့ဆီမှာ အခုအချိန်နေထွက်ပြီလား
‘‘ရှောင်ဟောင်း’’ တစ်ယောက်ဆေးရုံတက်ရပြန်ပြီဆို၊ မလွယ်တော့ဘူးထင်ပါတယ်ကွာ
ထထခုံ ကပြန်ရောက်နေပြီကြားတယ်၊ မင်းရဲ့….လေးနဲ့ရောတွေ့သေးလား၊
ဝေလွင်မမ က သွားကျောင်းတက်နေတယ်ကြားတယ်၊
အောင်ကို တစ်ယောက်လဲ သင်္ဘောလိုက်သွားပြီဆို၊
မဇာကြီးနဲ့တော့ ခဏခဏတွေ့တယ် လေဆိပ်မှာ၊
ငါကနိုင်ငံခြား ခဏခဏသွားရတော့လေ
(ဟားဟား ငါသိပါတယ် မင်းဒီစာကိုဖတ်ရင်းနဲ့ ငါ့ကိုခေါ်နေကြအတိုင်း
လဒ လို့ခေါ်နေအုံးမယ်ဆိုတာ)
အ၀င်းကတော့ အချစ်ထဲမှာ အခုထိမြုပ်နေတုံးပဲ၊ ဒီလိုပါပဲကွာ အသည်းဆိုကွဲလိုက်
ပြန်ကောင်းလိုက်……………ဆက်လိုက်ပေါ့………

တခါတခါ ငါတွေးမိတယ် ငါတို့သူငယ်ချင်းတစ်သိုက်အကြောင်းကိုလေ
လူတိုင်း သူ့ဟာနဲ့သူတော့ ရုန်းကန်နေကြရတာပဲနော်
လူ့ဘ၀ ကအမြဲဖြစ်ပျက်ပြောင်းလဲနေတာပဲဟာ ဘာလို့ငါတို့ကြိုးစားရုန်းကန်နေကြတာလဲ
ဘယ်အရာမှမမြဲဘူးဆို နောက်ဆုံးတော့လဲအားလုံးကပြီးဆုံးသွားမှာပဲဟာ

တိမ်တွေ တစ်သုတ်ပြီးတစ်သုတ် ငါ့မျက်စိရှေ့ကဖြတ်ပြေးသွားကြတယ်
တခါတခါ စုစုသွားလိုက် တခါတခါ ပြန့်ကျဲသွားလိုက်နဲ့၊ မင်းသိပါတယ် လူတွေကိုအားပေးရတာငါဘယ်လောက်မုန်းတယ်ဆိုတာကို၊ ကဲကဲ အားတင်းထား သူငယ်ချင်းရေ
မင်းရဲ့ အချိန်ပို (overtime) မှာ ပျော်ရွှင်ပါစေ။

မင်းရဲ့ သူငယ်ချင်း
အောင်မျိုး
၁ လပိုင်း ၊ ၈ ရက်နေ့။

စာကြွင်း။ ။
မင်းသနားစရာကောင်းလောက်အောင်ပင်ပန်းတယ်လို့တော့မညည်းနဲ့နော်
မင်းက အလုပ်နဲ့ပတ်သက်ရင်လောဘကြီးတာကိုးကွ။

ချစ်ရတဲ့ မကြီး ထူးထူးရေ…

ချစ်ရတဲ့ မကြီး ထူးထူးရေ…

ဒီနှစ်ရဲ့ ချယ်ရီ ပန်းတွေ ကြွေ ကုန်ပြီ မဟုတ်လား?
ခုမှတော့ ငါဘယ်လိုယာဉ်ပဲစီးပြီး ဘယ်လောက်မြန်မြန်ပြေးလာပစေအုံးတော့
မှီတော့မှာမဟုတ်ပါဘူးလေ….အဆိုးဆုံးအနေနဲ့
မြေပေါ်မှာကြွေကျနေတဲ့ ပန်းပွင့်လွှာတွေတောင်မှ လေတိုက်လို့လွင့်ကုန်ရောပေါ့
တကယ့်ကို ၀မ်းပန်းတနည်း ခံစားရပါတယ်ဟာ

နွေဦးဟာ ခဏတထောက်နားတဲ့ ငှက်ငယ်လိုပဲ ရုတ်တရက် ပျံထွက်သွားလိုက်တာ
ဘာမှတောင်ချန်မထားခဲ့ဘူးနော်

ဒါပေမယ့် နင်ကတော့ နင့်ရဲ့ ထုံးစံ အတိုင်း အပြုံးချိုချိုလေးနဲ့…..ငါ့ကို
‘‘နောက်နှစ်ကျရင်လဲ ချယ်ရီတွေက ပွင့်အုံးမှာပါဟာ’’ လို့နှစ်သိမ့်အုံးမှာ မဟုတ်လား?
အဲဒါတော့ ငါလဲသိတာပေါ့ဟာ
ဒါပေမယ့် ငါ့ရဲ့လက်ရှိခံစားချက်က ဒီနှစ်ရဲ့ ချယ်ရီတွေ ကိုပဲတွေ့ချင်တာလေဟာ

ဒီနှစ်ရဲ့ ခံစားချက်နဲ့ နောက်နှစ်ရဲ့ခံစားချက် ဘယ်တူပါ့မလဲဟ
နောက်ပြီး ဒီနှစ်ရဲ့ ချယ်ရီနဲ့ နောက်နှစ်ရဲ့ချယ်ရီကလဲ တူမှာမဟုတ်ဘူးလေ

အားလုံးနောက်ကျနေပြီ မဟုတ်လား
ငါ့ဆီကိုစာရေးပြီ ချယ်ရီတွေအကြောင်းပြောပြပါအုံးဟာ
ဘယ်လောက်လှ ပြီး ဘယ်လောက်မွှေးတဲ့ အကြောင်းပေါ့။

နင့် ကို သတိရတာ ချယ်ရီတွေပွင့် တာကို သတိရတဲ့ အတိုင်းပဲ

အစစ အရာရာ ကောင်းမွန် အဆင်ပြေ ပါစေဟာ

မောင်ငယ်
အောင်မျိုး

၁ လပိုင်း၊ ၁၄ ရက်နေ့။