Monday, February 2, 2009

ချစ်ရတဲ့ မကြီး ထူးထူးရေ…

ချစ်ရတဲ့ မကြီး ထူးထူးရေ…

ဒီနှစ်ရဲ့ ချယ်ရီ ပန်းတွေ ကြွေ ကုန်ပြီ မဟုတ်လား?
ခုမှတော့ ငါဘယ်လိုယာဉ်ပဲစီးပြီး ဘယ်လောက်မြန်မြန်ပြေးလာပစေအုံးတော့
မှီတော့မှာမဟုတ်ပါဘူးလေ….အဆိုးဆုံးအနေနဲ့
မြေပေါ်မှာကြွေကျနေတဲ့ ပန်းပွင့်လွှာတွေတောင်မှ လေတိုက်လို့လွင့်ကုန်ရောပေါ့
တကယ့်ကို ၀မ်းပန်းတနည်း ခံစားရပါတယ်ဟာ

နွေဦးဟာ ခဏတထောက်နားတဲ့ ငှက်ငယ်လိုပဲ ရုတ်တရက် ပျံထွက်သွားလိုက်တာ
ဘာမှတောင်ချန်မထားခဲ့ဘူးနော်

ဒါပေမယ့် နင်ကတော့ နင့်ရဲ့ ထုံးစံ အတိုင်း အပြုံးချိုချိုလေးနဲ့…..ငါ့ကို
‘‘နောက်နှစ်ကျရင်လဲ ချယ်ရီတွေက ပွင့်အုံးမှာပါဟာ’’ လို့နှစ်သိမ့်အုံးမှာ မဟုတ်လား?
အဲဒါတော့ ငါလဲသိတာပေါ့ဟာ
ဒါပေမယ့် ငါ့ရဲ့လက်ရှိခံစားချက်က ဒီနှစ်ရဲ့ ချယ်ရီတွေ ကိုပဲတွေ့ချင်တာလေဟာ

ဒီနှစ်ရဲ့ ခံစားချက်နဲ့ နောက်နှစ်ရဲ့ခံစားချက် ဘယ်တူပါ့မလဲဟ
နောက်ပြီး ဒီနှစ်ရဲ့ ချယ်ရီနဲ့ နောက်နှစ်ရဲ့ချယ်ရီကလဲ တူမှာမဟုတ်ဘူးလေ

အားလုံးနောက်ကျနေပြီ မဟုတ်လား
ငါ့ဆီကိုစာရေးပြီ ချယ်ရီတွေအကြောင်းပြောပြပါအုံးဟာ
ဘယ်လောက်လှ ပြီး ဘယ်လောက်မွှေးတဲ့ အကြောင်းပေါ့။

နင့် ကို သတိရတာ ချယ်ရီတွေပွင့် တာကို သတိရတဲ့ အတိုင်းပဲ

အစစ အရာရာ ကောင်းမွန် အဆင်ပြေ ပါစေဟာ

မောင်ငယ်
အောင်မျိုး

၁ လပိုင်း၊ ၁၄ ရက်နေ့။

No comments:

Post a Comment