Showing posts with label မုန့်တီ. Show all posts
Showing posts with label မုန့်တီ. Show all posts

Saturday, February 18, 2012

မုန့်ဟင်းခါး နဲ့ သူငယ်ချင်းများ

နောက်အပတ်မှာ (အခု အပတ်ရောက်နေပြီပေါ့) လုပ်မယ့် သင်တန်း တခုအတွက် သူငယ်ချင်းတယောက်က မဲစရီယမ် ကနေရောက်နေပါတယ်။ အဲ့တာနဲ့ မလာခင်ကတည်းက သူနဲ့ ဖုန်းပြောရင်း တိုင်ပင်ထားတဲ့ မုန့်ဟင်းခါး ချက်စားကြမယ်ဆိုတာကို အကောင်အထည်ဖော်ဖြစ်ပါတယ်။ ဒီကို ရောက်ကတည်းက မုန့်ဟင်းခါး ငတ်နေတာ ကြာပါပြီ။ တခါတလေ မဲစောက်သွားရင် စားရပေမယ့် သိပ် စိတ်တိုင်းအကျကြီးလဲ မဟုတ်ပါဘူး။ မုန့်ဟင်းခါး ကို ငါးစစ်စစ်နဲ့ချက်တားမျိုးကို ကောင်းကောင်းလေး စားချင်နေတာပါ။ အရင်တခါ ချက်စားတုံးကလဲ ready made အထုပ်ကို သူ့ချည်းမချက်ချင်တာနဲ့ ကတ်ကတစ်နဲ့ ချက်စားကြည့်ပါသေးတယ်။ ဒီမှာ တခါ တင်ဖူးပါတယ်။
မကျေနပ်ပါဘူး။ ကောင်းလဲသိပ်မကောင်းဘူး။ စားလို့တော့ ဖြစ်တယ် ဒါပေမယ့် မကောင်းဘူး။ တီချမ်း ချက်လို့မကောင်းတာဆိုလို့အဲ့တခါပဲ ရှိဖူးသေးတယ်။ တကယ်ပါ။ ဖြစ်ချင်တော့ တရက်က ဝတ်ရည်ကလဲ ရန်ကုန် မုန့်ဟင်းခါးဆိုပြီး ပိုစ့် တင်သေးတော့ ပိုစားချင်စိတ်ဖြစ်မိပါတယ်။ အဲ့တာနဲ့ သူငယ်ချင်းလဲ ရောက်တုံး ဆိုပြီး
နောက် ဘန်ကောက်က သူငယ်ချင်းတယောက်ဖြစ်တဲ့ လွယ်ကူစားမြိန် ကိုပါခေါ်ပြီး ချက်ကြပါတယ်။ ဒေါ်သလင်း ကိုလဲလာစားပါ ခေါ်သေးတယ် သူက မလာတာ မလာတော့လဲ ငတ်ပေါ့နော်။ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်က ခေါ်
တာပဲ။ ထားတော့ အဲ့တာနဲ့ မောင် နဲ့ ကိုယ်နဲ့သူငယ်ချင်းတွေနဲ့ ဒီတပတ် အိမ်မှာ မုန့်ဟင်းခါးလေး ချက်စားဖြစ်ကြ တာပေါ့လေ။ မနက်ဖြန် တုတ်ထိုး လုပ်တဲ့ ကြည်လဲ့လဲ့ဦး ရောက်ပါမယ်။ အဲ့အခါကျရင် နန်းကြီးသုပ်လေးလဲ လုပ်စားကြပါအုံးမယ်။

အဲ့တာနဲ့ တိုင်ပင်ကြတော့ လွယ်ကူစားမြန်ကလဲ သူတချို့တဝက် လုပ်ယူလာမယ်တဲ့ အဲ့တာနဲ့ အီးမေးလ် တစောင်ပို့လာပါတယ်။ ချက်နည်းကို အခြေခံယူတာကတော့ ဝတ်ရည်ဆီကပါပဲ။ ရှု...........

Blue for Snow; Green for Addy

1. မုန့်ဟင်းခါး ဖတ်

2. ကြက်သွန်နီ

3. ကြက်သွန်ဖြူ

4. ဘဲဥ

5. အကြော်မှုန့်

6. ကြက်သွန်ဖြူ၊ နီ ဆီချက်

7. ငါးခူ ၁ ကီလို

8. ဂျင်း

9. စပလင်

10. ငရုတ်ပွခြောက်

11. ငရုတ်ကောင်းမှုန့်

12. ဆန်လှော်မှုန့်

13. ကုလားပဲမှုန့်

14. ငှက်ပျောအူ

15. နံနံပင်

16. ပဲသီးစိမ်း





အဲ့တော့ တာဝန်ကျတဲ့ လစ်နဲ့ အတူ ကိုယ်တို့တွေဈေးဝယ်ထွက်ကြပါတယ်။ အပေါ်က တော့ ကိုယ့်ရဲ့ လစ်ပေါ့ ပိုစ်တစ် မှာ ရေးပြီးတော့ စာရင်း အတိအကျ အဝယ်ထွက်ကြပါတယ်။ တခါတခါ အဲ့လို သူငယ်ချင်းတွေနဲ့စုပြီး
တော့ လုပ်ချင်တာလေးတွေ လျောက်လုပ်စား ရတာ ပျော်ဖို့ ကောင်းပါတယ်။ အင်တာဗျူးမှာ ပါတဲ့ အာရှက လူငယ်တွေရဲ့အသင်းအဖွဲ့နဲ့လုပ်တတ်တဲ့ စိတ်ပေါ့လေ။ ထားတော့။

ကဲ ဝယ်ရမယ့်ဟာတွေ ဝယ်ပြီးတော့ ချက်ရမယ့် အဆင့်ပေါ့။ ပြောအုံးမယ် ငါးခူက အကြီးကြီးပဲ မွေးငါးခူတွေ တကောင်ထဲကို ၁ ကီလို (၆၀ သား) ကျော်ရှိတယ်။ အကုသိုလ်တော့များတယ် လက်ညိုးထိုးပြီး သတ်ခိုင်းရတာ အစွယ်ကို လွှနဲ့ တိုက်တာ ငမိုက်သား မုဆိုး ဆိုပေမယ့် စေခိုင်းတာက ကျတော်မျိုး ဘုရင်မင်းမြတ်လေနော်။ ထားအုံးတော့။

ကဲ ချက်ကြပြုတ်ကြမယ်နော်.....လာပြီ

ပထမဆုံး ဝတ်ရည်နည်းအတိုင်းပဲ ချက်လိုက် သူ့ဘလောခ် ကိုပြေးဘတ်လိုက်နဲ့ လုပ်ပါတယ်။ ငါးခူတွေကို စပလင် နဲ့ နနွင်းနဲ့ ပြုတ်ပါတယ်။ ပုံကိုကြည့်ပါ။ ပုံ ၃ မှာ ပြုတ်ပြီး ကျက်သွားတဲ့ ငါးခူ ကို တညသိပ်ထားတာပါ။ ကြို လုပ်ထားတာ။ လွယ်ကူစားမြိန်က နောက်နေ့ မှလာမှာမို့လို့ ညကတည်းက လုပ်စရာရှိတာတွေ လုပ်ထားတာပါ။





ပြုတ်ပြီးသား ငါးခူးကိုဆယ်ပြီးတော့ နောက် သူငယ်ချင်းတယောက်က အသားနွှင်ပါတယ်။ ပုံထဲက အတိုင်းအကြီး
စား တပန်းကန်ရတယ်။ (မှတ်ချက်။ နောက်တခါ မုန့်ဟင်းခါးကို ဈေးထဲတွင် တွေ့ခဲ့သော ငါးရံ့ နှင့် ချက်ရန်။ ငါးရံ့
သည် အသားပိုများကာ အလယ်ရိုး တချောင်းပဲ ရှိ ငါးခူ အတိုင်း ချို။ ငါးခူ ဖြင့်ထပ်ချက်လျှင်လည်း အရေခွံ မထည့်
ရန်။ စားမကောင်း တီချမ်း မကြိုက်) အိုကေ။ ဆက်......





ကြက်သွန်ဖြူနီ ဂျင်း စပလင် ကြိတ်ထား။ ဆန်လှော်မှုန့် ရေဖျော်ထား။ အစကတော့ ကုလားပဲ ပြုတ်ပြီး ကြိတ်ထည့်မလို့ပဲ။ဝယ်လာတဲ့ ပဲက ကုလားပဲ မဟုတ်ဘဲ ဘာပဲ မှန်းမသိ ဖြစ်သွားလို့ ငယ်ငယ်က ကျောင်းမှာစားခဲ့ ဖူးတဲ့ မုန့်ဟင်းခါးကို သတိရပြီး တလောက မာလာဟင်း လုပ်စားတုံးက ကျန်တဲ့ မြေပဲ ထောင်းလှော် တွေကို ထည့်ပါတယ်။ အစားထိုးပေါ့။ တတိယပုံကိုကြည့်ပါ။





ငှက်ပျောအူတွေ နုနုလေးတွေ မိုက်မှမိုက်။ နနွင်းနဲ့ မမဲအောင်ရေစိမ်ထား ပြီးတော့နွှင်ယူ။ အလည်အူ မထည့်နဲ့။





ကဲ ဟင်းအနှစ်ချက်ကြမယ်။ ဆီအိုး ပူလာရင် ပထမဆုံး ကြက်သွန်ဖြူနီ ဂျင်း စပလင် ကြိတ်ကို ဆီသတ်ပါမယ်။ နနွင်း အရောင်တင်မှုန့် တခါတည်း ထည့်ပါ။ ဆီသတ်တာ ရရင် ငါးနွှင်ထားတာ ထည့်ပါမယ်။ မွှေးလာတဲ့ အထိ မွှေပေးနေပါ။ ဆား အချိုမှုန့် ငံပြာရည် တခါတည်း ထည့်ပါနော်။ အရသာကို မြည်းယူပါ။ တီချမ်းကတော့ တော်တီးတီးတော် ဆိုတော့ စိတ်မှန်းနဲ့ ပဲထည့်ပါတယ်။





ပြီးရင် အိုးထဲမှာ ရေ ၂ လီတာ ထည့်ပါတယ်။ နောက် မနေ့ညက ငါးပြုတ်ရည်တွေ ထည့်ပါတယ်။ အရိုးတွေကို ပြန်ပြုတ်တာတွေ ထောင်းတာတွေ ရေညှစ်တာတွေ ထပ်မလုပ်တော့ပါဘူး။ ပထမ တခါချက်တုံးက အဲ့လို လုပ်ရတယ် ပြောလို့ လုပ်ကြည့်တာ ညှီပါတယ်။ အဲ့တာကြောင့် တခါသေဖူး ပြင်ဖို့ နားလည် လိုက်ပါတယ်။ ငါးပြုတ်ရည်က စပလင် နိုင်းချင်းနဲ့ဆိုတော့ သိပ်မညှီပါဘူး။ ပြီးတော့ ရေအဖြူနဲ့ ငါးပြုတ်ရေ အရောဆူလာရင် ချက်ထားတဲ့ ငါးအနှစ်ကို ထည့်ပါ။ ပြီးရင် ခုနက ရေဖျော်ထားတဲ့ ဆန်လှော်မှုန့် ထည့်ပါ။ မြေပဲ ထည့်ပါ။





ပြီးရင် အိုးဘဲဥ လိုချင်တဲ့ အတွက် ပြုတ်ပြီးသား (ဆော်ရီး ကော်ရက်ရှင် အိုးကြက်ဥ) ကြက်ဥ တွေကို အလုံးလိုက် ၇ လုံးလောက်ထည့်လိုက်ပါတယ်။ ကျန်တဲ့ ၄ လုံးကိုတော့ ပါးပါးလှီးပြီး ထည့်ပါတယ်။ နောက် ကြက်သွန်နီ ဥလိုက်တွေထည်ပါတယ်။





ငှက်ပျောအူတွေ ထည့်ပါတယ်။ ဒီနေရာ မှာ စပလင်ထပ်မထည့်တော့ပါဘူး။ စာတွေ လိုက်ဘတ်တယ်ဆိုပေမယ့်လဲ ကိုယ့်ဘာသာ ကိုယ်လိုလျှင်ကြံဆ လုပ်ရပါသေးတယ်နော်။ ကြည့်ကျက်လုပ်ပေါ့။ ဘယ်သူမှ မမွေးလာကတည်းက မတတ်ဘူးနော်။ လုပ်ရင်း တတ်သွားမယ်။





ပြီးတော့ ဟင်းရည်ကို ဆူစေပြီးတော့ ဆားအချိုမှုန့် လိုသလောက်ထပ်ထည့် မြည်းကြည့်။ ပြောရအုံးမယ် သူငယ်ချင်း တယောက် ကို မြည်းခိုင်းလိုက်တာ သူက အငံလိုသေးတယ် ပြောတာနဲ့ ကိုယ်က ငံပြာရည် ယောက်ဇွန်းတဝက်ထပ်ထည့်လိုက်တာ တော်တော်ငံသွားပါတယ်။ ငံသွားတော့ ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး တီချမ်း မိုတို အတိုင်း လိုထည့် ပိုရေရောလုပ်လိုက်တာ အိုကေမှာ စိုပြေသွားပါတယ်။





ငရုတ်သီးမှုန့် နံနံပင် ဆီချက်လေးတွေ ထည့် အချဉ်လေး ညှစ်လိုက်ရင် စူပါရှယ် အိမ်ချက် တီချမ်း လက်ရာ မုန့်ဟင်းခါး တခွက်ရပြီပေါ့နော်။ တီကတော့ ကိုယ့်လက်ရာ အရသာစစ်ကို သိချင်တာကြောင့် အချဉ် ငရုတ်သီး မထည့်ပဲ အရင်စားကြည့်ပါတယ်။ တင်တင်၊ စောရီ၊ ချို၊ ကြည်၊ စိန်ဥ၊ အိမ်မဲ၊ ဇကာကြီး၊ တခုမှ မရှုံးဘူးပဲ။
နောက်ဆို “အပြောကြီးသော နိုင်ငံကျော်ဘလောခ်ဂါ ကျိုင်းတုံ ဒေါ်ချမ်း” ဆိုပြီးတော့မုန့်ဟင်းခါးရောင်းစားရမယ်။





ကဲ စားချင်စရာမကောင်းလား။ နောက်တနေ့ မနက်ကျတော့ သူငယ်ချင်းက မုန့်ဖတ်ထပ်သွားဝယ်ပြီး အီကြာကွေး ပါဆွဲလာတော့ ပိုကောင်းသွားတာပေါ့။ ဟင်းရည်လဲ မနေ့ ကတနေ့လုံးတည်ထားတော့ တော်တော်လေးကို
အရည်ကျနေပြီလေ။ ရေနည်းနည်ထပ်ရော အချိုမှုန့် လေး နည်းနည်း ထပ်ထည့်လိုက်ရုံနဲ့ ပိုကောင်းတဲ့ မုန့်ဟင်းခါး တခွက်ထပ်ရတာပေါ့။ နှစ်ရက် လုံး စားကြတယ်။ ကောင်းမှကောင်းပဲ။





ကဲ မုန့်ဟင်းခါး ငတ်နေတဲ့ ပြည်ပရောက် ပရိတ်သတ်ကြီးလဲ အားပေးကြပါအုံးနော်။

A Chen
2:56 AM
Monday
20th Feb 2012
Home
Bangkok

Tuesday, April 26, 2011

သည် king, သည် queen and သည် princess

အမေရောက်ပြီး ဒုတိယနေ့ပါ ခါတိုင်းဆို ကို်ယ့်ဘာသာ မနက်ကို မနိုးနိုးအောင် zif ကုန်းထ ပြီးတော့ ကိုယ်ရေချိုးနေတုံး မောင်ထ ဖျော်ပေးတဲ့ ကော်ဖီ ကို အမြန်မော့ ပြီး ရထားဆီ ပြေးရတာ နေ့တိုင်းပါ စနေ တနင်္ဂနွေ ကျတော့လဲ ညနေ နေမစောင်းမချင်း အိပ်တာဆိုတော့ ဘရိတ်ဖတ်စ် ဆိုတဲ့ မနက်စာ က ကိုယ့်အတွက် မဟုတ်သလိုပါပဲ မောင်နဲ့ ကိုယ်က ပိတ်ရက်ဆိုရင် မနက်စာ နေ့လည်စာ ညစာပေါင်းစားတာပါ ထားတော့ ......

အခုတော့ အမေရောက်လာပြီလေ အဲ့လို လုပ်လို့မရတော့ဘူး ကိုယ်ကမစားတောင် သူက စားပါမယ် အဲ့တော့ ရောက်ရောက်ချင်း ဆိုတော့ ကိုယ်ကလဲ ပိတ်ရက်နဲ့ ကြုံနေလို့ စိတ်ပါလက်ပါ ထ လုပ်ပေးပါတယ် ကြားဖူးကြတယ်မဟုတ်လား သိုးဆောင်း စကားပုံလေ ......
မနက်စာ ကို ဘုရင်လိုစားပါတဲ့ (ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံနှစ်ထောင်းအားရ စားပါပေါ့လေ အဲ့တာကြောင့် အင်္ဂလိပ်ရှ် ဘရိတ်ဖတ်စ် အမေရိကန် ဘရိတ်ဖတ်စ် စတာတွေ က ဘုန်းပေါလအော စားကြသောက်ကြတာကလား) .....အဲ့တာကြောင့်လဲ မနက်စာဟာ တနေ့လုံး စားသမျှ အစားအသောက်တွေထဲမှာ အရေးအကြီးဆုံးလို့ ဆိုလိုတာပေါ့





အဲ့တာကြောင့် တီကလဲ မနက်စာ ကို ဒီလို စိတ်ပါလက်ပါ ဖွယ်ဖွယ် ရာရာ အမေ့ ကို လုပ်ပေးရင်းနဲ့ စားလိုက်ပါတယ် ဟော့ဒေါ့ လို့ခေါ်တဲ့ ခွေးပူတွေကို ကိုယ့်စိတ်ကြိုက် များများလေး ကြော် ကြက်ဥ ကို တဝက်တပျက် ကြော်တာ က နှစ်လုံး ပေါင်မှုန့်မီးကင်လေး ကို ကုလားမ ခြင်းဆွဲတံဆိပ် ချိစ် (ခက်ရင်းနာက ပန်းရောင်အတုံး) နဲ့ အထဲမှာ ယိုသုပ်ပြီး တဖုံ နောက် အသီး အနေနဲ့က ကျွဲကော်သီးလေးတွေ ခွာပြီးသား သိပ်ချိုတယ် ဟော ဖျော်ရည်လဲ မကျန်စေရပါဘူး.....ဘိထ်ရုသ် (Beet roots) လို့ခေါ်တဲ့ မချစ်ဥလား ဘာလား တီ မြန်မာလို မသိ အသင့်သောက် ဘူးလေးတွေနဲ့လာပါတယ် ၁၀၀% ဂျုစ့်လေးတွေလေ အဲ့တာ တခွက် ဝိုင်မဟုတ်ပါနော် စောစောစီးစီး တီချမ်း တို့တော့ လုပ်ချလိုက်ပြန်ပြီ မထင်ပါနဲ့ .......ဘေးကတော့ တနေ့၃ ခွက်ထက်မနည်းတဲ့ ကော်ဖီပါ





ဇာတိလမ်း ကမပြီးသေးပါဘူး ခုနက သိုးဆောင်း စကားပုံလေ သူက မနက်စာ ကိုဘုရင် ကြီး လို စားပြီးသကာလ နေ့လည်စာ ကိုတော့ မိဘုရားကြီးလိုစားပါတဲ့....စားတော့ စား သိပ်တော့မများစေနဲ့ ဆိုလိုတာပေါ့ အဲ့သဟာနဲ့ တီလဲ မြန်ဆန်သက်သာလွယ်ကောင်း အရသာရှိဆိုတဲ့ မိုတို နဲ့ ညီအောင် ရခိုင်မှုန့်တီ ဟင်းရည်ချက်တဲ့ အထုပ်လေး ၃ ထုပ်နဲ့ အမြန် ဟင်းရည်ချက်ပြီး မှုန့်တီ သုပ်လေး နေ့လည်စာ လုပ်စားလိုက်ပါတယ် လုပ်နည်း က ရေးဘူးလို့ ထပ်မရေးတော့ဘူးနော်......





ကျန်ပါသေးတယ် အဲ့ဒီ သိုးဆောင်း စကားပုံကပဲ ညစာ ကို မင်းသမီးလေး လို စားပါလို့ဆိုပါတယ် ဆိုလိုတာက စားတော့စား နည်းနည်းလေးပဲ စားပေါ့လေ အဲ့တာနဲ့ တီက လွယ်လွယ်ကူကူပဲ ကြက်ကြော် ပူပူလေး ကြော်ပြီး ထမင်းဆီဆမ်း ရွှေလင်ဘမ်း နဲ့ ပြီး လိုက်ပါတယ် ကြက်က အမေ မြန်မာပြည်ကနေ တကူးတက ရေခဲရိုက်ပြီး သယ်လာတဲ့ သံဈေး ၁၇ လမ်း က မြန်မာကြက်ပါ အခု တပိဿာ ၁၂ ၀၀၀ ကျပ် တိတိ ဖြစ်သွားပြီတဲ့တော်တို့ရေ အော်.........ရွှေပြည်တော် အမိမြေ မြန်မာ အံ့ဖွယ် ပါ့လား.......

မောင်ညီမလေးတို့ ရေ ဒီတပတ် စကားပုံ အလိုက် စားကြမယ် အစီအစဉ် အရ ကတော့ ဒါပဲပဲကွယ် မောင်ညီမလေးတို့ လဲ အစားကိုရှောင် အားကိုဆောင်ပြီးတော့ ကျန်းမာပျော်ရွှင်ကြပါစေကွယ်...

A Chen
2:52 AM
24th April 2011
Sunday
Home
Bangkok

Thursday, April 21, 2011

ကိန် လို့ခေါ်တဲ့ ယိုးဒယား အုန်းနို့ခေါက်ဆွဲ

ဒီနေ့တော့ တလောက ကိုတင်ဇာအေး သူ့ဘလောခ် မှာ တင်သွားတဲ့ ယိုးဒယား အုန်းနို့ ခေါက်ဆွဲ (ကိန်) လို့ခေါ်တဲ့ အစားအသောက်တမျိုး ချက်ကျွေးချင်ပါတယ်။ သူက ပြင်ဆင်ရတာလဲ လွယ် ချက်ရတာလဲ လွယ် စားရတာလဲ လွယ် ဆေးရတာလဲလွယ်ပါတယ် အဲ့တာကြောင့် တီ့ မိုတို နဲ့ လဲ ကိုက်ညီ တဲ့ အတွက် ချက်ကျွေးလိုက်ပါတယ်နော်





ပြင်ရတာ ကိုက မခက်တာပါ တွေ့လား ခရမ်းသီး လိုမယ် နောက် ကဖောင်းချက်ရင် ထည့်တဲ့ ပင်စိမ်းရွက်လိုမယ် နောက် ဟင်းချက်မယ့် အနှစ်လိုမယ် (ဆိုင်တွေမှာ ရှာဝယ်လို့လွယ်ပါတယ် သူက ဒီဟင်းချက်တဲ့ အနှစ်ပဲ ယိုးဒယားတွေက ဟင်း အားလုံး လိုလို လုပ်ပြီးသားအနှစ်တွေနဲ့ ချက်တတ်တဲ့ အတွက် ဝယ်တဲ့ အခါ သတိတော့ထားပါနော် ( သေချာချင်ရင် အထုပ်ပေါ်မှာ English လို Red curry လို့ ရေးထားတဲ့ အထုပ်ရှာဝယ်ပါ သူက အစပ်ထုပ်ပါ ၊ နောက်ထပ် Green curry နဲ့ Yellow curry ဆိုပြီးတော့လဲ လာပါသေးတယ် သူတို့ က တော့ အချိုတွေပါ အခုဟာက တော့ အနီ ထုပ်ကို သေချာရှာဝယ်ပါ) ပုံ ကိုသေချာချဲ့ ပြီး အထုပ်ကို ကြည့်ပါ။

ပြီးရင်တော့ နောက်ပုံမှာ ပြထားတဲ့ အတိုင်း ခရမ်းသီးတွေ ကိုလှီး ပြီးရေဆေး စစ်ထားပါမယ် တီက လျာရှည်ပြီး ခရမ်းသီး နှစ်မျိုး ဝယ်ပါတယ် ကြိုက်တဲ့ အမျိုးထည့်ပါ ခရမ်းရောင် အသီး ကိုတော့ အရောင်ပိုလှအောင်ပါ မရရင် အစိမ်းသီးလေးတွေလဲထည့်ရပါတယ် နောက် ခရမ်းကြွပ်သီး လဲထည့်တယ် နောက် တမျိုး အစိမ်း မာမာသေးသေးလေးတွေလေ (ပဲစိမ်းသီးစေ့လေးတွေလိုမျိုး) ရှိသေးတယ် ခရမ်းသီး မျိုးနွယ်ပဲ နည်းနည်းခါးတယ် ယိုးဒယားတွေကတော့ အဲ့တာလေးတွေလဲ ထည့်တယ် ထားတော့ ခရမ်းသီး ရေခင်းပြနေရတာ နဲ့ ရှည်နေပြီစာက
နောက်ပြီး ပုံဘေးက ပင်စိမ်းရွက်ကိုလဲသင်ပြီး ရေစိမ်ထားနော်....





နောက်ပြင်ထားရမှာ က အုန်းနို့ပါ ဒီဟင်းမှာ သူက မင်းသမီးပဲလေနော်။ နောက်တော့ အသား တီက မောင်ကြက်သားမစားတဲ့အတွက် ဝက်သား နဲ့ ချက်ပါတယ် ဒီမှာကတော့ ကြက် ဝက် ငါး အကုန်ချက်ကြပါတယ် အသားလုံးလေးတွေထည့်လဲ ရတယ် ဝက်သား ကို ပုံမှာ ပြထားတဲ့အတိုင်း ပါးပါးလှီးပါ နောက် ငံပြာရည် ဆား အချိုမှုန့် နည်းနည်း နယ်ထားပါ နောက် မင်းသား မုန့်တီ ဖတ်လေးတွေ ကိုပြင်ထားပါ အပေါ်က ပြောတာတွေအကုန်လုပ်ပြီးပြီဆိုရင်တော့ စချက်ပါတော့မယ်





ပထမဆုံး ကျမတို့ ဆီအိုးလေးတည်ပါမယ် ဆီတွေပူလာပြီဆိုရင်တော့ အုန်းနို့ကို နည်းနည်းလေးထည့်ပါမယ် ပြီးရင်အုန်းနို့လေးတွေပြစ်လာအောင် ဆီသတ်ပါမယ် ပုံမှာ ပြထားသလို အပေါက်အပေါက်လေးတွေ ပေါက်လာတဲ့ အထိ လုပ်ပါ တူးမသွားအောင်လဲ မွှေပေးနေအုံးနော် မီးလဲအရမ်းမပြင်းစေနဲ့ အုံး
(အမလေး အကုန် ကိုစေ့စေ့ပေါက်ပေါက် ပြောနေရတာပဲ ခေတ်ကာလသားသမီးတွေများ တကယ် တကယ်....ပြောချင်ဘူး ပြောကိုမပြောချင်ဘူး ဒေါ်မြလေးလို ရင်ဘတ်ကို လက်ကလေးနဲ့ဖိ) ဒါကတော့ ပြဇာတ်မရေးတာ ကြာလို့ စိတ်နည်းနည်းပါသွားတာ ခွင့်လွှတ် .....





နောက်အဆင့်ကတော့ ခုနက အုန်းနို့ ဆီသတ်ထားတာထဲကို ဟင်းနှစ် နှစ်ထုပ်လုံးဖောက်ထည့်လိုက်ပါမယ် ပြီးရင် ဆက်ပြီး မွှေးလာအောင်မွှေပေးနေပါ။ (မတူးစေနဲ့နော်......အင်း ပြောရပြန်ပြီ ကဲဟာ .....ဒေါက်.......ခေါင်း ကို ခေါက်လိုက်တာဖြစ်ပါတယ်) မွှေးလာပြီဆိုရင်တော့ နောက်ဆုံး ပုံမှာ ပြထားသလို ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကို ထည့်ကြော်ပါမယ် ဝက်သား ကိုမွှေးလာအောင်ကြော်ပေးပါမယ်နော်





ဝက်သား ရပြီဆိုရင်တော့ ခရမ်းသီး တွေကိုထည့်ကြော်ပါမယ် ခရမ်းသီး ကို အနူးကြိုက်ရင် ဒီနေရာမှာ အရင်ခဏ ကြော်ပေးပါ ရတယ် ရိုးရိုးပဲဆိုရင်လဲ ခဏနေ ဟင်းရည်အိုး ဆူပွက်ပြီး ရခါနီးမှ ထည့်ရင်လဲရပါတယ် ခရမ်းသီး ကိုနည်းနည်း ပိုနူးချင်ရင်တော့ တီပြထားသလိုပဲ ဟင်းအနှစ် ထဲ ဝက်သားထည့်ပြီး မွှေးလာရင် ထည့်ကြော်ပေးပါ ခရမ်းသီး နည်းနည်းနွမ်းတဲ့ အထိကြော်ပေးပါမယ်နော်





ခရမ်းသီး နဲ့ဝက်သား ဟင်းအနှစ်ကိုကြော်နေတဲ့အချိန်မှာ တပြိုင်တည်း ရေနွေးအဖြူတအိုး တည်ထားပေးပါမယ် ရေနွေးဆူရင် ခုနက ပိုတဲ့ (ဒီအုန်းနို့ က မုန့်လုံးရေပေါ် လုပ်တုံးက ပိုတဲ့ အုန်းနို့ပါပဲ)အုန်းနို့ နည်းနည်းထည့်ပြီး တည်ပေးပါ အုန်းနို့တွေမွှေးပြီးဆူလာပြီဆိုရင်တော့ ခုန က ချက်ထားတဲ့ ခရမ်းသီး ဝက်သား အနှစ် တွေကိုလောင်းထည့်လိုက်ပါမယ် ပြီးရင် အပေါ့ အငံ မြည်းပြီး လိုတိုး ပိုရေရော လုပ်ပေးပါ





နောက်ထပ်ပြင်ထားရမှာ တခုက ကြက်သွေး ပဲသွေး ဘဲသွေး ဝက်သွေး ကြိုက်ရာ ရရာ စားတတ်ရာ ဝယ်ပြီးတော့ သေးသေးလေးတွေ တုံးထားပါ တီက တော့ ခု ချက်တာ ပြုတ်တာ ပြမှာ မို့လို့ပုံရိုက်ကောင်းအောင် ပြင်ထားတာပါ ချက်တော့လဲ အကုန်ပစ်ထည့်တာပဲလေနော့် နောက် ခုနက ရွေးထားပြီး သား သင်ထားပြီးသား ပင်စိမ်းရွက်တွေကို ရေစိမ်ပြီး ဆေးထားပါမယ်





အုန်းနို့ ဟင်းရည်ထဲ ကို ခရမ်းသီးရောအပြီး နောက်တခါ ဆူလာပြီဆိုရင် တော့ ရပါပြီ ခရမ်းသီး နူးမနူး တချက်ကြည့်ပြီးရင် ရပါပြီ အချိုပေါ့ ငံ ကို ခုန က တခါတည်းမြည်းထားပါ ပြီးရင် အသွေးတုံးတွေ လှီး ထားတာ ထည့်ပါမယ် နောက် တခါ ထပ်ပေးဆူလိုက်ပါ အသွေးတွေထည့်ရင် သူက ခဏ ပြန်အေးသွားတတ်လို့ပါ နောက်တခါ ပြန် ဆူပြီးဆိုရင်တော့ အပေါ့အငံ ထပ်မြည်း လိုအပ်ရင် နည်းနည်းပြင် ပါ ပြီးရင်တော့ ပင်စိမ်းရွက် အုပ်လိုက်ရင် အိုးချ လို့ ရပါပြီ





ဒါတွေကတော့ မုန့်တီကိန် နဲ့ စားရမယ့် ငံပြာရည်ပါ ငံပြာရည်ထဲကို ငရုတ်သီးစိမ်း ပါးပါးလှီး ပြီး ခဏ စိမ်ထားပေးပါ အရသာဝင်အောင်ဖြစ်ပါတယ် ဘေးကတော့ နံနံပင်နဲ့ သံပရာသီးပါ နောက်ဆုံးပုံက မုန့်ဖတ်တွေ ထည့်ပြီး ပွဲပြင်တာပါ နံနံပင် ကြိုက်တတ်ရင် နည်းနည်ထည့်ပါ ငံပြာရည် နည်းနည်းဆမ်းလိုက်ပါ ကြိုက်တတ်ရင် ငရုတ်သီးဖတ်လေးတွေ ဆယ်ထည့်ပါ





ခုနက ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ဆမ်းလိုက်ရင် အရသာရှိတဲ့ ကိန်မုန့်တီ တပွဲ ရပါပြီ တီက အသားထက် အသွေးကြိုက်လို့ရွေးထည့်ထားတယ် ကြက်သားနဲ့ ချက်ရင်လဲ အရသာတမျိုး ထူးပါတယ် မြန်မာကြက်ရရင်တော့ ပိုကောင်းတာပေါ့
ဒီမှာတော့ ဆိုင်တွေမှာ သွားစားရင် ဝက်ခေါက်တို့ ပဲပင်ပေါက်ရေနွေးဖျော် တို့ ကြက်ဟင်းခါးသီး ပြုတ် တို့ ကန်စွန်းရွက်ပြုတ် တို့ စတာတွေ နဲ့ အရွက်စိမ်း ပင်စိမ်း ပူဆီနံ စတာတွေနဲ့ လဲတွဲစားကြပါတယ် ကြိုက်သလိုသာ စားကြပေတော့နော်.........

A Chen
9:17 PM
21st April 2011
Thursday
Home
Bangkok