ကဲကဲကဲ စားလိုက်တာ လို့ မပြောကြပါနဲ့ အပြစ်မတင်ကြပါနဲ့ မနာလိုမဖြစ်ကြပါနဲ့ အဘိဇ္ဇာ မပွားကြပါနဲ့
တီချမ်းလေးကို မေတ္တာထားကြပါ စေတနာထားကြပါ အကြင်နာပွားကြပါ မုဒိတာများကြပါ ချမ်းချမ်းလေးကို အားပေးကြပါကွယ်.........တီချမ်းကွ.............ဟေး..............ဟေး..............
တီချမ်းတယောက် သက်သတ်လွတ်ကို ကြိုက်ပါတယ်။ ငယ်ငယ်က သာမည သွားတော့လဲ ကြိုက်တယ် အိမ်မှာ မေမေ တို့ မွေးနေ့တိုင်းသက်သတ်လွတ်စားတော့လဲ ကြိုက်တယ်။ အဖွား ဆီ အလည်သွားရင်လဲ အဖွားက ရာသက်ပန် သက်သတ်လွတ်စားတော့ ကြိုက်တယ်။ အခုတော့ တခါတခါ ရန်ကုန်ပြန်တိုင်း လသာက လမ်းမတော်ဆိုင်မှာပဲ သွားသွားစာနေရတယ်။ ကိုယ်လဲ ကြိုက်တယ် သူငယ်ချင်းတွေလဲ ကြိုက်တယ် အဲ့တော့ မကြာ မကြာ ချိန်းချိန်းပြီး သွားစားဖြစ်ကြတယ်။ ဆိုင်နာမည်က လမ်းမတော်ပါ လသာမှာ ရှိပါတယ် စာစစ်ရုံးဘေးနားမှာပါ။ စိုပြေစွာ ကိုမကြိုက်ဘူး၊ ခုတ်ဖူ ကို မကြိုက်ဘူး လမ်းမတော်ပဲ ကြိုက်ပါတယ် လသာမှာ ရှိပါတယ်။
ထားတော့ ခုဟာက တီချမ်း သက်သတ်လွတ်ချက်စားဖြစ်ဖို့ အကြောင်းဖန်လာတာကို ပြောချင်တာပါ။ တရုတ်တွေက ဘယ်နေ့တွေမှာလဲမသိဘူး သက်သတ်လွတ်ချက်စားကြပါတယ်။ ဘယ်လိုပြောရမလဲ .......
(သေချာလိုက်တာနော်)။ နောက်မှ မာမား ကိုပြန်မေးပြီး သေချာပြောမယ်။ လောလောဆယ်က ဟင်းချက်မှာနော်။ အဲ့တာကြောင့် လိုရင်းပဲ သွားမယ်။ အဲ့နေ့ က အမေတို့ ညီအမတွေ ရန်ကုန်မှာ သူတို့ ညီအမ က ၄ ယောက်ရှိပါတယ်။ သူတို့ က မောင်နှမ ၁၁ ယောက်ရှိပါတယ်။ မောထှာ။ ထားတော့ အရင်ခေတ်က တရုတ်တွေ သိပ်မွေးတယ်။ အဲ့နေ့က အော်ကစ်အိမ်ရာမှာရှိတဲ့ အမ အိမ်မှာ ညဘက်အိပ်ပြီးတော့ ဟင်းချက်ဖို့ ဖြစ်လာတယ်။ တီချမ်းကလဲ ဘလောခ် ဘတ် ပရိသတ်တွေအတွက် သေသေချာချာ ကို မှတ်တမ်းတင်လာတာပေါ့။ နော်။ ကဲ ရှု။ မျှော်။
ပဲပြုတ်ထမင်းကြော်ဒါလေးကတော့ မနက်စောစော နိုးအလာမှာ စားဖို့ အိမ်ဖော်တွေပြင်ပေးထားတဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီပါ။ ကော်ဖီကတော့ ကိုယ်သောက်နေကျ မဟုတ်တော့ ညံ့ချက်။ ပဲပြုတ်ထမင်းကြော်ကတော့ အိုကေပါပဲ။ စားလို့ ဖြစ်ပါတယ်။ ကြော်နည်းလေးပါ တလက်စတည်း ထည့်ပေးလိုက်မယ်နော်။ ဆီကို အိုးထဲထည့်ပါ ဆီပူလာရင် ပဲပြုတ် ထည့် ကြက်သွန်နီ ကြိုက်တတ်ရင် ပါးပါးလှီးထည့်၊ ပြီးတော့ ထမင်းထည့် ကြော်ပါ။ တီကတော့ အော်နားကို နည်းနည်းတူးတာကြိုက်လို့ နည်းနည်းလေး အိုးကပ်အောင် ကြော်စေပါတယ်။ တချို့ကတော့ ပဲငံပြာရည် ထည့်ပါတယ် မြန်မာတွေကတော့ နနွင်းထည့်ပါတယ်။ တီကတော့ ဘာမှ မထည့်ပါဘူး အေးရောနော်။
ခရမ်းချဉ်သီး ပန်ထွေဖျော် ပထမဆုံး ချက်နည်းပြချင်တာက ခရမ်းချဉ်သီး ပန်ထွေဖျော်ပါ။ လုပ်နည်းက သိပ်လွယ်ပါတယ်။ ခရမ်းချဉ်သီး ကို ဖုတ်၍ သို့ ပြုတ်၍ လုပ်နိုင်ပါတယ်။ ပြီးရင် အခွံနွှာပါ။ ပြီးရင် ဓါးနဲ့ နှုတ်နှုတ်စင်းချင်စင်း မစင်းချင် ရင် ကြိတ်စက်နဲ့ ကြိတ်ပါ။ ပြီးတော့ ကြက်သွန်ဖြူ နဲ့ ငရုတ်သီး စိမ်းကို ထောင်းထားပါ။ ရောပြီးတော့ ပေါ့။ အချိန်အစားကတော့ ကြည့်ကျက်သာထည့်ပေတော့။ တီ့ ထုံးစံအတိုင်းပဲ။ နံနံပင်ကို ပါးပါးလှီးထားပါ။ ပြီးတော့ ခရမ်းချဉ်သီး မွှေထဲကို ခုနက ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း နံနံပင်တွေထည့်ပါ။ ပဲပုပ်မှုန့် (မရှိမဖြစ်ပါရပါမယ်) ဆား အချိုမှုန့် တို့ ထည့်ပြီးတော့ သမ မျှတအောင်မွှေပေးလိုက်ရင် ခရမ်းချဉ်သီး ပန်ထွေဖျော် တခွက်ရတာပေါ့။ အနံ့ ပိုမွှေးစေချင်ရင် ခရမ်းချဉ်သီး ကို ပြုတ်မယ့် အစား မီးဖုတ်ထည့်ပါနော်။ သခွားသီးလေးနဲ့ ကလော်စားရင်တော့ ကောင်းလေစွပေါ့လေ။ (တို့ မစားပါနဲ့ အားမရပါဘူး ကလော်ပြီးတော့သာစားပါလေ)
ကြွက်နားရွက်မှို ပဲကြာဇံကြော်သိပ်လွယ်ပါတယ် ရေးတောင် မရေးချင်ဘူး သိက္ခာကျ သလိုခံစားရလို့ ဆီထည့် ကြိုတင်စိမ်ထားတဲ့ ကြွက်နားရွက် မှို ထည့် ပဲ ကြာဇံ ထည့် ပဲငံပြာရည် နည်းနည်းထည့် ဆား အချိုမှုန့် ထည့် ခဏ ကြော် သမ မျှတအောင် တူနဲ့ မွှေ အိုကေပဲ စားလို့ ရပြီ။ သက်သတ်လွတ်မို့လို့ အသားမပါဘူးနော်။ ကြိုက်တတ်ရင် ကြိုက်တဲ့ အသားထည့်လို့ရတယ်။ အမှန်က ဒီအတိုင်းလဲ ကောင်းပါတယ်။ အစပ်ကလေး ကြိုက်ရင် ငရုတ်သီးစိမ်း ဓါးပြားရိုက်ထည့်။ ဂေါ်ဖီ တို့ ဘာတို့ လို အရွက်တွေ ထည့်ရင်လဲကောင်းတယ်နော်။
ကိုက်လန် ပဲလိပ် မှိုခြောက်ကြော် ဆီပူ အိုးတည်ပါ။ ဆီပူလာရင် ရေစိမ်ထားတဲ့ မှိုခြောက်ကို အရင်ကြော်ပါ။ ပဲလိပ်ကိုထည့်ပါ၊ ရေဆေးထားတဲ့ ကိုက်လန် အနုတွေထည့်ပါ။ (သက်သတ်လွတ်မဟုတ်ရင် ခရုဆီ ထည့်ပါ)။ သက်သတ်လွတ်ဖြစ်တဲ့ အတွက် ဆားနဲ့အချိုမှုန့် ထည့်ပါ။ ပဲငံပြာရည် စဉ်းငယ်ခန့်ထည့်ပါ။ အရောင်လှအောင် ဖြစ်ပါတယ်။
ဟင်းပေါင်းပဲပြား လေးတွေ ကို စိတ်ကြိုက်အရွယ်လေးတွေ တုံးထားပြီးတော့ ဆီလေးနဲ့ လှိမ့်ထားပါ။ အရောင်ဝါနုလေး သန်းလာရင် တော်ပါပြီနော်။ ပဲလိပ်ရယ် မှိုရယ် ကို ဆီနဲ့ အရင်ကြော်ပါ။ ပဲပြားထည့်ပါ၊ နောက်ဆုံးမှ မုန်ညင်းဖြူ ထည့်ပါ။ ထုံးစံအတိုင်း ဆား အချိုမှုန့် ထည့် ပဲငံပြာရည် နည်းနည်းထည့် အိုကေပါပဲ။ ပြီးတော့ ဟင်းပေါင်းဖြစ်တဲ့ အတွက် အရွက်တွေ အကုန်ထည့်ပြီးရင် အဖုံးလေးနဲပ ခဏ အုပ်ထားပေးပါ။ ၅ မိနစ်လောက်ဆိုရပါပြီနော်။ မုန်ညင်း နူးနူးလေး နဲ့ ဆို ပိုစားလို့ ကောင်းပါတယ်။ ပိုကောင်းချင်ရင်တော့ တို့စားဖို့ ဘတ်ချဉ် လုပ်ထားပါနော်။ ဘိတ်ချဉ် ကို ကြက်သွန်ဖြူ အကွင်းသေးသေးလေးတွေ လှီး ငရုတ်သီးစိမ်း ပါးပါးလှီး ပဲငံပြာရည် နဲ့ စိမ် သံပရာသီး ညစ်ထည့်လိုက်ရင် ရှယ်ရတာပေါ့နော်။ အဲ့ဒီ ဘိတ်ချဉ်လေးနဲ့ ခုန က မုန်ညှင်း ပေါင်း ကို တို့ တို့ စားရင် ထမင်းတောင် မလိုဘူးဆိုပဲ တီချမ်းပြောတာ။ မယုံရင် လုပ်ကြည့်။
တို့ဟူးသုပ်အိမ်လုပ်တို့ဟူးသုပ်ကို ရဖို့ အတွက်ကတော့ တို့ဟူး ကို ကိုယ့်ဘာသာ ကြိုတတ်ဖို့ လိုပါတယ်။ အလွယ်နည်းကို ပြောရရင်တော့ မွှေး ပဲမှုန့်အစိမ်းမှုန့် ကို တည ရေထဲမှာ ဖျော်ထားပါ။ သေချာ ကြေအောင် လက်နဲ့ ပါ သေချာ မွှေပါနော်။ ပြီးတော့ အနှစ်ကို စကာ တိုက်ထားပါ။ တီကတော့ အိမ်မှာ ရေစစ် ပိတ်စနဲ့ ဟာမျိုးလေ (အဖြူရောင်ကတော့ကြီးကြီး လိုမျိုးဟာနဲ့) အနှစ် တိုက်ပါတယ်။ အဲ့တာကို တညသိပ်ထားပါ။ နောက်နေ့ကျတော့ လိုချင်တဲ့ အနေ အိုးထဲ ကို ရေထည့်။ ဆီလေး အစက်နည်းနည်းချ (အိုးမကပ်အောင်ပါ)။ ပြီးတော့ ရေစဆူလာရင် ပဲနှစ်ကို ဖြည်းဖြည်းချင်း လောင်းထည့်။ တဘက်တည်းကို ပဲ မွှေပါ။ ဖြည်းဖြည်းလေး မွှေပေးပါ။ မီးအေးလေးနဲ့ မွှေပါ။ ဆား အချိုမှုန့် နည်းနည်းထည့်ပါ။ အရောင်လိုချင်ရင် နနွင်း နည်းနည်း ထည့်ပါ။ တိုဟူးတွေ ရရင် ဘမ်းလေးနဲ့ အအေးခံပါနော်။ (တို့ဟူးနွေး စားချင်ရင်လဲ အဲ့အတိုင်းလုပ်ပါတယ်) အိုကေ တို့ဟူး ရပြီဆိုရင် တော့ အအေးခံထားတဲ့ ဘမ်းထဲကနေ ထုတ် ဓါးလေးနဲ့ ပါးပါးလှီး ပြီးရင် သုပ်မယ့် ပန်းကန်ထဲထည့်ထား။
အချဉ်ရည်ဖျော်နည်းရှာလကာရည် အမဲ အကျဲ အပျော့ ကိုသုံးပါမယ်။ အချဉ်ရည်ဖျော်မယ့် ပန်းကန်လုံးထဲ ထည့်ထားပါ။ စဉ်းငယ်ခန့် ပေါ့နော်။ ပဲငံပြာရည် အကြည်နည်းနည်းထည့်ပါ။ သကြား ထည့်ပါ။ ကြက်သွန်ဖြူ ကြိတ် ဆီချက်ထည့်ပါ။ မြန်မာသုပ်ထဲ ထည့်တဲ့ ကြက်သွန်ဖြူ ဆီချက်နဲ့ကွာပါတယ်နော်။ တီချမ်းကတော့ အဲ့လို ကိုသပ်သပ်ခွဲထားတယ်။ ခေါက်ဆွဲတွေ တရုတ်နည်းတွေ နဲ့ စားမယ့် ကြက်သွန်ဖြူ ဆီချက်ကတော့ ကြိတ်ထားပြီး ချက်ထားတာပါ။ ခုပြောနေတဲ့ဟာပေါ့။ နောက် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း နှုတ်နှုတ်စင်းထားတာလဲ ထည့်ပါ မယ်။ နောက် အရေးကြီးတာက နံနံပင်ပေါ့ အဲ့တာတွေ အကုန်ကို ပန်းကန်လေးထဲ ထည့်ပြီးတာနဲ့ မွှေပါ သမမျှတအောင် မွှေပါနော်။ အရသာကိုလဲကြိုက်သလို မြည်းကြည့်ပါ။ ကျေနပ်ပြီိဆိုတော့ ခုနက လှီးပြီး ပန်းကန်ထဲထည့်ထားတဲ့ တို့ဟူးပေါ် ကိုလောင်းချလိုက်ရင် ရပြီပေါ့နော်။ ပြီးတော့ မှ အပေါ်ကနေ မြေပဲမှုန့် နဲ့ နံနံပင် ထပ်ဖြူးလိုက်ရင် ပိုကောင်းသွားမှာပေါ့ ( သက်သတ်လွတ်မဟုတ်ရင်တော့ ဘီတန် ကို လေးစိပ်စိပ်ပြီး ထည့်ရင် ပိုရှယ်တာပေါ့နော်။ ဗီကန် သက်သတ်လွတ်ဆိုရင်တော့ ဘီတန် ထည့်လို့ရပါတယ်)
သတိထားရန် မြေပဲမှုန့် ကိုနောက်ဆုံးမှ ဖြူးပါနော်။
မုန်ညှင်းချဉ် နဲ့ အသားပြားတုကြော်ဒီဟာကတော့ မုန်ညှင်းချဉ် နဲ့ ဝက်သားကြော်သလိုပါပဲ။ ကြက်သွန်ဖြူနီ ပါးပါးလှီးထားတာကို ဆီပူထဲမှာ ဆီသတ်လိုက်ပါ။ မုန်ညှင်းချဉ် ကို ပါးပါးလှီး ပြီးထည့်ပါ။ အသားပြားတု ကို စိတ်ကြိုက်အရွယ်လေးတွေ လှီးပြီး ထည့်ပါ။ ဆား အချိုမှုန့် ထည့် ပဲငံပြာရည် နည်းနည်းလေးထည့် ရင် ရပါပြီနော်။
ဂျူးမြစ်သုပ်ကြက်သွန်နီ ကို ပါးပါးလှီး ပြီး ကြက်သွန်နီကြော် လုပ်ထားပါ။ ဂျူးမြစ်တွေကို လက်နှစ်ဆစ်လောက် လှီး (ချိုး)ပြီးတော့ ရေနွေးဖျော်ထားပါ။ ခရမ်းချဉ်သီး တွေကို သေးသေးလေးတွေလှီးပြီးတော့ ဆီသတ်ထားပါ။ အာလူး ထမင်းလုပ်သလိုပါပဲ။ ကြက်သွန်မထည့်တာပဲ ကွာပါတယ်။ ခရမ်းချဉ်သီး အနှစ်တွေ ကို သပ်သပ်ဖယ်ထားပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။ ငရုတ်သီးဆီချက် ချက်ထားပါ။ ပြီးရင် ဇလုံ တခုထဲကို ရေနွေးဖျော်ထားတဲ့ ဂျူးမြစ်တွေထည့်၊ မြေပဲထောင်းထားတာထည့်၊ ခုနက ကြက်သွန်နီဆီချက်ထည့်၊ ခရမ်းချဉ်သီး အနှစ်ထည့်၊ ငရုတ်သီးစိမ်းထည့် သံပရာသီး ညှစ်ထည့် ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ဂျူးမြစ်သုပ် ရပြီပေါ့နော်။
ဘေဘီကွန်း မှိုခြောက်ကြော်ဘေဘီကွန်းလေးတွေကို အရင်ပြုတ်ပါမယ်။ ရေနွေးဆူဆူလေးထဲကို ခဏလေးပဲ ထည့်ပြီး ဖျော်ယုံဖျော်ပါ အချိုရည်တွေထွက်ကုန်မှာ စိုးလို့ ဖြစ်ပါတယ်။ မှိုခြောက်တွေကိုလဲ ရေနွေးစိမ်ပြီး လှီးထားပါ။ ကြက်သွန်ဖြူ နှစ်မွှာကို ဓါးပြားရိုက်ထားပါ။ ဆီပူထဲကို ကြက်သွန်ဖြူ ထည့် မွှေးလာရင် မှို အရင်ကြော်ပါ။ (သက်သတ်လွတ်မဟုတ်ရင် ကြက်ပြုတ်ရည် ကြက်သားမှုန့် ခရုဆီ စတာတွေ ထည့်လို့ရပါတယ်) ခုတော့ ခုတော့
.........မှိုတွေ ရရင် ဘေဘီကွန်းလေးတွေ ပြုတ်ပြီးသား ကိုထည့် ဆား အချိုမှုန့် ထည့် ပြီးတော့ ကော်မှုန့် ၂ ဇွန်းလောက် ကို ပန်းကန်လုံးလေးနဲ့ ရေဖျော်ထားတာ ထည့်ပြီး အဖုံး အုပ် ခဏ နှပ်လိုက်ပါ။ အဲ့တာဆို အိုအိရှိ မှိုဘေဘီကွန်းကြော်ရပါပြီ။ အရောင်လေးလှချင်ရင် ကြော်ပြီး အိုချခါနီးမှာ ကြက်သွန်မိတ်လေးတွေ ရှည်ရှည်လေး လှီးပြီး ဖြူး လိုက်နော်။
မှိုကြော်လွယ်လွယ်လွန်းလို့ ပြောတောင်မပြောချင်တော့ဘူး။ ဆီပူအိုးတည်ပါ။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို အရင်ကြော်ပါ။ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို ဆီသတ်ပြီးရင် တော့ ရေဆေးထားတဲ့ မှို ထည့်ပါ။ မီးလျော့ပြီးတော့ ရေခြောက်အောင်ကြော်ပါ။ ပြုတ်ကြော်ပုံစံမျိုးလေးပါ။ ဆား အချိုမှုန့်ထည့်ဖို့ မမေ့နဲ့နော်။ ထုံးစံ။
ပွဲသိမ်းပဲထောပတ်ဟင်းရည်ဒါလေးကတော့ တီ့အကြိုက်ဆုံးမို့လို့ နောက်ဆုံးမှ တင်ပေးတာပါ။ ထောပတ်ပဲလေးတွေ ကို အခွံချွတ်ထားပါ ရေဆေးထားပါ။ ပဲတွေကို ရေစပ်စပ်နဲ့ ပြုတ်ထားပါ။ ပြီးရင် ဆီပူမှာ ကြက်သွန်ဖြူနီ ကို ဂျင်းသစ်လေးထည့်ပြီး ဆီသတ်ပါ။ အရောင်တင်မှုန့် နည်းနည်းထည့်ပါ။ ခရမ်းချဉ်သီး နှုတ်နှုတ်စင်းထားတာကို ဆီထဲထည့်သတ်ပါ ပြီးရင် ပြဲနေအောင် ပြုတ်ထားတဲ့ ပဲတွေ ထည့်ပါ။ ဟင်းရည် ကို အနေတော် ပြစ်ပြစ်လေး ရအောင် ရေကို လိုသလောက်ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ ပေးဆူပါ။ ပဲနူးလာပြီးဆိုရင် အရသာမြည်းပြီး ဆူးပုပ်ရွက်လေး အုပ်လိုက်ရင် အရသာအကောင်းဆုံး ပွဲသိမ်းဟင်းလျာ ထောပတ်ပဲ ဟင်းရည် ကိုရပြီပေါ့နော်။
ကဲ ပရိတ်သတ်များ အတော်ပဲ မနာလိ အဲလေ အားရကျေနပ် မုဒိတာပွား အကြင်နာများ မေတ္တာထား နိုင်ကြမယ် မျှော်လင့်ပါတယ်နော်။
အားလုံး ကို ချစ်တဲ့
A Chen
11:21 PM
Wednesday
8th Feb 2012
Home
Bangkok