နန်းညီက နှစ်ကူးည အကြောင်းရေးတော့ ကိုယ်လဲ နှစ်သစ် ကို ကိုယ်ဘယ်လိုဖြတ်ကူးသလဲ ရေးချင်လာမိတယ်။ ခုတလော က တကယ်ကို အတွေးတွေကော အရေးတွေပါ ခန်းနေတာပါ။ သူငယ်ချင်းတွေ ရဲ့ ဘလောခ်တွေ ကို လိုက်လိုက်ဘတ်ပြီး စာရေးချင်စိတ်တွေကို ကူးယူနေရတဲ့ အဖြစ်ရောက်နေတယ်။ သူတို့တွေကတော့ ဘယ်လောက်ပဲ အလုပ်များများ တကယ်ရေးဖြစ်ကြတဲ့ သူတွေဆိုတော့လေ။ အားလဲကျတယ်၊ တပြိုင်တည်း ကိုယ့်ကိုကိုယ်လဲ အားမရတွေဖြစ်မိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနည်းလေးက အလုပ်တော့ဖြစ်ပါတယ်။ ခုပဲကြည့် လိုက်ဘတ်ကြည့်လိုက်တော့ ထွက်လာတာပေါ့။
နှစ်သစ်ကူးတွေ ကိုယ့်ဘဝမှာ အခု ၂၀ တော်တော်ကျော်လောက် ဖြတ်ကျော်ပြီးခဲ့ပြီ။ ငယ်ငယ်တုံးကတော့ နှစ်ကူးည ဆိုတာ ကျောင်းပိတ်တဲ့ည အကင်တွေ စားရတဲ့ည အရက်တွေ လူကြီးတွေ ခွင့်ပြုချက်နဲ့ နည်းနည်းပဲ ဖြစ်ဖြစ် သောက်ခွင့်ရတဲ့ ည နောက် အရွယ်လေး နည်းနည်းရလာတော့ ကန်ဘောင် မှာ ကူးတဲ့ နှစ်သစ်ည ကျိုက်ထီးရိုးမှာ ကုန်ဆုံးတဲ့ နှစ်သစ်ည နိုက်ကလပ်မှာ ကုန်ဆုံးတဲ့ နှစ်သစ်ည စတာတွေ ကြုံလာရပါတယ်။
နှစ်သစ်ည က ဘာအဓိပ္ပာယ်ရှိလဲ….? ကိုယ်တခါမှ သေချာမတွေးခဲ့ဘူးပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အတွက်က နေ့ထူးနေ့မြတ်တွေ ဘာတွေ ဆိုတာ သိပ်အရေးမပါလို့ပဲ။ ကိုယ်က မွေးနေ့ ကိုလဲ အထွေအထူး မလုပ်တတ်ဘူး။ သူငယ်ချင်းတွေ မွေးနေ့ ကိုလဲ သတိတရ မှတ်မထားတတ်ဘူး။ ရည်းစားတွေလဲ မှတ်မထားတတ်ဘူး (မှတ်ရမယ် ဆိုရင်လဲ နည်းနည်းတော့ များမယ်) ကုန်ကုန်ပြောရရင် ကိုယ့်မွေးဖွားသားချင်းတွေ ကော အမေ ကောတောင် ကိုယ်မမှတ်မိတတ်ဘူး။ အဲ့တော့ နှစ်သစ်ည ဆိုတာကလဲ ကိုယ့်အတွက် တော့ ဘာမှပိုမထူးခြားတဲ့ ၂၄ နာရီရှိတဲ့ ရက်တရက်ပါပဲ။ အိပ်ရာကထ ရင် မျက်နှာသစ်မယ် အစာစားမယ် လုပ်စရာရှိတာလုပ်မယ် ရေချိုးမယ် ကော်ဖီသောက်မယ် ပုံမှန်ပါပဲ။
အရွယ်ရောက်လာတော့ အဖော်ကောင်းရင် ခရီးထွက်မယ် သူငယ်ချင်းတွေ စုပြီး တနေရာရာ သွားကြမယ် ပျော်မယ် ပါးမယ် စားမယ်သောက်မယ် နည်းနည်းပိုလာတယ် မထွက်ရလို့လဲ ကိုယ်က ဆူပူကောက်ချိတ်နေမယ့် လူမျိုးမဟုတ်ပါဘူး။ ကိုယ့်အတွက် ဝတ္ထု ကောင်းကောင်း တအုပ်ရှိရင် ကော်ဖီကောင်းကောင်းတခွက်ရှိရင်လဲ နှစ်ကူးည က ပြည့်စုံပါတယ်။
အစကတော့ ဘာရယ်မဟုတ်ပါဘူး။ ပုံလေးတင်ချင်စိတ်ဖြစ်လာတာနဲ့ ပိုစ့်လေးရေးမိတာ။ ရေးရင်နဲ့ တွေး တွေးရင်းနဲ့ ရေးပေါ့။
သက္ကရာဇ် ၂၀၀၀ တုံးက တော့ ထောင်စုနှစ် ဘာညာ နည်းနည်းတော့ လူတွေ ရင်ခုန်လို့ ကိုယ်တောင် လိုက်ခုန်သေးတယ်။ နောက် ဝိုင်တူးကေ ကြောင့်လဲပါတာပေါ့။ နောက်တော့လဲ ဘာမှမဟုတ်ပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ ၂၄ နာရီက ၁ နာရီ ပိုမလာပါဘူး။ လျော့လဲမသွားပါဘူး။ ဟောအခု နောက် ၂၁ ရာစု ရဲ့ ဆယ်စုနှစ် တခု ကို ဖြတ်ကျော်ရပြန်တော့မယ်။ တလောကတော့ မာရာ ကလန်ဒါ တွေ ကမ္ဘာပျက်မယ့်နေ့တွေ ဖြစ်လာသေးတော့ နေရထိုင်ရတာတောင် လှုပ်တုတ်တုတ် (ကိုယ့်ကတော့ တုတ်တုတ်မျှမလှုပ်) ပြောသားပဲ ဘာမှထူးမခြားပါဘူးလို့ ကိုယ့်မိုတိုကတော့ ရှင်းတယ် ကိုယ့်ပိုက်ဆံကို မြန်မြန်သုံး သူများ ပိုက်ဆံကို ချေးပီးသုံး ဒါပဲ။
ဒီတနှစ် နှစ်ကူးညလဲ ထူးမခြားနားပဲ ဖြတ်ကူးမယ်လို့ ကြံရွယ်ခဲ့တာပါ။ မောင်သာ ကိုယ်နဲ့ တူတူရှိရင် ကမ္ဘာကြီးတခုလုံး ဒမ်ဒီးဒီးဟိုင်းပဲလေနော်။ ဒါပေမယ့် မထင်မှတ်ဘဲ ဒီနှစ် နှစ်ကူးည လေးကို သူငယ်ချင်းတွေနဲ့ရော မောင်နဲ့ပါ မဲစောက်လို့ခေါ်တဲ့ ထိုင်းမြန်မာ နယ်စပ်မြို့ငယ်လေးရဲ့ အာရှလမ်းမကြီး လို့ ခေါ်တဲ့ ဟိုင်းဝေး လမ်းမကြီးဘေးမှာ ထူးထူးခြားခြား ညဘက် ပစ်ကနစ်ထွက်ရင်း ကုန်ဆုံးဖြစ်ခဲ့ပါတယ်။ နောက် ထိုင်းလူမျိုးတွေရဲ့ နှစ်ကူး မီးရှုးမီးပန်းတွေနဲ့ အရက်တွေသောက် ဓါတ်ပုံတွေ ဘာတွေရိုက်ပေါ့။ တကယ်ကတော့ ပုဂံ မှာ နှစ်ကူး ကို ကုန်ချင်တဲ့ စိတ်ကလေးတခုတော့ ရှိနေပါသေးတယ်။ အဲ စကားမကျန်အောင်ပြောရရင်တော့ ပုဂံမှာက နှစ်ကူး ရယ်လို့ မှမဟုတ်ပါဘူး ညနေတိုင်းလှနေတဲ့ နေရာဆိုလို့ ကမ္ဘာပေါ်မှာ ပုဂံပဲရှိတာပဲဟာနော်။ နောင်များမှတော့ ကြုံအုံးမှာ ပါ ပုဂံရယ်။ အင်း အဲ့လိုတွေးလိုက်ပြန်တော့ တခါက ပုဂံက တချစ်ကိုတောင် သတိရလိုက်မိသေး။ မိညီမ ပြောသလိုပဲ ကိုယ့်စိတ်တွေ ပုဂံ ရှုခင်းနဲ့ တူတူ လွင့်လို့ ကိုယ်ကလဲ လွှင့်လို့ပေါ့…..
A Chen
4:24 PM
Friday
7th Jan 2011
Bangkok




