Monday, December 1, 2014

နမ့်ခမ်း ၃၇ လမ်း အလယ်ဘလောခ်



တီချမ်း ဘလောခ် ကို ပုံမှန်ဘတ်နေကြတဲ့ သူတွေက တီချမ်း ဘယ်လောက် အစားပုပ်သလဲ၊ ဘယ်လောက် စားသလဲ၊ အကောင်း ဘယ်လောက်ကြိုက်သလဲ ဆိုတာ သိကြပြီးသားပါ။ သူငယ်ချင်းတွေထဲမှာလဲ အမြဲလိုလို ဆိုင်ကောင်းကောင်းတွေ သိချင်ရင် ဖုန်းဆက်မေးကြ ပြုကြ ဘာညာ အမြဲရှိပါတယ်။

တနေ့ကလဲ စာဘတ်သူတယောက်က တီဟာ စားလိုက်မှာ တဖြဲနှစ်ဖြဲ (သူ့စကားလုံး မဟုတ်ပါ) သို့သော် ဝလဲမဝလာဘူး သိပ်မနာလို စရာကောင်းတာပဲ ဘာညာ ပြောလာပါတယ်

ဟုတ်ပါတယ် ဒီအတိုင်းကြည့်ရင်တော့ တီ့ အရပ်နဲ့ အလောင်း အဲအဲ အမောင်းက တီ့ ခန္ဓာကိုယ်နဲ့ ဆို အတော်ပါပဲ ဝ တဲ့ထဲမပါပါဘူး BMI မျှပါတယ်

သို့သော် တီ စားတာကို ဘေးက ထိုင်ကြည့်ရင်တော့ ပြိတ္တာလိုစားပြီး နတ်သမီးလေးကို မဝဘဲ လှသော တီချမ်းပါလား ဆိုတာ သဘောပေါက်လာမှာ

အဲ့တာဆို စာဘတ်သူက ပထမ တီ့ကို အားကျပါမယ် ပြီးရင် အမြင်ကပ်ပါမယ် နောက်တော့ မနာလို မုန်းထား ဖြစ်ပါမယ် ခိခိ တီက လှနေတာကိုးလေနော်

ထားပါတော့ အဲ့တာနဲ့ တနေ့က သူငယ်ချင်း စပစမ လုပ်ထားတဲ့ ဖွတ်အွန်သည်စထရိ ဆိုတဲ့ ပေ့ခ်ျ့ ကလေးကိုကြည့်ပြီး တီလဲ စားထားသမျှ လစ်လုပ်ထားရင် ကောင်းမှာပဲ လို့ စဉ်းစားမိလို့ ခု ဒါလေးကို ရေးလိုက်တယ်

နောက်နေ့တွေလဲ ကြုံရင် ကြုံသလို စားသမျှ ဖဘကနေ အကုသိုလ်ယူပါမယ်

ဒါလေးတွေကတော့ ၃၇ လမ်း အလယ်ဘလောခ်မှာ ရှိတဲ့ နမ့်ခမ်း ရှမ်းပုံစားဆိုင်လေးပါ အရင် ၃၇ လမ်း အပေါ်ဘလောခ် မှာ နေတုံးက ခဏခဏ လာစားဖြစ်ပါတယ် ခုတော့ မရောက်တာ ကြာပါပြီ သို့သော် အခုတလော လအလိုက် ပန်းဆိုးတန်းမှာ ရုံးထိုင်ဖို့ အကြောင်းဖန်လာတဲ့အတွက် ခုတလော ပြန်စားဖြစ်ပါတယ်

သူတို့ဆိုင်ရဲ့ ထူးခြားချက်က ခရမ်းချဉ်သီး ပန်ထွေဖျော် ရှမ်းစတိုင် ပဲပုပ်နဲ့ သခွားသီး ပေးတာရယ် စွန်တမ် ချဉ်စပ် ဟင်းရည်လေးပေးတာရယ်ပါပဲ

အသားတမျိုး အရွက် ၂ မျိုး ၁၈၀၀ ထင်ပါတယ်
အသား ၂ မျိုး အရါက် ၁ မျိုး ၂၀၀၀ ကျပါမယ်

ပိုလဲ နည်းနည်းပေါ့

ကြိုက်သလောက်စား ကျသလောက်ပေးပါ

ပုံစား မဟုတ်ဘဲ ဟင်းချည်းပဲ မှာပြီး ထမင်း နဲ့ စားလဲရပါတယ်

မနက်ဆိုရင်လဲ ရှမ်းခေါက်ဆွဲ၊ ဂျုံ အရည်၊ ဆီချက်၊ ဆန်စီး မြီးရှည် တိုဟူးနွေး အကုန်ရပါတယ် ကောင်းလဲ ကောင်းပါတယ်။ ကြက်ဝက် ၂ မျိုးရပါတယ်

နော်က အမဲလုံး အမဲစွပ်လဲ ရပါတယ် အဲ့တာတွေကို ခေါက်ဆွဲတွေနဲ့ စားလဲရတယ်

ပြီးတော့ ရှမ်းပြန်ထွက်ကုန်လေးတွေဖြစ်တဲ့ လက်ဘက်ခြောက် ပဲနို့ရည် နေကြာစေ့ စွန်တန် ဟင်းရည် လုပ်သောက်တဲ့ ချဉ်စော်ခါးသီး ခြောက် စတာတွေလဲ ရပါတယ်

စိတ်ဝင်စားရင် သွားစားကြည့်ကြပါ နော် ဒီနေ့ စားထားတဲ့ ပုံလေးက ဝက်ဆီဖတ်ကြော် (အသေကောင်း) ရယ် ဍရင်ကောက်ရွက်ကြော် (ခါးပေမယ့် တော်တော်ကောင်းရယ်) ဝက်နားရွက် ကြော်ရယ်ပါ

သွားစားကြည့်သင့်တဲ့ ဆိုင်ကောင်းလေး အဖြစ် လမ်းညွှန်လိုက်ပါတယ်နော်

#tchen

#FOTS

T Chen
3:07 PM
Pan Soe Dan St, LTO
Yangon | Myanmar

Friday, October 3, 2014

ဂျူဝဲလ် | အခါလွန် Jewel | Just Passing Time

ဒီသီချင်းက သီချင်းအဟောင်းတပုဒ်ပါ။ ရှင်တို့ကတော့ ဒီည ကျမ ဘာလုပ်လုပ် လုက်ခုတ်တီးကြမှပဲထင်တယ်။ ကျမကလဲ အဲ့တာကို သဘောကျပါတယ်။ ဒီသီချင်းလေးကို ကျမ အသက် ၁၈ နှစ်အရွယ်လောက်က ရေးခဲ့တာပါ။ အသည်းကွဲခဲ့တဲ့ အချိန်တုံးကပေါ့။ ခါးသီးလွန်းလို့တော့မဟုတ်ပါဘူး……..ဒါပေမယ့် ဒီသီချင်းကို ကျမ ဆိုတဲ့ အကြိမ်များလာလေလေ အဲအချိန်က တကယ်တမ်းတော့ သရပီ ယူခဲ့သင့်တယ် ဆိုတာ သဘောပေါက်လာလေလေပါပဲ။
ပြည်နယ်တော်တော်များများမှာ ကျမ လုပ်ခဲ့တာကို “နောက်ယောင်ခံလိုက်တယ်” လို့ခေါ်မယ်ထင်ပါတယ်။

ကျမ ထင်တာက အချိန်တွေ ကျော်လွန်လာတာနဲ့ အမျှ သူက အမြင်မှန်တွေရလာပြီးတော့ တခြား ကောင်မလေးတွေရဲ့ ကိုယ်သင်းနံ့ဟာ ကျမ တဝက်လောက်တောင် မမွှေးပါဘူး ဆိုတာ သိလာလိမ့်မယ်လို့လေ………

This is an old song, haha of course u guys are cheer for anything tonight, and I like it
I wrote this when I’m about 18 about breaking up not that I bitter hu…hum
Actually the more I sing the song, the more I feel like probably could have use therapy
I think this is call stalking in most states
I thought if I would just pass enough time, that you know……he would have come to his senses and realize that other girls didn’t smell as half good as I did


ဂျူဝဲလ်
အခါလွန်

Jewel 
Just Passing Time

မင်း ကိုယ့်ဆီပြေးလာတဲ့ ပုံစံကို
ကိုယ်သိပ်ကြိုက်တာပဲ
ဟိုးရှေးရှေးတုံးက
အဖြူအမည်း ရုပ်ရှင် ကို သတိရစေလို့လေ

I like the way that you come
Running up to me
It sort of reminds me of
Black and white movies

ကိုယ်ကတော့ ဝတ်စုံ အဖြူ ရှည်ရှည်လေး ကို ဝတ်ပြီး
ပြတင်းတံခါးက စောင့်လို့ပေါ့
ကိုယ့်ရဲ့ ရစ်ချက်ဂီယာ (ဒါမှမဟုတ်) မာလင်ဘရန်ဒို က
ဂိတ်တံခါးကို တွန်းဖျက်ပြီး ဝင်လာမယ့်အချိန်ကိုပေါ့
 
And i will put a white dress on and
By the window wait
For my richard gere to come
*or
For my marlin brando to come
Crashing through the gate

တခါတလေမှာ ကျမ နားတွေ ထုံလာတဲ့အထိ
ဖုန်းပြောဖြစ်တယ်
သူငယ်ချင်းတွေကတော့
ကျမ လူတွေကို ရင်မဆိုင်ရဲလို့ လို့ပြောကြတာပဲ
 
Sometimes i talk on the phone
Until my ears are numb
My friends all say it's because
I can't face anyone

ကျမ အချိန်တွေကို
ကုန်လွန်စေနေတယ်ဆိုတာ သိပါတယ်
ကျမ အချိန်တွေကို ကုန်လွန်စေနေတာပါ

I know i'm just passing time
I'm just passing time

ရှင် မြို့ထဲကို လမ်းလျှောက်သွားပြီး
ဗီဒီယို အခွေဆိုင်ကို သွားတာ
ကျမ တွေ့သားပဲ
ရှင် တခြား မိန်းမတယောက်ကို တွဲလို့လေ
ကျမသေချာပါတယ်
အဲ့တာ မိန်းမပျက် တယောက်ပဲ ဖြစ်မှာပါ

Saw you walking downtown
To the video store
Saw you with another girl
I'm sure she was a whore

ရှင်က သူက ရှင့်အတွက် ဘာမှ အရေးမပါဘူး
လို့ဆိုနေမှတော့
ကျမ အတွက်လဲ စာရင်းမရှိပါဘူးလေ
ခပ်ညံ့ညံ့ ရုပ်ရှင်ကြည့်ရင်းနဲ့
ကျမ အမူးသောက်မိရင်
ခွင့်လွှတ်ပါလေ

You say she means nothing to you
Thus nothing to me, so please
Excuse me while i get drunk
On watching too much bad t.v.

ကျမ ဒီမှာ ထိုင်ပြီးတော့
စောင့်နေမိတယ်
ဂျီးဇက် ရဲ့ ခွက်ကနေ
အဆက်မပြတ်သွန်သလို
ရှင့် နှုတ်ခမ်းက ပွင့်ဟပြီး ကျလာမယ့်
စကားတွေကိုပေါ့ကွယ်

Sitting here and i'm waiting
For your mouth to open up
And start overflowing
Like jesus' cup

ကျမ အချိန်တွေကို
ကုန်လွန်စေနေတယ်ဆိုတာ သိပါတယ်
ကျမ အချိန်တွေကို ကုန်လွန်စေနေတာပါ

And i'm just passing time
I'm just passing time


T Chen
3:17 PM
3rd of Oct 2014
LTO | YGN | MYN

Wednesday, June 25, 2014

စာပေ ကိုယ်ခံအား နဲ့ ရိုမန်ဘောထ်



Roman bot’ world

အောင်ရင်ငြိမ်း စာအုပ်ကိစ္စ ကို ခုတလော အပြောများနေကြပါတယ်။

ဘယ်လိုစာအုပ်ပဲ ထုတ်ထုတ်ပါ။ စာဘတ်သူသာ ကိုယ်ခံအားကောင်းရင် ရွေးချယ်ဘတ်ရှု နိုင်မှာပါပဲ။ အလွယ်ရတော့ ကလေးတွေ ပိုလက်လှမ်းမီလာတာ ဟုတ်ပါတယ်။ သို့သော် အခု က ဘာခေတ်လဲ။ အင်တာနက်ပေါ်မှာ ဒီဟာတွေ က မရချင်အဆုံး မမြင်ချင်အဆုံး မလိုချင်မှ ဘုံးပေါလအော ပါ။

အခုလို ဘယ်လို သတင်းအချက်အလက်တွေကိုမဆို လျှပ်တပြတ်အတွင်းရနိုင်တဲ့ ခေတ်မြန် အင်တာနက်ခေတ်မပြောနဲ့ ကိုယ်တွေ ၁၃၊ ၁၄ နှစ် လောက်........ကိုယ့်အကိုတွေ အဲ့အရွယ်လောက်၊ ကိုယ့်ဦးလေးတွေ အဲ့အရွယ်လောက် ကတည်းက အပြာစာပေ ဆိုတာ ရှိနေတာပါပဲ။ မန္တလာမောင်မောင်တုတ်တို့ ပေါက်ကျော်မ တို့ ကမ္ဘာကျော်ရတနာ ဝင်းထိန် တို့ဆိုတာမျိုး နဲ့ ကိုယ်တွေ ကြီးပြင်းခဲ့ကြရတာပါပဲ။

အပြာစာပေကို အဆိပ်အတောက်စာပေဆိုတာမျိုးပြောနေတာထက် စာပေဆိုတာမျိုးက အမျိုး အစားစုံရှိသင့်ပါတယ်။ ပြောချင်တာက အပြာစာပေဆိုတာမျိုးကလဲ အသိပညာပြည့်စုံပြီး အရွယ်ရောက် အမျိုးသား၊ အမျိုးသမီးတွေအတွက် ရှိသင့်တဲ့ ဖျော်ဖြေရေး စာပေတစ်မျိုး လို့မြင် ပါတယ်။

နှိုင်းယှဉ်ပြောရမယ်ဆို…….ရှင်မိုး၊ လွန်းထားထား၊ မီကိုဇူးဇင်၊ နိုကိုဇူးဇင်၊ စတဲ့ အပျော်ဘတ်စာပေတွေ၊ စိတ်ကူးယဉ်စာပေ ဆိုတာတွေလဲ လူငယ်တွေကို ဘာမှ ထူးပြီး အကျိုးပြုတာ မဟုတ်ပါဘူး။ အဲ့လိုပြောလို့ ဖေမြင့် တို့ ညီညီနိုင်တို့ နေဇင်လတ်တို့လို တိုးတက်ကြီးပွားရေးတွေပဲ ဘတ်နေရမယ် မဆိုလိုပါဘူး။ ကြက်စွပ်ပြုတ်တွေ နဲ့ လဲ ဘဝဆိုတာ အားပေးနေလို့ပြီးတာ မဟုတ်ပါဘူး။

ဘဝဆိုတာ ကြက်စွပ်ပြုတ်လိုအပ်တဲ့ အချိန်ရှိသလို၊ မင်းင်္သီခ လို မင်းမြတ်သူရလို မောင်ဝံသ ရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်လို စွန့်လွှတ်စွန့်စား ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားတို့၊ ပျားဆွဲသော မုတ်ဆိတ် တို့ ကိုယ့် မိဘ ကို သတ်သွားလို့ လက်စားပြန်ချေတဲ့ အက်ရှင်လိုမျိုး တနေ့သောအခါ သာယာသော မြေလတ်မြို့လေးက ရိုးသားကြိုးစား လူငယ်လေး နဲ့ သူ့ကို မာယာ နဲ့ မျှား မြူဆွယ်စားတဲ့ ထမင်းဆိုင်ရှင် အပျိုကြီး မမ လို စာအုပ်မျိုး၊ မည်ကဲ့သို့ လုပ်လိုက်သည်မသိ ရန်သူတွေအတုံးအရှုံးကျဆုံးကုန်တယ် ဆိုတဲ့ ဘုန်းကြွယ်မျိုး၊ နေလင်းအောင်မျိုး၊ ဒေသန္တရ ဗဟုသုတ အလို့ငှာ မြိုင်ရာဇာ ကတွတ်ပီ လိုမျိုး၊ မုတ်ဆိုးကျော် ဖိုးထော် လိုမျိုး၊ အပျင်းပြေ ရယ်မောစေရတဲ့ ရွှေအိရွှေဘုတ် လေးမွန်ထွေးမွန်လိုမျိုး၊ အစဉ်အရမ်းမိတဲ့ရှင်ဂွမ်းဂွိ၊ တောင်တန်းက အပျို ယောင်ယမ်းထငိုတဲ့ ညောင်ရမ်းဂွတိုလိုမျိုး၊ အရီးညွှန့် ဘူးညွှန့် ဒိုင်းညောင့် တတ်တဲ့ အာဖျံကွီးလိုမျိုး၊ ပြည်သူ့ဘက်တော်သား ကိုပူစီ၊ မောင်စူပါ၊ ဒီလုံး လိုမျိုး၊ ဖြူဖြူ စိတ်ကူးယဉ်သွားလို့ပါ ဖေဖေ ဆိုတဲ့ စာပေမျိုး၊ မင်္ဂလာမောင်မယ်လိုမျိုး၊ မိုးသောက်ပန်းလိုမျိုး၊ တေဇ လိုမျိုး၊ တို့ကျောင်းသားလိုမျိုး၊ ဂရင်းညီနောင် ပုံပြင်တစ်ရာလိုမျိုး၊ နုယဉ် လိုမျိုး။ အီစွတ်ပုံပြင်လိုမျိုး စာအုပ်တွေ လိုသလို ဆရာသခင် ဘသောင်း ဘာသာပြန်တဲ့ အာရေဗီယံနိုက်ထ် တစ်ထောင်တည လိုမျိုး (စကားမစပ် သူလဲ တော်တော် “ပြာ”ပါတယ်) စာပေတွေလိုသလို၊ ပရာဒို နဲ့ တန်းဝင်လာ ကောင်မလေးကို ဟန်းဖုန်း လက်ဆောင်ပေး(တလုံး သိန်း ၄၀ ခေတ်ကနော်) ညက ဖုန်းဆက်မယ် မကိုင်မနေရလို့ ခပ်မိုက်မိုက်ပုံစံနဲ့ပြော………..မြီးကောင်ပေါက်မလေးတွေအရမ်းကြွေ သို့သော် အကျိုးတော့ မရှိ စတဲ့ စာအုပ်မျိုးတွေလဲ လိုတာပါပဲ။

ပြောချင်တာ စာဘတ်သူတွေရဲ့အသက်အရွယ် အသိဥာဏ် အလိုက် စာပေအမျိုးအစားမျိုးစုံလိုတယ်ဆိုတာပြောချင်တာပါ။ စာဘတ်နာလာတာနဲ့အမျှ၊ စာဘတ်တတ်လာတာနဲ့အမျှ စာဘတ်ခြင်းဆိုင်ရာ ကိုယ်ခံအားကောင်းလာပါလိမ့်မယ်၊ အဲ့တာဆို ဘယ်လိုစာပေမျိုးက ကိုယ့်ချင်ချဉ်းကို အာသာပြေစေသလဲ ဆိုတာ ကိုယ့်ဘာသာ ရှာဖွေဘတ်ရှုတတ်လာပါလိမ့်မယ်။

ပြောချင်တာက ထုတ်ချင်တဲ့သူ သူ့ဘာသာ ထုတ် မဝယ်ဘဲနေလို့ရတယ်၊ မဘတ်ပဲနေလို့ရတယ်။ ကလေးတွေလက်လှမ်းမီတာ မမီတာ ပြောမယ်ဆိုရင်တော့ ကျတော်တို့ ကလေးဘဝကတည်းက ဒါတွေ လက်လှမ်းမီခဲ့ပါတယ် လို့ပဲ ပြောပါရစေ။

ဗဟုသုတ ကတော့ ယူသော်ရ၏ လို့ပဲ ပြောမလား။ တီချမ်း မိုတို အတိုင်း လျှာရှည်လေ တွေ့ရှိလေ လို့ပဲ ပြောမလား……မီကို နိုကို တို့ ဘတ်တော့လဲဘယ်တော့များ အရမ်းချမ်းသာတဲ့ အဖွားက အမွေတွေ လာပုံပေးမလဲ၊ နှိပ်စက်ကြတဲ့ နှိမ်ကြတဲ့ ညီအကို မောင်နှမ ဝမ်းကွဲတွေ ကို ဘယ်လို လက်စားချေလိုက်ရမလဲ၊ ဟော လမင်းမိုမို တို့လို အချစ်အိမ်ထောင်ရေး ဘာညာ ကျတော့ ငါ့ အလှည့်ကျရင်တော့ ယောက္ခ မတွေ နဲ့ မတည့်တာ မဖြစ်အောင် အိမ်ခွဲနေမယ်၊ တစ်လ တခါလောက် တွေ့တော်ပြီပေါ့၊ ဟိုဘက်အမျိုး ဒီဘက်အမျိုး စကားအရှုပ်အရှင်း မဖြစ်ရအောင် အိမ်ထောင်ကျပြီးရင်တော့ စိတ်ပေါင်း ကိုယ်ခွာပဲ ဖြစ်ဖြစ်၊ ကိုယ်ပေါင်း စိတ်ခွာပဲ ဖြစ်ဖြစ် နေကြကောင်းတယ် စသဖြင့်ပေါ့။ အပြာစာအုပ်ဘတ်တော့ ကောင်မလေး နဲ့ ကောင်လေး ချိန်းတွေ့ကြ မှားကြ ဆိုတာမျိုး ဘတ်ရရင် ကိုယ့်အလှည့် ကျ အဲ့လို မဖြစ်အောင် ငါ ဘယ်လိုထိန်းမယ်လို့ယူပေါ့၊ ကိုယ့်အလှည့်ကျ ငါဘယ်လို ဇိမ်ခံလိုက်မယ် လို့ စဉ်းစားရင်လဲ သဘောတော်ရှိပါပဲ။

စာအုပ်ကို ကြေငြာပေးနေတာ မဟုတ်ပါဘူး။ လူတွေမှာ အကောင်းအဆိုး ရှိသလို ကိုယ်ဘယ်လိုလူ နဲ့ သူငယ်ချင်း လုပ်မယ်ဆိုတာ ကိုယ့်ရွေးချယ်မှုပါ။ ကိုယ်ဘယ်လိုစာအုပ်ဘတ်မယ်ဆိုတာလဲ ကိုယ့်ရွေးချယ်မှုပါ။ တခုပဲ ကိုယ်ခံအားတော့ ကောင်းပါစေ။

မရေးတာကြာလို့ နည်းနည်းရှည်ရှည်လေး ရေးလိုက်ပါတယ်။

တီချမ်း
25th June 2014
Yangon | MYANMAR


 Note:

စာအုပ်ကို မဘတ်ရသေးပါဘူး၊ သူများတွေ ရေးတဲ့ ရီဗျူးတွေ ဓါတ်ပုံရိုက်တင်ကြတဲ့ ဟိုတမျက်နှာ ဒီတမျက်နှာ ပဲဘတ်ရပါသေးတယ်။ သို့သော် ပြောချင်တာ အကြောင်းအရာ အဓိက မဟုတ်ဘဲ ရွေးချယ်မှု နဲ့ စာပေ ကိုယ်ခံအား မို့ ရေးလိုက်ပါတယ်။ 


Tuesday, February 4, 2014

အသစ်ပြန်ဖြစ်တဲ့ သက်ငင်အချစ်

အသစ်ပြန်ဖြစ်တဲ့ သက်ငင်အချစ်

ဂျူးရဲ့ သက်ငင်ချစ်မှာပါတဲ့ ဇာတ်ကွက်တခုပါ။ ခင်လေးငယ် ကို သူ့ ရည်းစားက ဖြတ်တော့မယ့် အခန်း၊ သီသီလွင်ဆိုတဲ့ နောက်တယောက်နဲ့ ချစ်သွားတဲ့ ကိုကိုက ထားခဲ့တော့မယ့် အခန်းမှာ ဂျူး က ဒီလိုဖော်ကျူးထားပါတယ်။

အို….သီသီလွင့်ကို ပိုချစ်ရင်….။
ဟင့်အင်း……၊ သူများ ကိုကို့ ကိုမခွဲနိုင်ပါ ကိုကို။
ယောင်ယမ်း၍ ကိုကို့မျက်နှာကို အထိတ်တလန့်မော့ကြည့်မိပါသည်။ ကိုကိုသည် သူများကို ငုံ့ကြည့်နေခြင်းမရှိပါ။ ဟိုးဘက်မြစ်ပြင်ဆီသို့ ငေးနေပါသည်။

မေးဖို့မလိုပါ။ သည်မေးခွန်းကို မေးဖို့မလိုပါ။ သူများရိပ်မိပါသည်။ ကိုကိုလိမ်လည်၍ ဖြေသည့်တိုင်အောင် သူများရိပ်မိပါလိမ့်မည်။  သည်အဖြေကိုလည်းမကြားရဲပါ။

သည် သုံးလေးလအတွင်းမှာ..ကိုကိုနှင့် နှစ်ယောက်ချင်းချိန်းတွေ့သည့်ရက်သည် သည်နေ့ရော ပေါင်းပါမှ နှစ်ခါပဲ ရှိပါသေးသည်။

ဟုတ်ပါသည် ကိုကို၊ သူများချိန်းတိုင်း ကိုကို့မှာ အကြောင်းပြချက်တခုက ရှိနေတတ်သည် မဟုတ်ပါလား။

ဘောလုံးကွင်းသို့ သွားစရာရှိပါနေသည်ဆို…..
တင်းနစ်ကုတ်သို့ သွားရပါဦးမည်ဆို…….။
တီးဝိုင်းအတွက် သီချင်းအသစ်တိုက်ရပါဦးမည်ဆို……။
နောက်ပြီး ဘယ်အဖွဲ့က ဘယ်တယောက်နေမကောင်း၍ လိုက်တီးပေးနေရပါသည် ဆိုတာမျိုး။ သြော်…… ဒီလိုတော့လည်း ကိုကို့မှာ အလုပ်က အများသားပါကလား။
ညည အိမ်ရှေ့သို့ ဂစ်တာလာမတီးသည်ကလည်း ဘယ်နှစ်လ ရှိနေပြီလဲ။ စေ့စေ့တွေးတော့လည်း ရေးရေးပေါ်ပါသည်။

အရိပ်မြင်ရုံနှင့် အကောင်မထင်ခဲ့မိဘဲ၊ အကောင်မြင်ခါမှ ရိပ်မိရသော သူများအဖြစ်သည် မည်မျှရယ်ဖို့ကောင်းလိုက်ပါသလဲ။ ရယ်နိုင်လျှင် တင်းကြပ်နေသော ဝေဒနာ သက်သာသွားမည်လား……..?

ဒါ ဂျူးက ၁၉ ၈၁ ဇွန်လ ရှုမဝမှာ ရေးခဲ့တဲ့ သက်ငင်ချစ်ထဲကပါ။ ကိုယ်မမွေးသေးပါဘူး။

သူငယ်ချင်းကောင်လေးတယောက်ရှိပါတယ်။ သူက သူ့ရည်းစားကောင်မလေးတွေနဲ့ အီစီကလီ အဆင့်မှာပဲ ပျော်ပိုက်လေ့ရှိတယ်။ ရည်းစားသက်တမ်းကြာလာလို့ တည်တည် တံ့တံ့ ဖြစ်လာပြီဆိုရင် သူ ယောက်ယက်ခတ်ပြီး အဲ့ကောင်မလေးနဲ့ ပြတ်တော့တာပဲ။ ဘာလို့လဲ လို့မေးကြည့်တော့ “သမီးရည်းစား သားရည်းစားဘဝမှာ အတည်ရယ်လို့ ဖြစ်လာကြပြီဆိုရင်  မိန်းကလေးတွေက အရမ်းတွယ်ကပ်တတ်လာတယ်၊ နေ့တိုင်းနေ့တိုင်း ဘယ်သွား ဘာလုပ် ဘယ်သူနဲ့တွေ့ စတာတွေကို နာရီမိနစ် စက္ကန့်မလပ် သတင်းမပို့ချင်ဘူး” တဲ့လေ။ စိတ်ရှုပ်စရာတွေပါတဲ့။

အဲ့တော့ ကိုယ်ကသူ့ကို မေးခွန်းလေးတွေမေးမိတယ်လေနော်။

“မိန်းကလေးတယောက်ကို ကြိုက်လို့ ချစ်လို့ စိတ်ဝင်စားလို့ဆိုပြီး လိုက်ဖူးလား?”
“လိုက်ဖူးတာပေါ့”
“ဘယ်လိုပုံစံနဲ့လိုက်လဲ”
“ဖုန်းတွေ နေ့တိုင်းဆက်တယ်၊ အီစကလီထုတယ်၊ တွေ့ဖို့ချိန်းတယ်”
“တကယ်လို့ သသက ဂရုမစိုက်သလိုနေရင်ကော”
“တောက်တဲ့ကပ်သလို တွယ်ကပ်နေတာပေါ့။ နေ့ရော ညကော သူ့အိမ်ရှေ့မှာ ခြေအေးဝမ်းယောင် လုပ်တယ်၊ ဂစ်တာတီးတယ်၊ သူသွားတတ်တဲ့ စာအုပ်ဆိုင်တွေ လိုက်တယ်၊ အကြည့်မြှားတွေပစ်တယ်၊ ဈေးသွားမယ့်လမ်းမှာ ထိုင်စောင့်တယ်၊ ကျောင်းဆင်းချိန် စောင့်တယ်၊ ကျူရှင်သွားရင် နောက်ကလိုက်စကားပြောတယ်၊ နှင်းဆီပန်းတွေပေးတယ်၊ အက်စက်ထရာ အက်စက်ထရာပေါ့။ လူက ခရီးတွေဘာတွေထွက်ရင် ဖုန်းဆက်ပြီးတော့ ဘယ်ရောက်နေပြီလဲ ဘာလုပ်နေလဲ ဘယ်တော့ပြန်လာမလဲ ပြောတယ်၊ ခရီးက ပြန်လာရင် လက်ဆောင်တွေ ဝယ်လာ တကူးတက သွားပေး၊ ခရီးမထွက်ဘူးဆိုရင်လဲ တနေ့ ၃ ခါ သတင်းပို့တယ်၊ မနက် နေ့လည် ည စားပြီးပြီလား ဖုန်းဆက်မေးတယ်၊ အခုပြောခဲ့တဲ့နည်းတွေအကုန်က အလုပ်ဖြစ်တယ်၊ ကောင်မလေးတွေအရမ်းကြွေတယ်” သူက ဂုဏ်ယူဝင့်ကြွားစွာဖြေပါတယ်။ 

“ချစ်ကြိုက်သွားကြပြီးတော့ကော နေ့တိုင်းတွေ့ဖြစ်ကြလား?”
“တနေ့မတွေ့ဘဲ မနေဘူး၊ မတွေ့တဲ့နေ့ရယ်လို့ကို မရှိဘူး”
“သူက အလုပ်မအားရင်ကော?”
“အလုပ်မှာ သွားကြိုတာပေါ့”
“တကယ်လို့ နင်က မအားရင်ကော”
အလုပ်ပြီးတာနဲ့သူ့ဆီချက်ချင်းပြေးတာပဲ”
“တနေ့ကို ဖုန်းဘယ်နှစ်ခါလောက်ပြောဖြစ်ကြလဲ?”
“အရမ်း “ဟိ” (အပူ - အန်တီချမ်းဆို့ကဲ့သို့ ဘေးလူအမြစ်ကပ်လောက်အောင် အရမ်း သည်းသည်းလှုပ် ချစ်နေကြသည့်အချိန်) တက်နေကြတုံးကဆိုရင် တနေ့ကို အများဆုံးက ၁၀ ခါထက်မနည်းဘူး။ တခါတခါ ပြောရင်လဲ နာရီ ပေါင်းများစွာနဲ့ချီပြီး စံချိန်တင်ဖူးတယ်”

ကဲ အဲ့ဒီတော့ မေးစရာတခုပဲကျန်တော့တယ်။
“အဲ့ဒီအချိန်တုံးက နင်က သူ့ကို သိပ် ကပ်တာပဲလို့ မမြင်ဘူးလား?”

သူက ရှက်ရယ် နဲ့ မဲ့ပြုံးပါတယ်။ ယောက်ျားတွေက မိန်းမတွေ သိပ်ကပ်တာပဲ၊ သိပ် ချုပ်ချယ်တာပဲ၊ သိပ် ပစီပစပ်များတာပဲ လို့ပြောလေ့ရှိကြတယ်။ တချိန်တုံးက တောက်တဲ့ တွယ်သလိုတွယ်ကပ်နေခဲ့တာ၊ အရှက်မရှိ သရက်စိခဲ့တာ၊ တနေ့တနေ့ အရည်မရအဖတ်မရ ဖုန်းဆက်ဆက်ပြီး သူများသိချင်လားမသိ မသိချင်လားမသိ သူ့တို့ ဘာလုပ်တယ်ဆိုတာ ဖုန်းဆက်ဆက်ပြောတတ်တာ၊ အားအားယားယား ဖုန်းခွက်ကို လျှာနဲ့ ယပ်ခတ်တာ၊ တနေ့မတွေ့ရရင် ကိန္နရီချောင်းချား အာဝါဒါး တတ်တာ သူတို့ပဲ မဟုတ်လား။ ဘာလို့များ အဲ့တာတွေ အကုန် လွယ်လွယ်နဲ့ မေ့ကုန်ကြတာပါလိမ့်နော်။

တီချမ်း ပြောချင်တာ အဲ့တာ ပါပဲ။

T Chen
3rd Feb 2014
6:39 PM | Monday |   
Royal Nay Pyi Taw Hotel |
Nay Pyi Taw | MYANMAR