Wednesday, December 23, 2009

နောက်မိုးတလင်း


နောက်မိုးတလင်း

လှုပ်တုန်နေတဲ့ ကျောခိုင်းမှုနဲ့
ငိုချင်နေတဲ့စိတ်ကို ဖုန်းဝှက်ထားပါ့မယ်
တချို့ပုံပြင်တွေက
လူတိုင်းကိုပြောပြစရာမလိုပါဘူး
မျက်လုံးတော်တော်များများ(ပေါင်းများစွာ)က
နီးနီးပဲကြည့်တယ်
တိမ်တိမ်ပဲကြည့်တတ်ကြတယ်
မှားယွင်းခဲ့တဲ့ငါ
အမြင်တိမ်တဲ့ငါ့ကိုယ်ငါကို
ပြန်မမြင်ခဲ့ဘူး

လွယ်ရှင်းတဲ့ ဘာသာစကားနဲ့
လေးပင်နေတဲ့စိတ်ကိုရှင်းမယ်
တချို့ ညစ်ညူးစိတ်တွေက
နားလည်တတ်တဲ့လူကိုပြောပြရမယ်လေ
နင့်မျက်ရည်ပူတွေက
ငါ့ကိုနင့်ထက်တောင်
ပိုလောင်ပူစေပါသေးတယ်
ငါကတိပြုပါတယ်
နောင်ကို ပိုရဲရင့် ပိုကြံ့ခိုင်တော့မယ်လို့

နောက်မိုးတလင်းကိုရောက်ရင်
အရင်တခါလက်ချင်းတွဲပြီးလျောက်ခဲ့ကြတဲ့
ပန်းခြံမှာ လမ်းလျောက်သွားရအောင်ဟာ
တချို့တိမ်တွေက သူ့ဘာသာ ပျယ်သွားတတ်ပါတယ်
နင့်ပခုံးက ငါ့အတွက်လုံခြုံတဲ့ကောင်းကင်ပေါ့
နောက်မိုးတလင်းကျရင်
ဟိုတခါ ပင်လယ်ကိုငါတို့သွားကြည့်တုံးက
နင်ခိုးရိုက်ထားတဲ့ ငါ့ဓါတ်ပုံလေ…
ငါ့ကိုပေးပါလားဟာ
လေအနှော့မှာ ဆော့နေတဲ့ ငါ့ဆံပင်တွေ
ဝဲပျံပုံကို ငါကြိုက်လို့ပါ
ဝေ့ဝှဲနေတဲ့ မိုးစက်တွေနဲ့အတူ
မမေ့နိုင်စရာ ပုံရိပ်တခုပေါ့

အချိန်က ငါ့ရဲ့ မှတ်ဥာဏ်တွေကို
လျော့ပါးစေပေမယ့်
တချို့အမှတ်တရတွေက
ဘယ်တော့မှဖျက်မရတဲ့
ထာဝရအတွက်ပါ
ငါ့ရဲ့အတ္တသေးသေးလေးနဲ့
မာနကိုခွင့်လွှတ်ပေးပါ
ဘာလို့လဲဆိုတော့
ငါ့ကိုအမြဲကာကွယ်ပေးဖို့
နင်…ရှိတယ်လေ

Claire
Next dawn

A Chen
5:59 am
23rd December 2009
Home
Bangkok

Sunday, December 20, 2009

ကိုယ်ညာတော့ သူပြုံးနေတယ်

ကိုယ်ညာတော့ သူပြုံးနေတယ်

တလောက ရိုးသားတာ ဟန်မဆောင်တတ်တာ အကြောင်းတွေရေးထားတော့ ခုလိမ်တဲ့ညာတဲ့အကြောင်းလေးရေးချင်နေပါတယ်။ အဆိပ်ကိုပြန်ဖြေတဲ့သဘောပေါ့။ ရိုးသားတာက အဆိပ် လိမ်တာ ညာတာ ကဖြေဆေးနော်။ ပြောင်းပြန်မယူနဲ့။

ငယ်ငယ်တုံးက ကိုယ်က လိမ်တာ ညာတာ တော်တော်ဝါသနာပါပါတယ်။ ဘယ်လောက်အထိအောင်လဲဆိုတော့ လိမ်တာကို လိမ်လို့ လိမ်နေမှန်းတောင်မသိအောင်ပါပဲ။ နေအေးလိမ်နည်းကျေတယ်ပြောမလား (အမှန်တော့ဖတ်တောင်မဖတ်ဘူးဘူး) လိမ်တာကို တဖက်ကမ်းခတ်နေတယ် ဆိုပါတော့။ ခုမှပြန်စဉ်းစားကြည့်ပြန်တော့ အဲ့တုံးက လိမ်ခဲ့တာတွေက လိမ်တယ်မမည်လောက်ပါဘူးလေ။ အမှန်ကတော့ ကိုယ်ကပုံပြောကောင်းလွန်းတာပါ။ စိတ်ကူးအရမ်းကောင်းသလို အပြောလဲအရမ်းကောင်းခဲ့တယ်ပဲဆိုပါတော့။ အဲ့လိုနဲ့ ပဲ လူတွေအများကြီးကို ပုံပြင်တွေ အများ ကြီးပြောဖြစ်ခဲ့တယ်။ နောက် နည်းနည်း အသက်ကလေးရလာတော့မှ အမဲနဲ့ အဖြူ၊ အမှန်နဲ့ အမှား၊ အဆိုးနဲ့အကောင်းစတာတွေ နည်းနည်းလေးနားလည်လာတဲ့အခါမှ လူဆိုတာ အလိမ်အညာ ကင်းကင်းနဲ့ လူလုပ်နိုင်ရင် ပိုကောင်းတယ်ဆိုတာ တဖြည်းဖြည်း ပိုမို နားလည်သဘောပေါက်လာတာနဲ့အမျှ အဲ့ဒီအချိန်ကစပြီး အလိမ်အညာတွေ ပုံပြောတာတွေ လျော့ခဲ့တယ်။ နောက်ကျတော့လဲ တမျိုးပြန်စဉ်းစားမိပြန်တယ်။ မိန်းမတွေဟာ တခါတလေမှာ တော့တဘက်လူကို အရမ်းကြီးလဲ ထိခိုက်နစ်နာမှု မရှိဘူးဆိုရင် လိမ်တာ ညာတာ ပုံပြင်တွေ ဘာညာ ပါးပါးလေးတော့ ဖြူဖြူ စင်စင် ပြောလို့ရတယ်/ပြောလို့ သင့်တယ်ဆိုတာပါပဲ။

ယောက်ျားတွေကို ဒီလို လေးတွေ ပုံပြောလို့ရပါတယ်။ ဥပမာပေါ့နော်…

“ရှင်ဟာ ကျမတွေ့ဖူးတဲ့ယောက်ျား ဘသားတွေထဲမှာာ အတော်ဆုံးပဲ”

“အရင်ကဟာတွေအကုန်က အလကားပါ မောင်နဲ့တွေ့မှ ကျမက အချစ်ဆိုတာ ဘာလဲဆိုတာကို သူငယ်တန်းကနေစသိ၊ သင်ယူ၊ သဘောပေါက် လာခဲ့ရတာ”

“မောင်က ကျမရဲ့ ဒုတိယမြောက် ကြုံဆုံရတဲ့ ယောက်ျားပါ၊ နောက်ဆုံးတယောက်လဲဖြစ်တယ်”

“ရှင်က နမ်းတာ သိပ်တော်တာပဲ”

“ရှင်က သိပ်သန်မာတယ်နော်” (အမှန်ကတော့ နည်းနည်းလေးမဆိုစလောက် “ပု” နေတဲ့ လူ့ဖလန်လေးပါ)

“ရှင်က ရယ်စရာတွေ သိပ်ပြောတတ်တာပဲ၊ ဟာဒရဥာဏ် တော်တော်ရွှင်တယ်နော်…”
(အမှန်ကတော့ သူပြောတဲ့ ဟာသတွေက အေးစက်လွန်းလို့အိပ်မပျော်သွားအောင်၊ သူ့ရှေ့မှာ မ သန်းဝေ မိအောင် (ကြိယာပါ လူနာမည် နမ်မဟုတ်) တော်တော်သတိထားနေရတာ)


“ရှင့်ကိုကြည့်ရတာ တော်တော်လေးနနေသေးတယ်နော်” (အမှန်ကတော့ သူ့မျက်ခမ်းစပ်နားက ကျီးခြေထောက်က ပုရွက်ဆိတ် တကောင်ကိုတောင် သေသေချာချာ ညှပ် သတ်နိုင်နေပါပြီ)

မိန်းမတွေကိုကျတော့ ဒီလိုပြောနိုင်ပါတယ်……..

“ဒီနေ့ မင်းအရမ်းလှနေတယ်နော်” (အမှန်ကတော့ ဝတ်ထားတာက တုံးပြီး တိုက်ဂေါနေတယ်လို့ စိတ်ထဲမှာ ထင်နေတာပါ)


“ဟင် အသက်က အဲ့လောက်ရှိနေပြီလို့ လုံးဝ လုံးဝ မထင်ရဘူးနော်။ နုလိုက်တာ” (တကယ်က အရင်တခေါက်တွေ့တုံးကထက်တောင်အများကြီး ပိုအိုစာလာတာ)

“အပျိုကြီး၊ ကောင်းတာပေါ့ အပူမရှိဘာမရှိ အေးချမ်းလိုက်တာများနော်” (အမှန်ကတော့ ဘယ်ယောက်ျားကမှ သူ့ကို မကြိုက်တာ ကြာလှပေါ့)

ငယ်ငယ်တုံးကလိမ်တာ ညာတာတွေက မလိုအပ်ဘဲနဲ့ အလွယ် လိမ်တာညာတာပါ။ အမှားကို တာဝန်မယူချင်လို့ ရိုးရိုးလေး အလွယ် လိမ်လိုက် ညာလိုက်တာပါ။ အသက်ကလေးတွေရလာမှ လူ့ဘဝမှာ တခါတလေ လိမ်တာ ညာတာလေးတွေ သုံးလိုက်ရတဲ့ အချိန်လေးတွေ အခိုက်အတန့်လေးတွေရှိလာတယ်ဆိုတာ နားလည်သဘောပေါက်လာခဲ့တယ်။

လိုချင်တာက တဘက်လူရဲ့ ပျော်သွားတဲ့ အပြုံးလေးတခုတည်းလဲဖြစ်နိုင်ပါတယ်။

A Chen
00: 47 am
20th December 2009
Hotel Olympic Sports
Kuala Lumpur
Malaysia

Saturday, December 19, 2009

ချစ်ရတဲ့ ကလိုကလူ လေးရေ



(picture of jimmy)

ချစ်ရတဲ့ ကလိုကလူ လေးရေ

မနေ့က ငါပြတင်းပေါက်အပြင်ကိုထွက်ပြီး၊့ ၁၇ ထပ်အမြင့် ပြတင်းပေါက်ဘောင်ပေါ်ကနေပြီးတော့
နေ၀င်တာကိုစောင့်ကြည့်နေခဲ့တယ်
သီချင်းတွေလဲ အကျယ်ကြီးအော်ဆိုပြီးတော့လေ
တစ်ပုဒ်ပြီးတော့ နောက် တစ်ပုဒ်……ပျော်လိုက်တာဟာ
သာယာလှပတဲ့ အနာဂတ်နဲ့
လောကကြီးတစ်ခုလုံးကိုငါပိုင်နေသလိုပဲ

ဒါပေမယ့် ငါအိမ်ထဲပြန်ဝင်လိုက်တာနဲ့ ပိုပြီးထူထပ်သိပ်သည်း တဲ့
အထီးကျန်မှု ကိုခံစားလိုက်ရတယ်
အဲဒီတော့ တခါပြတင်းပြင်ကိုထပ်ထွက်ပြီးတော့ မှုန်တုန်တုန်ကြယ်တွေ ကိုကြည့်ပြီး
သီချင်းတွေ ထပ် တခါအော်ဆိုတာပေါ့ဟာ

ဆိုရင်းနဲ့ အာခေါင်တွေ ခြောက်ကပ်လို့ လျှာတောင် ကွဲတော့မယ် မရပ်ချင်သေးဘူးလေ
မိုးအလင်းဆိုပစ်ချင်သေးတာ။
မောလှပြီ။ ။
ပြတင်းဘောင်ပေါ်မှာ ထိုင်ချလိုက်ပြီး
မြို့တော်ကြီးရဲ့ မီးရောင်တွေကိုတခါငေးမိပြန်တယ် စိတ်ထဲမှာနဲနဲ နွေးလာသလိုပဲလေ

မြို့တော်ကြီးထဲမှာတော့ ‘‘အထီးကျန်သူ’’ ဟာ ငါတစ်ယောက်ထဲ ဟုတ်မှာမဟုတ်ပါဘူးနော်
အနည်းဆုံး ငါ့လို အထီးကျန်နေတဲ့ ငကြောင်နောက်တစ်ကောင်တော့ ရှိရမယ်
ဟောင်းလောင်းကြီးခံစားရတဲ့အခါ ကောင်းကင်ကြီးကိုကြည့်ပြီးတော့ သီချင်းတွေအော်ဆို..
မိုးလင်းတဲ့ အထိပေါ့
အင်း ဒီ မြို့တော် ကြီးထဲ မှာ သူ နဲ့ ငါဘယ်တော့မှ ဆုံမှာတော့ မဟုတ်ပါဘူး
ဒါပေမယ့် သူ့ကိုငါ ရင်းနှီးနေသလိုခံစားရတယ်

မိုးလင်းပြီဟ………..
သွားအိပ်တော့မယ်ဟာ………….နော်။ ။

ခိုကလေး
၎ လပိုင်း ၁၇ ရက်နေ့။ ။
အာရုံ ၅နာရီ။

Thursday, December 17, 2009

သူငယ်တန်းဖတ်စာ

မောင်ညီမလေးတို့ရေ

ဒီနေ့ အသစ်ဖတ်မှတ်ကြရမယ့် စာလွှာကတော့ စာဆိုတော် နန်းမတော် မယ်နု နဲ့ ညီအမ ၈စိပ်ကွဲတော်စပ်ပြီး နန္ဒသူရ အမတ် (ရှိမရှိမသိ အဟိ) (မဲဇာတောင်ခြေရေးတာဘယ်သူပါလိမ့် သြော် နန္ဒသူရိယ အမတ်ကြီး ဟုတ်တယ်မှလား?) နဲ့ စပ်ရင် ဟိုဘက်ဒီဘက် အမွေဆိုင် လင်ပါသားရဲ့ တူ ၂ဝမ်းကွဲ၊ အဆွေးကဗျာတွေရေးတာဘယ်သူ….သြော် နတ်သျှင်နောင် နဲ့ကျတော့ ဘယ်လိုတော်တာလဲဆိုတော့ ဦးလေးရဲ့ အကိုဝမ်းကွဲ နဲ့မယားပါသား ဘက်က မြေး အင်း အဲ့လို ခုတလော ဗာရာဏာဘလောခ်ပြည်မှာ နာမည်ကျော်ကြား၊ ထင်ရှား၊ လျှမ်းလျှမ်းတောက်၊ လက်မလည်(ကြက်သည် အဲလေ) လောက်အောင်၊ ပတ်ပလစ်ရှာတွေ လိုက်နေတဲ့ လူသိများလှတဲ့ အောင်မြင်လှတဲ့ ရောင်းအားကောင်းလှတဲ့ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံပေတဲ့ အိုဘယ့်ဘယ် အိုဘယ့်သမီးတော် စန္ဒာ သူဇာ တို့နဲ့ ညီအမ ဟိုဘက်ဒီဘက် အတင်းစပ်ရင် ဆွေတော်မျိုးတော် အမျိုးတော် တော်စပ်သူ သီဟပျံချီ ဘုံပျံ သီရိသုဓမ္မ ခင်ကလျာ နွဲ့နွဲ့နှောင်း ဘွဲ့ရ နန်းမတော် အွန်စော ဂျူမုံ ချိုဝမ် နောက် (ဟင်းချက်တဲ့ကားထဲက ဘယ်သူ???) သြော်မှတ်မိပြီ ချန်ဂင် စဝ်နေ ယွန်း ခင်မိမိချမ်း (အောင်မဠီးဟဲ့ မွေးမေလေ့လေ့လေ့) က သူ့ရဲ့ ချစ်လှစွာသော စားရန်မွေးထားသည် ဟု စာဖတ်သူများ စွပ်စွဲကြသော ပုစွန် ၃ ကောင်အကြောင်း ကို ဒီလို လေးချိုးမမည် တျာချင်းမမြောက် ဒွေးချိုးဆိုတော့လဲမဟုတ်ပြန်တဲ့ “တမ်းချင်း” ကဗျာဖွဲ့ပါတယ်။ကဗျာ နာမည်လေးကိုတော့ ရိုးရိုးလေးပဲ “သူငယ်တန်းဖတ်စာ” လို့အမည်ပေးထားပါတယ်ကွယ်……ကဲကဲ ခံစားကြည့်ကြရအောင်နော်…..

သူငယ်တန်းဖတ်စာ

“ပ ပုစွန်တွေ သေရှာလေ
မ မောင်မင်းမင်း အပြစ်မကင်း
တ တီချမ်းမှာ စိတ်မကောင်းရှာ

က ကဗျာစပ် သူမနေတတ်
ဘ ဘလောခ်ရေးအသိပေး
အ အဟေးဟေးမရယ်နိုင်တော့
ပ ပုလင်းလေး ဟောင်းလောင်းပေါ့
အဟော့ဟော့ အဟော့ဟော့”


တမ်းချင်း




သီဟပျံချီ ဘုံပျံ သီရိသုဓမ္မ ခင်ကလျာ နွဲ့နွဲ့နှောင်း ဘွဲ့ရ နန်းမတော် အွန်စော ဂျူမုံ ချိုဝမ် နောက် (ဟင်းချက်တဲ့ကားထဲက ဘယ်သူ???) သြော်မှတ်မိပြီ ချန်ဂင် စဝ်နေ ယွန်း ခင်မိမိချမ်း

ကဲကဲ
စာဖတ်သူတွေကို မေးခွန်းလေးတွေမေးပါမည်။

  • ပုစွန်၊
  • မောင်မင်းမင်း၊
  • တီချမ်း၊
  • ဘလောခ်၊
  • အဟေးဟေး အဟော့ဟော့

စတဲ့စကားလုံးတွေကိုသုံးပြီး ဝါကျဖွဲ့ပေးရပါမယ်။ (တလုံး ကို ၂ မှတ် ၅ လုံး ၁၀ မှတ်ပါ။) လာဖတ်ရင် ဖွဲ့ရပါမယ်၊ မဖွဲ့ရင် မဖတ်ရပါဘူး။ (ဟော ဖတ်ပြီးသွားလို့ ဒီအထိရောက်လာပြီ မှလား ဖွဲ့ပေတော့ မစဉ်းစားနဲ့ ဖွဲ့ပေတော့ ပဲ အဟေးဟေး…..)

ပြီးရင် အထက်ပါကဗျာ ကိုစကားပြေ ရေးပေးရပါမယ်။ (အမှတ် ၃၀ပါ။)

အထက်ပါမေးခွန်းတွေကိုအကုန်မှန်အောင် ဖြေနိုင်ရင် တီချမ်းရဲ့ သူငယ်ချင်း စစ်စစ် စာမေးပွဲမှာ အမှတ် ၄၀ အပြည့်နဲ့ သင် “အောင်” ပါပြီ။ ကဲကဲ ကံကောင်းပါစေနော်……….

ချစ်တဲ့
လှုပ်လီလှုပ်လဲ့ အပြုံးမပျက် ပြုံးလျက်
သီဟပျံချီ ဘုံပျံ သီရိသုဓမ္မ
ခင်ကလျာ နွဲ့နွဲ့နှောင်း ဘွဲ့ရ
နန်းမတော် အွန်စော ဂျူမုံ ချိုဝမ်
နောက် (ဟင်းချက်တဲ့ကားထဲက ဘယ်သူ???)
သြော်မှတ်မိပြီ ချန်ဂင်
စဝ်နေ ယွန်း ခင်မိမိချမ်း

ညီအကိုမသိတသိချိန် (၈ နာရီ ၅၀ မိနစ်)
ပြာသို လဆန်း ၂ ရက် ၁၃၇၁ ခုနှစ် (ခရစ်သက္ကရာဇ် ၂၀၀၉ ခု ဒီဇင်ဘာ ၁၇ ရက်)
အယုဒ္ဓယပြည် ဘန်ကောက်မြို့တော်
နေအိမ်တွင်ရေးသားပြီးစီးသည်။

bonus (ကိုကိုကာကာ ကိုအားကျလို့ပါ)..............

စာဖတ်သူတွေကို up date လုပ်တာပါ
ဒီနေ့ ဆံကေသာ “သ” ပါတယ်
(မှတ်ချက် ဘန်းစကားများ
ဖိနပ်သဲကြိုးလဲ၊ အိမ်ခေါင်မိုးပြင်)
မနက်ဖြန် မလေးရှား ကေအယ်လ် ကို ၅ ရက်သွားပါမယ်
အဲ့တာကြောင့် ရွိုင်းနင်းဂွိုင်းနင်း လုပ်ပါတယ်။ မောင်မင်းမင်း ကိုသွားမပြောပါနဲ့နော်...ရှူး..................



Wednesday, December 16, 2009

ဂရုမစိုက်သလို ဟန်ဆောင်လို့မရဘူး

ဂရုမစိုက်သလို ဟန်ဆောင်လို့မရဘူး

သူငယ်ချင်းတယောက် ရက်သတ္တ ၃ ပတ်ဆက်တိုက် ဆေးရုံ ရဲ့ အထူးကြပ်မတ် ကုသ ဆောင်ကို တင်လိုက်ရတယ်။ ဗိုက်အောင့်တဲ့ ဒဏ်ကို သူသေလုမျောပါးခံစားရတာလေ။ ဆရာဝန်တွေအမျိုးမျိုးကြိုးစားကြပေမယ့် ဗိုက်အောင့်တဲ့ အကြောင်းအရင်းကို ရှာလို့ မရ ကြဘူး။ သုံးပတ်ကျော်သွားတော့ သူ့လက်ထဲမှာ ရှိနေတဲ့ အလုပ်ကြွေးတွေအကုန်ပြီးသွားတဲ့ အခါလည်းကျရော ဗိုက်အောင့်တာပါ တပြိုင်တည်း ယူပြစ်သလိုပျောက်သွားတော့တာပဲ။ အဲ့တော့ မှာ သူတွေးမိတာက ဗိုက်အောင့်တာ က စိတ်ဖိစီးမှုတွေများနေလို့ ဖြစ်မှာပဲတဲ့လေ။

သူ့ကိုခင်တာ နှစ်တွေကြာလှပါပြီ။ ဘယ်တုံးကမှ သူဟာ စိတ်ဖိစီးမှု ကိုလုံးဝမခံနိုင်တဲ့ လူစားမျိုးလို့ သတိမပြုမိခဲ့ဘူး။ သူ့ကြည့်လိုက်ရင်အမြဲ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဘာကိုမှသိပ်ဂရုမစိုက်သလိုပုံစံနဲ့လေ။ လက်စသတ်တော့ အဲ့တာတွေက ဟန်ဆောင်နေတာကိုး။

“တကယ်တော့ ငါ့ကိုလူတွေဘယ်လိုတွေးကြမှာ၊ ထင်ကြမှာ ငါသိပ်ကို ဂရုစိုက်ပါတယ်။ ဒါပေမယ့် အဲ့လို ငါဂရုစိုက်တာကို ငါက လူတွေကို မသိစေချင်ဘူး” လို့ သူကပြောပါတယ်။

တချို့တွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အရမ်းဂရုစိုက်ပါတယ်။ ပြီးတော့ လူတွေက သူတို့ကို ဘယ်လိုမြင်သလဲ ဘယ်လိုသဘောထားလဲ ဆိုတာကိုလဲ အရမ်းအရေးထားတယ်။ ပြီးတော့ ဘာမှဂရုမစိုက်သလို ဘာမှမဖြစ်သလို ဟန်ဆောင်မှုအလွှာတထပ်နဲ့ သူတို့ကို သူတို့ ဖုံးအုပ်ထားကြတယ်။ အဲ့လိုနဲ့ပဲ တခြားလူတွေကို ညာနေကြသလို သူတို့ကို သူတို့လဲ ပြန်ညာ နေကြတယ်။ အားလုံးကဂရုစိုက်လွန်းအားကြီးရင် ကြည့်မကောင်းဘူးလို့ထင်နေကြတယ်လေ။

ကိုယ်ကတော့ ရှင်းပါတယ်။ တကယ်လို့ ကိုယ့်ကို အပေါ်ယံအမြင်မှာ ဘယ်လောက် ဂရုစိုက် တတ်သလဲလို့မြင်ရင် အဲ့တာ ကိုယ့်စိတ်ထဲမှာလည်း အဲ့လောက်ကို ဂရုစိုက်လို့ပဲ။ နည်းနည်းမှ မပိုသလို နည်းနည်းမှလဲလျော့ဘူး။ ဒါပေမယ့် လုံးလုံး ဟန်မဆောင်တတ်တာကလဲ သိပ်တော့ မကောင်းဘူးထင်ပါတယ်လေ။

လူတယောက်နဲ့ ကြုံဆုံ ရင်ဆိုင်တွေ့တဲ့အခါ သူ့ကို လုံးဝ ဂရုမစိုက်ပါဘူးလို့ ဟန်ဆောင်ချင် တယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဟန်ဆောင်ထားပေမယ့် ကိုယ့်ရဲ့ အမူအရာတွေက မလုံတော့ မျက်နှာထား၊ စကားအပြောအဆိုက အစ ကိုယ်ဘာကိုဆိုလိုတာလဲဆိုတာ ကို သူက ဘွင်းဘွင်းကြီးအကုန်သိနေရော။

ကိုယ်တိုင်က ဟန်မဆောင်တတ်တော့ ကိုယ့်လိုပဲ သူများတွေကလဲ ဟန်ဆောင်မှာ မဟုတ်ပါ ဘူးလို့ထင်တယ်။ တဘက်လူက ကိုယ့်ကို စိတ်မဝင်စားပါဘူးလို့ထင်နေတယ်။ တနေ့…သူက “ကိုယ်မင်းကို အရမ်းစိတ်ဝင်စားနေတာကြာလှပါပြီ” လို့ ကိုယ်တိုင်ဖွင့်ပြောတော့မှပဲ ကိုယ့်မှာ သက်ပြင်းမောကို တိတ်တိတ်ကြိတ်ချရတာလေ။

ကိုယ်လူတယောက်ကို အရမ်း ဂရုစိုက်မိနေပြီဆိုရင် ခဏခဏ စိတ်ပူကြောင်းကို ထုတ်ပြမိ တတ်တယ်။ ခဏခဏလဲ ပြောပြောနေတတ်တယ်။ ဒီဟာမလုပ်နဲ့၊ ဟိုဟာမလုပ်နဲ့နော် လို့။
လူ့ဘဝမှာ တခါတလေတော့ လုံးဝ ဟန်မဆောင်လို့မရတဲ့ အခါတွေရှိတတ်ပါတယ်။ အဲ့လိုပဲ တခါတခါမှာလည်း ဘယ်လိုမှ ဆက်လက်ဟန်ဆောင်လို့မရတော့တဲ့ အခါတွေရှိတတ်ပါတယ်။
ဒါပေမယ့် အဲ့လိုအချိန်ကျရင် ကိုယ့်ဘာသာကိုယ်ပဲ ငါဟန်ဆောင်တဲ့ဘာသာရပ်မှာ တော်တော် ကို ညံ့နေသေး ပါလားလို့ပဲ ဘာသာတိုးတိုး ဝန်ခံလိုက်ယုံ၊ အားတင်းလိုက်ယုံပါပဲ။

မှတပါးအခြားမရှိပေါ့လေ…..။

A Chen
4:39 pm
16th December 2009
Home
Bangkok
Thailand