Thursday, September 9, 2010

ကိုယ်… လက်ထပ်သင့်ပြီလား…?

ကိုယ်… လက်ထပ်သင့်ပြီလား…?

မိန်းမတွေဟာ လက်ထပ်သင့်ပြီဆိုတဲ့ အသက်အပိုင်းအခြားနဲ့ ပတ်သက်လာရင် သိပ်ပြီး စမ်း စမ်းတင့် (sensitive) ဖြစ်တတ်ကြပါတယ်။ ကဲ စာဘတ်သူကကော ပြောပါအုံး။ မိန်းမတွေ အတွက် ဘယ်အရွယ်က လက်ထပ်ဖို့သင့်တဲ့ အရွယ်လဲ…? အဖြေတော့မမှားစေနဲ့နော်။

ကိုယ့်အထင်တော့ ၂၇ ၂၈ လောက်ကနေစတယ်ထင်ပါတယ်။ နောက်ပြီး အသက် ၃၅ ၃၆ လောက်ရောက်လာပြီဆိုရင်တော့ လက်မထပ်သင့်တော့တဲ့ အရွယ် ဒါမှမဟုတ် လက်ထပ်သင့် တဲ့ အရွယ်ကိုလွန်သွားပြီပေါ့။ တခုပြောချင်သေးတယ် မိန်းမတော်တော်များများ (ဒီနေရာ မှာ တခုခုကို ငြင်းချင်ရင် တော်တော်များများဆိုတဲ့ စကားလုံး အသုံးအနှုန်း ကိုသေချာ နားလည် အောင် လုပ်ပြီးမှာ အကျိုးနဲ့အကြောင်းနဲ့အချက်နဲ့အလက်နဲ့ လာငြင်းစေချင်ပါတယ်) ဟာ ဘဝမှာ ကိုယ့်ဘဝ တခုလုံး ကို ယောက်ျားတယောက်လဲထဲ ဝကွက်အပ်ပြီး ပုံအပ် ဖို့အတွက် လက်ထပ်ဖို့စဉ်းစားကြတဲ့ အကြောင်းအရင်းများစွာတွေထဲမှာ တော်တော် အဓိက ကျတဲ့ တခုက ဘာလဲ ဆိုတော့ “လက်ထပ်ဖို့ သင့်တဲ့ အရွယ်ရောက်လို့” လို့ယူဆကြလို့ဆိုတာပါပဲ။

တကယ်တန်းကျတော့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သိပ်ကြောင်တာပဲလို့လဲကိုယ် ကတော့ ထင်တယ်။ လက်ထပ်ဖို့သင့်တော်တဲ့ အသက်အရွယ်ဆိုတာ ဘယ်သူက သတ်မှတ် တာလဲ? ကမ္ဘာပေါ်မှာ လက်ထပ်ဖို့သင့်တော်တဲ့ အသက်အရွယ်ဆိုတာ မရှိပါဘူး။ ကလေး မွေးဖို့ သင့်တော်တဲ့ အသက်အရွယ်ပဲ ရှိတယ်။ မိန်းမတွေဟာ ၃၀ ကျော်ပြီဆိုတာနဲ့ကလေးမွေး ဖို့ အတွက် အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဒိန်းဂျား ဇုမ်ထဲကို ရောက်လာပါတယ်။ သွေးဆုံး ပြီဆိုရင်တော့ မမွေးနိုင်တော့ဘူးပေါ့။ (အသင့်တော်ဆုံး အသက်အရွယ် အပိုင်းခြားက ၁၈ ကစတယ် ဆိုပါတယ် ၂ နှစ်ခြား တယောက်မွေး ၄ ယောက်လောက်ဆို အတော်ပဲ ပြောပါတယ်။ စာအုပ်ထဲမှာ ဘတ်ဘူးတာပါ။ သားဆက်ခြား ကျန်းမာရေး၊ ကလေးရော အမေပါ ပြည့်ဝစွာ ကျန်းမာရေး၊ ကလေးလဲ လိုအပ်သော မိခင်နဲ့ နေချိန် စတာတွေလဲပါမယ် ထင်ပါတယ်။)

တကယ်လို့သာ ကိုယ်က ကလေးယူဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ကလေးမွေးသင့်တဲ့ အရွယ် မှာလဲ ဘာမှ လက်ထပ်နေစရာမလိုသေးပါဘူး။ ခုလိုဆေးပညာတွေ မိုးထိအောင် တိုးတက် နေတဲ့ ခေတ်ကြီးမှာ အသက် ၄၀ ကျော်မှာ သားဦးမွေးလဲ ဘာမှပြဿနာမရှိပါဘူး။ အဲ့ဒီအချိန်ရောက်ရင် လူ့ဘဝ ကိုလဲ တော်တော်ဖြတ်သန်းပြီးပြီ ဖြစ်တဲ့ အတွက် အတွေ့အကြုံ တွေ ကများနေပြီ၊ ငွေကြေးလဲ စုမိဆောင်းမိနေပြီဆိုတဲ့ အခါကျတော့မှ ကလေးယူတာ ပိုတောင်အဆင်ပြေနိုင်ပါသေးတယ်။ အဆင်သင့် မဖြစ်သေးဘဲ ကလေးယူပြီး ဒုက္ခရောက်မှာ ထက်စာရင်ပိုပြီးတော့လဲ သင့်တော်နို်င်သေးတာပဲ။

နောက်တခုပြောချင်တာ တကယ်တော့ မိန်းမတွေမှာ လက်ထပ်ဖို့ သင့်တော်ပြီ ဆိုတဲ့ အသက် အရွယ် ဆိုတာ မရှိပါဘူး။ လက်ထပ်ဖို့ သင့်တော်တဲ့ အသက်အရွယ်ရောက်ပြီ လို့ထင်တဲ့ “စိတ်” ပဲရှိတာပါ။ အသက် ၃၀ ရောက်ရင် အိမ်ထောင်ပြုကို ပြုရမယ် လို့လဲ ဘယ်ဥပဒေကမှ မသတ်မှတ်ထားပါဘူး။ တကယ်လို့ ကိုယ်က အဆင်သင့်မဖြစ်သေးရင်၊ စိတ်ဓါတ်မရင့်ကျက် သေးရင် အချစ်အပေါ်အမြင် အိမ်ထောင်ရေးအပေါ်အမြင်တွေကလဲ မရင့်ကျက်နိုင်သေးပါဘူး။ အဲ့လိုဆိုရင်တော့ လက်မထပ်သေးတာက ပိုကောင်းပါတယ်။

မိန်းမတွေက များသောအားဖြင့် အိမ်ထောင်ပြုပြီးရင် ယောက်ျားတွေက ပြောင်းလဲ သွားလိမ့်မယ်လို့ ထင်တတ်ကြတယ်။ (မရခင်ကတော့ ဖျာလိုလိပ်၊ခေါင်းပေါ်တင် ရရင်တော့ အောက်မှာချ ခြေနဲ့နင်းဆိုတဲ့ ရှေးလူကြီး တွေ ထားခဲ့တဲ့ စကားပုံတွေက ပြပါတယ်) ပြီးတော့ အိမ်ထောင်ပြုတယ်ဆိုတာ တမိသားနဲ့ တမိသား တသားတည်းဖြစ်အောင် ပေါင်းကြတဲ့ လူနှစ်ယောက် တူတူပါဝင်ကပြကြရတဲ့ ဇာတ်လမ်းတပုဒ် လို့ထင်တတ်ကြပါတယ်။ လက်ထပ် ပြီးတော့မှသာလျင် သူတို့ထင်ထားတာတွေ တခုမှမဟုတ်ပါလားဆိုတဲ့ အမှန်တရား ကို သိလာကြတယ်။ အဲ့တာဆိုရင်လဲ ဘဝနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ နည်းနည်းပါးပါး ပိုလေ့လာဆည်းပူးပြီးတော့မှ လက်ထပ်ပေါ့။ ဟုတ်တယ်မှလား?။

ယောက်ျားတွေအတွက်ကျတော့ လက်ထပ်ဖို့ သင့်တော်တဲ့ အသက်အရွယ်ဆိုတာ မရှိပါဘူး။ နောက်ပြီး ကလေးမွေးဖို့ သင့်တော်တဲ့ အသက်အရွယ်ဆိုတာလဲ မရှိဘူး။ ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတယောက်ဖြစ်နေသမျှ အသက် ၉ ၀ ရောက်နေရင်လဲ သူက ကလေးမွေးဖို့အတွက် စွမ်းဆောင်နိုင်ပါသေးတယ်။ (ဟုတ်တယ် စာဘတ်သူပြောချင်တာကို သိတယ် ဘုရားသခင်က မတရားဘူး အဲ့တာကြောင့် မြန်မြန် ကမ္ဘာပေါ်မှာ မထားတော့တာတဲ့)

နောက်တခုက ယောက်ျားတွေမှာလဲ လက်ထပ်ဖို့သင့်တော်ပြီလို့ ထင်တဲ့ “စိတ်” ရှိဖို့ကျတော့ လဲလိုပါသေးတယ်။ ဒါပေမယ့်သူတို့အတွက် ပိုပြီး “အရေးတကြီး” လိုအပ်တာ နောက်တခု ရှိ သေးတယ်။ ဘာလဲ သိလား?

“ဘဏ်အကောင့်” ခပ်ကြီးကြီးတခုပေါ့။…

A Chen
9th September 2010
Thursday
Home
Bangkok

Tuesday, September 7, 2010

ချစ်တယ်ဆိုတာ တယောက်တည်းရဲ့ ကိစ္စပါ

ချစ်တယ်ဆိုတာ တယောက်တည်းရဲ့ ကိစ္စပါ

ငယ်ငယ်တုံးက (၁၅ ၁၆ ချစ်တတ်ကာစ၊ တင့်တင့်တို့အရွယ်တုံးကပေါ့) အချစ်ဆိုတာ လူ နှစ်ယောက် နဲ့ ဆိုင်တဲ့ ကိစ္စ၊ တခါတလေ အဲ့တာထက်ပိုရင် ၃ ယောက် နဲ့ဆိုင်တဲ့ ကိစ္စ၊ ၄ ယောက်နဲ့ ဆိုင်တဲ့ ကိစ္စ လို့ ထင်ထားခဲ့ဖူးတယ်။ နောက်မှ တဖြည်းဖြည်းနဲ့ နားလည်လာခဲ့တာ က အချစ် ဆိုတာ တကယ်တော့ ကိုယ့်တယောက်တည်းနဲ့ ဆိုင်တဲ့ကိစ္စပါ။

ကိုယ်တို့တွေ အချစ်နဲ့ ကိုယ့်ကိုကိုယ် ရင့်ကျက်အောင် တည်ဆောက်ကြရတယ်။ တွေ့ကြုံကြ ရတယ်။ ခံစားကြရတယ်။

လူတယောက် (တချို့) ကို ချစ်ခဲ့ကြဖူးတယ်။ အချင်းချင်း အပြန်အလှန် ရိုက်ခတ်ခဲ့ကြတယ်။ အပြန်အလှန် သက်ရောက်မှုတွေ ရှိခဲ့ကြတယ်။ အပြန်အလှန် ပြောင်းလဲခဲ့ကြတယ်။ ဒီလိုနဲ့ တနေ့ ကိုယ်တို့တွေ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ကြတဲ့ အခါ အဲ့ဒီ ရိုက်ခတ်မှုတွေ၊ သက်ရောက်မှုတွေနဲ့ ပြောင်းလဲမှုတွေကတော့ ကိုယ်တို့နဲ့အတူ ကျန်နေခဲ့ကြတယ်။ တချို့ တွေက ကိုယ်တို့ကြားမှာ ရှိခဲ့ဖူးထက် အချစ်တွေထက်တောင် ပိုရှည်ကြာသေးတယ်။ နောက် တခုက ခုနကပြောတဲ့ ပြောင်းလဲမှုတွေကြောင့် နောက်ဆုံး လမ်းခွဲကြတဲ့ တနေ့မှာ ကိုယ်တို့ တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား အစကနဦးနေ့တွေကလိုမျိုးတော့ မတူတဲ့ ကိုယ်တို့တွေ (ဒီနေရာမှာ ကိုယ့်ကိုကိုယ် ရိုးသားတယ်လို့မသုံးနိုင်တော့တာ သေချာပါတယ် အဲ့ဒီအတွက်လဲ ကိုယ်စိတ်မကောင်းဖြစ်မိလားဆိုတော့ မဖြစ်မိပါဘူး) ဆီကို ပြန်မရောက်တော့ဘူး။

လူတွေ ဘယ်နှယောက်ကိုပဲ ချစ်ခဲ့ချစ်ခဲ့၊ ဘယ်လောက်ပဲ ကြည်ကြည်နူးနူး ချစ်ခဲ့ချစ်ခဲ့၊ နာနာကျင်ကျင် ချစ်ခဲ့ချစ်ခဲ့၊ နောက်ဆုံးတနေ့မှာ ကိုယ်တို့တွေဟာ “လူတယောက်ကို ဘယ်လိုချစ်ရမယ်” ဆိုတာကို သင်ယူ တတ်မြောက်သွားတာမဟုတ်ဘဲ၊ “ကိုယ့်ကို ကိုယ် ဘယ်လိုချစ်ရမလဲ” ဆိုတာကိုပဲ သင်ယူတတ်မြောက်သွားတာပါ။

ဒီလိုနဲ့ အချစ်ကနေတဆင့် ကိုယ်တို့တွေဟာ ကိုယ်တို့ကိုကိုယ်တို့ လေ့လာ လာမိကြတယ်။

တကယ်တော့ ကိုယ်တို့တွေဟာ ကိုယ်တို့ထင်ထားသလောက် လူတယောက်ကို ဘယ်တုံး ကမှ သေချာ မချစ်ခဲ့ကြပါဘူး။ ကိုယ်တို့တွေ အချစ်နောက်ကို လိုက်နေတယ်ဆိုတာ တကယ်တော့ မတူတဲ့ ရှုထောင့်မျိုးစုံ ကနေ ကိုယ့်ကိုကိုယ် နားလည်လာဖို့ ကိုယ်တို့နောက်ကို ကိုယ်တို့ လိုက်နေကြတာပါ။

ကိုယ်တို့တွေ “လူတယောက်ကို ချစ်ခြင်း” နဲ့ “လူတယောက်ရဲ့ အချစ်ခံရခြင်း” ဆိုတာကနေ တဆင့် ကိုယ့်ကိုကိုယ် လေ့လာ သင်ယူနေကြတာပါ။ ကိုယ်တို့ ကို ကိုယ်တို့ နားလည်အောင် ကြိုးစားနေကြတာပါ။ အဲ့ဒီ ကိုယ်တို့ အချစ်ကို ရခဲ့တဲ့လူတွေ ကိုယ်တို့ ချစ်တာ ကိုခံခဲ့ရတဲ့ လူတွေ ဟာ တကယ်တော့ ကိုယ်တို့ ရဲ့ ဘဝတွေကို အချစ်ကနေတဆင့် ရင့်ကျက်စေတဲ့ သင်ခန်းစာတွေ chapter တွေပါ။

တနေ့မှာ ကိုယ်ဝန်မခံဘဲနဲ့ကို မနေနိုင်တာတခုက ဘာလဲဆိုတော့ ကိုယ်တခြားလူတွေကို မချစ်ဘဲနေနိုင်တယ်။ ကိုယ့်ကို ကိုယ်မချစ်ဘဲနဲ့တော့ ဘယ်လိုမှမနေနိုင်ဘူး။ ကိုယ်အချစ်ဆုံး ဆိုတာကလဲ တကယ်တော့ ကိုယ်ကိုကိုယ်ပါပဲ။

အချစ်ဆိုတာ ချည်နှောင်မှုပါပဲ။ မလွတ်လပ်ခြင်းတမျိုးပေါ့။ ကိုယ့်ကိုကိုယ် “အဆုံးသတ်နိုင်” ပြီ ဆိုမှ အဲ့ဒီ အနှောင်အဖွဲ့ကနေ လွတ်မြောက်ခြင်းကို ရမှာပါ။

ယောက်ျားတယောက်ကို ချစ်နေတုံးကဆို ကိုယ်က သူ့ကို ငုံထားမတတ်တောင် မဟုတ်ဘူး။ ဖြစ်နိုင်ရင် မြိုတောင်ချထားချင်တာ။ သူ့ရဲ့ စိတ်ခံစားမှုရော ကိုယ်ခန္ဓာတခုလုံးပါ အကုန်လုံး အလုံးစုံ ပိုင်ဆိုင်ချင်တာ။ ဘယ်တော့မှ မခွဲဘူးဆိုတာမျိုးပေါ့။ ဒါပေမယ့် တနေ့လဲကျတော့ ကိုယ်က သူ့ကို မြိုချထားရာကနေ ပြန်ထွေးထုတ်ချင်လာပြန်ရော။

ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ်သိလာပြီလေ။ သူ့ကို ပြန်ထွေးထုတ်လိုက်ခြင်းအားဖြင့် “သူ့ရဲ့လွတ်လပ်မှု” ကို သူ့ကို ပြန်ပေးရာရောက်သလို “ကိုယ့်ရဲ့လွတ်လပ်မှု” ကိုလဲ ပြန်ရှာ ယူရာကျတယ်။

A Chen
12:47 AM
Tuesday
7th September 2010
Home
Bangkok

မှတ်ချက်။

တိတိ နဲ့ စကားပြောရာကနေ ရေးဖို့ စိတ်ကူးဖြစ်လာတာပါ။ ရေးရင်ရေးရင်းနဲ့ ပြန်ဘတ်တော့ ကိုယ့်ဘာသာကိုယ် ဘာကိုဆိုလိုချင်မှန်းတောင် သေချာ မသိတော့ပါဘူး။ ပြောချင်တာကို ပြောတတ်သလို ပြောချနေရင်းနဲ့ ရှုတ်ကုန်တယ်ထင်တယ်။ အချစ်ဆိုတာကလဲ အစကတည်း က ခပ်ရှုပ်ရှုပ်မှလား။ တကယ်လို့ စာဘတ်သူကသာ ဘတ်လို့နားလည်တယ်ဆိုရင် ကိုယ်အရေးကောင်းလို့ မဟုတ်ဘဲ စာဘတ်သူတော်လို့ လို့သာမှတ်ပါ။

Friday, September 3, 2010

ဆေးလိပ်သောက်တဲ့ မိန်းမ

Justify Fullဆေးလိပ်သောက်တဲ့ မိန်းမ

“စိတ်ညစ်နေတဲ့အခါ ဆေးလိပ်လေးတလိပ်လောက် တဖွာနှစ်ဖွာလောက် သောက်ချင်တယ်။ ဆေးလိပ်မူးတဲ့အရသာက အရက်မူးသလိုပဲ နှစ်လိုဖွယ်ရာကောင်းပါ့မလား…?” လို့ သူငယ်ချင်း ကောင်မလေး တယောက်က မေးလာပါတယ်။

စိတ်ညစ်လို့ သောက်တယ်။ ပျော်လို့သောက်တယ်၊ အဖော်ကောင်းလို့သောက်တယ်။ အထီးကျန်လို့ သောက်တယ်။ ဘာ့ကြောင့်ပဲသောက်သောက် ဘာပဲ လုပ်လုပ်ပါ ကိုယ်လုပ်နေ တဲ့ ကိစ္စတခုမှာ ကိုယ်တကယ် ဘာလုပ်နေသလဲဆိုတာကိုသေသေချာချာ ကိုယ်ကိုယ်တိုင် သိဖို့ပဲလိုပါတယ်။ ကိုယ် ဘာလုပ်နေလဲ သိရအောင်လဲ တခါတလေ အချို့အနေအထား တွေမှာ အရင်လုပ်ကြည့်ဖို့ လိုပါတယ်။ အရာတိုင်းတော့ မဆိုလိုဘူးပေါ့။ စကား ကပ်ကျန် မနေအောင် ပြောရတာပါ။ ကိုယ်ကတော့ ဘယ်အရာမဆို လုပ်ကြည့်ရမယ် ဆိုတဲ့ လူမျိုးပါ။ လုပ်ပြီးတော့မှ ကိုယ်ကြိုက်မကြိုက် ကို ကိုယ့်ဘာသာ ကိုယ့် တန်ဖိုးနဲ့ကိုယ် judge လုပ်ပေါ့။ ကိစ္စတော်တော်များများ ကို စမ်းသပ်ဖို့ဆိုတာကတော့ ကိုယ်က strong ဖြစ်ဖို့ပဲ လိုတယ်။ ကိုယ် ဆေးလိပ်သောက်ဖူးတယ်။ ဒါပေမယ့် ကိုယ်ဆေးလိပ်စသောက်ဖူးတာ ခုနပြောခဲ့တဲ့ အကြောင်းပြချက်တွေထဲက တခုကြောင့်မှ မဟုတ်ဘူး။

ကိုယ် ဆေးလိပ်စသောက်ဖူးတာ အေးစိမ့်တဲ့ ရာသီဥတုကြောင့်လို့ပြောရင် နည်းနည်းများ “ကြောင်” နေမလား…?
ဒါမှမဟုတ် အချစ်ကြောင့် လို့ပြောရင် “ပိုကြောင်” သွားမလား…?
ပရိတ်သတ်ကြီးပဲ ဆုံးဖြတ်ပါလေ။

တကယ်ပါ။

၂၀၀ရ ခုနှစ် ဧပရယ်လ ရှန်ဟိုင်းမြို့။ ရာသီဥတု က အေးငွေ့ငွေ့လေး။ ပါးစပ် ကိုဟပြီး (ဟူး) လို့လုပ်လိုက်ရင် ပါးစပ်က အငွေ့တွေထွက်တဲ့ ရာသီဥတုမျိုးပေါ့။ ကိုယ့် ခွင့်ပိတ်ရက် တွေမှာ ရှန်ဟိုင်းမှာ သူ့ချစ်သူနဲ့ လိုက်နေနေတဲ့ သူငယ်ချင်းတယောက် ဆီကို အလည်ရောက်ဖြစ်ခဲ့ တယ်။ သွားတုံးကတော့ သူငယ်ချင်းဆီမှာနေပြီး ရှန်ဟိုင်းမြို့ ကြီးကို လျောက်ကြည့်ဖို့ပေါ့။ ဒါပေမယ့် ဖြစ်လာတာက…

လောကကြီးဆိုတာ အဲ့လိုပါပဲ မထင်မှတ်တာတွေ ထင်မှတ်မထားတာတွေ ဖြစ်တတ်ပါတယ်။

ရောက်ရောက်ချင်းညမှာပဲ ကိုယ့်ကို သူငယ်ချင်းက ရှန်ဟိုင်းရဲ့ နာမည်ကြီး ဂေးကလပ် တခု ကိုခေါ်သွားပါတယ်။ အဲ့မှာ ကိုယ့်စိတ်ကို လှုပ်ရှားစေမယ့် ဆုပ်ကိုင်လှုပ်မယ့် သူတယောက် ကို စတွေ့ရတာပါပဲ။ ကလပ်ထဲရောက်တော့ ကကြခုန်ကြတဲ့ လူတွေကြားထဲ ဟိုတိုးဒီတိုးပေါ့။ ခဏနေတော့ သူငယ်ချင်းက အရက်သွားယူမယ်ပြောတော့ ကိုယ်က အင်းလို့ ပြန်ပြော လိုက်ပါတယ်။ သူငယ်ချင်း ထွက်သွားပြီး ခဏ အကြာမှာပဲ ကိုယ့်အနား ကို သူရောက်လာ ပါတယ်။ ပြီးတော့…..သူက ကိုယ့်ကို “ကိုယ် မင်းနဲ့ ကလို့ ရမလား” လို့ မေးလာတယ်။ …

အဲ့အချိန်မှာ ကိုယ်က ဆရာမ ဂျူး ရဲ့ “ချစ်သူရေးတဲ့ ကျမ ရဲ့ ညတွေ” ကို ဘတ်ပြီးကတည်း က အသည်းအသန် ကြိုက်နေတဲ့ စကားတခွန်းရှိပါတယ်။ အဲ့တာက အမျိုးသား ဇာတ်ဆောင် “နေသန်” ပြောတတ်တဲ့စကားတခွန်းပါ။ တယောက်ယောက်က သူ့ကို တခုခုတုံ့ပြန် ပြောဆို တဲ့ အခါမျိုးမှာပေါ့။ ဥပမာ သူ့ကို “ကျေးဇူးတင်ပါတယ်” လို့ (မင်းသမီး နာမည် မမှတ်မိ) ကပြောတဲ့ အခါ သူက တခြားသူတွေလို “you are welcome” လို့ မဖြေဘဲ “sure” လို့ ဖြေလေ့ရှိပါတယ်။ ဂျူးကတော့ “သေချာတာပေါ့” လို့ ရေးထားပါတယ်။ ဝတ္ထု အသွားက ဘိုဆန်တဲ့ အတွက် ကိုယ်က စာရေးသူပြောချင်တာကို အဲ့လိုနားလည်လိုက်ပါတယ်။ အဲ့တာနဲ့ သူက ခုနလိုမေးလာတဲ့ အခါမှာ ကိုယ့်အဖြေက “က လေ” မဟုတ်ဘဲ “သေချာတာပေါ့/sure” ဖြစ်သွားပါတယ်။ အတိုပြောရရင် သူနဲ့ကိုယ်နဲ့ ကကြပြီးတော့ နောက်ဆုံး သူ့အိမ်ကို ကိုယ်သူနဲ့ ပါသွားပါတယ်။(အပေါစားဆန်လိုက်တာနော် လို့တွေးနေသလား…? ဒါပေမယ့် မပူပါနဲ့ ခုနက ပိုစ့်အစမှာ ကိုယ်ပြောခဲ့သလိုပဲ ကိုယ် ဘာလုပ်နေသလဲ ဆိုတာ ကိုယ့်ဘာသာ သေသေချာချာ သိပါတယ်) ကိုယ့်သူငယ်ချင်း ရဲ့ ရည်းစားအိမ်မှာနေမယ် သူငယ်ချင်းနဲ့ လျောက်လည်မယ် ဆိုတဲ့ နှစ်ပတ်တာ ဟော်လီးဒေးက မျှော်မှန်းထားသလို ဘာမှဖြစ်မလာဘဲ သူငယ်ချင်း အိမ်ကို “လုံးဝပြန်မရောက်တော့ခြင်း” နဲ့ အဆုံးသတ်သွားပါတယ်။ သူငယ်ချင်းကတော့ ခုထိ ကြုံရင် ကြုံသလို အစဖော် စကားလုပ်ပြောမြဲပါ။ ကိုယ့်အတွက်ကတော့ တကယ့်ကို ရင်ခုန်တိမ်းမူး ဖွယ်ရာ အဆက်မပြတ် စိတ်လှုပ်ရှားစရာ (ကိုယ်သာ English လိုရေးတဲ့ blogger ဆိုရင် ဒီနေရာမှာ spontaneous ဆိုတဲ့ စကားလုံးကို အသေအချာသုံးမှာပါ) ပျော်ရွှင်ဖွယ်ရာ နေ့ရက် လေးတွေပါဘဲ။ ကိုယ့်ဘဝရဲ့ ပထမဆုံးတွေထဲက ပထမဆုံး အတွေ့အကြုံတခုကိုလဲ သူကပဲ အဲ့ဒီ “ည”မှာ ပေးခဲ့တာပါ။ “ချစ်သူရေးတဲ့ ကျမရဲ့ ည” လို့ ပဲ ပြောရမလား….“ကျမ ရဲ့ ည” လို့ ပဲ ရိုးရိုး စင်းစင်း (ဒါပေမယ့် ပိုင်ပိုင်နိုင်နိုင်) ပြောရမလား…?။

အရာရာတိုင်းအတွက် ပထမဆုံးအခေါက် ဆိုတာ ရှိတတ်တယ်မဟုတ်လား…၊ သူက ဂျာမန် လူမျိုးပါ။ အသက်က အဲ့အချိန်မှာ ကိုယ့်ထက် နည်းနည်းပဲ ကြီးပါတယ်။ ကိုယ်က ၂၆ သူက ၃၀ စွန်းစပေါ့။ ဘီယာ ကိုရေ လိုသောက်တယ်။ ဆေးလိပ်ကို အမျှင်မပြတ်အောင်ဖွာတယ်။

တခုတော့ ဝန်ခံချင်ပါတယ်။ အရင်တုံးက ကိုယ် အင်္ဂလိပ် ရုပ်ရှင်တွေ ကြည့်တိုင်း အမြဲ လိုလို အမှတ်ရနေတဲ့ ဇာတ်ဝင်ခန်း တခုရှိတယ်။ ရုပ်ရှင်တော်တော်များများမှာ မကြာမကြာ လဲပါတတ်တာမျိုးပါ။ မင်းသားနဲ့ မင်းသမီး လိင်ဆက်ဆံပြီးတိုင်း ကုတင်ပေါ်မှာ အဝတ်မဲ့ ကိုယ်ခန္ဓာကိုယ်တွေကို စောင်နဲ့ပတ်ထားပြီးတော့ ဆေးလိပ်တလိပ်ကို တူတူရှိုက်ဖွာ ကြတာ မျိုးလေ။ ဂျူလီယာရောဘတ်တောင် ရုပ်ရှင်တကားထဲမှာ လုပ်ဖူးတယ်လို့ ထင်ပါတယ် နောက် အန်ဂျီ… နောက် ကိုယ့် စိတ်ထဲမှာ စွဲမြဲနေတာက တရုတ်မင်းသမီး စူးချီ (Shu Qi) ရုပ်ရှင် ဇာတ်ဝင်ခန်းတခန်းမှာ ဆေးလိပ်သောက်တဲ့ ပုံပါ။ သိပ်လှတယ်၊ ခန့်ညားတယ်လို့ ကိုယ်ထင်ပါတယ်။ ဆေးလိပ်ကို လှအောင် သောက်တတ်တဲ့ မိန်းမပဲ။ ထားပါ။
အဲ့လို မျိုး ကိုယ့်အမြဲ လုပ်ကြည့်ချင်ခဲ့ဘူးတယ်။ အဲ့ညက ကိုယ့် အာသီသတွေ ပြည့်ဝခဲ့တယ် ပေါ့။ မိုက်ပါတယ်။ ငြိမ့်ငြိမ့်လေးနဲ့ လွင့်လွင့်လေး။ အရင်တုံးက ကိုယ် ဆေးလိပ်ကို ဖွာဖူး ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် သောက်တာမျိုးမဟုတ်ဘူး။ သူငယ်ချင်းတွေ အတွက်မီးငြိ ပေးတာ မျိုးပါ။ အဲ့ဒီညကတော့ ကိုယ်ဆေးလိပ်ကို ဘဝမှာ ပထမဆုံးအကြိမ် အဖြစ် သေသေချာချာ သောက်ဖြစ်သွားတယ်။ သောက်တတ်သွားတယ်။ သောက်မိသွားတယ်။ ဆေးလိပ်နဲ့ အတွင်းကျကျ ရင်းနှီးသွားတဲ့ ညပေါ့။

-စိမ့်အေးနေတဲ့ ရှန်ဟိုင်း ရာသီ ဥတု ကို အပြစ်တင်ရမလား…?
-ဆွဲဆောင်မှု ရှိလွန်းတဲ့ သူ့ကို အပြစ်တင်ရမလား…?
-မောပန်းမှု လှိုက်ဖိုမှု ဆန္ဒပြည့်ဝမှု တွေနဲ့ ငြင်းဆန်ဖို့ အားအင် ချိနဲ့နေတဲ့ ကိုယ့် ခန္ဓာကိုယ် ကို အပြစ်တင်ရမလား…?
-ညှို့ဓါတ်ပြည့် ပင့်ကူအိမ်မှာ တွယ်ငြိနေတဲ့ ရုန်းမရတဲ့ ကိုယ့်ရဲ့ စိတ်ကိုပဲ အပြစ်တင်ရမလား…?
- (Not that I want to deny any of this…)
ခုနက ပိုစ့် အစမှာ ကိုယ်ဘာလုပ်နေတာ ကိုယ်သေသေချာချာ သိတယ်လို့ ပြောခဲ့တယ်နော် ခုတော့ အင်း……………………..ခုတော့ ကိုယ် သိပ်မသေချာတော့ဘူး။

ဘာပဲဖြစ်ဖြစ် ဘာ့ကြောင့်ပဲဖြစ်ဖြစ် ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် အဲ့ဒီ “ည” က ကိုယ် ဆေးလိပ် တလိပ်ကို ပထမဆုံး လူတယောက်နဲ့တူတူ (ရုပ်ရှင်တွေထဲမှာလို ကိုယ်ကြည့်ဖူး၊ သောက် ကြည့်ချင်ဖူးခဲ့တဲ့အတိုင်း) သောက်ဖူးသွားပါတယ်။ မိုက်တယ်။ မှတ်မိနေတယ်။ အခုထိ အဲ့ဒီ အရသာ ကို….။ မမေ့သေးဘူး……………………

နောက်နေ့တွေမှာ…. သူနဲ့ ကိုယ်နဲ့ ရာသီဥတု စိမ့်နေအောင်အေးတဲ့ ရှန်ဟိုင်းမြို့ကြီးရဲ့ လမ်းမတွေပေါ်မှာ လမ်းလျောက်ရင်း လက်တွေကို ကုတ်အင်္ကျီထဲ ထိုးထည့်ရင်း၊ ကော်ဖီဆိုင် ရဲ့အပြင်ဘက်စားပွဲခုံလေးတွေပေါ်မှာ၊ ရှန်ဟိုင်း ကမ်းနားလမ်းမကြီးပေါ်မှာ၊ နွေးထွေးနေတဲ့ သူ့ရင်ခွင့် ဂျက်ကက်အောက်မှာ ဆေးလိပ်တွေတူတူသောက်ခဲ့ကြပါတယ်။
သောက်ခဲ့ကြဖူး ပါတယ်…..
သောက်ခဲ့ကြဖူး ပါတယ်…..
သောက်ခဲ့ကြဖူး ပါတယ်…..

ဒီအကြောင်းအရာတွေက ကိုယ့်ရဲ့ ခေါင်းထဲမှာ သဘောကျ စွဲငြိနေတဲ့ ရုပ်ရှင်ပြကွက် ဇာတ်ဝင်ခန်း တခုလိုပဲ ခုထိ အကြောင်းတိုက်ဆိုင်တိုင်း မျက်စိထဲရောက်ရောက် လာတတ် ပါတယ်။ ဒီလိုနဲ့ ကိုယ် ဆေးလိပ်သောက်တတ်လာခဲ့တယ်။

သူ့အကြောင်း ကို ကိုယ့်ရဲ့ top ten မှာလဲရေးဖူးပါတယ်နောက် သူနဲ့ ဆေးလိပ်သောက်တဲ့ အကြောင်း၊ ရှန်ဟိုင်းမှာ ဆေးလိပ်သောက်တဲ့ အကြောင်းကိုလဲ ကိုယ့် ကဗျာတွေ တော်တော် များများမှာ ရေးဖူးပါတယ်။

ကိုယ့် ဘာသာ အာရုံနောက်လိုက်လျာရှည်နေတာနဲ့ ပြောချင်နေတဲ့ ပိုစ့်အကြောင်းတောင် ပျောက်သွားတယ်။ အဲ့လိုပဲ။ အတွေးတွေနဲ့ စီးမျော နတ်ကရာ ကျီးမော့။
ပိုစ့်အစမှာ အဲ့လိုမေးလာတဲ့ သူငယ်ချင်းမလေးကို ကိုယ်ပြန်ပြောပြတဲ့ နောက်သူငယ်ချင်းမ လေးတယောက်ရဲ့ အဖြစ်အပျက် ကလေးတခု ရှိပါတယ်။ နားထောင်ကြည့်နော်။

ဟိုးအရင်တုံးက ကိုယ့်မှာ ဆေးလိပ်အရမ်းသောက်တဲ့ မိန်းကလေး သူငယ်ချင်း တယောက် ရှိ(ခဲ့/နေ)တယ်။ သူက ဆေးလိပ်ကို အရမ်းသောက်တာ တလိပ်ပြီး တလိပ် ဆက်တိုက် ဆိုသလိုပဲ မီးမပြတ်စေရဘူး။ ဖြစ်ချင်တော့ သူ့ရည်းစား ကောင်လေးကလဲ ဆေးလိပ်သောက် တဲ့သူဆို ကျားကျား မမ အလွန်မုန်း၊ အင်မတန်မုန်း၊ ခါးခါးသီးသီးမုန်း။ အဲ့တော့ သူ့မှာ သူ့ကောင်လေးနဲ့ ချိန်းတွေ့မယ့် အခါတိုင်း ပါးစပ် ကိုဆေးရတာနဲ့ ပလုတ်ကျင်းရတာနဲ့ ပါးစပ်ကို အမွှေးနံ့ဖျန်းရတာနဲ့ စတဲ့ အပရိကတွေ နဲ့ အင်မတန် အလုပ်ရှုပ်တတ်ပါတယ်။ မိတ်ကပ်က သူ့အတွက် ပရိုက်ရောရတီ မဟုတ်ဘဲ ဆေးလိပ်နံ့ပပျောက်ရေးက သာလျင် အဓိက ဖြစ်နေပါတယ်။

တညကျတော့ ကိုယ်နဲ့သူ၊ သူ့အခန်းထဲမှာ စကားပြောနေကြပါတယ်။ သူက ဆေးလိပ်ကို တလိပ်ပြီး နောက် တလိပ် အမျှင်မပြတ် သောက်နေတာ နှစ်ဗူးလောက် ကုန်သွားပါတယ်။ အဲ့အချိန်မှာဘဲ သူ့ကောင်လေးဆီက ဖုန်းလာပါတယ်။ သူ အိမ်အနားရောက်နေတယ်တဲ့ နောက် ၁၀ မိနစ်လောက်နေရင် ရောက်မယ် လို့ ပြောလာပါတယ်။

ကိုယ့်သူငယ်ချင်းမ “ပြာ”သွားတဲ့ပုံကို ခုထိမျက်နှာထဲက မထွက်ဘူး(ကာလာချယ်တဲ့ အပြာရောင် ကိုပြောတာမဟုတ်ဘူးနော် တင်စားတာ တင်စားတာ စကားလုံးနဲ့ ဝိသေသန ပြုတာ)။ ချက်ချင်းရေချိုးခန်းထဲပြေးဝင်ပြီး သွား သွားတိုက်ပါတယ်။ သွားတိုက်နေရင်း တန်းလန်းနဲ့ ရေချိုးခန်းထဲကနေ ပြေးထွက်လာပြီးတော့ ကိုယ့် ကို ပြတင်းပေါက်တွေ ကူဖွင့်ခိုင်းပါတယ်။ ဆေးလိပ်ငွေ့တွေကို ယပ်ခတ် ထုတ်ခိုင်းပါတယ်။ သူ့ပါးစပ်ထဲမှာ သွားတိုက်ဆေး အမြုပ်တွေနဲ့ သွေးတွေနဲ့။ သွားတိုက်ဆေးနည်းနည်းကလဲ သူ့ ရင်သား ပေါ်မှာ ကျနေပါသေးတယ်။ လောလွန်းတော့ သွားတိုက်တာလဲ သွေးအလိမ်းလိမ်းနဲ့ပေါ့။

ပြီးသွားတော့ ပါးစပ်တခုလုံး အပြည့် ပရုတ်နံ့တွေနဲ့ ဒါတောင်မှ သူက လုံလောက်တယ် မထင်သေးပါဘူး။ အလန့်တကြားနဲ့ မီးဖိုချောင်ထဲဝင်ပြီးတော့ ပုလင်းထဲက ဝီစကီ နည်းနည်း ကို အလောတကြီး မော့လိုက်ပါသေးတယ်။ ဆေးလိပ်နံ့တွေ ကို အရက်နံ့နဲ့ ဖုန်းမယ်ပေါ့။

ဒီလိုနဲ့ နောက်ဆုံးတော့လဲ သူတို့တွေ ကွဲ သွားကြပါတယ်။ ကိုယ်နဲ့ သူ ကြုံကြိုက် တိုက်ဆိုင် လို့ အဲ့ဒီ ညက အကြောင်းတွေ ကို ပြန်ပြောင်းပြောဖြစ်ကြတဲ့ အခါတိုင်း သူက သူရူးမိုက် ခဲ့တာတွေကို သတိရတဲ့ အနေနဲ့ အေးစက်စက် မဲ့တဲ့တဲ့ “တချက်” ပြုံးတတ်ပါတယ်။

လူတယောက်အတွက်နဲ့ ကိုယ့်ကိုကိုယ် (ကိုယ်မဟုတ်တာတခု ကို အားစိုက်ထုတ် ဟန်ဆောင် ပေးတယ်) ဆိုတာ အချစ်စစ်လား…? ဒါမှမဟုတ် အချစ်ကို ခေါင်းစဉ်တတ်ထားတဲ့ ခပ်ညံ့ညံ့ ပေးဆပ်မှုလား…၊ ပြုံးနေတဲ့သူမှာ မျက်ရယ်စတွေနဲ့ ဆိုတဲ့ စကား ကို မဆီမဆိုင် (သို့) ဆီဆီ ဆိုင်ဆိုင် သတိရမိပါသေးတယ်။ ကိစ္စတခုကို လုပ်တော့လုပ်နေတယ်။ စိတ်ပါလက်ပါ (သို့) လုပ်ချင်လို့ လုပ်နေတာမျိုးတော့မဟုတ်ဘူးလေ။ ဒီကြားထဲမှာ ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ အမူအကျင့် (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ) ကိုယ်လုပ်လေ့ရှိတဲ့ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်စေတဲ့ အကျင့် ဝသီ အလေ့အထ ကိုယ့်ရဲ့ ရစ်သမ် စတာတွေပါတယ်။

ကိုယ်သိချင်တာ တခုပဲ ရှိတယ်။ အဲ့ဒီတုံးက သူမက ဆေးလိပ်မသောက်ထား ချင်ယောင် ဆောင်တာ အောင်မြင်တာလား…၊ ဒါမှမဟုတ် သူက မသိချင်ယောင်ဆောင်တာ အောင်မြင် တာလား….ဆိုတာပါပဲ။

အဲ့ဒီ မေးခွန်းကို အခုအချိန်ထိ….ကိုယ်မမေးဖြစ်ခဲ့ပါဘူး……သိချင်တာက သိချင်တာ သပ်သပ် ပဲလေ……………….နော်။

A Chen
5:11 AM
2nd September 2010
Friday
Home
Bangkok

Thursday, September 2, 2010

ကန်ထုတ်ပစ်ချင်တဲ့ ယောက်ျားနဲ့ မိန်းမ

ကန်ထုတ်ပစ်ချင်တဲ့ ယောက်ျားနဲ့ မိန်းမ

ယောက်ျားတယောက်ကို မလိုချင်တော့ဘူးဆိုရင်၊ ကိုယ့်ကို ခွာစေချင်ရင်၊ သူ့ကိုမချစ်တော့ရင် နည်းနည်းလေးမှ မခက်ပါဘူး အောက်ဖော်ပြပါ စကားတွေထဲက တခွန်းခွန်း ကိုသာပြောပ လိုက်ပါ။ ကိုယ့်နားကနေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးလစ်ပါလိမ့်မယ်။ ဘယ်လောက် မြန်မြန်လစ်စေချင်သလဲဆိုတာပေါ်မူတည်ပြီးတော့လဲ စကားတွဲတွေကိုရောနှောတွဲစပ် အသုံး ပြုနိုင်ပါသေးတယ်နော်။ ဥပမာ…

“ရှင်တော်တော်မွဲတာပဲ”
“ေ-ာက္သံုးကလဲ တစက္မွမက်”
“ကျမ အရင်တုံးက ရည်းစားက ရှင့်ထက်အဆ ၁ ထောင် ၁ သောင်းမက သာတယ်”
“ကျမ ရှင့်ကို နည်းနည်းလေးမှ လေးစား အထင်ကြီး လို့မရဘူး”
“---ရဲ့ ရည်းစား ကိုကြည့်စမ်း ပိုက်ဆံအရှာ ဘယ်လောက်တော်သလဲ ရှင်နဲ့များတခြားစီ သူများ ချီး နည်းနည်း သွားရှုလိုက်အုံး”
“ရှင့်နဲ့အတူနေရတာ ကျမအတွက် တကယ့်ကို လောက ငရဲကျနေတာပါပဲ”
“ရှင့်အမေ က လဲ သိပ်မုန်းဖို့ကောင်းတာ”
“ရှင့်ညီမ ဆိုတာကလဲ သိပ်ရုပ်ဆိုးလွန်းလို့ ယူမယ့် လူမရှိတာနေမှာ”
“လစာ ကို တလတလ ကျမ မအပ်လို့ ဘယ်မယားငယ် ကိုပေးချင်နေသေးတာလဲ”
“နောက်ကို ရှင့်သူငယ်ချင်းဆိုတဲ့ ဟာတွေ အကုန်လုံး ကျမ အိမ်အရိပ် ကိုမနင်းစေနဲ့ ကျမ သူငယ်ချင်းဆိုတာ ရှင့်အတွက်လဲ သူငယ်ချင်းပဲ လို့ မှတ်ထား”
“အလုပ်ပြီးတာနဲ့ အိမ်ကို တန်းပြန်ဖို့စဉ်းစားပါ ဘယ်မှ အလေနတော လိုက်ဖို့ မစဉ်းစားနဲ့”
“ရှင့်အရင် ရည်းစားက ရှင့်ကို ဘာကြည့်ကြိုက်တာလဲဟင် ကျမတော့ စဉ်းစားလို့မရဘူး”
“နေ့တိုင်း နေ့တိုင်း ကျမ ကို “အရမ်းချစ်တယ်” လို့ ပုံမှန်ပြောရမယ်”

မင်းရည်းစားက “ကိုယ့်ရဲ့ အိုင်ဒီယာကတော့….” လို့ ပြောတဲ့ အချိန်မှာ သူ့စကား ကိုဖြတ် ပြီးတော့ …..“ဟာ့ ဟာ့ ဟ…တိတ်စမ်း ဘာအိုင်ဒီယာလဲ အိုင်ဒီယာ ဆိုတဲ့ စကားလုံး ကိုကော ရှင် က စာလုံးပေါင်းတောင်မှ မှန်အေင် ပေါင်းတတ်လို့လား?” လို့ ပြောပစ်လိုက်ပါ။

မင်းရည်းစား က သူ့သူငယ်ချင်းတွေနဲ့ ကမ္ဘာ့ရေးရာတွေ ပြောနေတဲ့အချိန်မှာ သူတို့ဘေးနား သွားထိုင်ပြီးတော့ ရယ်ဟဟ နဲ့ “အော် ရှင်က ကမ္ဘာ့ရေးရာ ဆိုတာ ကိုလဲနားလည်သေး သကိုး…ဆန်အိုးထဲမှာ ဆန်မရှိရင်ကော ဘာရေးရာလဲ ပြောစမ်းပါအုံး” လို့ ခနဲ့တဲ့တဲ့ မေးပါ။

တီပြောတာယုံပါ အထက်ပါ စကားတွေထဲက တခွန်းခွန်း ကိုသာ မျက်နှာစေ့စေ့ ကြည့်ပြီး ပြော ထည့်ပလိုက် အဲ့ဒီ မင်းမမြင်ချင်တော့တဲ့ ယောက်ျား ချက်ချင်း မင်းရှေ့က ပျောက်သွားစေ ရမယ်။

ကဲ နောက်တခု…
တီချမ်းက ဂျန်ဒါ စန်းစတစ် (Gender sensitive) ဖြစ်တယ်လေ အဲ့တော့ ယောက်ျား ကိုပဲ တဘက်သတ် မရေးပါဘူးနော်။ မိန်းမတွေကိုလဲရေးရမှာပေါ့….ဟုတ်တယ်မှလား…?

မိန်းမတယောက်ကို ကိုယ့်အနားကနေ အမြန်ခွာထုတ်ပစ်ချင်ရင်လဲ နည်းနည်းမှ မခက်ပါဘူး။ အောက်ဖော်ပြပါ စကားတွေထဲက တခွန်းခွန်းကို သာပြောပလိုက်ပါ။ ဟယ်ရီပေါ်တာ ရဲ့ မှော် ကြိမ်လုံးတောင် မလိုဘူး အပ်ချလောင်းဆိုတာနဲ့ အလင်းအလျင်နဲ့ “ဟုတ်” ခနဲ ပျောက်သွား စေရမယ်။

“မင်း အသက်ကြီးလာရင် တော်တော်ကြည့်ရဆိုးမှာဘဲ”
“မင်းရဲ့ ခါးက ၂၉ လက်မ ဆိုတာ ဟုတ်မှဟုတ်ရဲ့လား”
“မင်းရဲ့ ဖင်က ငါ့အိမ်က ရေဇလုံထက်တောင် ပိုကြီးသေး”
“မင်း အင်္ကျီ ဝတ်ထားတာ မဝတ်ထားတာ ထက်ပိုကြည့်ကောင်းတယ်”
“မင်းကို ဘယ်သူတယောက်မှမချစ်ခဲ့ဘူးဘူးထက်တယ်”
“မင်း အလှနည်းနည်းပြင်မှ ပိုကောင်းမယ် မိတ်ကပ်မလိမ်းထားရင် မင်းမျက်နှာက လူမြင်လို့ တောင်မကောင်းဘူး”
“မင်းရဲ့ အိုင်ကျူက ၇၀ တောင်ရှိပါ့မလားဟင်”
“မင်း တမျက်နှာလုံး ကိုဖြစ်နိုင်ရင် ပလပ်စတစ် ဆာဂျရီ လုပ်ပြီး ပြင်ပလိုက်သင့်တယ်”
“မင်း အမေက မွဲလိုက်တာ တေနေတာပဲ”
“မင်း အဖေက ဘာမှ အဖြစ်မရှိဘူး သတ္တိကြောင်တဲ့နေရာမှာ ကြွက်ကတောင် အဘ ခေါ်ရ မယ်”
“ငါ့မှာ လိင်စိတ်ဆိုင်ရာ အကြမ်းဖက် စိတ်ဖောက်ပြန်မှု ရှိတယ်လို့ ငါ့ရဲ့ ဆိုက်ခီယာထရစ် က ပြောတယ်”
“မင်းတယောက်ထဲကိုပဲ ချစ်ဖို့ဆိုတာ ငါ့အတွက်မဖြစ်နိုင်ဘူးနော်”
“မင်းကိုချစ်တာ ထက် ငါ့ကိုငါ ပိုချစ်တယ် သိလား”
“ငါ ရှာထားတဲ့ ပိုက်ဆံတွေ ကို လွယ်လွယ် သုံးပစ်မယ် မစဉ်းစားနဲ့”
“ချိန်းတွေ့တိုင်း ကုန်ကျစရိတ်ကို တူတူခံကြမယ်”
“အခုထက် မင်း ပိုရုပ်ဆိုးလာအုံးမယ်ဆိုရင် မင်းကို ငါမပေါင်းနိုင်တော့ဘူး”

တွေ့တယ်မှလား မိန်းမတယောက်ကို မလိုချင်တော့ရင် “မင်းကို ငါမချစ်ပါဘူး၊ မချစ်တော့ဘူး” လို့ပြောတာထက် ပိုအကျိုးသက်ရောက်မှုရှိတဲ့ စကားတွေ အများကြီးရှိတယ်။ ခုနက ပြောထား တဲ့ စကားတွေ တခုခု သာပြောကြည့် မပြတ်ရင် ကြိုက်သလိုပြော။

ကဲ ပြီးပြီ။ ပြောချင်တာတွေလဲ ပြောပြီးပြီနော်။ ကြော်ငြာဝင်မယ်။

ဒေါက်ထရိတ် ခင်မိမိချမ်း
Freelance လင်ကွဲမယားကွဲ အကြံပေး
ဆက်သွယ်ရန်
ဖုန်း………………
လိပ်စာ………………

A Chen
4:12 AM
2nd September 2010
Thursday
Home
Bangkok

Wednesday, September 1, 2010

ယောက်ျားတွေ ရဲ့ ရင်သား

ယောက်ျားတွေ ရဲ့ ရင်သား

လက်စသတ်တော့ ယောက်ျားတွေမှာလဲ “ရင်သားပြဿနာ” ရှိနေတာပါလား။

ပေါက်ပေါက်ရှာရှာနော် ယောက်ျားတွေရဲ့ ရင်သားတဲ့။ ဒီလိုပါပဲ တီချမ်းရေးတဲ့ စာတွေကို တချို့ကတော့ လွတ်လပ်လွန်းတယ် လို့ထင်ကြတယ်။ တချို့ကကျတော့လဲ မသင့်တော်တာ တွေရေးလွန်းတဲ့ဟာကြီးပေါ့လေ။ တချို့ကျတော့လဲ တီက အမှန်တွေ သိပ်ရေးတာပဲတဲ့။ တခါတခါကျတော့ ကိုယ်လဲ တွေးမိပါတယ်။ ကိုယ်မှဒီလိုတွေမရေးရင် ဘယ်သူက ရေးမလဲ နော်။ ကိုယ့်စာတွေမှာ လဲ ယူသော်ရ၏ ဆိုတာလိုပေါ့။ ကိုယ့်စာတွေ ဘတ်တဲ့ မိန်းမတွေ ကတော့ ယောက်ျားတွေအကြောင်း သူတို့မသိရသေးတာတွေ သိရတော့ အကျိုးရှိမယ်ထင် ပါတယ်။ ယောက်ျားတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ခံစားရမှာပေါ့။ထားပါတော့။ ပိုစ့်ပြန်ဆက်မယ်။

မိန်းမတွေက (အများစုက) ရင်သား သေးလွန်းရင် မလှဘူး၊ ကိုယ့်ကို ကိုယ် ယုံကြည်မှု မရှိဘူး၊ ကိုယ်တို့ စိတ်ထဲမှာ ခံစားရတာကို ပြောတာပါ (ကိုယ်တို့ ဖွင့်ပြောသည်ဖြစ်စေ မပြောသည် ဖြစ်စေပေါ့) အဲ့လိုပဲ ကြီးလွန်းရင်လဲ မကောင်းဘူး ထင်တတ်ကြပြန်ပါတယ်။ ကဲ ဘယ်လိုပြော မလဲ လူ့အလို နတ်မလိုက်နိုင် မိန်းမအလို ဘုရားတောင် မလိုက်နိုင်ဘူး။ ကဲပါ ကိုယ်က မိန်းမတွေအကြောင်းပဲ ပြောနေတာ ဒီပိုစ့် က တကယ်တော့ ယောက်ျားတွေ ရဲ့ ရင်သား အကြောင်းပြောမလို့ မဟုတ်လား။

ခုနက ပြောခဲ့သလိုပဲ မိန်းမတွေက ရင်သားပြဿနာကို ကိစ္စကြီး တရပ် လိုဖြေရှင်းနေရချိန်မှာ ယောက်ျားတွေမှာလဲ အဲ့ဒီ ပြဿနာ က ရှိနေပါတယ်။ တလောကမှ အက်စီဒန်တယ်လီး ခင်ခဲ့တဲ့ (မှတ်ချက်။ ကိုယ်က စလစ်ဘရစ်တီတွေနဲ့ ဟန်းအောက် မလုပ်ပါဘူး ဒါပေမယ့် ဒီလို အက်စီဒန်းတယ်လီး ခင်သွားတော့လဲ စာဘတ်သူတွေအတွက် အကျိုးရှိမယ့် သုတေသနလေး လုပ်ခဲ့တယ်ပေါ့) ဒီနိုင်ငံက ၄၂ လက်မတိတိ “လူတွေအားကျ”တဲ့ ကြွက်သားပြည့် ရင်သား ရှိတဲ့ နာမည်ကြီး အဝတ်အစားမော်ဒယ်တဦးက ပြောပါတယ် “ရင်သားကြီးတာဟာ ကျတော့ အတွက်တော့ စိတ်ရှုပ်စရာ၊ သိမ်ငယ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတခုပါ။ ရင်သား ကို ကျစ်လစ်သွားစေမယ့် အားကစားတခုခု ရှာလုပ်ချင်ပါတယ်။ အဲ့ဒီ ရင်သားကြီး တာကြောင့် ပဲ ကျတော့မှာ အမြဲလိုလို မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံတွေ့ရပါတယ်။ လူတွေဝိုင်းကြည့် တိုင်းလဲ မျက်စိ နဲ့ ဘလက်ကာယာ အလုပ်ခံရသလို ခံစားရတယ်။ နောက်ပြီး အဝတ်အစား မော်ဒယ်တယောက်အနေနဲ့ ပြောရရင် ရင်သားကြီးတိုင်း အင်္ကျီဝတ်ရင် ကြည့်ကောင်းတယ် လို့ပြော မရပါဘူး။ ကျတော် ဆိုအမြဲလိုလို အမဲရောင် အင်္ကျီတွေ ဝတ်လေ့ရှိတယ်။ ဒီလို ဝတ်ခြင်းအားဖြင့် ရင်သားကြီးတာကို ကြီးတယ်လို့ မထင်ရအောင် ကာကွယ်နိုင်တယ်လေ။

လက်စသတ်တော့ ရင်သားကြီးတဲ့ ယောက်ျားတွေမှာလဲ ရင်သားကြီးတဲ့ မိန်းမတွေ နဲ့ ခပ်ဆင်ဆင်တူတဲ့ ပြဿနာရှိတာပါပဲလား။ ဒါပေမယ့် သူတို့ရဲ့ ပြဿနာတွေ ကို ရင်သားသေးတဲ့ ယောက်ျား မိန်းမတွေကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာ နွေမှာ ပျော်တဲ့ အကောင်ပလောင်တွေက မိုးကို လက်မခံနိုင်သလိုပေါ့။

မိန်းမတွေ ရဲ့ ရင်သား က ယောက်ျားတွေ ကိုဆွဲဆောင်တယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့ ရင်သားကတော့ မိန်းမတွေ ကိုဆွဲဆောင်တဲ့အပြင် ကိုယ်နဲ့ လိင်ချင်းတူတဲ့ ယောက်ျားတွေ ကိုလဲ ဆွဲဆောင်ပါတယ်။ သူတို့ရင်သားတွေကပဲ နှစ်ဆ တန်းခိုးကြီးတာလား ဒါမှမဟုတ် ….ကြီးလွန်းတာရဲ့ ဆိုက်အဖက်လား…?

“ကျတော့ ရင်သားကတော့ မိန်းမတွေအတွက် ပိုသင့်တော်တယ်လို့ ကျတော်ထင်ပါတယ်။ ကျယ်လွင့်တဲ့အတွက် မိန်းမတွေကို ကိုယ်ရောစိတ်ပါ အကာကွယ်ပေးနိုင်တယ်။ လုံခြုံတဲ့ ခံစားမှုကိုပေးနိုင်တယ်။ ယောက်ျားကောင်းတယောက်လို မိန်းမတွေကို အားကိုးချင်စိတ် ဖြစ် ပေါ်စေတယ်။ အင်း….ဒါပေမယ့် ကျတော့ ဂေး သူငယ်ချင်းအများစုကတော့ နည်းနည်း ပိုပိုသာသာကြီးတဲ့ ရင်သားရှိတာမျိုးကို ပိုသဘောကျကြ ကြိုက်ကြတယ်။ အဲ့လို ရင်သားမျိုး ကမှ လိင်ဆွဲဆောင်မှု ကိုဖြစ်စေတယ်လို့ ဆိုကြတယ်။” လို့ အဲ့ဒီ မော်ဒယ်က ဆက်ပြော ပါသေးတယ်။

တကယ်ပါ မပြောရင် သိမှာမဟုတ်ဘူး။ တလျောက်လုံး ယောက်ျားတွေ ရဲ့ ရင်သား က မိန်းမတွေ ကို လုံခြုံမှု ပေးနိုင်တဲ့ ကုတင်တလုံးလို့ ထင်ထားခဲ့တာ။ မိန်းမတွေ ကို မှီနား ခွင့်ပေးနိုင်တယ်။ ဘဝ အမောတွေ ချွေးသိပ်ဖြေစေနိုင်တယ်။ အနားယူ အိပ်စက်နိုင်တယ်။ လိုအပ်တဲ့အခါမှာ နာနာကျင်ကျင်နဲ့လ ခိုဝင်ဲ ငိုကြွေးနိုင်သေးတယ်။ မတွေးမိတာက ယောက်ျား တွေရဲ့ ရင်သားဟာ ကုတင်သာသာ မကပါဘူး မိန်းမတွေအတွက် “အိမ်”ပါ။ ရင်ခွင်လို့တောင် တင်စားခေါ်ဝေါ်ကြသေးတာ။ တချို့လူတွေက အိမ်ကြီး ရခိုင်နဲ့နေချင်ကြတယ်။ တချို့ ကျတော့လဲ အိမ်တခုမှာ အဓိကအကျဆုံးက နွေးထွေးမှု လို့ဆိုကြပြန်တယ်။ တချို့ကကျတော့ အိမ်ဆိုတာ အဆင်ပြေဖို့ အရေးအကြီးဆုံးတဲ့ ပြန်ချင်တဲ့အချိန်ပြန်နိုင်တာပေါ့တဲ့။

ဒါကြောင့် အကျဉ်းချုပ်ရရင် ကြီးမာကျယ်ပြန့်တဲ့ ရင်သားဖြစ်ပစေ၊ သေးကွေးတဲ့ ရင်သား ကျဉ်းကျဉ်းလေးဖြစ်ပစေ၊ ကြွက်သားအပြည့်နဲ့ ရင်သားဖြစ်ပစေ၊ အမွှေးတွေနဲ့ ရင်သားဖြစ်ပစေ မိန်းမတယောက်အတွက်တော့ အိမ်ကောင်းကောင်းတလုံးဖြစ်နိုင်ပါတယ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ အိမ်မှာ နေမယ့် အိမ် ပိုင်ရှင် မိန်းမတယောက်ကိုတွေ့ပြီဆိုပါမှ ယောက်ျားတွေ ရဲ့ ရင်သားဟာ အဓိပ္ပါယ်ပြည့်ဝလာတယ်။ အကျိုးရှိရှိ အသုံးကျလာတယ်။ တည်ရှိနေရတာ အဓိပ္ပါယ် ရှိလာ တယ်။ အဲ့လိုပဲ အမြဲ မတ်မတ်ရပ်နေဖို့လဲ ခွန်အားတွေရှိလာတယ်မဟုတ်လား…?

မှတ်ချက်။ ယောက်ျားတွေ ရဲ့ “ရင်သား” ကို “ရင်ဘတ်” လို့ခေါ်ပါတယ်။ “ရင်ခွင်” လို့လဲ တင်စား သုံးနှုန်းကြသေးတယ်။

A Chen
5:03 AM
1st September 2010
Wednesday
Home
Bangkok