အသစ်ပြန်ဖြစ်တဲ့ သက်ငင်အချစ်
ဂျူးရဲ့ သက်ငင်ချစ်မှာပါတဲ့ ဇာတ်ကွက်တခုပါ။ ခင်လေးငယ် ကို သူ့
ရည်းစားက ဖြတ်တော့မယ့် အခန်း၊ သီသီလွင်ဆိုတဲ့ နောက်တယောက်နဲ့ ချစ်သွားတဲ့ ကိုကိုက
ထားခဲ့တော့မယ့် အခန်းမှာ ဂျူး က ဒီလိုဖော်ကျူးထားပါတယ်။
အို….သီသီလွင့်ကို ပိုချစ်ရင်….။
ဟင့်အင်း……၊ သူများ ကိုကို့ ကိုမခွဲနိုင်ပါ ကိုကို။
ယောင်ယမ်း၍ ကိုကို့မျက်နှာကို အထိတ်တလန့်မော့ကြည့်မိပါသည်။ ကိုကိုသည်
သူများကို ငုံ့ကြည့်နေခြင်းမရှိပါ။ ဟိုးဘက်မြစ်ပြင်ဆီသို့ ငေးနေပါသည်။
မေးဖို့မလိုပါ။ သည်မေးခွန်းကို မေးဖို့မလိုပါ။ သူများရိပ်မိပါသည်။
ကိုကိုလိမ်လည်၍ ဖြေသည့်တိုင်အောင် သူများရိပ်မိပါလိမ့်မည်။ သည်အဖြေကိုလည်းမကြားရဲပါ။
သည် သုံးလေးလအတွင်းမှာ..ကိုကိုနှင့် နှစ်ယောက်ချင်းချိန်းတွေ့သည့်ရက်သည်
သည်နေ့ရော ပေါင်းပါမှ နှစ်ခါပဲ ရှိပါသေးသည်။
ဟုတ်ပါသည် ကိုကို၊ သူများချိန်းတိုင်း ကိုကို့မှာ အကြောင်းပြချက်တခုက
ရှိနေတတ်သည် မဟုတ်ပါလား။
ဘောလုံးကွင်းသို့ သွားစရာရှိပါနေသည်ဆို…..
တင်းနစ်ကုတ်သို့ သွားရပါဦးမည်ဆို…….။
တီးဝိုင်းအတွက် သီချင်းအသစ်တိုက်ရပါဦးမည်ဆို……။
နောက်ပြီး ဘယ်အဖွဲ့က ဘယ်တယောက်နေမကောင်း၍ လိုက်တီးပေးနေရပါသည်
ဆိုတာမျိုး။ သြော်…… ဒီလိုတော့လည်း ကိုကို့မှာ အလုပ်က အများသားပါကလား။
ညည အိမ်ရှေ့သို့ ဂစ်တာလာမတီးသည်ကလည်း ဘယ်နှစ်လ ရှိနေပြီလဲ။ စေ့စေ့တွေးတော့လည်း
ရေးရေးပေါ်ပါသည်။
အရိပ်မြင်ရုံနှင့် အကောင်မထင်ခဲ့မိဘဲ၊ အကောင်မြင်ခါမှ ရိပ်မိရသော
သူများအဖြစ်သည် မည်မျှရယ်ဖို့ကောင်းလိုက်ပါသလဲ။ ရယ်နိုင်လျှင် တင်းကြပ်နေသော ဝေဒနာ
သက်သာသွားမည်လား……..?
ဒါ ဂျူးက ၁၉ ၈၁ ဇွန်လ ရှုမဝမှာ ရေးခဲ့တဲ့ သက်ငင်ချစ်ထဲကပါ။ ကိုယ်မမွေးသေးပါဘူး။
သူငယ်ချင်းကောင်လေးတယောက်ရှိပါတယ်။ သူက သူ့ရည်းစားကောင်မလေးတွေနဲ့
အီစီကလီ အဆင့်မှာပဲ ပျော်ပိုက်လေ့ရှိတယ်။ ရည်းစားသက်တမ်းကြာလာလို့ တည်တည် တံ့တံ့
ဖြစ်လာပြီဆိုရင် သူ ယောက်ယက်ခတ်ပြီး အဲ့ကောင်မလေးနဲ့ ပြတ်တော့တာပဲ။ ဘာလို့လဲ လို့မေးကြည့်တော့
“သမီးရည်းစား သားရည်းစားဘဝမှာ အတည်ရယ်လို့ ဖြစ်လာကြပြီဆိုရင် မိန်းကလေးတွေက အရမ်းတွယ်ကပ်တတ်လာတယ်၊ နေ့တိုင်းနေ့တိုင်း
ဘယ်သွား ဘာလုပ် ဘယ်သူနဲ့တွေ့ စတာတွေကို နာရီမိနစ် စက္ကန့်မလပ် သတင်းမပို့ချင်ဘူး”
တဲ့လေ။ စိတ်ရှုပ်စရာတွေပါတဲ့။
အဲ့တော့ ကိုယ်ကသူ့ကို မေးခွန်းလေးတွေမေးမိတယ်လေနော်။
“မိန်းကလေးတယောက်ကို ကြိုက်လို့ ချစ်လို့ စိတ်ဝင်စားလို့ဆိုပြီး
လိုက်ဖူးလား?”
“လိုက်ဖူးတာပေါ့”
“ဘယ်လိုပုံစံနဲ့လိုက်လဲ”
“ဖုန်းတွေ နေ့တိုင်းဆက်တယ်၊ အီစကလီထုတယ်၊ တွေ့ဖို့ချိန်းတယ်”
“တကယ်လို့ သသက ဂရုမစိုက်သလိုနေရင်ကော”
“တောက်တဲ့ကပ်သလို တွယ်ကပ်နေတာပေါ့။ နေ့ရော ညကော သူ့အိမ်ရှေ့မှာ
ခြေအေးဝမ်းယောင် လုပ်တယ်၊ ဂစ်တာတီးတယ်၊ သူသွားတတ်တဲ့ စာအုပ်ဆိုင်တွေ လိုက်တယ်၊
အကြည့်မြှားတွေပစ်တယ်၊ ဈေးသွားမယ့်လမ်းမှာ ထိုင်စောင့်တယ်၊ ကျောင်းဆင်းချိန် စောင့်တယ်၊
ကျူရှင်သွားရင် နောက်ကလိုက်စကားပြောတယ်၊ နှင်းဆီပန်းတွေပေးတယ်၊ အက်စက်ထရာ အက်စက်ထရာပေါ့။
လူက ခရီးတွေဘာတွေထွက်ရင် ဖုန်းဆက်ပြီးတော့ ဘယ်ရောက်နေပြီလဲ ဘာလုပ်နေလဲ ဘယ်တော့ပြန်လာမလဲ
ပြောတယ်၊ ခရီးက ပြန်လာရင် လက်ဆောင်တွေ ဝယ်လာ တကူးတက သွားပေး၊ ခရီးမထွက်ဘူးဆိုရင်လဲ
တနေ့ ၃ ခါ သတင်းပို့တယ်၊ မနက် နေ့လည် ည စားပြီးပြီလား ဖုန်းဆက်မေးတယ်၊ အခုပြောခဲ့တဲ့နည်းတွေအကုန်က
အလုပ်ဖြစ်တယ်၊ ကောင်မလေးတွေအရမ်းကြွေတယ်” သူက ဂုဏ်ယူဝင့်ကြွားစွာဖြေပါတယ်။
“ချစ်ကြိုက်သွားကြပြီးတော့ကော နေ့တိုင်းတွေ့ဖြစ်ကြလား?”
“တနေ့မတွေ့ဘဲ မနေဘူး၊ မတွေ့တဲ့နေ့ရယ်လို့ကို မရှိဘူး”
“သူက အလုပ်မအားရင်ကော?”
“အလုပ်မှာ သွားကြိုတာပေါ့”
“တကယ်လို့ နင်က မအားရင်ကော”
အလုပ်ပြီးတာနဲ့သူ့ဆီချက်ချင်းပြေးတာပဲ”
“တနေ့ကို ဖုန်းဘယ်နှစ်ခါလောက်ပြောဖြစ်ကြလဲ?”
“အရမ်း “ဟိ” (အပူ - အန်တီချမ်းဆို့ကဲ့သို့ ဘေးလူအမြစ်ကပ်လောက်အောင်
အရမ်း သည်းသည်းလှုပ် ချစ်နေကြသည့်အချိန်) တက်နေကြတုံးကဆိုရင် တနေ့ကို အများဆုံးက
၁၀ ခါထက်မနည်းဘူး။ တခါတခါ ပြောရင်လဲ နာရီ ပေါင်းများစွာနဲ့ချီပြီး စံချိန်တင်ဖူးတယ်”
ကဲ အဲ့ဒီတော့ မေးစရာတခုပဲကျန်တော့တယ်။
“အဲ့ဒီအချိန်တုံးက နင်က သူ့ကို သိပ် ကပ်တာပဲလို့ မမြင်ဘူးလား?”
သူက ရှက်ရယ် နဲ့ မဲ့ပြုံးပါတယ်။ ယောက်ျားတွေက မိန်းမတွေ သိပ်ကပ်တာပဲ၊
သိပ် ချုပ်ချယ်တာပဲ၊ သိပ် ပစီပစပ်များတာပဲ လို့ပြောလေ့ရှိကြတယ်။ တချိန်တုံးက တောက်တဲ့
တွယ်သလိုတွယ်ကပ်နေခဲ့တာ၊ အရှက်မရှိ သရက်စိခဲ့တာ၊ တနေ့တနေ့ အရည်မရအဖတ်မရ ဖုန်းဆက်ဆက်ပြီး
သူများသိချင်လားမသိ မသိချင်လားမသိ သူ့တို့ ဘာလုပ်တယ်ဆိုတာ ဖုန်းဆက်ဆက်ပြောတတ်တာ၊
အားအားယားယား ဖုန်းခွက်ကို လျှာနဲ့ ယပ်ခတ်တာ၊ တနေ့မတွေ့ရရင် ကိန္နရီချောင်းချား အာဝါဒါး
တတ်တာ သူတို့ပဲ မဟုတ်လား။ ဘာလို့များ အဲ့တာတွေ အကုန် လွယ်လွယ်နဲ့ မေ့ကုန်ကြတာပါလိမ့်နော်။
တီချမ်း ပြောချင်တာ အဲ့တာ ပါပဲ။
T Chen
3rd Feb 2014
6:39 PM | Monday |
Royal Nay Pyi Taw Hotel |
Nay Pyi Taw | MYANMAR