Monday, January 31, 2011

မင်း… ဘာလဲ ဆိုတာ…?



ဂျူဝဲလ် ရဲ့ သီချင်းစာသားတွေ က အမြဲလိုလို ကဗျာဆန်ဆန် လှပနေလေ့ရှိပါတယ်

သူ့ သီချင်းနားထောင်ရတာ ကဗျာ ကောင်း တပုဒ် ကို ဘတ်နေရသလို ခံစားချက်အမြဲပေးတယ်။ သူ့ကဗျာတွေကျတော့ ဖွင့်လှစ်မှုတွေများတဲ့ အတွက် တချို့ က မကြိုက်ကြပြန်ဘူး။ ကိုယ်ကတော့ ရှိတည်မှု နဲ့ ဖြစ်တည်မှု အမှန်တရား ပြကတိ စတာတွေ ကိုနှစ်သက်တဲ့ အတွက် ကြိုက်ပြန်ပါတယ်။ ဆေးက ခါးသလို အမှန်တရားဆိုတာလဲ အမြဲ မလှပနိုင်ဘူးလေနော်။ ခုလဲ သူ့သီချင်းတပုဒ် ကိုနားထောင်နေရင်း စာသားလေးတွေ အရမ်းလှလို့ မျှဝေ ခံစားချင်မိပါတယ်။ ကိုယ့်ဘလောခ် ကိုလာဘတ်တဲ့ သူတွေ ကိုယ်နဲ့ ရင်ခုန်သံချင်း တူတဲ့သူတွေ ကြိုက်ကြမယ်ထင်ပါတယ်။

သူရဲ့ ကဗျာတွေ နဲ့ မတူတာက သူ့သီချင်းစာသားတွေမှာ သူပေးချင်တဲ့ မက်စေ့ရှ်တွေနဲ့ အတူ စေတနာ တွေကို တွေ့ရပါတယ် ဒီသီချင်းလေးက သူ့ လောလောလတ်လတ်မှ ထွက်ထားတဲ့ sweet and wild ဆိုတဲ့ အခွေထဲက ပါ။ မယ်လိုဒီအနေနဲ့ ကိုယ်ပထမဆုံးစွဲငြိတဲ့ သီချင်းမဟုတ်ပေမယ့် စာသားအနေနဲ့ အဓိပ္ပါယ် ကို သေချာ နားထောင်မိတဲ့ တပုဒ်ပါ။ ဒီတပုဒ် ကိုကြိုက်သလို ကျေနပ်ခြင်း (satisfied) ဆိုတဲ့ နောက်တပုဒ် ကိုလဲ ကြိုက်မိပါတယ် ကြုံရင် ဘာသာပြန်ပေးပါအုံးမယ်

ဘာသာပြန်တာကောင်းရင် မူလစာသားကောင်းလို့ ဖြစ်ပြီး တခုခုလွဲချော်မှု ရှိရင် ကိုယ်ညံ့လို့ပါ။ သီချင်း ရဲ့ ပထမ အပိုဒ် ကို ဘာသာပြန်နေရင်းနဲ့လဲ သူပြောချင်တာကို အင်္ဂလိပ်လိုရေးထားတာကို ကိုယ်နားလည်ရက်သားနဲ့ (အင်မတန်ကြွယ်ဝတဲ့ မြန်မာ ဘာသာ နဲ့) တိတိပပ ကိုယ်ဘာသာ မပြန်နိုင်သလိုခံစားရပါတယ် ကိုယ်လိုနေသေးတယ်…..

မင်း… ဘာလဲ ဆိုတာ…?

ကိုယ်မြို့ကို ပတ်ရင်းကားလျောက်မောင်းနေတယ်

ပျင်းသလိုလို ရှိလာလို့ ပြတင်းမှန်ကို လှည့်ချရင်း

ဘတ်စ်ကား ဂိတ်ရဲ့ ခုံတန်းရှည်ပေါ်မှာ ထိုင်နေတဲ့

ကောင်မလေးတယောက်ကိုမြင်မိတယ်

လူတိုင်း သူမကို ကြည့်မိအောင်၊ သတိထားမိစေနိုင်တဲ့

ဝတ်စားဆင်ယင်မှုမျိုးနဲ့လေ

သူမ ကသာ ဒီလို ထင်ပေါ်အောင်

ဝတ်စားဆင်ယင်မထားဘူးဆိုရင်

ကမ္ဘာလောကကနေ သူမ ပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့

စိုးရိမ်မှုတွေနဲ့ပေါ့

သူမ ကို ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆုပ်ကိုင်ပြီးတော့

သူမ လိုချင်တဲ့ အရာတွေ က သူမဆီမှာ

ရှိနေပြီးသားပါဆိုတာကိုသေချာနားလည်သဘောပေါက်အောင်

ပြောချင်ပြချင်မိတယ်

ကြယ်က ကြယ်ဖြစ်ကြောင်း ပြဖို့ အတွက်

လင်းပြနေဖို့မလိုပါဘူး

ရေဆိုတာ စီးဆင်းနေသလိုပဲ

ငှက်ကလေးကလဲ ဘယ်လို ပျံရမလဲဆိုတာ

သင်စရာမလိုဘဲ သိပါတယ်

ပန်းပွင့်လေး ကို ဘယ်လိုပွင့်ရမလဲဆိုတာ ပြောပြစရာမလိုသလို

အလင်း ကိုလဲ အခန်းတခုလုံး လင်းချင်းနေအောင်

ဘယ်လိုလုပ်ရမလဲလို့ ပြောစရာမလိုပါဘူး

မင်းက မင်းပါပဲ

မင်းက ဘာပဲ ဖြစ်နေဖြစ်နေ လှနေပြီးသားပါ

တနေ့က မြို့ထဲက စစ်မှုထမ်းဟောင်းအဖွဲ့ကနေ

ဇာတ်လမ်း တပုဒ်ကြားရတယ်

အဖေ က မျှော်လင့်ချက်သိပ်မရှိတော့တဲ့ သူ့သား ကိုပြောနေတာပေါ့

ဒီမှာသူပြောနေတာလေးပါ။

“ဒီလိုမဖြစ်သင့်ပါဘူး…

သားက သွားဖို့ ငယ်ပါသေးတယ်

ဖေဖေ မခံစားနိုင်ဘူး သားရယ်”

လူငယ်လေးက သူ့အဖေ ကို ဒီလို ပြန်ပြောပါတယ်။

“မငိုပါနဲ့ ဖေဖေရယ် ၊

ဖေဖေမှတ်မိသေးလား သားငယ်ငယ်လေးတုံး

ဖေဖေပြောပြတာတွေလေ

ဖေဖေ ကို “ဘာ့ကြောင့်လဲ…?” လို့မေးတော့

ဖေဖေက….

ကမ္ဘာ့ဆွဲအားက ဆွဲအားသာပါပဲ

မင်းကို သူက ဆွဲမချနေပါဘူးတဲ့

ကျောက်တုံးကလည်းပဲ ဘာမှမတတ်နိုင်တဲ့ အတွက်

သူနေ့ရာမှာဘဲ သူ မတ်မတ်ရပ်နေရတာပေါ့

မင်းမမြင်ရပေမယ့်လဲ လေကတော့ တိုက်နေမြဲပါ

နေရာတကာ မှာ အမြဲ ငါရှိနေသလိုပေါ့

မင်းက မင်းပါပဲ

မင်းက ဘာပဲ ဖြစ်နေဖြစ်နေ ကြံ့ခိုင်နေပြီးသားပါ

မှန်ထဲကို ကြည့်လိုက်ရင် ပြောပြစရာ

နောက်ထပ် ဇာတ်လမ်း တပုဒ်ရှိပါသေးတယ်

သူများတွေ ကို အချစ်တွေ ပေးနေသလောက်

ငါ့ကိုယ်ငါတော့ ငရဲပဲပေးနေသေးတယ်

ငါ့ကို ငါပြောရမှာ တခုက

အစေ့တိုင်းမှာ ပြည့်စုံတဲ့ အပင် တပင် ပေါက်နိုင်စွမ်း ရှိပါတယ်

ငါဖြစ်ချင်တဲ့ အရာမှန်သမျှ က ငါ့မှာ ဖြစ်နေပြီးသားပါ

ပြည့်စုံပြီးသားပါ

ပန်းလေးတပွင့် က ပန်းလေးတပွင့်ပါပဲ

ပန်းဖြစ်ကြောင်း ပွင့်ပြနေစရာ မလိုပါဘူး

အလင်းကလဲ အလင်းပဲ ဖြစ်တဲ့ အတွက်

အခန်း ကို ဘယ်လို ဖြည့်ပြီး လင်းချင်းပစ်ရမလဲ သိပါတယ်

အမှောင်က လဲ အမှောင်မို့လို့ သာ

ကြယ်တွေ အတွက် လင်းစရာနေရာ ပေးနိုင်တာပေါ့

လှိုင်းတွေ က ပင်လယ်ထဲ ပြန်ပြေးထွက်သွားကြတာ

ကမ်းခြေ ကိုနောက်တခါ ထပ်လာနိုင်အောင်ပါ

နှုတ်ဆက် ခွဲခွာခြင်း က ကြိုဆိုနှုတ်ခွန်းဆက်သခြင်း ကို

ပိုမို ချိုမြ လှပစေပါတယ်

အချစ်ကလဲ အချစ်ပါပဲ

အဲ့တာကြောင့် ငါတို့တွေ ကို သင်ကြားပေးနိုင်တာပေါ့

ငါတို့ဟာ ငါတို့ အဖြစ်နဲ့ပဲ

အဓိပ္ပါယ် ပြည့်ဝနေပြီးသားဆိုတာ


ကြံ့ခိုင် နေပြီးသားဆိုတာ

ကောင်းမွန် နေပြီးသားဆိုတာ

တော်သင့် နေပြီးသားဆိုတာ တွေကိုပေါ့

A Chen

4:06 PM

Jan 31 st 2011

Monday

Bangkok

What You Are

I’M DRIVING AROUND TOWN
KINDA BORED WITH THE WINDOWS ROLLED DOWN
I SEE A GIRL ON A BUS STOP BENCH
DRESSED TO DRAW ATTENTION
HOPING EVERYONE WILL STARE
CAUSE IF SHE DON’T STAND OUT
SHE THINKS SHE’LL DISAPPEAR
I WISH I COULD HOLD HER, TELL HER, SHOW HER
WHAT SHE WANTS IS ALREADY THERE

A STAR IS A STAR
IT DOESN’T HAVE TO TRY TO SHINE
WATER WILL FALL
A BIRD JUST KNOWS HOW TO FLY
YOU DON’T HAVE TO TELL A FLOWER HOW TO BLOOM
OR LIGHT HOW TO FILL UP A ROOM
YOU ALREADY ARE WHAT YOU ARE
AND WHAT YOU ARE - IS BEAUTIFUL

I HEARD A STORY THE OTHER DAY
TOOK PLACE AT THE LOCAL V.A.*
A FATHER TALKING TO HIS DYING SON
THIS WAS HIS CONVERSATION:
IT’S NOT SUPPOSED TO BE LIKE THIS
YOU CAN’T GO FIRST, I CAN'T HANDLE IT
THE BOY SAID DAD, NOW DON’T YOU CRY
REMEMBER WHEN I WAS A CHILD WHAT YOU USED TO TELL ME
WHEN I’D ASK WHY, YOU’D SAY...

GRAVITY IS GRAVITY
IT DOESN’T TRY TO PULL YOU DOWN
A STONE IS STONE
IT CAN’T HELP BUT HOLD IT’S GROUND
THE WIND JUST BLOWS THOUGH YOU CANNOT SEE
IT’S EVERYWHERE JUST LIKE I WILL ALWAYS BE
YOU ALREADY ARE WHAT YOU ARE
AND WHAT YOU ARE - IS STRONG ENOUGH

LOOK IN THE MIRROR
NOW THAT’S ANOTHER STORY TO TELL
I GIVE LOVE TO OTHERS
BUT I GIVE MYSELF HELL
I HAVE TO TELL MYSELF
IN EVERY SEED THERE’S A PERFECT PLAN
WHAT I HOPE TO BE I ALREADY AM

A FLOWER IS A FLOWER
IT DOESN’T HAVE TO TRY TO BLOOM
LIGHT IS LIGHT
IT JUST KNOWS HOW TO FILL A ROOM
DARK IS DARK
SO THE STARS HAVE A PLACE TO SHINE
THE TIDE GOES OUT
SO IT CAN COME BACK ANOTHER TIME
GOODBYE MAKES HELLO SO SWEET
AND LOVE IS LOVE SO THAT IT CAN TEACH US
THAT WE ALREADY ARE WHAT WE ARE
AND WHAT WE ARE - IS BEAUTIFUL
AND STRONG ENOUGH
AND GOOD ENOUGH
AND BRIGHT ENOUGH...

အောက်ခြေမှတ်စု

About VA*

Mission Statement

To fulfill President Lincoln's promise “To care for him who shall have borne the battle, and for his widow, and his orphan” by serving and honoring the men and women who are America’s veterans.

Vision

To provide veterans the world-class benefits and services they have earned - and to do so by adhering to the highest standards of compassion, commitment, excellence, professionalism, integrity, accountability, and stewardship.

Core Values

Compassion: We will treat all veterans and their families with the utmost dignity and compassion. We will provide services in a caring manner, with a sympathetic consciousness of others’ distress together with a desire to alleviate it.

Commitment: Veterans have earned our gratitude and respect. Their health care, benefits, and memorial service needs to drive our actions.

Excellence: We strive to exceed the expectations of veterans and their families.We strive to perform at the highest level of competence and take pride in our accomplishments.

Professionalism: Our success depends on maintaining a highly-skilled, diverse, and compassionate workforce. We foster a culture that values equal opportunity, innovation, and accountability.

Integrity: We recognize the importance of accurate information. We practice open, truthful, and timely communication with veterans, employees, and external stakeholders. By carefully listening and responding to their concerns, we seek continuous improvement in our programs and services.

Accountability: We will perform in a manner at all times that makes us accountable, responsible, and answerable to veterans and their families, our leaders and other employees as well as external stakeholders.

Stewardship: We will ensure responsible stewardship of the human, financial, and natural resources as well as data and information entrusted to us. We will improve performance through the use of innovative technologies, evidence-based medical practices, and sound business principles.

နာနေတဲ့ ငါ့ (တို့) ကမ္ဘာ




နာနေတဲ့ ငါ့ (တို့) ကမ္ဘာ

ကမ္ဘာကြီး တကယ်နာနေပြီလား
ကောင်းကင်မှာ ဒဏ်ရာကြီးနဲ့

ပက်သဒင်း ကော
ကုန်ပြီလား
...ငါ့အနာ ကယ်ရာခြင်းမဲ့

လူတွေ ရဲ့ အတ္တတွေ
မောဟတွေ နဲ့
လောဘတွေ

ကာဘွန်ရဲ့ ဒေါသတွေ
ငါ့ဆီလာ လောင်လောင်ရင်းနဲ့

ကမ္ဘာကြီးတကယ်နာနေပြီလား
ကောင်းကင်မှာ ဒဏ်ရာကြီးနဲ့

အန်တီချမ်း
10:14 AM
31st Jan 2011
Monday
Bangkok

(မှတ်ချက်
ပန်ပန် ပန့်ပန့် ပန်
ပုံကို ကူးပြီး ခုတင်တဲ့ စာနဲ့
ဘလောခ် မှာ တင်ချင်ပါတယ်
အဲ့တာ ပုံယူလို့ ရမရ သိချင်ပါတယ်
ပုံလာကြည့်ရင်းစိတ်ကူးပေါက်ရာ ရေးလိုက်ပါတယ်)


မပန်ရဲ့ ဖဘ ကို လျောက်ကြည့်ရင်း ပုံကို မန့် မိရာကနေ ပေါ်လာတာပါ
ကဗျာလားဘာလားတော့ ပရိတ်သတ်ကြီးပဲ ဆုံးဖြတ်ပါ
ကိုယ့်အတွက်ကတော့
စိတ်ထဲမှာ အမြဲရှိရှိနေတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မက်စေ့ရှ် ပေါ့
ပုံ သုံးခွင့်ပြုတဲ့ မမပန်ပန် ကိုကျေးဇူး တင်ပါတယ်

Friday, January 28, 2011

တပိုင်းတစ အတွေးကလေးများ

ဟင်းချက်တာချည်းပဲ ရေးခိုင်းနေကြလို့ ဟင်းတွေချည်းချက်လိုက်တာ တခြားတောင် မရေးတတ်သလိုဖြစ်နေပြီ။
နန်းညီ က စနပ်ရှော့ပ် လုပ်လိုက်တော့ ကိုယ်လဲ ကိုယ့် အတွေးထဲမှာ ဝင်နေတဲ့ အရာတွေကို ခါထုတ်လိုက်ချင်တယ် စာဘတ်သူကြီး ရဲ့အမြင်လဲသိချင်တာပေါ့။

လောလောဆယ် ကိုယ့်အမျိုးတယောက် ဘန်ကောက်မှာ ကင်ဆာ လာကုနေပါတယ်။ အခြေအနေကတော့ သိပ်မကောင်းပါပေါ့။ မိသားစုကလဲ သိထားပါတယ်။ လူနာ ကို မခံစားစေချင်တာပါပဲ။

တွေးမိတာတွေက ကိုယ်တို့ တွေ နေ့တဓူဝ အလုပ်တွေ လုပ်၊ အိပ်၊ စား၊ နေ နေကြတာ သေခြင်းတရား ကိုမေ့နေသလိုပဲ။ ကိုယ်ဆို ၂၀၀၃ က သေခြင်းတရားနဲ့ တော်တော် နီးနီး ကိုရောက်ဖူးတာပါ။ ခုတော့လဲ မေ့နေသလိုလို ကိုယ်ပဲ ဘယ်တော့ မှမသေတော့မလို (သေခြင်းတရား ကို မေ့နေတာကို ပြောပါတယ်)
စကားပြန်ဆက်ပါမယ်

ခုန က အမျိုး....

အင်း ပြောချင်တာ က လူတွေပါ ကိုယ့်မိသားစု ထဲမှာ တယောက်ယောက်က နာတာရှည် ဖြစ်နေပြီ ဆိုပါတော့
မနေရတော့ဘူးလဲသိတယ် ဒါပေမယ့် ကျန်နေမဲ့ မိသားစုက ကုချင်ကြတယ် လူနာ ကိုလဲ မကုချင်ဘူး သေမှာဘဲ လို့ ဘယ်လိုပြောထွက်မလဲနော် (ကိုယ်စဉ်းစားမိတာလေးတွေပါ ကိုယ့်အမျိုးမိသားစု ကိုမဆိုလိုသလို ဘယ် မိသားစု တခု ကိုမှလဲ ပါတစ်ကူလာလီး မပြောချင်ပါဘူး ကိုယ့်အတွေးသက်သက်ပါ)
မိသားစုကတော့ စိတ်ထဲမှာ ဂေးလ်တီ မဖြစ်ချင်ကြဘူးလေနော် အော် ငါတို့ လုပ်ပေးနိုင်သမျှ တော့ လုပ်ပေးရမှာဘဲ ဝတ္တရား ဆိုတာကလဲ ရှိသေးတယ် နောက် ဘယ် မိန်းမယောက်ျားကများ ကိုယ့် ချစ်တဲ့ သူတယောက် ရောဂါ ခံစားနေရချိန်မှာ ကိုယ်တတ်နိုင်သမျှ မလုပ်ပေးချင်မလဲနော် သားသမီးတွေကလဲ တတ်နိုင်သမျှ လုပ်ပေးလိုက်ချင်မှာပေါ့.....ဒါကတော့ လူလိုတွေးတာပါ လူတွေးတွေတာပေါ့

ခုပြောမယ့်ဟာကတော့ ကိုယ့် ပုဂ္ဂလိက အတွေးပါ စာဘတ်သူလဲ ပြောချင်တာရှိရင် ကွန်မန့် မှာ ရေးခဲ့ပေါ့ တကယ်က ဖိုရမ် သေဘာမျိုးလေး ဆွေးနွေးကြည့်ချင်တာပါ အမြင်တွေ မတူညီတဲ့ အမြင်တွေ ကို နားထောင်ကြည့်ချင်တာ ပါ

ကိုယ့် တသီးပုဂ္ဂလ အမြင်အရ ပြောရရင်တော့ သေမှာလဲသိနေတယ် (တတ်နိုင်သမျှ ဆွဲဆန့်ချင်တာ က တပိုင်း)
ဒါပေမယ့် ကိုယ်က သွားကို သွားရမှာပဲ အနှေးနဲ့ အမြန်ပဲ ကွာမယ် ကိုယ်လဲ လူ့လောက မှာ နေသင့်သလောက် (ခုဆို ၅၀ ၆၀ တန်းပေါ့) နေခဲ့ပြီးပြီ ဆိုရင် မဖြစ်မနေ ရသလောက် ကု ကို ကု အုံးမယ်ဆိုတာ အတ္တကြီးတာ သက်သက်ပဲ လို့ မြင်တယ်

မြင်ဖူးပါတယ် ကိုယ်တို့ ပတ်ဝန်းကျင်မှာ နာတာရှည်ဖြစ်နေတာ ကြာလှပြီ မိသားစုကလဲ ကုတယ် အိမ်တွေ မြေတွေရောင်းပြီးတော့ ရှိရှိသမျှ ကုန်တဲ့ အထိ ကုတယ် နောက်ဆုံးတော့လဲ သေတာပဲ အဲ့တော့ ကျန်ခဲ့တဲ့ မိသားစုမှာ ဘာဆို ဘာမှ မကျန်ခဲ့ဘူး ကံဆိုးရင် အကြွေးတွေပဲ ကျန်ခဲ့တဲ့ အထိတောင် ဖြစ်နိုင်တယ်

အဲ့လိုမျိုးဆိုရင် ကိုယ်သာဆိုရင်တော့ မကုတော့ဘူး တကယ်ပြောတာ ကိုယ် အသေခံမယ် သေတာ မထူးဆန်းပါဘူး ပြင်ဆင်ထားဖို့ သာလိုမယ် ကိုယ်က တော့ အရင်တခါက ကိုယ့်ကို ကိုယ် သေလူ လို့ သတ်မှတ်ထားခဲ့ဘူးလို့ များ ဒီလို အတွေးတွေ စကားတွေ ပြောနေတာလား လို့လဲ တွေးမိပါတယ်
တခါတခါကျတော့လဲ ကိုယ်ဘာလို့လူသား သိပ်မဆန်တာလဲ လို့ တွေးမိတယ်

တခါတခါကျတော့ ဖြစ်သင့်တာ ကိုပဲ ဦးစားမပေးသင့်ဘူးလား
သေမယ့် လူက သေမှာပဲ ကျန်ခဲ့တဲ့ လူတွေအတွက် ပိုမစဉ်းစားသင့်ဘူးလား ကိုယ်ကပဲ အတ္တကြီးတာလား စာနာစိတ်မရှိတာလား ပရယ်တီကယ် ကျတာလား
ပြောရမယ် ဆိုရင်တော့ အရှည်ကြီးပါ ပြောချင်တာ ကို ပေါက်မယ် ထင်ပါတယ် တီချမ်းစာဘတ်ရင် အိုင်ကျူကတော့ မြင့်ပြီးသားပဲလေနော်
ဒါပေမယ့် တရားတယ်ဆိုတာလဲ ဘယ်ရှု့ထောင့်ကနေကြည့်ပြီ ပြောတာလဲဆိုတာ အပေါ်မူတည် တယ်ပေါ့
လူနာ အတွက်တရားသလား ကျန်ခဲ့တဲ့ မိသားစု အတွက် ကော တရားသလား ဘာဘာညာညာ လျောက်တွေးကြည့်တာပါ

ကဲ စာဘတ်သူလဲ ဝိုင်းတွေးပါအုံး

A Chen
3:52 PM
28th Jan 2011
Friday
Bangkok

Wednesday, January 26, 2011

မုန်ညှင်းချဉ် ချဉ်ကြမယ်

တနေ့ က မနက်စောစော နိုးတော့ ဈေးသွားဝယ်ပါတယ် ဈေးထဲမှာ မုန်ညှင်းကြီး (လို့ခေါ်တယ်ထင်တယ်) လတ်လတ်ဆတ်ဆတ်တွေတွေ့တာနဲ့ ရေမုန်ညှင်းချဉ် (တီတို့ အခေါ်) ချဉ်စားဖို့ စိတ်ကူးရပါတယ်။ သူက စားရတာ အရမ်းလွယ်တယ် အဆင်ပြေတယ် စားကောင်းတယ် တီ့မိုတိုနဲ့ အကိုက်ပဲ လုပ်ရတာလဲမခက်ဘူး ရန်ကုန်မှာနေတုံးက အမေတို့ အဒေါ် တို့ လုပ်တာ ခဏခဏ မြင်ဘူးတယ် အဲ့တော့ တီလဲ လက်တည့်စမ်းကြည့်မယ် စိတ်ကူးပြီးတော့ ဝယ်လာတယ်။ တခါမှ လက်တွေ့မလုပ်ဘူးတဲ့ အတွက် အမေ့ကို ဖုန်းနဲ့ လုပ်နည်း လှမ်းမေးလိုက်သေးတယ် (တွေ့တယ်နော် စာဘတ်သူတွေ ကို ဘယ်လောက်စေတနာ ထားသလဲဆိုတာ တကူးနဲ့တက ကို ဖုန်းခ ကော ဘာကော အကုန်အကျခံပြီးတော့ ကို စိတ်ပါလက်ပါ ချက်ပြုတ် လက်သုပ် အကုန်လုပ်ကျွေးနေတာ) အပင်ကိုတော့ တွေ့ရင် သိမှာပါ ဒီအပင်က ကြံမဆိုင် ချဉ်တာလဲ ဒီအပင်ပဲ သုံးတယ်။ နောက် ရှမ်း မုန်ညှင်းချဉ် ပိုးတီတွေ မုန်လာဥ နီတွေ နဲ့ အစပ် အချိုတွေ မှာ လဲ ဒီအပင်က ပင်တိုင်ပဲ။ တီတို့ က တော့ မုန်ညှင်းကြီးလို့ ခေါ်တယ် သူ့ချည်းပဲ အစိမ်းကြော်လို ကြော်စားရင်လဲရတယ် ခါးတော့ နည်းနည်းခါးတယ် အဲ့လိုကြော်စားရင်.........အရွက်က ဖားဖား ကြမ်းကြမ်း ကြီးတွေပါ သေသေချာချာ အနီးကပ်မြင်ချင်ရင် ပုံမှာ ကလစ်လိုက်ပါနော် ပုံကိုလဲ သေချာမြင်ရအောင် တပင်တည်း ရင်ထဲကနွယ် လို သေချာ ထုတ်ပြီး ရိုက်ပြထားတယ်နော် ....





ဒါက ဝယ်လာသမျှပါ ၃ ကီလို ဆိုတော့ တီက အများကြီးထင်တာ ဘယ် နေလှမ်းပြီးတော့ ကျုံ့သွားတာနဲ့ နည်းနည်းလေးပဲ ရတယ်... အဲ့တော့ အပင်တွေ့လို့ ချဉ်ကြည့်ကြမယ်ဆိုရင် များများ ဝယ်ပါလို့ ပထမဆုံး ဝယ်လာတဲ့ အပင်တွေ ကို ရေသေချာ ဆေးပါတယ် တီကတော့ အပင်ကြီးကနေ တရွက်ချင်း ခွာခွာပြီးတော့ သေချာ ရေဘုံဘိုင်အောက်မှာ တရွက်ချင်း ပွတ်ဆေးပါတယ် ပြီးတော့ ပုံ၂ မှာ ပြထားတဲ့ အတိုင်း ခြင်း၊ ဇကာ ထဲသေချာ စီထည့်ပြီးတော့ (သေချာ စီထည့်စရာတော့လဲ မလိုပါဘူး အပိုလုပ်တာတော့လဲမဟုတ်ပါ ဘာပဲ လုပ်လုပ် သေသေချာချာ သပ်သပ် ရပ်ရပ် စေ့စေ့စပ်စပ် လုပ်တတ်တာ က အကျင့်ပါနေလို့ပါ) ပြီးတော့ နေလှမ်းပါတယ် တနေ့လုံးနီးပါးပါပဲ ပြီးရင်တော့ ညနေကျရင် တနေ့လုံးနေပြထားလို့ နွမ်းနေတဲ့ မုန်ညှင်းရွက်တွေ ကို ပုံ ၃ မှာ ပြထားတဲ့ အတိုင်းတွေ့ရပါမယ် လောင်သွားတဲ့ အထိ လှမ်းရတာ မဟုတ်ဘူးလေနော် နွမ်းရုံပဲ...





ပြီးရင်တော့ အောက်က ပုံ ၄ မှာ ပြထားတဲ့ အတိုင်း နွမ်းနေတဲ့ မုန်ညှင်းလေးတွေကို တရွက်ချင်း သေချာထပ်ထပ်ပြီးတော့ ပါးပါး အနေတော်လေးတွေ လှီးပါတယ် ပြီးရင် ဘေးက ပုံ ၅ မှာ ပြထားတဲ့ အတိုင်း ဇလုံ သို့ ဇလား နယ် လို့ ကောင်းရုံထဲ ထည့်ပါတယ် ပြီးရင် ပုံ ၇ မှာ ပြထားသလို ဆားလေးတွေထည့်ပါမယ် ဆားထည့်တဲ့ အခါ အများကြီး ထည့်စရာမလိုပါဘူး ဟင်းချက်ရင် ထည့်သလောက်ပါပဲ ...





ပြီးရင်တော့ အောက်က ပုံတွေ မှာ ပြထားတဲ့ အတိုင်း လက်နဲ့သေချာနယ် ပေတော့ တီကတော့ ဒီဇလုံနဲ့လဲ အာလူးထမင်းတွေ ဘာတွေ နယ်နေကြဆိုတော့ နယ်ရတာ အားရပါတယ် အရွက်တွေက ဆား နဲ့ နယ်တာဖြစ်တဲ့ အတွက် အရောင် နည်းနည်း ပြောင်းပြီး ပိုနွမ်းသွားပြီဆိုရင် ရပါပြီ ဆိုလိုတာက နေလှမ်းပြီး နွမ်း သွားတုံးက တရောင် အခု နောက်တခါ နွမ်းတဲ့ အဆင့်က နောက် တရောင်ပါ





အရွက်တွေ အကုန် ညီညီညာညာ နွမ်း ကုန်ပြီဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ထမင်းကြမ်း ကို ချေပြီး ထည့်ပေးပါ တချို့တွေ က ထမင်းရည် (ထမင်းတည်တုံး ခံထားပြီးတော့ အအေးခံပြန်ထည့်တာပါ) တချို့ကလဲ ဆန်ဆေးရေ စသဖြင့် လုပ်နည်း အနည်းအများ ကွဲတတ်ပါတယ် တီတို့ကတော့ လွယ်ကူသက်သာ မြန်ကောင်း အရသာရှိဆိုတဲ့ မိုတို နဲ့အညီ အလွယ်နည်းပါပဲ ထမင်းကြမ်းတွေနဲ့ နှပ်အောင် နယ်ပြီးပြီဆိုရင်တော့ အလည် ပုံမှာ ပြထားတဲ့အတိုင်း ကိုယ်လိုချင်တဲ့ ဘူး နဲ့ ထည့်ပါ တီက အစက အများကြီး ရမယ် ထင်ပြီး ဘူး အကြီး ထုတ်ထားတာ မှန်းချက်နဲ့ မုန်ညှင်းထွက် မကိုက်ဘူးဖြစ်သွားတယ် တဝက်တောင် မပြည့်ချင်ဘူးရယ်....
ထားပါ ခုမှတော့ ပြောနေလဲ အပိုပေါ့ စာဘတ်သူသာ အရွက်တွေ့လို့ လုပ်စားမယ်ဆိုရင် တီ့ လို ၃ ကီလိုပဲ မဝယ်နဲ့နော် အနည်းဆုံး ဟော်လစ် တပုလင်းစာလောက်လိုချင်ရင်တောင် ၅ ကီလိုတော့ ဝယ်ပါ (သက်ကြီးစကား သက်ငယ်ကြားနော် ရှေးလူကြီးတွေ ပြောတာ နားထောင်) နယ်ပြီးသားတွေ ကို ဘူးထဲ ထည့်ပြီးပြီဆိုရင်တော့ အပေါ်ကနေ ဆားနည်းနည်း ထပ်ဖြူးပေးပါမယ် ဆား ထည့်တာ များ ရင် မကောင်းသလို နည်းလွန်းရင်လဲ မချဉ်ဘဲ နေတတ်ပါတယ် ပြီးရင်တော့ ရေကျက်အေး ဖြစ်ဖြစ် (တီကတော့ ရေသန့်ပဲ သုံးလိုက်တယ် အလွယ် အလွယ် ....) ကို အရွက်ဖုန်း ရုံလေး ထည့်ပေးပါ နောက်ဆုံး ပုံကို ကြည့်ပါနော်





ပြီးရင်တော့ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ဇလုံထဲ က နယ်ပြီးသား မုန်ညှင်းရွက်တွေကို လက်နဲ့ ညစ်ညစ်ပြီးတော့ ဘူးထဲ ကိုသေချာထည့် အဖုံးပိတ်ပြီးပြီဆိုရင် နောက်နေ့မှာ နေပြရပါမယ် ၂ ရက် ၃ ရက် လောက် နေပြလိုက်ရင် အရောင် က အညို နုနု လေး (သို့) စာလာလာဘတ်တဲ့ ပန်းချီ သမားတွေ လိုပြောရရင်တော့ အဝါနွမ်းနွမ်းလေးပေါ့ အဲ့လို မျိုး ပြောင်းလာပြီ ဆိုရင်တော့ စားလို့ ရပါပြီ
အစကတည်းက ဘာမှ မထည့်ပဲ ပလိမ်း ချဉ်ထားတဲ့ အတွက် စားခါနီးကျရင် ငရုတ်သီး စိမ်း ပါးပါးညက်ညက် လှီး ပြီး ထည့် နံနံ ပင် ထည့် နောက် ဆား အချိုမှုန့် နည်းနည်း ထည့်ပြီး နယ်လိုက်ရင် ထမင်း နဲ့ အအီပြေ စားစား ရှမ်းခေါက်ဆွဲနဲ့စားစား ရှမ်းမြီးရှည် လို့ ခေါ်တဲ့ ခေါက်စဉ့် နဲ့စားစား အင်မတန် အရသာရှိ လုပ်ရတာ လွယ်ကူ မြန်မြန်ဆန်ဆန်စားရ သက်သက်သာသာနဲ့ အကုန်အကျမများတဲ့ ရေမုန်ညှင်း ချဉ် ရပြီပေါ့ကွယ်....




A Chen
5:49 PM
26th Jan 2011
Wednesday
Bangkok

Monday, January 24, 2011

တီချမ်း ရဲ့ နယူးရီးယား စိတ်ကူးပေါက်ခြင်း

နယူးရီယား စိတ်ကူးပေါက်ခြင်း ဆိုတော့ ဘာတွေ စိတ်ကူးပေါက်သလဲ မမေးပါနဲ့ မသိပါဘူး။ အဲ့လိုဆိုတော့ စိတ်ကူးပေါက်တာလား စိတ်ရူးပေါက်တာလားလို့ပဲ ကိုယ့်ကိုကိုယ် ပြန်မေးရမလိုပါဘဲ။ စိတ်နဲ့ လူနဲ့ ညစ်ပါတယ်။ ဒါပေမယ့် ပိုစ့်ကလေး ဖြစ်ပေါ်စေတာကတော့ စိတ်နဲ့ လူနဲ့ မညစ်တဲ့ နေ့တနေ့ကပါ။ မောင်နဲ့ ကိုယ်နဲ့ နယူးရီးယား ဈေးဝယ်ထွက်ကြပါတယ်။ တနေ့တနေ့လဲ တခါလာ ဝက်သားဆီပြန် တခါလာ မြန်မာ ထမင်းဟင်းဆိုတော့ တခါတလေ အပြောင်းအလဲလေး ဖြစ်အောင် ဘာစားရမှန်းမသိဖြစ်လာပါတယ်။ အပြင်ထွက်စားတော့လဲ တခါလာ seafood တခါလာ ဂျပန်နိစ် ဆိုတော့ ရိုးလာပြန်တာပဲ အဲ့နေ့ကတော့ ပျင်းပျင်းရှိတာနဲ့ မောင်နဲ့ ကိုယ် စီယမ် ပါရာဂွမ် ကို ဈေးဝယ်ထွက်ကြပါတယ် နှစ်ကူးပြီဆိုတော့ ဘာ ဒါက်ကိုရေးရှင်း အသစ်လေးတွေ ရှိသလဲ လို့ လေ။ ပုံမှာ ကြည့်ကြပါ နှစ်ကူး deco အသစ်လေးတွေပါ သူတို့ ရဲ့ ဒီနှစ် theme က Alice in wonder land လို့ထင်ပါတယ် .....နောက်ပုံတွေမှာ ကြည့်ရင် တွေ့ပါလိမ့်မယ်





ဒါကတော့ မောင်နဲ့ ကိုယ် ပေါ့ (လှတယ်နော်) နောက်က အလုံးတွေကတော့ သူတို့ တချက်ခုတ်နှစ်ချက်ပြတ် အလှဆင်ထားတာ ထင်ပါတယ် နယူးရီးယား ပြီးတာနဲ့ တရုတ်နှစ်သစ်ကူးလာပြီလေ အဲ့တော့ တခါတည်း ပြန်ဆင်စရာမလိုတော့အောင်လို့ထင်ပါတယ် အလုံးအလုံးတွေ နဲ့ ဝါးတွေ က တရုတ် ဒီဇိုင်းတွေပဲလေနော်... မောင်က ဝါးတွေ နဲ့ အနီရောင်တွေနဲ့ အမဲလေး ဝတ်ထားတော့ လှနေပါတယ် (ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရသာပ)
ဘေးကပုံကတော့ အပြင်ဘက်က အလှဆင်ထားတဲ့ မီးတွေ ပါ။





ဒါကတော့ အန်တီချမ်း ကြီးတယောက် အသားတန်းမှာ “ဘာစားရမလဲ ပြောပါကွယ် ချစ်သူငယ်ချင်းတို့ ရယ်” လုပ်နေတာပါ။ နောက်တော့ စိတ်ကူးပေါက်တာနဲ့ အသားကင်လေးတွေ Sizzlers လိုလုပ်စားမယ် စိတ်ကူးပါတယ် အဲ့တာနဲ့ပဲ နပ်ပြီးသား (marinatedလုပ်ထားတဲ့) အသားလေးတွေ ဝယ်လာပါတယ်။ အသားချည်းပဲစားမယ်ဆိုတော့ မနိပ်သေးဘူးဆိုပြီးတော့ ပိုမိုပြီး ဘိုဆန်အောင် ဝိုင်အနီလေးလဲ ဆွဲလာပါသေးတယ်။ ဆရာဝန်ကလဲ မှာထားတယ် ဝိုင်အနီ ကိုဖြစ်နိုင်ရင် တနေ့ တခွက် (ပိုလဲမပို လျော့လဲမလျော့) ဘဲသောက်ပေးနိုင်ရင် ကောင်းမယ် ဆိုလို့ ဆရာဝန်စကားနားထောင်တာပါ။ အဲ့တာနဲ့ နှပ်ထားတဲ့ အသား ဝက်ချည်းပဲ လေး မျိုး (အသား နေရာမတူသလို နှပ်ပုံမတူတာပါ) ဝယ်ပါတယ်။ နောက် နှစ်တိုင်း ဒီအချိန်ဆို နည်းနည်းပေါတတ်တဲ့ ချယ်ရီသီးတွေ တွေ့တာနဲ့ အချိုတည်းရအောင် ဝယ်ပါတယ် သူကလဲ ပေါတယ်သာပြောတာ တယ်တော့လဲမပေါဘူး တကီလို ၈၀၀ ကျော်သေးတယ် အဲ့တာပေါတဲ့အချိန် မပေါတဲ့ အချိန်ဆို ဒေါ်လာ ၅၀ လောက်ရှိတယ် အဲ့တော့ ပေါတဲ့အချိန်မှဘဲဝယ်စားရတော့တာပေါ့ နော့် ကိုယ်တွေက နှစ်ရက် လုပ်မှ တရက်စားရတဲ့ ဘဝ ကိုနော်...





ဒါကတော့ အပြင်ဘက်မှာ ရိုက်ထားတဲ့ ပုံတွေပါ မောင့်ကို အရင် ကိုယ်က ရိုက်ပေးတာ အလင်းအမှောင်ပုံလေးကို ကြိုက်တာနဲ့ ကိုယ်ပါ တပုံရိုက်လိုက်ပါတယ် ယုန်နှစ်မို့လို့ ယုန်ပါတယ် ယုန်ရဲ့ အင်္ကျီကိုကြည့်လိုက် အဲ့တာကြောင့် ကိုယ်က အဲလစ် ရဲ့ အံ့ဖွယ်ကမ္ဘာ လို့ ကိုယ်ကထင်တာလေ ဟုတ်ချင်လဲဟုတ်မယ် ဟုတ်ချင်မှလဲဟုတ်မယ် ပေါ့ ကိုယ်ထင် ကုတင်ခြေလေးချောင်းမှလား





ဒါလေးတွေကတော့ ဝယ်လာတာလေးတွေ ပါ ပထမဆုံးက အသားကြော်နဲ့ တူတူစားဖို့ ကညွတ်ခေါ်လား (ဖလန်တောင်ဝှေးတော့ မဟုတ်ဘူးထင်တယ်) asparagus ပါ နောက်ဘေးကတော့ မှိုပါ။ သူဘေးက ပုံက ခုနက ပြောတဲ့ အသားနှပ်ပြီးသားလေးမျိုး ပါ တမျိုး ကို နှစ်ပြားစီ နောက်လေးကတော့ ဝိုင်ပေါ့....





ချက်တာက လွယ်လွယ်လွန်းလို့ချက်တယ်လို့တောင်ပြောမရပါဘူး။ အိတ်ထဲကထုတ်ပြီးကြော်လိုက်တာပါပဲ ဒါပေမယ့် တီချမ်းရဲ့ မိုတိုအတိုင်းပေါ့ နော် လွယ်ကူ မြန်ဆန် ဘာတဲ့ စားရအရသာရှိ ဟုတ်လား ကိုယ့်ဘာသာ အရှေ့ က ပိုစ့်တွေမှာရေးပြီး မမှတ်မိတော့ဘူး ဒါပေမယ့် လွယ်လွန်းတယ် မထင်ရအောင်နည်းနည်းတော့ ပညာ ပြရအုံးမှာပေါနော့် တကယ်က အကြော်ကြော်တယ်ဆိုတာ အင်မတန်မှခက်ပါတယ်တဲ့ နန်းတွင်းစားဖိုမှုးကြီး ရဲ့ အဆက်အနွယ်တယောက်ဖြစ်တဲ့ နန်းမတော် မိမိချမ်းက ပြောပါတယ် ဆီပူလွန်းရင် အိုးကပ်ပြီး တူးနိုင်သလို အသားက မာလွန်းရင်လဲစားမကောင်းပါဘူး။ မကျက်တကျက်လေးဆိုရင်တော့ တီ့အကြိုက်ပေါ့ မီဒီယံ ရဲလေးပေါ့ သွေးလေးနည်းနည်းနဲ့ ဆိုရင် ပိုကောင်းပါတယ် ဒါပေမယ့် မောင်က မကြိုက်ဘူးလေ။ သူက သွေးတွေနဲ့ မစားတတ်ဘူးဆိုတော့ မောင့်ကို ချစ်တဲ့ ကိုယ်က မောင့်အကြိုက်ကိုပဲ လိုက်ရတာပေါ့နော်...မောင်ချင်းထပ်နေပြီ လူတွေအမြင်ကပ်ကြတော့မယ်....ဒန်ဒန့်ဒန့်






ဒါကတော့ ကြော်ပြီး လှီးပြီးသားပုံပါ နည်းနည်းလေးတော့ နီနေသေးတယ်နော် လုံးလုံးအကျက်ကြီး မဟုတ်ပါဘူး...စားကောင်းရုံလေးပေါ့





ဒါကတော့ ခုနက အက်စ်ပါရာဂပ်စ် နဲ့ မှို ကို ကိုယ်လိုချင်တဲ့ ပုံလေးတွေ လှီးပြီးတော့ ရေဆေးစစ်ထားတာပါ ပြီးတော့ ခုနက အသားကြော်တဲ့ အိုးမှာပဲ ကျန်တဲ့ ဆီနည်းနည်းထဲ ကို ထည့်ပြီး မီးပူပူနဲ့ ကြော်လိုက်ပါတယ် ဆားအချိုမှုန့် နည်းနည်းလေးပါတယ်ဆိုရုံထည့်ပြီး အိုးချခါနီးမှာ ခရုဆီ နည်းနည်း လောင်းလိုက်တော့ ပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိလှစွာ မြန်ကောင်းသက်သာ အရွက်ကြော်လေးတပွဲရလာတာပေါ့နော်





ဒါကတော့ တာတာမီလေးပေါ်မှာ ပြင်ထားတာပါ ဂျပန်ခုံနဲ့ ဘိုစာပေါ့ လုံးဝထူးခြားနေရမယ်ဆိုတာလိုလေ...ဆော့တွေက ကြက်ကြော်တွေ ပီစာတွေ မှာမှာစားတုံးက ပိုတာတွေ အကုန် ညစ်ထည့်လိုက်တယ် ကဲမှတ်ကရော... သားရယ် သမီးရယ် နဲ့ တူတူ မိသားစု လိုက်စားကြပါတယ် ကလေးတွေက ဝိုင်မသောက်ကြဘူး....ဆိုတော့ ကိုယ်နဲ့ မောင်ပဲ
နှစ်ကူုးမှာ သားကြီး ငါးကြီးတွေ သေချာမချက်ဘဲ ဖြစ်သလိုလေးပဲ လွယ်လွယ်ကူကူ ပြီးလိုက်ကြတဲ့ ကိုယ်တို့ ရဲ့ ထမင်းစားပွဲလေးပါ





ဒါကတော့ နောက်ဆုံးပိတ်အိတ်နဲ့ လွယ် အချိုပွဲ ချယ်ရီသီးလေးတွေ ပါ စားသွားကြပါအုံးနော်...

A Chen
2:15 PM
25th Jan 2011
Tuesday
Bangkok
Thailand

Tuesday, January 18, 2011

တောင်းဆိုမှုများ နဲ့ ဝက်သားမှို

ဟင်းမချက်တာ ကြာပါပြီ၊ နေမကောင်းတာလဲ ပါပါတယ်။ ခုတလောတော့ ဖွယ်ဖွယ်ရာရာလေး မစားရတာ ကြာတာရယ် လူကလဲ ခံတွင်းတောင်းတာရယ် ကြောင့် တနေ့ က တခုခု ချက်စားကြမယ် စဉ်းစားပါတယ်။ ရေခဲသေတ္တာ (အသစ်) ထဲ ဘာရှိသလဲ ကြည့်တော့ ဝက်သား သုံးထပ်သား (ပါရာဂွမ် က ဝယ်လာတာရယ်) ဝက်ချင်း တတွဲရယ် တွေ့တာနဲ့ ဝက်သားမှို ချက်စားဖို့ အကြံရပါတယ်။ အရင်ကလဲ ကြက်သားမှို ချက်ဖူးပါတယ် ဒီမှာ ကြည့်ပါ။ နောက်တခုက အန်တီချမ်း ကိုဆိုရင် လူတွေက ဟင်းချက်တာနဲ့ပဲ တွဲမြင်နေကြပါတယ် တကယ်က ကိုယ်ချက်တတ်တာက မီးဖိုချောင် မလုလု တို့၊ တီတီဆွီ တို့ ၊ ရသာချို တို့ လောက်တောင် မချက်တတ်ပါဘူး။ ဒါပေမယ့် ကိုယ် က ပုံလှလှလေးတွေ နဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး တင်တတ်လို့ ဖြစ်မယ် လူတွေ က ကြိုက်ကြတယ် (ကိုယ်ထင်တာပါ တောင်းဆိုတာကလဲ ဟင်းချက်ပါလို့ ချည်းပြောကြတာကိုးနော်) အဲ့တာနဲ့ပဲ ချက်ရပြန်ပါတယ်။ တီချမ်းကတော့ ဘာပဲ ချက်ချက် တီ့ မိုတို ဖြစ်တဲ့ “လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ” နဲ့ညီအောင် ချက်ပါတယ်။ လိုက်ချက်ရလွယ်အောင်လဲ ပုံလှလှလေးတွေ နဲ့ သေချာ တင်ပေးပါတယ်။ ကဲ အပြောနဲ့ အလုပ် ညီရဲ့လား လို့ ကြည့်လိုက်ကြရအောင်နော်။





ပထမဆုံး ဝက်သား နဲ့ ဝက်ချင်း ကို ရေစင်စင်ဆေးပြီး ဆားအချိုမှုန့် တို့ နဲ့ နယ်ထားပါတယ် မောင်က ငြီမှာ စိုးလို့ ဆိုပြီး နနွင်း နည်းနည်း ပါ ထည့်နယ် လိုက်ပါသေးတယ် တီံ သဘော အရတော့ တရုတ်ချက် ချက်မှာ ဖြစ်တဲ့ အတွက် နနွင်း ကိုမသုံးလိုပါဘူး နည်းနည်း အော်လိုက်ပါသေးတယ် မောင့် ကို (အသုံး ကိုမကျဘူးဆိုပြီးတော့ ချစ်စနိုးနဲ့) ပြီးရင် ဘေးမှာ ပြထားတဲ့ မှိုခြောက်ကို ရေနွေး ဆူဆူနဲ့ စိမ်ပါမယ် မှိုခြောက်တွေ စိုပြီး ပွလာပြီဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ကပ်ကြေးနဲ့ နှစ်ပိုင်းစီ ညှပ်ပါမယ် မှို နည်းနေရင် လေးပိုင်းညှင် လဲရပါတယ် တီကတော့ ကိုက်ကိုက်စားရတာ ကြိုက်တဲ့ အတွက် ၂ ပိုင်းပဲညှပ်လိုက်ပါတယ်





ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း မင်းသားနဲ့ မင်းသမီး ကိုရောသမကြိတ်ထားပါမယ် ပြီးရင် ဆီအိုးကို မီးပူပေါ်မှာ ပူလာအောင် တည်ပါမယ် (သိလ္လာစိုး လေသံအတိုင်းပေါ့နော်) ဆီ ကိုအိုးထဲထည့်ပြီးတာနဲ့ တပြိုင်နက်တည်း ဒီဟင်းရဲ့ အဓိက အခရာဖြစ်တဲ့ သကြား (ဟုတ်ကဲ့ ရှုးဂါးပါ) ကိုတခါထဲထည့်ပြီး တော့ ဆီမပူလာခင်မွှေပေးနေပါ။ ဆီတဖြည်းဖြည်းပူလာတာနဲ့အမျှ သကြားတွေက မည်းပြီး တခုနဲ့ တခု ကပ်လာပါမယ် ပြစ်ခဲခဲ ဖြစ်လာပါမယ် ကိစ္စမရှိပါဘူး ဆက်မွှေပါ။ နောက်တော့ ခုနက ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီ ကို ခုနက သကြားဆီသတ်ထဲထည့်ပြီး ဆက်လက် ဆီသတ်ပါမယ်။ ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ဝက်သား နဲ့ ဝက်ချင်းကိုတူတူ ထည့်ပြီး လုံးပါမယ် ရေမထည့်ပါနဲ့အုံး ဝက်က ရေနဲ့ဆီထွက်အုံးမှာဖြစ်တဲ့အတွက် ဝက်သားဆီနဲ့ဝက်သားကြော်ရပါအုံး မယ် ဒုတိယပုံနဲ့ တတိယပုံမှာ ပြထားတဲ့အတိုင်း ဆီပျံပြီး မွှေးလာတဲ့ အထိ ကြော်ပေးရပါမယ် ဝက်သားက ဆီတော်တော်ထွက်ပြီဆိုမှ နောက်တပုံမှာ ပြထားတဲ့ အတိုင်း ခုနက ရေနွေးနဲ့စိမ်ပြီး ညှပ်ထားတဲ့ မှိုခြောက် တွေထည့်ပြီး ထပ်လုံးပါမယ် ဒီအချိန်မှာ လိုအပ်တဲ့ ဆား အချိုမှုန့်တွေ ထည့်ပါမယ် တီက ခရုဆီ ပါနည်းနည်းထည့်လိုက်ပါသေးတယ် မွှေးအောင်ပေါ့ (အမှန်ကတော့ ရှည်တာပါ) တရုတ်ပဲ ငံပြာရည် အကြည်နည်းနည်းခပ်လိုက်လဲရပါတယ် အနံ့ကလေး မွှေးနေအောင်ပါ။ ပြီးရင် ခုနက ပြောထားသလိုပဲ မွှေးလာတဲ့အထိ ဆီပျံပါစေ။ မတူးအောင်တော့ သတိထားပြီး အိုးကို ခဏခဏ မွှေပေးနေပါ။ လုံးလိုက်လှည့်လိုက်ပေါ့၊





ပြီးရင် တော့ အောက်မှာပြထားတဲ့အတိုင်း ခုနက မှိုရောပြီးလို့ ဆီပျံပြီး မွှေးလာပြီဆိုရင် ဝက်သားနဲ့ မှိုမြုပ်ရုံ ရေထည့်လိုက်ပါမယ်။ ပြီးရင် ဘေးကပုံတွေ မှာ ပြထားတဲ့ အတိုင်း ရေခန်းတဲ့အထိ နောက်တဆီပျံလာတဲ့ အထိ တည်ပေးလိုက်ရင် မွှေးကြိုင်ပြီး စားချင်စဖွယ် အရသာရှိလှတဲ့ ဝက်သားမှို တရုတ်ချက်တခွက် ကိုရပါပြီ။ သကြားတွေရော ဆီတွေရော ဝက်သားတွေ ကော အကုန်အအီစာတွေချည်းပဲဖြစ်နေတဲ့ အတွက် အအီပြေ အချဉ်လေးတခုခုထပ်လုပ်ဖို့ လိုပါမယ်





အအီပြေအချဉ်အတွက်ကတော့ သိပ်လွယ်ပါတယ် (တီ့မိုတိုအတိုင်းပေါ့နော်) ကြက်သွန်နီလေးတွေ ကို ပါးပါးလှီး ပြီး ရေစင်စင် ညစ်ထားပါမယ် နောက် ငရုတ်သီး စိမ်း နံနံပင်လေးတွေ ပါးပါးလှီးပြီး ဆားအချိုမှုန့် သံပရာသီး တို့နဲ့ ရောနယ်ပါမယ် ခုနက ဝက်သားမှိုနဲ့ အင်မတန်လိုက်ဘက်တဲ့ တရုတ်ကြက်သွန်ချဉ်သုပ်ပါ (အရင် တီဝက်သားချဉ် သုပ်နေကျအတိုင်းပါပဲ ဝက်သားချဉ်ပါတာနဲ့မပါတာဘဲကွာတာပါ) ပုစွန်ချဉ် ကိုလဲဒီအတိုင်း သုပ်စားလို့ရပါတယ် မြန်မာ သုပ်နဲ့ ကွာတာက ဆီမပါတာပါ





သို့သော်လည်း ကိုယ်ကတရုတ်မဖြစ်ပေမယ့် မောင်က မြန်မာ ဖြစ်တဲ့အတွက် ကွန်ပရောမိုက်စ်အနေနဲ့ နောက်တမျိုးသုပ်ပါသေးတယ် ကိုယ်ကြိုက်ရာစားကြေးပေါ့နော်





ဒါကတော့ မောင့်ရဲ့ ကြက်သွန်သုပ်ပါ ကြက်သွန် ကို ပါးပါးလှီး ပြီး ရေဆေး ညစ်ထားတာ အပေါ် ကို ငရုတ်သီး စိမ်း ပါးပါးလှီး၊ ပဲမှုန့် အကြက်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီး အကြက်မှုန့် နည်းနည်းရယ် နောက်ပြီးတော့ မန်းကျည်းရည် အနှစ် အနည်းငယ်ရယ်ထဲ့ပါမယ်။ ပြီးတော့ မင်းသား နဲ့ မင်းသမီး ဖြစ်တဲ့ အချိုမှုန့် နဲ့ ဆား ထည့်ပါမယ်။ နောက် ကြက်သွန်ဖြုနီ ဆီချက် ကြိုက်နှစ်သက်ရာ ထည့်ပါမယ် အသင့်မရှိရင် ရိုးရိုးဆီ စိမ်း ကို ပူအောင် ချက်ပြီးထည့်လဲ ရပါတယ်။ ပြီးရင်တော့ လက်နဲ့ နယ်ဖတ်လိုက်ရင် စားချင်စဖွယ် ဗမာ ကြက်သွန်နီသုပ် ကိုရပါပြီ။ လက်နဲ့ နယ်တဲ့ အခါမှာ တခုသတိထားရမှာက ဖွဖွလေးနယ်ဖို့ပါပဲ မဟုတ်ရင် ပြဲသွားဖွယ်ရှိပါတယ်။ နောက် ရှောက်သီးစိတ်လေးတွေ ခွာထားတာ ရှိလို့ထည့်လိုက်မယ်ဆိုရင်တော့ ရှောက်သီးသုပ်ဖြစ်သွားတာပေါ့။ တီချမ်းရဲ့ ဟင်းချက်နည်း တွေ ရဲ့ မိုတို အတိုင်း “လွယ်ကောင်းသက်သာ မြန်ဆန် အရသာရှိ” ပါပဲ။





ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ထမင်းပူပူလေးပေါ်မှာ ဟင်းလေးတွေ နယ်ဘတ်ပြီး ငပိကြော် အချဉ်သုပ်တို့နဲ့ လွေးလိုက်ရင်တော့ ဖြင့် ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းတွေ ဘာညာတွေ တီချမ်း တွေ မောင်တွေ အကုန်မေ့ပြီးတော့ လျှာပေါ်မှာ ဆိမ့် ငြိမ့်ငြိမ့်လေး ဖြစ်သွားတော့တာပါပဲလေ။ တီကတော့ အငံပိုကြိုက်တဲ့ အတွက် ထမင်း ကို ဆားလေး နည်းနည်း ဖြူးပြီးတော့ မှ ဆီနဲ့ ထပ်နယ်ပြီး စားတာပါ ဂျပန်လိုပြောရရင်တော့ ဗဲရီးဗဲရီး အိုအိရှိပါပဲ





ဒါလေးတွေကတော့ ထမင်းစားပြီး အချိုတည်း ရအောင် သခွားမွှေးနဲ့ နာနတ်သီးပါ သုံးဆောင်ကြပါအုံးနော်
ဘန်ကောက်မှာနေရတာ တခုကောင်းတာကတော့ အသီးမျိုးစုံ ရာသီပတ်လုံး ကောင်းကောင်းရတာပါပဲ သခွားမွှေး ကိုတော့ သူ့အတိုင်းပဲစားတာပါ နာနတ်သီးလေးကိုတော့ ပျားရည်လေးဆမ်းပြီး ငရုတ်သီးနဲ့ ဆားနယ် လေးရယ် နဲ့ တို့တို့ ပြီးတော့ စားလိုက်တာပါပဲ

ဟင်း...........................ခေါင်း...မှ...ခေါင်း.............................

A Chen
4:45 AM
18th Jan 2011
Tuesday
Bangkok
Home