Wednesday, October 7, 2015

ချစ်တာ အပြစ်လား? Goodbye ……my love


ချစ်တာ အပြစ်လား?  Goodbye ……my love  

ခုတလော မယားငယ် ကိစ္စတွေ၊ လင်ရှိယောက်ျားကို ရည်းစားတော်တဲ့ ကိစ္စတွေ ဖောက်ပြန်တဲ့ ယောက်ျားကိစ္စတွေ အများအပြားကြားရပါတယ်။ ဒီကြားထဲ သခွပ်ပင်က မီးကျီကျီ ဆိုသလို ပေါ်လာတဲ့ ဥပဒေ အသစ်က တမှောင့်ပေါ့လေ။ ထားပါတော့ ပြောချင်တာက ခုနက မယားငယ် ကိစ္စတွေ ရည်းစား ကိစ္စတွေ နှစ်ပေါင်များစွာ တွဲလာပြီး တော့မှ ယူဖို့ ကျတော့ နှောင့်နှေးနေတဲ့ တွေဝေနေတတ်တဲ့ မောင်တို့ ယောက်ျားတွေ အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။

မနေ့ကလဲ တရုတ်ကား တကားကြည့်ဖြစ်တယ်။ တရုတ် နဲ့ ကိုရီးယား ပေါင်းရိုက်ထားတာ (စုန့်ဟွေ့ချောဝ်)လို့ခေါ်တဲ့ အွန်စောလဲပါတယ်။ သူက မင်းသမီးပါ။ မိန်းမတွေ ရဲ့အချစ် အပေါ် အောက်ကျ နောက်ကျ နိုင်မှု နဲ့ နှာခေါင်းမပါရင် ချီးစားမယ့် အမှုတွေကို ရှုထောင့် ပေါင်းစုံက ရိုက်ပြထားတာပါ။ မနာပါနဲ့ ချစ်လို့ပြောတယ်မှတ်ပါ။ မိန်းမတော်တော်များများ ဟာ သူတို့ရဲ့ငယ်ရွယ်မှု၊ နုပျိုမှုတွေကို ဦးနှောက်မပါမှုတွေ အချစ်ဆိုတဲ့ ခေါင်းစဉ်တွေ တပ်ပြီး လဲပစ်နေကြတာပါ။ ကိုယ့်ဘဝအတွက် မသေချာတဲ့ မပိုင်နိုင်မှု၊ မပိုင်ဆိုင်နိုင်မှု တွေကို အချစ်လို့ ပုံရိပ်ယောင်ထင်နေကြတာ။ ကိုယ့်ကို တာဝန်ယူမှာ မယူမှာ မသေချာတဲ့ ယောက်ျားတယောက်ကို တချိန်တော့ သူငါ့ကို ယူမှာပါလေ ဆိုတဲ့ အတွေးမှားတွေ နဲ့ စောင့်နေတာဟာ ကိုယ့်ရဲ့နနယ်ပျိုမြစ်မှုတွေကို မီးရှို့ပစ်နေတာနဲ့အတူတူပါပဲ။ အချိန်ဖြုန်း မှု သက်သက်တွေရယ်ပါ။

ဒီနေ့လဲ ခုနကပဲ တရုတ်ရုပ်ရှင် တကားကြည့်နေတာ ဇာတ်လမ်းထဲမှာ ကောင်မလေးက လေယာဉ် ကပ္ဗတိန်နဲ့ ကြိုက်နေ၊ တွဲနေ လစ်ဗင်းတူဂဲသား နေနေကြတာပေါ့။ ဒါပေမယ့် တနှစ် စောင့်တယ် မယူဘူး၊ နောက်တနှစ်စောင့်တယ်၊ ဘာစကားမှ မဟဘူး၊ မစဘူး။ ဒီလိုနဲ့ပဲ နှစ်တွေ ကြာသွားပြီ။ သူလဲအသက် ၃၀ နားနီးလာပြီ။

မ -     ရှင်တခါမှ ကျမ ကို လက်ထပ်ယူမယ် လို့ မစဉ်းစားထားဘူး မှလား
ကျား -          မင်းစကားတွေကို မလွဲပါနဲ့။ 
မ -     ကျမ မေးတာကို ဖြေပါ။
ကျား -          မင်း က ဘာတွေ လောနေတာလဲကွာ။ လက်ထပ်တယ်ဆိုတာ ကိုယ့်ကိုကိုယ် စိတ်လုံခြုံမှု မရှိတဲ့သူတွေ၊ ကိုယ့်ချစ်သူကို ယုံကြည်မှု မရှိတဲ့ သူတွေရဲ့ လုပ်ရပ်တွေပါ။ စာရွက်တရွက် နဲ့ တယောက်ကို တယောက် ချည်နှောင်ချင်ကြတာပဲ။ ဘာများ အဓိပ္ဗါယ်ရှိလို့လဲကွာ။
မ -     ရှင့်ပါးစပ်က တတွတ်တွတ် ကျမ ကို ချစ်တယ် ပြောနေပြီးတော့ စာချုပ်လေး နဲ့ အဲ့တာ ကို သက်သေပြဖို့ကျတော့ အဲ့လောက်တောင် ခက်နေလား။ ရှင်ဘာကို ကြောက်နေတာလဲ။ ဒါမှ မဟုတ် အချိန်မရွေး နောက်ပြန်လှည့် လို့ ရအောင် ကိုယ့်ကိုကိုယ် တကွက်ချန်နေတာလား။ နောက် နှစ် ဆို ကျမ ၃၀ ပြည့်ပြီ။ ဒီတလထဲမှာပဲ ကျမ ကျောင်းတုံးက သူငယ်ချင်း ၅ ယောက် ဆီကနေ ဖိတ်စာတွေရတယ်။ ၃ ယောက်က မင်္ဂလာ နှစ်ပတ်လည်ဖိတ်စာတွေ။ တယောက်က ကလေး ရက် (၁၀၀) ပြည့် ဖိတ်တာ။ နောက်တယောက်က မင်္ဂလာဆောင်မယ့် ဖိတ်စာ။ ဒါပေမယ့် ဒီဖိတ်စာက သူ့ရဲ့ဒုတိယ အကြိမ်မြောက်ဆောင်မှာ။ ဒီကိစ္စ ကို ရှင်နဲ့ပြောတိုင်း စောင့်ပါဦး စောင့်ပါဦး နဲ့။ ကျမ က ဘယ်တော့မှ မရောက်နိုင်မယ့် ပန်းတိုင်ကို ပြေးနေရသလိုပဲ။ ကျမ ပြေးရတာ မောလှပြီ။ ကျမ ဆက်ပြီး မပြေးနိုင်တော့ဘူး။ ကျမ မီခိုနိုင်မယ့် ပခုံးတခု လိုချင်ပြီ။ ကျမ ကိုယ့် ကိုယ်ပိုင် အိမ်လေးတခု မိသားစုလေး တခုလိုချင်ပြီ။ ကျမ မှားသလား?။  

(ဒီနေရာမှာ တခုပြောချင်ပါတယ်။ ခေတ်တွေပြောင်းလဲပြီး ပွင့်လင်း လွတ်လပ်လာကြတာ လူတွေက အိမ်ထောင်တခု အလွယ်ထူထောင်ဖို့ ခက်လာကြပါတယ်။ စီးပွားရေး မပြေ လည်ရင် ယူဖို့မလွယ်တာ။ လူမှုရေး ကိစ္စတွေကြောင့် မယူနိုင်ကြတာ။ အတ္တတွေပိုကြီး လာကြတာ။ ငါစွဲလာကြတာ။ လူတယောက် ကို တရားဝင် လက်ထပ်ယူပြီး တာဝန်ယူ ဖို့ထက် ဖြစ်နိုင်ရင် မယူဘဲ အတူနေကြ တွဲကြ။ အဆင်ပြေတော့ မှ လက်ထပ်ကြ။ ကလေးရမှ မယူမဖြစ် ယူကြ။ အလုပ်ကို ဦးစားပေးကြ၊ ဘဝတိုးတက်မှုကို ဦးစားပေးကြ စသဖြင့်ပေါ့လေ။ တီ ကိုယ်တိုင်လဲ အမှန်တော့ မယူဘဲ အရင် အတူနေကြည့်တာကို အားပေးပါတယ်။ သို့သော် ဆိုလိုချင်တာက လေ့လာဖို့ပါ။ အိမ်ထောင်ပြုပြီးမှ တယောက်နဲ့ တယောက်အဆင်မပြေရင် ကွဲရတာလွယ်တယ် ကွဲလိုက်တာနဲ့ယောက်ျားဖြစ်စေ မိန်းမ ဖြစ်စေ အပျို လူပျို ပြန်မဖြစ်တော့ပါဘူး။ တခုလပ် ဖြစ်သွားပါပြီ။ နောက်အိမ်ထောင် ထပ်ပြုတယ်ဆိုလဲ အိမ်ထောင် နှစ်ဆက် တို့ ဒုတိယ အိမ်ထောင်ပေါ့ ဆိုတဲ့ အမည် တပ်မှုတွေကို မလွဲမသွေကြုံရမှာပါ။ မယူဘဲ အတူနေတော့ လေ့လာလို့ရတယ် အဆင် မပြေလို့ လမ်းခွဲရင်တောင် သူသူကိုယ်ကိုယ် အပျိုလူပျိုပဲ ဖြစ်လို့ အရင်က အိမ်ထောင်ကျ ခဲ့တယ် ဆိုတာမျိုးမဖြစ်ဘဲ ရည်းစားထားခဲ့ဖူးတယ် ဆိုတာလောက်ပဲလေနော်။ ဒါပေမယ့် အဲ့တာကို လေ့လာဖို့ နဲ့ အတူနေမှု ကို မျှော်လင့်ချက်အမှားတွေ နဲ့အချိန်ဖြုန်းတာနဲ့ တော့ သေသေချာချာ ကွဲစေချင်တယ်။ မဟုတ်ရင် ဘဝမှာ တကယ့်အလွဲတွေက ဖြေရှင်းရခက် ပါတယ်။ မိန်းမတွေကို အလဟသတ် အချိန်တွေ မဖြုန်းစေချင်တာပါ။ ယောက်ျားတွေ အတွက် တော့ အထွေအထူး ပြောစရာမလိုပါဘူး။ ကိုယ့်သူငယ်ချင်းတယောက် အသက် ၄၀ ကျော် (တော်တော်လေးကျော်) တောင် သူ့ထက် အသက် တဝက်ငယ်တဲ့ မိန်းကလေး နဲ့ ရပါတယ် ပြောချင်တာ မိန်းမတွေလောက် ယောက်ျားတွေက တန်ဖိုးကျမလွယ်ဘူး။

မိန်းမတွေကတော့ ပြောင်းပြန်ပါ။
မိန်းမတွေရဲ့တန်ဖိုးက ၁) မိမိကိုယ်ကို တန်ဖိုးထားမှု၊ ၂) ဉာဏ်ပညာ နဲ့ မိမိဘာသာ ရပ် တည်နိုင်မှု ၃) ငယ်ရွယ်နုပျိုမှု စတာတွေပါပဲ။ အမှတ်စဉ် တပ်ထားပေမယ့် အရေးအကြီး ဆုံးက နောက်ကနေ ပြောင်းပြန်ရေရမှာပါ။ အရှေ့ကဟာတွေက ဘယ်လိုပဲ လှအောင် ပြောပြော ရေးရေး ယောက်ျားတွေအမြင်မှာကော မိန်းမတွေအမြင်မှာကော အရေးကြီးတာ နောက်ဆုံးက တချက်ပါ။ အဲ့တာကြောင့် ယောက်ျားတွေကလဲ မိန်းမတွေရဲ့ အလှပတရား ကို တန်ဖိုးထားသလို မိန်းမတွေကလဲ (ကိုယ့်အတွက်လို့) ဘယ်လိုပဲ နာမည်တပ်တပ် လှအောင်နေကြ ဖန်တီးကျ ပြုပြင်ယူကြပါတယ်။

(စာပေဟောပြောပွဲဆိုရင်တော့ ဒီနေရာမှာ လက်ခုပ်တီးရမှာပါ ပရိတ်သတ်ကြီး ရှင့်)

အဲ့တော့ နောက်ဆုံးမှာ မျှော်လင့်ချက်ပေါင်းများစွာ ရင်မှာ ပွေ့ပြီး တစောင့်တည်း စောင့်နေ တဲ့ မိန်းကလေးတွေကို ဒီစာလေး နဲ့ နှုတ်ဆက်လိုက်ချင်ပါတယ်။

“ချစ်သူ”

ကျမ ရှင့်ကို အချိန်တစ်ခု ပေးခဲ့တယ်နော်။ ဒါပေမယ့် ရှင့်ဆီက ဘာမှ ဆက်သွယ်မလာတဲ့ အတွက် ကျမ သဘောပေါက်လိုက်ပါပြီ ချစ်သူ။ ကျမ တို့ အတူတူ ကာလအတော်ကြာ နေခဲ့တယ်။ အဲ့ဒီ နေ့ရက်တွေ အချိန်တွေ ကျမ သိပ်ပျော်ခဲ့ရပါတယ်လေ။ ဒါပေမယ့် ဘဝက ကျမ ထင်သထားသလို ဖြစ်မလာမှတော့ ကျမ ဆုံးဖြတ်ချက်ချရတော့မယ်။ ကျမ ရှင့်အတွက် အချိန်တွေ၊ ကျမ ရဲ့ ငယ်ရွယ်နုပျိုမှုတွေ အများကြီး စတေးခဲ့ပါတယ်။

ဒီအိမ်ကလေးထဲမှာ၊ ဒီမြို့တော်ကြီးမှာ၊ ဒီအလုပ်မှာ ကျမ အတွက် ရှင့်ကို သတိရစရာတွေ၊ အမှတ်ရစရာတွေသိပ်များလွန်းပါတယ်လေ။ အဲ့တာကြောင့် အဲ့တာတွေ အားလုံးကို ကျမ ပြည်ဖုံးကားချ ဖို့ လိုအပ်ပြီလို့ ကျမ တွေးမိတယ်။ ရှင့်အတွက် ကျမ အချိန်တွေ အများကြီး စတေး ခဲ့ပြီးပြီ။ ခုတခေါက်တော့ ကျမကို ကျမ အတွက် စဉ်းစားခွင့်ပြုပါချစ်သူ။

ကျမ နှုတ်ဆက်ခဲ့ပါတယ်။

တခါက
“ချမ်း” 

T Chen
11:56 PM
Oct 6th 2015,

D Lax Spa | Yangon