Wednesday, June 25, 2014

စာပေ ကိုယ်ခံအား နဲ့ ရိုမန်ဘောထ်



Roman bot’ world

အောင်ရင်ငြိမ်း စာအုပ်ကိစ္စ ကို ခုတလော အပြောများနေကြပါတယ်။

ဘယ်လိုစာအုပ်ပဲ ထုတ်ထုတ်ပါ။ စာဘတ်သူသာ ကိုယ်ခံအားကောင်းရင် ရွေးချယ်ဘတ်ရှု နိုင်မှာပါပဲ။ အလွယ်ရတော့ ကလေးတွေ ပိုလက်လှမ်းမီလာတာ ဟုတ်ပါတယ်။ သို့သော် အခု က ဘာခေတ်လဲ။ အင်တာနက်ပေါ်မှာ ဒီဟာတွေ က မရချင်အဆုံး မမြင်ချင်အဆုံး မလိုချင်မှ ဘုံးပေါလအော ပါ။

အခုလို ဘယ်လို သတင်းအချက်အလက်တွေကိုမဆို လျှပ်တပြတ်အတွင်းရနိုင်တဲ့ ခေတ်မြန် အင်တာနက်ခေတ်မပြောနဲ့ ကိုယ်တွေ ၁၃၊ ၁၄ နှစ် လောက်........ကိုယ့်အကိုတွေ အဲ့အရွယ်လောက်၊ ကိုယ့်ဦးလေးတွေ အဲ့အရွယ်လောက် ကတည်းက အပြာစာပေ ဆိုတာ ရှိနေတာပါပဲ။ မန္တလာမောင်မောင်တုတ်တို့ ပေါက်ကျော်မ တို့ ကမ္ဘာကျော်ရတနာ ဝင်းထိန် တို့ဆိုတာမျိုး နဲ့ ကိုယ်တွေ ကြီးပြင်းခဲ့ကြရတာပါပဲ။

အပြာစာပေကို အဆိပ်အတောက်စာပေဆိုတာမျိုးပြောနေတာထက် စာပေဆိုတာမျိုးက အမျိုး အစားစုံရှိသင့်ပါတယ်။ ပြောချင်တာက အပြာစာပေဆိုတာမျိုးကလဲ အသိပညာပြည့်စုံပြီး အရွယ်ရောက် အမျိုးသား၊ အမျိုးသမီးတွေအတွက် ရှိသင့်တဲ့ ဖျော်ဖြေရေး စာပေတစ်မျိုး လို့မြင် ပါတယ်။

နှိုင်းယှဉ်ပြောရမယ်ဆို…….ရှင်မိုး၊ လွန်းထားထား၊ မီကိုဇူးဇင်၊ နိုကိုဇူးဇင်၊ စတဲ့ အပျော်ဘတ်စာပေတွေ၊ စိတ်ကူးယဉ်စာပေ ဆိုတာတွေလဲ လူငယ်တွေကို ဘာမှ ထူးပြီး အကျိုးပြုတာ မဟုတ်ပါဘူး။ အဲ့လိုပြောလို့ ဖေမြင့် တို့ ညီညီနိုင်တို့ နေဇင်လတ်တို့လို တိုးတက်ကြီးပွားရေးတွေပဲ ဘတ်နေရမယ် မဆိုလိုပါဘူး။ ကြက်စွပ်ပြုတ်တွေ နဲ့ လဲ ဘဝဆိုတာ အားပေးနေလို့ပြီးတာ မဟုတ်ပါဘူး။

ဘဝဆိုတာ ကြက်စွပ်ပြုတ်လိုအပ်တဲ့ အချိန်ရှိသလို၊ မင်းင်္သီခ လို မင်းမြတ်သူရလို မောင်ဝံသ ရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်လို စွန့်လွှတ်စွန့်စား ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားတို့၊ ပျားဆွဲသော မုတ်ဆိတ် တို့ ကိုယ့် မိဘ ကို သတ်သွားလို့ လက်စားပြန်ချေတဲ့ အက်ရှင်လိုမျိုး တနေ့သောအခါ သာယာသော မြေလတ်မြို့လေးက ရိုးသားကြိုးစား လူငယ်လေး နဲ့ သူ့ကို မာယာ နဲ့ မျှား မြူဆွယ်စားတဲ့ ထမင်းဆိုင်ရှင် အပျိုကြီး မမ လို စာအုပ်မျိုး၊ မည်ကဲ့သို့ လုပ်လိုက်သည်မသိ ရန်သူတွေအတုံးအရှုံးကျဆုံးကုန်တယ် ဆိုတဲ့ ဘုန်းကြွယ်မျိုး၊ နေလင်းအောင်မျိုး၊ ဒေသန္တရ ဗဟုသုတ အလို့ငှာ မြိုင်ရာဇာ ကတွတ်ပီ လိုမျိုး၊ မုတ်ဆိုးကျော် ဖိုးထော် လိုမျိုး၊ အပျင်းပြေ ရယ်မောစေရတဲ့ ရွှေအိရွှေဘုတ် လေးမွန်ထွေးမွန်လိုမျိုး၊ အစဉ်အရမ်းမိတဲ့ရှင်ဂွမ်းဂွိ၊ တောင်တန်းက အပျို ယောင်ယမ်းထငိုတဲ့ ညောင်ရမ်းဂွတိုလိုမျိုး၊ အရီးညွှန့် ဘူးညွှန့် ဒိုင်းညောင့် တတ်တဲ့ အာဖျံကွီးလိုမျိုး၊ ပြည်သူ့ဘက်တော်သား ကိုပူစီ၊ မောင်စူပါ၊ ဒီလုံး လိုမျိုး၊ ဖြူဖြူ စိတ်ကူးယဉ်သွားလို့ပါ ဖေဖေ ဆိုတဲ့ စာပေမျိုး၊ မင်္ဂလာမောင်မယ်လိုမျိုး၊ မိုးသောက်ပန်းလိုမျိုး၊ တေဇ လိုမျိုး၊ တို့ကျောင်းသားလိုမျိုး၊ ဂရင်းညီနောင် ပုံပြင်တစ်ရာလိုမျိုး၊ နုယဉ် လိုမျိုး။ အီစွတ်ပုံပြင်လိုမျိုး စာအုပ်တွေ လိုသလို ဆရာသခင် ဘသောင်း ဘာသာပြန်တဲ့ အာရေဗီယံနိုက်ထ် တစ်ထောင်တည လိုမျိုး (စကားမစပ် သူလဲ တော်တော် “ပြာ”ပါတယ်) စာပေတွေလိုသလို၊ ပရာဒို နဲ့ တန်းဝင်လာ ကောင်မလေးကို ဟန်းဖုန်း လက်ဆောင်ပေး(တလုံး သိန်း ၄၀ ခေတ်ကနော်) ညက ဖုန်းဆက်မယ် မကိုင်မနေရလို့ ခပ်မိုက်မိုက်ပုံစံနဲ့ပြော………..မြီးကောင်ပေါက်မလေးတွေအရမ်းကြွေ သို့သော် အကျိုးတော့ မရှိ စတဲ့ စာအုပ်မျိုးတွေလဲ လိုတာပါပဲ။

ပြောချင်တာ စာဘတ်သူတွေရဲ့အသက်အရွယ် အသိဥာဏ် အလိုက် စာပေအမျိုးအစားမျိုးစုံလိုတယ်ဆိုတာပြောချင်တာပါ။ စာဘတ်နာလာတာနဲ့အမျှ၊ စာဘတ်တတ်လာတာနဲ့အမျှ စာဘတ်ခြင်းဆိုင်ရာ ကိုယ်ခံအားကောင်းလာပါလိမ့်မယ်၊ အဲ့တာဆို ဘယ်လိုစာပေမျိုးက ကိုယ့်ချင်ချဉ်းကို အာသာပြေစေသလဲ ဆိုတာ ကိုယ့်ဘာသာ ရှာဖွေဘတ်ရှုတတ်လာပါလိမ့်မယ်။

ပြောချင်တာက ထုတ်ချင်တဲ့သူ သူ့ဘာသာ ထုတ် မဝယ်ဘဲနေလို့ရတယ်၊ မဘတ်ပဲနေလို့ရတယ်။ ကလေးတွေလက်လှမ်းမီတာ မမီတာ ပြောမယ်ဆိုရင်တော့ ကျတော်တို့ ကလေးဘဝကတည်းက ဒါတွေ လက်လှမ်းမီခဲ့ပါတယ် လို့ပဲ ပြောပါရစေ။

ဗဟုသုတ ကတော့ ယူသော်ရ၏ လို့ပဲ ပြောမလား။ တီချမ်း မိုတို အတိုင်း လျှာရှည်လေ တွေ့ရှိလေ လို့ပဲ ပြောမလား……မီကို နိုကို တို့ ဘတ်တော့လဲဘယ်တော့များ အရမ်းချမ်းသာတဲ့ အဖွားက အမွေတွေ လာပုံပေးမလဲ၊ နှိပ်စက်ကြတဲ့ နှိမ်ကြတဲ့ ညီအကို မောင်နှမ ဝမ်းကွဲတွေ ကို ဘယ်လို လက်စားချေလိုက်ရမလဲ၊ ဟော လမင်းမိုမို တို့လို အချစ်အိမ်ထောင်ရေး ဘာညာ ကျတော့ ငါ့ အလှည့်ကျရင်တော့ ယောက္ခ မတွေ နဲ့ မတည့်တာ မဖြစ်အောင် အိမ်ခွဲနေမယ်၊ တစ်လ တခါလောက် တွေ့တော်ပြီပေါ့၊ ဟိုဘက်အမျိုး ဒီဘက်အမျိုး စကားအရှုပ်အရှင်း မဖြစ်ရအောင် အိမ်ထောင်ကျပြီးရင်တော့ စိတ်ပေါင်း ကိုယ်ခွာပဲ ဖြစ်ဖြစ်၊ ကိုယ်ပေါင်း စိတ်ခွာပဲ ဖြစ်ဖြစ် နေကြကောင်းတယ် စသဖြင့်ပေါ့။ အပြာစာအုပ်ဘတ်တော့ ကောင်မလေး နဲ့ ကောင်လေး ချိန်းတွေ့ကြ မှားကြ ဆိုတာမျိုး ဘတ်ရရင် ကိုယ့်အလှည့် ကျ အဲ့လို မဖြစ်အောင် ငါ ဘယ်လိုထိန်းမယ်လို့ယူပေါ့၊ ကိုယ့်အလှည့်ကျ ငါဘယ်လို ဇိမ်ခံလိုက်မယ် လို့ စဉ်းစားရင်လဲ သဘောတော်ရှိပါပဲ။

စာအုပ်ကို ကြေငြာပေးနေတာ မဟုတ်ပါဘူး။ လူတွေမှာ အကောင်းအဆိုး ရှိသလို ကိုယ်ဘယ်လိုလူ နဲ့ သူငယ်ချင်း လုပ်မယ်ဆိုတာ ကိုယ့်ရွေးချယ်မှုပါ။ ကိုယ်ဘယ်လိုစာအုပ်ဘတ်မယ်ဆိုတာလဲ ကိုယ့်ရွေးချယ်မှုပါ။ တခုပဲ ကိုယ်ခံအားတော့ ကောင်းပါစေ။

မရေးတာကြာလို့ နည်းနည်းရှည်ရှည်လေး ရေးလိုက်ပါတယ်။

တီချမ်း
25th June 2014
Yangon | MYANMAR


 Note:

စာအုပ်ကို မဘတ်ရသေးပါဘူး၊ သူများတွေ ရေးတဲ့ ရီဗျူးတွေ ဓါတ်ပုံရိုက်တင်ကြတဲ့ ဟိုတမျက်နှာ ဒီတမျက်နှာ ပဲဘတ်ရပါသေးတယ်။ သို့သော် ပြောချင်တာ အကြောင်းအရာ အဓိက မဟုတ်ဘဲ ရွေးချယ်မှု နဲ့ စာပေ ကိုယ်ခံအား မို့ ရေးလိုက်ပါတယ်။ 


Tuesday, February 4, 2014

အသစ်ပြန်ဖြစ်တဲ့ သက်ငင်အချစ်

အသစ်ပြန်ဖြစ်တဲ့ သက်ငင်အချစ်

ဂျူးရဲ့ သက်ငင်ချစ်မှာပါတဲ့ ဇာတ်ကွက်တခုပါ။ ခင်လေးငယ် ကို သူ့ ရည်းစားက ဖြတ်တော့မယ့် အခန်း၊ သီသီလွင်ဆိုတဲ့ နောက်တယောက်နဲ့ ချစ်သွားတဲ့ ကိုကိုက ထားခဲ့တော့မယ့် အခန်းမှာ ဂျူး က ဒီလိုဖော်ကျူးထားပါတယ်။

အို….သီသီလွင့်ကို ပိုချစ်ရင်….။
ဟင့်အင်း……၊ သူများ ကိုကို့ ကိုမခွဲနိုင်ပါ ကိုကို။
ယောင်ယမ်း၍ ကိုကို့မျက်နှာကို အထိတ်တလန့်မော့ကြည့်မိပါသည်။ ကိုကိုသည် သူများကို ငုံ့ကြည့်နေခြင်းမရှိပါ။ ဟိုးဘက်မြစ်ပြင်ဆီသို့ ငေးနေပါသည်။

မေးဖို့မလိုပါ။ သည်မေးခွန်းကို မေးဖို့မလိုပါ။ သူများရိပ်မိပါသည်။ ကိုကိုလိမ်လည်၍ ဖြေသည့်တိုင်အောင် သူများရိပ်မိပါလိမ့်မည်။  သည်အဖြေကိုလည်းမကြားရဲပါ။

သည် သုံးလေးလအတွင်းမှာ..ကိုကိုနှင့် နှစ်ယောက်ချင်းချိန်းတွေ့သည့်ရက်သည် သည်နေ့ရော ပေါင်းပါမှ နှစ်ခါပဲ ရှိပါသေးသည်။

ဟုတ်ပါသည် ကိုကို၊ သူများချိန်းတိုင်း ကိုကို့မှာ အကြောင်းပြချက်တခုက ရှိနေတတ်သည် မဟုတ်ပါလား။

ဘောလုံးကွင်းသို့ သွားစရာရှိပါနေသည်ဆို…..
တင်းနစ်ကုတ်သို့ သွားရပါဦးမည်ဆို…….။
တီးဝိုင်းအတွက် သီချင်းအသစ်တိုက်ရပါဦးမည်ဆို……။
နောက်ပြီး ဘယ်အဖွဲ့က ဘယ်တယောက်နေမကောင်း၍ လိုက်တီးပေးနေရပါသည် ဆိုတာမျိုး။ သြော်…… ဒီလိုတော့လည်း ကိုကို့မှာ အလုပ်က အများသားပါကလား။
ညည အိမ်ရှေ့သို့ ဂစ်တာလာမတီးသည်ကလည်း ဘယ်နှစ်လ ရှိနေပြီလဲ။ စေ့စေ့တွေးတော့လည်း ရေးရေးပေါ်ပါသည်။

အရိပ်မြင်ရုံနှင့် အကောင်မထင်ခဲ့မိဘဲ၊ အကောင်မြင်ခါမှ ရိပ်မိရသော သူများအဖြစ်သည် မည်မျှရယ်ဖို့ကောင်းလိုက်ပါသလဲ။ ရယ်နိုင်လျှင် တင်းကြပ်နေသော ဝေဒနာ သက်သာသွားမည်လား……..?

ဒါ ဂျူးက ၁၉ ၈၁ ဇွန်လ ရှုမဝမှာ ရေးခဲ့တဲ့ သက်ငင်ချစ်ထဲကပါ။ ကိုယ်မမွေးသေးပါဘူး။

သူငယ်ချင်းကောင်လေးတယောက်ရှိပါတယ်။ သူက သူ့ရည်းစားကောင်မလေးတွေနဲ့ အီစီကလီ အဆင့်မှာပဲ ပျော်ပိုက်လေ့ရှိတယ်။ ရည်းစားသက်တမ်းကြာလာလို့ တည်တည် တံ့တံ့ ဖြစ်လာပြီဆိုရင် သူ ယောက်ယက်ခတ်ပြီး အဲ့ကောင်မလေးနဲ့ ပြတ်တော့တာပဲ။ ဘာလို့လဲ လို့မေးကြည့်တော့ “သမီးရည်းစား သားရည်းစားဘဝမှာ အတည်ရယ်လို့ ဖြစ်လာကြပြီဆိုရင်  မိန်းကလေးတွေက အရမ်းတွယ်ကပ်တတ်လာတယ်၊ နေ့တိုင်းနေ့တိုင်း ဘယ်သွား ဘာလုပ် ဘယ်သူနဲ့တွေ့ စတာတွေကို နာရီမိနစ် စက္ကန့်မလပ် သတင်းမပို့ချင်ဘူး” တဲ့လေ။ စိတ်ရှုပ်စရာတွေပါတဲ့။

အဲ့တော့ ကိုယ်ကသူ့ကို မေးခွန်းလေးတွေမေးမိတယ်လေနော်။

“မိန်းကလေးတယောက်ကို ကြိုက်လို့ ချစ်လို့ စိတ်ဝင်စားလို့ဆိုပြီး လိုက်ဖူးလား?”
“လိုက်ဖူးတာပေါ့”
“ဘယ်လိုပုံစံနဲ့လိုက်လဲ”
“ဖုန်းတွေ နေ့တိုင်းဆက်တယ်၊ အီစကလီထုတယ်၊ တွေ့ဖို့ချိန်းတယ်”
“တကယ်လို့ သသက ဂရုမစိုက်သလိုနေရင်ကော”
“တောက်တဲ့ကပ်သလို တွယ်ကပ်နေတာပေါ့။ နေ့ရော ညကော သူ့အိမ်ရှေ့မှာ ခြေအေးဝမ်းယောင် လုပ်တယ်၊ ဂစ်တာတီးတယ်၊ သူသွားတတ်တဲ့ စာအုပ်ဆိုင်တွေ လိုက်တယ်၊ အကြည့်မြှားတွေပစ်တယ်၊ ဈေးသွားမယ့်လမ်းမှာ ထိုင်စောင့်တယ်၊ ကျောင်းဆင်းချိန် စောင့်တယ်၊ ကျူရှင်သွားရင် နောက်ကလိုက်စကားပြောတယ်၊ နှင်းဆီပန်းတွေပေးတယ်၊ အက်စက်ထရာ အက်စက်ထရာပေါ့။ လူက ခရီးတွေဘာတွေထွက်ရင် ဖုန်းဆက်ပြီးတော့ ဘယ်ရောက်နေပြီလဲ ဘာလုပ်နေလဲ ဘယ်တော့ပြန်လာမလဲ ပြောတယ်၊ ခရီးက ပြန်လာရင် လက်ဆောင်တွေ ဝယ်လာ တကူးတက သွားပေး၊ ခရီးမထွက်ဘူးဆိုရင်လဲ တနေ့ ၃ ခါ သတင်းပို့တယ်၊ မနက် နေ့လည် ည စားပြီးပြီလား ဖုန်းဆက်မေးတယ်၊ အခုပြောခဲ့တဲ့နည်းတွေအကုန်က အလုပ်ဖြစ်တယ်၊ ကောင်မလေးတွေအရမ်းကြွေတယ်” သူက ဂုဏ်ယူဝင့်ကြွားစွာဖြေပါတယ်။ 

“ချစ်ကြိုက်သွားကြပြီးတော့ကော နေ့တိုင်းတွေ့ဖြစ်ကြလား?”
“တနေ့မတွေ့ဘဲ မနေဘူး၊ မတွေ့တဲ့နေ့ရယ်လို့ကို မရှိဘူး”
“သူက အလုပ်မအားရင်ကော?”
“အလုပ်မှာ သွားကြိုတာပေါ့”
“တကယ်လို့ နင်က မအားရင်ကော”
အလုပ်ပြီးတာနဲ့သူ့ဆီချက်ချင်းပြေးတာပဲ”
“တနေ့ကို ဖုန်းဘယ်နှစ်ခါလောက်ပြောဖြစ်ကြလဲ?”
“အရမ်း “ဟိ” (အပူ - အန်တီချမ်းဆို့ကဲ့သို့ ဘေးလူအမြစ်ကပ်လောက်အောင် အရမ်း သည်းသည်းလှုပ် ချစ်နေကြသည့်အချိန်) တက်နေကြတုံးကဆိုရင် တနေ့ကို အများဆုံးက ၁၀ ခါထက်မနည်းဘူး။ တခါတခါ ပြောရင်လဲ နာရီ ပေါင်းများစွာနဲ့ချီပြီး စံချိန်တင်ဖူးတယ်”

ကဲ အဲ့ဒီတော့ မေးစရာတခုပဲကျန်တော့တယ်။
“အဲ့ဒီအချိန်တုံးက နင်က သူ့ကို သိပ် ကပ်တာပဲလို့ မမြင်ဘူးလား?”

သူက ရှက်ရယ် နဲ့ မဲ့ပြုံးပါတယ်။ ယောက်ျားတွေက မိန်းမတွေ သိပ်ကပ်တာပဲ၊ သိပ် ချုပ်ချယ်တာပဲ၊ သိပ် ပစီပစပ်များတာပဲ လို့ပြောလေ့ရှိကြတယ်။ တချိန်တုံးက တောက်တဲ့ တွယ်သလိုတွယ်ကပ်နေခဲ့တာ၊ အရှက်မရှိ သရက်စိခဲ့တာ၊ တနေ့တနေ့ အရည်မရအဖတ်မရ ဖုန်းဆက်ဆက်ပြီး သူများသိချင်လားမသိ မသိချင်လားမသိ သူ့တို့ ဘာလုပ်တယ်ဆိုတာ ဖုန်းဆက်ဆက်ပြောတတ်တာ၊ အားအားယားယား ဖုန်းခွက်ကို လျှာနဲ့ ယပ်ခတ်တာ၊ တနေ့မတွေ့ရရင် ကိန္နရီချောင်းချား အာဝါဒါး တတ်တာ သူတို့ပဲ မဟုတ်လား။ ဘာလို့များ အဲ့တာတွေ အကုန် လွယ်လွယ်နဲ့ မေ့ကုန်ကြတာပါလိမ့်နော်။

တီချမ်း ပြောချင်တာ အဲ့တာ ပါပဲ။

T Chen
3rd Feb 2014
6:39 PM | Monday |   
Royal Nay Pyi Taw Hotel |
Nay Pyi Taw | MYANMAR


Saturday, January 18, 2014

စကားကြားက စကားများကို နားလည်ခြင်း

စကားကြားက စကားများကို နားလည်ခြင်း

လူတယောက် လောကကြီးမှာ အနှစ် ၂၀ အစိတ်လောက် အသက်ရှင်လာပြီးပြီဆိုရင် လူအချင်းချင်း စကားပြောကြတဲ့ အခါမှာ စကားကြားက စကားတွေက နားလည်ဖို့လိုပါတယ်။ အသက်အရွယ် ရလာပြီဆိုရင် လူ့ဘောင်လောက ပတ်ဝန်းကျင်မှာ ရှင်သန် လည်ပတ်ရတဲ့အခါ သိပ်ပြီး ကလေးဆန်လို့ ရိုးသားလို့တုံးအ လို့မရတော့ဘူးလေနော်။ “ဘာကြောတာလဲဟင် မီးမသိလို့ညော်” ဆိုပြီး နားမလည်ချင်ယောင်ပြီး အရူးကွက်နင်းလို့လဲ မရတော့ဘူး။ အဲ့တာမှသာ တခါတခါ ပါလာတတ်တဲ့ စကားကြားက ဓါးတွေကိုလဲ မြင်နိုင် ရှောင်နိုင်မယ်လေနော်။

တနေ့ နည တင်ထားတဲ့ ဖဘ စတေးတပ်စ် တခုကို မြင်ပြီးတော့ အတွေးလေးတွေ ဝေမိတာပါ။ ဒါမျိုးလေးတွေကို သတိထားနေမိတာတော့ကြာပြီ။ ပိုစ့်အနေနဲ့ ရေးဖြစ်ဖို့ အကြောင်းက မဖန်လာသေးတာ။ ကိုယ်တို့တွေလဲ နေ့တဓူဝ ပြောပြောဆိုဆို ပြောနေမိကြတာမျိုးတွေပါ။

ဥပမာ ဆိုပါတော့….

သူငယ်ချင်းတယောက်မေးတယ်…“နင်ငါ့ကို ကူမယ် မဟုတ်လားဟင်?”
နောက်တယောက်က……“ဘယ်လိုကိစ္စမျိုးလဲ”

အဲ့တာ သူက ကိုယ့်အကူအညီတောင်းဆိုချက်ကို ဘယ်လိုငြင်းရမလဲလို့ စဉ်းစားဖို့ ၊ အကြောင်းပြချက်ရှာဖို့ စကားလမ်းကြောင်းနေတာပါ။ ဘာလို့လဲဆိုတော့ နောက်ထပ် သူဆက်ပြောလာမယ့် တခွန်းက “အဲ…..အဲ့ဒီကိစ္စ ဆိုရင်တော့ ငါမကူနိုင်ဘူးထင်တယ်ဟ” ဆိုတာမျိုးပါ။

တချို့ကတော့ ပြောတတ်ပါတယ်…..“နင့်ကိစ္စ ဆိုတာ ငါ့ကိစ္စပဲပေါ့ဟာ” ဆိုတာမျိုးလေ ကြုံဘူးကြလား?။ အဲ့လိုပြောတိုင်းလဲ တကယ့်တကယ် အရေးကြုံလာရင် ကူလိမ့်မယ် မထင်ပါနဲ့။ ဘာကိစ္စမှန်းတောင်မသိသေးဘဲနဲ့ ကူညီမယ်ပြောနေတဲ့ သူမျိုးဟာ စကားတခုကို လွယ်လွယ်ပေါ့ပေါ့ ပြောတတ်တဲ့သူမျိုး ဖြစ်ဖို့ ပြောဖူးတဲ့ စကားတခုကို အလွယ်တကူဖျက်လိုက်ဖို့ မတည်ဖို့ လူမျိုးဖြစ်ဖို့ % က ပိုများပါတယ်။

အရေးကြီးတဲ့ ကိစ္စတွေမှာ တတ်နိုင်ရင် သူများအကူအညီ မတောင်းပါနဲ့လေ။ ခင်မှုမှုဆိုတာ တကယ်တော့ အစမ်း (အဆန်းသတ်) သတ်ခံနိုင်တာမျိုးမဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်လို့ ဂျူး က ဝတ္တု တိုတပုဒ်ရေးဖူးတယ်ထင်ပါတယ်…..အဝါရောင်ရထားလို့ မှတ်မိနေတာ တကယ်တော့ အဝါရောင်ရထားမဟုတ်ဘူး။ မိန်းမနှစ်ယောက်လား ဘာလား မသိ နာမည်တော့ မေ့နေပြီ……သူငယ်ချင်းနှစ်ယောက် တယောက်က စာလှမ်းရေးပြီး ပိုက်ဆံချေးတာ အဲ့တာ သူ့တကယ့်အဖြစ်အပျက်ကိုရေးတာထင်တယ်။ သူက ဂျီပီ ထိုင်ပြီး ဘဝကို ရုန်းကန်နေရချိန်လေ။ တဘက်က ပိုက်ဆံ ၅၀၀ လားမသိ လှမ်းချေးတာ အမှန်ကတော့ သူ့သူငယ်ချင်းက သူ့ယောက်ျား နဲ့အလောင်းအစားလုပ်ပြီး ချေးတာလေ….ကျီစားပြက်ရယ် လား မဟုတ်သေးပါဘူး။ ထားလိုက်တော့ မမှတ်မိတော့ဘူး။
(ဂျူး ပရိသတ် စစ်စစ်တွေကတော့ သိကြမယ်)

ချစ်သူက “ဒီလိုဆုံးဖြတ်ရတာ နှစ်ယောက်စလုံးအတွက်ပါ” လို့ပြောရင် သေချာတယ် အဲ့တာ သူ့အတွက် ကောင်းဖို့ ဒီလိုဆုံးဖြတ်တာပါလို့ပြောတာပဲ။

အင်္ဂလိပ် ရုပ်ရှင်တွေမှာ တွေ့ဖူးကြတယ်မှလား လူငယ်ကားတွေမှာလေ…….“It is not you, it’s me” ဆိုတာ။ အဲ့လိုပြောရင် ကောင်လေးက ပြောတာပဲ ဖြစ်ဖြစ် ကောင်မလေးကပြောတာပဲ ဖြစ်ဖြစ် အဲ့တာ ဖြတ်စကားပဲ။ နင်နဲ့ ငါ ပြတ်လိုက်ကြစို့ လို့ အဓိပ္ဗါယ်ရပါတယ်

ကောင်လေးက ကောင်မလေးကို “နင်ငါ့ကို မချစ်ဘူးဆိုပေမယ့်လဲ ငါကတော့ နင့်ကို တသက်လုံး စောင့်ရှောက်နေမှာပါဟာ” ဆိုရင် အဓိပ္ဗါယ်က မကြာဘူး ဒီကောင် နောက် တယောက်ပြောင်းကြိုက်ပြီ။ နင်မချစ်ရင်လဲ နေခဲ့လိုက်တော့ ငါကတော့ ဒိုးပြီ ဆိုတဲ့ အဓိပ္ဗါယ်ပဲ။

မိန်းမက “ဒီအကျီ င်္က ဈေးအရမ်းကြီးတယ်။ အဲ့လောက် ဈေးကြီးတာကြီး ကို ဝယ်မပေးပါနဲ့ကွယ်” လို့ပြောရင် အဓိပ္ဗါယ်က အဲ့အကျီ င်္လေးကို ကျမ ကြိုက်လိုက်တာ ဝယ်ပေးရင်တော့ သိပ်ကျေးဇူးတင်မှာပဲ လို့ ပြောချင်တာ။

ရည်းစားဟောင်းက….“အချိန်တွေ နှစ်တွေလဲ ဒီလောက်ကြာခဲ့ပြီ၊ အရာရာ ပြောင်းလဲသွားခဲ့ပြီလေ” လို့ ပြောရင် ဆိုလိုချင်တာက နင့် နဲ့လွဲသွားတာ တော်သေးတာပေါ့။ အခု ငါ့ဘဝ အရာရာ နင့်ထက်သာနေပြီလေ လို့ပြောချင်တာပါ။

ယောက်ျားက ထမင်းစားနေတုံးဖြစ်ဖြစ် မိန်းမနဲ့ တူတူ ရှိနေတုံးမှာ ဖုန်းဆက်လာလို့ ခဏတဖြုတ် တိုးတိုးလေးပြောပြီး ချလိုက်ပြီးရင် “ဖုန်းမှာတာပါကွာ” လို့ပြောရင် သေချာတယ်  အဲ့တာ သူ့ကို ရှာတဲ့ ကိုယ့်ကိုမသိစေချင်တဲ့ဖုန်းပဲ။

မိန်းမက “ဒီအကျီ င်္လေးက ဈေးလျော့နေတာလေ ၁ သောင်းခွဲ ပဲ ပေးရတယ်” လို့ပြောရင် အဲ့ဒီ အကျီ င်္က အနည်းဆုံး ၄ သောင်းခွဲ တန်တာ သေချာပြီ။

တချို့လူတွေက ပြောတတ်တယ်……“သူ့ကိုမကြိုက်လို့ မဟုတ်ပါဘူး စည်းကမ်း အရ လုပ်ရတာပါ” လို့ အမှန်တော့ သူ့ကို မကြိုက်လို့ ကို စည်းကမ်း နာမည် ခံပြီး လုပ်တာ ပညာပေးတာပါ။

ကဲ အဲ့တော့ ဘဝမှာ ဒီလောက်နှစ်တွေ အထိ အသက်ရှင်လာပြီးပြီးဆိုရင် သူများတွေ ပြောတဲ့ စကားတွေ ကြားက စကားတွေ ကို သေသေချာချာ နားထောင် အာရုံစိုက် နားလည်သဘောပေါက်ပြီး ပတ်ဝန်းကျင်မှာ အောင်မြင် ဝင်ဆံ့တဲ့ သူတွေဖြစ်ကြပါစေနော်။ သူများ အလွယ်တကူ ပညာပြခံအနှိမ် ခံရတာမျိုးကလဲ လွဲကြပါစေကွယ်။

T CHEN

7:34 PM |
18th Jan 2014 | Saturday
The D’s Place Office

Yangon | MYANMAR  











Thursday, January 16, 2014

(၃၄) ရက် ကြာသော အခါ…….


(၃၄) ရက် ကြာသော အခါ…….

ယောက်ျားတယောက်နဲ့မိန်းမတယောက် လစ်ဗင်းတူဂဲသားနေလာကြာတာ (၁၀) နှစ် လောက်ကျော်လာပြီးတဲ့နောက်မှာ လက်ထပ်လိုက်ကြတယ်။ လက်ထပ်ပြီး (၃၄) ရက်လဲ ကြာရော မိန်းမဘက်က ကွာရှင်းခွင့်တောင်းတယ်။ အချစ်သစ်တွေ့နေပြီတဲ့လေ။

ယောက်ျားက ရင်နာနာ နဲ့ရင်ဖွင့်လာတယ်။ ကျတော်တို့ လက်ထပ်ထားတာ (၃၄) ရက်ပဲ ရှိပါသေးတယ်။ (၃၄) ရက်ထဲနဲ့ သူ့ဘက်က စိတ်ပြောင်းသွားပြီလားဗျာတဲ့လေ။

တကယ်လို့သာ သူ့ဘက် က ကိုယ့်ကို မချစ်တော့ဘူးဆိုရင် (၃၄) ရက်ပဲဖြစ်ဖြစ် (၃၄) နှစ်ပဲ ဖြစ်ဖြစ် ဘာများထူးဦးမှာမို့လို့လဲ။ တကယ်လို့အိမ်ထောင်သက် (၃၄) နှစ်ကြာလာမှ သူက ကိုယ့်ကို မချစ်တော့ပါဘူးဆိုရင် ပိုပြီးတော့ ရင်နာစရာမကောင်းပေဘူးလားနော်?။

“ဟင့်အင်း” ယောက်ျားက ငြင်းပါတယ်။ “တကယ့်လို့ (၃၄) နှစ် လောက်သာ သူ့ကို ချစ်ခဲ့ရမယ်ဆိုရင် အခုထက်တော့ ခံသာပါသေးတယ်”။

အမှန်တရားကို လက်မခံနိုင်တာ၊ လက်ခံနိုင်စွမ်းမရှိတာ အဖြစ်အပျက်က ရုတ်တရက် ဆန်လွန်းလို့သာပါ။ အချိန် အတို အရှည်နဲ့ မဆိုင်ပါဘူး။

တကယ်လို့သာ (၃၄) နှစ် ကြာပေါင်းလာတဲ့ လူနှစ်ယောက် ရဲ့အိမ်ထောင်ရေး တခု ပြိုကွဲ သွားမယ်ဆိုရင် ဘေးပတ်ဝန်းကျင်က လူတွေက နှမြောကြမှာပဲ။ စုတ်သပ်ကြမှာပဲ။ ပြီးတော့လဲလူ့ဘဝဆိုတာ ဒီလိုပါပဲလေ၊ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ် ဆိုပြီး လက်ခံ လိုက်ကြမှာပဲ။ အဲ့လိုပဲ (၃၄) ရက်ကြာ ပဲ ခံတဲ့ အိမ်ထောင်ရေးတခုကိုလဲ စုတ်သပ်ပြီးတော့ စောစော စီးစီး မချစ်နိုင်တော့တာ သိလို့လမ်းခွဲလိုက်တာ ကောင်းပါတယ်။ ကလေးတွေ ဘာတွေ မရှိတော့ သိပ်မခက်ခဲဘူးပေါ့ ဘာညာ ပြောပြီးတော့ လူ့ဘဝမှာ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်လေ ဆိုပြီး ပြီးသွားမှာပါပဲ။ ခံစားရတဲ့ သူ၊ ချစ်ရတဲ့ သူအဖို့တော့ ကောင်းကင်ကြီး ပြိုကျသလိုပေါ့လေ။ ဒါပေမယ့် ဒါသည်လဲလူ့ဘဝပဲ မဟုတ်လား။

အချိန် ကြာတယ် တိုတယ် မြန်တယ် စောတယ် ဆိုတာ တကယ်တော့ ဘာမှ အဓိပ္ဗါယ်သိပ်မရှိလှပါဘူးလေ။ ချစ်တယ် မချစ်နိုင်တော့ဘူးဆိုတာကသာ အဓိက အခရာပါ။

ကိုယ်ကတော့ အဲ့ဒီယောက်ျားကို တခုပဲ ပြောပြချင်မိတယ်။ (၃၄) ရက်ပဲ ခံတယ်ဆိုတဲ့ အဲ့ဒီ အိမ်ထောင်ရေးတခုမှာ တကယ့် ပြဿနာဟာ အဲ့ဒီ (၃၄) ရက်ထဲမှာသာ ရှိတာ၊ အဲ့ဒီ (၃၄) ရက်ထဲနဲ့ဖြစ်တာ မဟုတ်ပါဘူး။ တကယ့် ပြဿနာ အရင်းအမြစ် က အဲ့ဒီ လက်ထပ်ပြီးတဲ့ (၃၄) ရက် မတိုင်မီ လစ်ဗင်းတူဂဲသား အတူတူနေလာခဲ့ကြတဲ့ (၁၀) နှစ် ထဲမှာ ရှိနေတာပါ။

ကိုယ့်ကိုကိုယ်လဲ မညာနေပါနဲ့လေ။ အဲ့ဒီ အတူတူနေခဲ့တဲ့ (၁၀) နှစ်တာ ကာလကလဲ ပန်းခင်းသောလမ်းတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ဘဝရဲ့ခလုတ်ကန်သင်းတွေ ရှိခဲ့မှာပါပဲ။ ယောက်ျားလေးဘက်က တခါတလေ ဘာမှမဟုတ်ပါဘူး လို့ သိပ်မခံစားခဲ့တဲ့ မခံစားတတ်တဲ့ လက်မခံတဲ့ အဖြစ်အပျက်တွေဟာ မိန်းမတွေအတွက်တော့ ထိထိရှရှခံစားရတတ်ပါတယ်။ တခါတခါ မိန်းမတွေဘက်က တွဲလာတာလဲ ကြာလှပြီ။ ပတ်ဝန်းကျင်အမြင်တွေကလဲ ရှိသေးတယ်၊ ဒီလိုနဲ့ ဇာတ်မြောကြီးကို ယူလိုက်ကြရင်များ အသစ်စနိုင်လေရဲ့ဆိုတဲ့ စိတ်ကူးနဲ့ လက်ထပ်ဖြစ်လိုက်တာမျိုးလဲ ရှိနိုင်တယ်။ လက်ထပ်လိုက်ရင်များ ဘဝ အသစ်တခု စလို့ ဖြစ်နိုင်မလားဆိုပြီးတော့ပေါ့။

ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်တုံးကမှ အက်ကြောင်းထနေတဲ့ ဒါဏ်ရာနဲ့ အချစ်ရေးတခုကို တကူကယ်နိုင်ပါဘူးလေ။ အက်ကြောင်းထနေတဲ့ အချစ်တခုဟာ အက်ကြောင်းထနေတဲ့ အိမ်ထောင်ရေး တခုကိုပဲ အစပြုစေမှာပါ။

A Chen
3:08 AM |
Thursday | January 2014  

Auruem Palace Hotel | Nay Pyi Taw | MYANMAR