Goodbye Kiss
နှုတ်ဆက်အနမ်း ဘယ်နှမျိုးရှိပါသလဲ။ ခွဲခွာချိန်မှာ နှုတ်ဆက်တဲ့ အနမ်း၊ ကြိုဆိုနှုတ်ဆက်တဲ့အနမ်း၊ အပြီးတိုင်ခွဲခွာဖို့ နှုတ်ဆက်တဲ့ အနမ်း စသဖြင့် အနမ်းအမျိုးအစားစုံ ရှိပါတယ်။ အခုပြောချင်တာကတော့ လူငယ်သဘာဝ ဒိတ်လုပ်ပြီး အိမ်အပြန်မှာ ကောင်လေးက ကောင်မလေး အိမ်လိုက်ပို့ရင်း လှေကားနားမှာ အိမ်ရှေ့ပေါက်ဝမှာ နမ်းတဲ့ အနမ်းမျိုးကို ပြောချင်တာပါ။
ပထမဆုံး ဒိတ်တာလဲဖြစ်နိုင်တယ်။ နောက်တကြိမ်ပြန်တွေ့ဖို့ မတွေ့ဖို့ ဆိုတာ အပေါ်မှာ လဲအများကြီး အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ အနမ်းလေးပေါ့။ ပေါ့ပေါ့လေးထင်ရပေမယ့် သိပ်အရေးကြီးတယ်။
ငယ်ငယ်တုံးက (ဆယ်ကျော်သက် အရွယ်ကပေါ့) တော်တော်တော့ကြာခဲ့ပါပြီလေ။ အဲ့လိုမျိုးလေးတွေတွေ့ကြုံခံစားခဲ့ဖူးတယ်။ အကိုကြီးတယောက် နှစ်ယောက် သုံးယောက် လေးယောက်လောက်ကပေါ့ ကိုယ့်ကို အိမ်ပြန် လိုက်ပို့ဖူးပါတယ်။ လမ်းလျှောက်ပြီးတော့ပေါ့။ လသာကနေ မြေနီကုန်းထိလဲ ဦးဝိစာရလမ်းတလျှောက် လျှောက်ခဲ့ကြဘူးတယ်။ လက်မတွဲကြပါဘူး။ လက်တွဲဖို့ကို မဝံ့မရဲဖြစ်နေကြတုံးလေ။ ဘေးပတ်ဝန်းကျင်က လူတွေကို မဝံ့ရဲတာ မဟုတ်ဘဲ သူ့ကို ရှိန်နေတာမျိုးပါ။ အဲ့အချိန်တုံးက ကိုယ်က သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ပြီး ရယ်ချင်နေတာကိုးလေ။ သူ့လက်ကို မတွဲရဲဘူးပေါ့။ ဒါတောင် ကိုယ်က အပျိုဖြစ်နောက်ကျပါတယ်။ ရည်းစားစထားတာ ၁၈ နှစ်ရှိနေပြီ။
နောက် မှတ်မှတ်ရရအဖြစ်အပျက်တခုရှိပါသေးတယ်။ အကိုကြီးတယောက်ပါ။ အဲ့တုံးက ကိုယ်က ၃၇ လမ်းမှာ နေနေပါသေးတယ်။ သူက ကိုယ့်ကို ဖုန်းဆက်ဆက်ပြီး ကျူနေတာပေါ့။ တညကျတော့ ကိုယ်က ရွှေတိဂုံဘုရားလမ်းပေါ်က the ritz coffee ဆိုင်က ကော်ဖီ လတ်တေး ကိုသောက်ချင်တယ်လို့ ဂျီကျ (မူနွဲ့)တော့ သူက ဘာမပြောညာမပြောနဲ့ ဖုန်းကို လက်စသတ်ပြီးတော့ ခဏနေတော့ အိမ်ရှေ့ရောက်ချလာပါတယ်။ ကားဟွန်းသံကြားတော့ ထွက်ကြည့်တော့ ကိုကြီးပဲ ကော်ဖီတခွက်နဲ့ တကယ့်ကို ကိုယ်သောက်ချင်တဲ့ သည်ရစ် ဆိုင်ကပါ။ လက်တေးပါ။
နှုတ်ဆက်အနမ်းလေးတွေအကြောင်းပြောရင် ကိုယ့်ဘဝ ရဲ့အချစ်ဆုံးတွေထဲက တယောက်ဖြစ်တဲ့ ဒီနေ့ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် တနင်္လာသားလေးကိုလဲ မေ့ထားလို့ မရပါဘူး။ ကိုယ်တို့စတွေ့တော့ သူက ကေအမ်ဒီမှာ ကါန်ပျူတာ တက်ပြီး သင်တန်းဆင်းအလာပါ။ ကိုယ်နဲ့သူတွေ့တွေ့ချင်းပဲ အကြည့်ချင်း ကလစ်မိကြပါတယ်။ မိတ်ဆက်ပေးတဲ့ လူ မပါပါဘူး။ နောက်တော့ ဘိုဆန်ဆန် ကိုယ့်ဘာသာပဲ မိတ်ဆက်ကြပြီးတော့ ဘိုဆန်ဆန်ပဲ ကော်ဖီသောက်ဖို့ဖိတ်ဖြစ်ခဲ့တယ်။ ရှေ့ဆောင်ရုံအောက်က အာရိုမားပါ မှတ်မိသေးတယ်။ နောက် သူရော ကိုယ့်အကြိုက်အတိုင်း လက်တေး သောက်ခဲ့တာ ချိစ် ကိတ်တတုံးကို တူတူစားခဲ့တာ။ ကိုယ့်ကို တွေ့တွေ့ချင်းပဲ လက်ရဲဇက်ရဲ ခွံကျွေးခဲ့တာ။ နောက်တော့ လူတွေကြားထဲမှာ ရဲတင်းစွာပဲ ကော်ဖီဆိုင်ထဲမှာ ကိုယ့်ကို နမ်းခဲ့တာ.....လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက ဆိုတာ ရန်ကုန်မှာတောင် လူတွေဒီလောက် မပွင့်လင်းကြသေးပါဘူး။ ကိုယ်တို့ကတော့ ပွင့်လင်းခဲ့ကြဖူးတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ရှေ့ဆောင် ရုံအောက်က အာရိုးမား ကာဖီးမှာ လူမြင်ကွင်းမှာ မတော်မတည့် ယောက်ျားချင်းနမ်းနေကြတဲ့ ကောင်လေး နှစ်ယောက် ရှိခဲ့တယ် ဆိုရင် အဲ့တာ ကိုယ် နဲ့ သူပါပဲ။
နောက် တခေါက်ကျတော့ လသာမှာပါ အကိုကြီးတယောက်နဲ့စသိတယ်။ ၂၀၀၄ ခုနှစ် မေ ၁၈ ရက်နေ့။ မိုးကလေးတွေ ဖွဲဖွဲကျလို့။ နောက်တော့ သူနဲ့ ကိုယ် သည်ရစ် မှာပဲ ထိုင်ဖြစ်ကြပြန်တယ်။ ၈ နာရီကနေ ထိုင်ပြီး စကားတွေ ပြောလိုက်ကြတာ ဆိုင်က အကိုက ဆိုင်ပိတ်တော့မယ်ပြောတော့မှ နာရီကြည့်တော့ ၁၁ နာရီ ရှိပါပြီ။ ဆိုင်က ၁၀ နာရီခွဲ ပိတ်နေကြပါ။ ထိုင်နေကြ ဖောက်သည်တွေမို့ အားနာလို့ မပြောဘဲစောင့်နေပေးတာပါတဲ့။ ကြည့်ရတာ ကိုယ်တို့ နှစ်ယောက်က ပြီးမယ့် ပုံမပေါ်လို့ နောက်ဆုံးတော့ အားနာနာနဲ့ပဲ ပြောရပုံပေါက်ပါတယ်။
ပြီးတော့ အဲ့မှာ ပြောမပြီးသေးတဲ့ စကားတွေကို ဆူးလေ လမ်းမကြီးပေါ်က လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ ဆက်ပြောကြပါတယ်။ နောက်တော့ ရှေ့ဆောင် ရုပ်ရှင်ရုံ ရှေ့ က အုတ်ခုံမှာ ဆက်ပြောပါတယ်။ နောက် ကိုယ်က ဗိုက်ဆာတယ်လို့ပြောတော့ ဆူးလေ လမ်းမကနေ အနော်ရထာ ၁၇ လမ်းထိပ် က မိုးလင်း ထမင်းကြော်ဆိုင်မှာ ဆက်စားကြပါတယ်။ နောက်တော့ အဲ့ကနေ ကိုယ်နေတဲ့ မြေနီကုန်းကို တက်ကစီနဲ့ လိုက်ပို့ပါတယ်။ အိမ်အောက်ရောက်တော့ အကိုကြီးကပါ ကားပေါ်ကနေ လိုက်ဆင်းပြီးတော့ တခါးနားက ကိုယ့် ကို တီးတိုးကပ်ပြီး ပြောတာက ဘယ်သူ့ကိုမှ ပထမဆုံးတွေ့တဲ့ အခါမှာ အိမ်လိုက်မပို့ဖူးဖူးတဲ့။ ကိုယ်ကလဲပြန်ပြောလိုက်တယ်...."There always the first time for everything" လို့။ ပြီးတော့ တံခါးဖွင့်နေတဲ့ ကိုယ့်နားကို ကပ်ပြီး ကိုယ်အံ့သြအောင် လုပ်လိုက်တဲ့ အပြုအမူတခုက ကိုယ့်မျက်မှာ ကိုပင့်လာအောင် မယူပြီးတော့ ကိုယ့် သက်ငင်တချက်လုံး ရပ်သွားလောက်စေတဲ့ တရှိုက်မက်မက် အနမ်းတခု သူကိုယ့်ကို ပေးခဲ့တာပါ။ အခု ၂၀၁၁ ကုန်တော့မယ် ဆိုတော့ ၇ နှစ်ခွဲ ကြာပါပြီ။ ကိုယ်အခုချိန်ထိ အဲ့ည ကို ရုပ်ရှင် ပြကွက်တခုလို အသေးစိတ်မှတ်မိနေသေးတယ်ဆိုတော့ အဲ့ဒီ ည က ဘယ်လောက် တန်ဖိုးကြီးသလဲ၊ အဲ့ဒီ ပထမဆုံး ဒိတ်ရဲ့ နှုတ်ဆက်အနမ်းက ဘယ်လောက် စွဲအားပြင်းလဲ့သလဲဆိုတာ ပြတာပါပဲ။ (ဝတ္ထု အများစု မှာရေးသလို မှုန်ဝါးဝါး ခေတ်ဟောင်းရုပ်ရှင် ပြကွက်တောင်မဟုတ်ပါဘူး တကယ့်ကို ၂၁ ရာစု ဘလူးရေး ဒီဗီဒီ နဲ့ လို ကြည်လင်ပြတ်သားတဲ့ ရုပ်ရှင် ပြကွက်ပါ)
ခုတော့လဲ အသက်တွေကြီးလာသလို တည်ငြိမ်ရင့်ကျက်မှုလဲအထိုက်အလျောက် ရလာတော့ အဲ့လို ရင်ခုန် ကြည်နူး ဆွတ်ပျံ့ ရတဲ့ အတွေ့ အကြုံလေးတွေကို စိတ်ထဲက ရှိရင်တောင်ပြန်ကြုံနိုင်ဖို့ အခွင့်အလမ်းနည်းသွားပြီလေ။ တနေ့က Honey 2 ကြည့်ရင်းနဲ့ ကောင်လေးက ကောင်မလေး ကို အိမ်ပြန်ပို့တဲ့ အခန်းလေးကို ကြည့်ရင်း ကိုယ့်အတိတ်တွေအကုန် ကိုယ့်အတွေးထဲ ပြန်ဝင်လာပါတယ်။ ဒီပိုစ့်လေး ဖြစ်စေခဲ့တာပေါ့။
အရင်တုံးက လွမ်းမောကြည်နူးခဲ့ရတဲ့ နှုတ်ဆက်အိမ်ပြန် အနမ်းလေးတွေအတွက်....
ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်မှုတွေနဲ့ပြည့်စုံပါစေ ကိုယ့်ရဲ့ တနင်္လာသားလေးရေ....
A Chen
0:33 AM
Friday
2nd Dec 2011
Home
Bangkok
Subscribe to:
Post Comments (Atom)
ရင်တွေခုန်သွားပါသည်။
ReplyDelete