Tuesday, May 1, 2012

အာလူး အစပ်မွှေကြော်

တီချမ်းတယောက် ဟင်းမချက်တာတော်တော်ကြာနေပါပြီ။ ဟင်းတင်မချက်တာ မဟုတ်ပါဘူး။ ပိုစ့်လဲ မတင်ဖြစ်ပါဘူး။ ပြန်ခါနီးဆိုတော့ ပစ္စည်းတွေလဲသိမ်းရ၊ ဝယ်စရာ ခြမ်းစရာတွေလဲ လုပ်ရ၊ ကြားထဲမှာ ခဏ ပြန်ဖို့ လဲ လုပ်ရ၊ လက်မှတ်ဘွခ်ရ ခွင့်ယူဖို့လုပ်ရ၊ အို စုံတကာစိနေတာပဲ၊ သူငယ်ချင်းနဲ့ တောင် ပြောဖြစ်နေသေးတယ်
နောက်တခါ “အပြင်ထွက်” အလုပ်လုပ်ဖြစ်ရင် ဘာမှ (ဘာဆိုဘာမှ) မဝယ်တော့ဘူးလို့။ ထားတော့။

စာရေးဖို့ကလဲ စိတ်က မပါပါဘူးလေ။ ပြန်ရောက်ရင် ဘယ်လို ဆက်ရေးမလဲ မပြောနဲ့ ခု ဒီမှာ ရှိနေတာတောင် မရေးဖြစ်တာကြာပေါ့။ ခုနောက်ပိုင်း ဘလောခ်ဂါတွေစာမရးပဲ ရန်ဖြစ်တာ ခေတ်ပြန်စားနေလို့ ကိုယ်လဲ ရန်ပဲ လိုက်ဖြစ်ရမလားတောင် စဉ်းစားနေမိတယ်။

ကဲပါလေ ကိုယ်အကောင်းဆုံး လုပ်တတ်တဲ့ ဟင်းလေးချက်ပြီး အေးအေးတင်တာပဲ ကောင်းပါတယ် ဆိုပြီး ......

ခုတလောတော့ အာလူး စားချင်စိတ်ကလေးဖြစ်နေတာပါ။ နောက် ကြက်ကြော်ကိုပဲ ထမင်းကြမ်းနဲ့ စားနေတာ ဒီ တပတ်ထဲ ၄ ခါ မကတော့ဘူး။ တနေ့ကတော့ သူငယ်ချင်းတယောက်ရောက်နေတော့ သူ့ကို ကြေးအိုးလုပ်ကျွေး
သေးတယ်။ အရင်တခေါက်လုပ်ပြီး ပုံတွေတင်တော့ သူက စားချင်တယ် ဘလောခ်မှာလာအော်တာနဲ့လေ။ ချက်နည်းကတော့ ဒီမှာပါ။ ထားတော့ ခုတလောတော့ ရိုးရိုးလေးပဲ စားချင်နေတယ်။ အဲ့တာနဲ့ပဲ.....

ပြီးတော့ ခုနောက်ပိုင်းက ချက်ပြီးသမျှဟင်းတွေကို ဖဘ မှာပဲ အလွယ်တကူတင်လိုက်တော့ တကူးတက ချက်နည်း ဘလောခ် မရေးဖြစ်နေတာတာလဲပါတယ်။ ဖဘ က ပုံတင်ရပိုလွယ်တာကိုး။ ဘလောခ်ဂါက ပုံတင်ရခက်တာရယ် ခုနောက်ပိုင်း ဖီချာ ပြောင်းတာကို မုန်းနေတာရယ်နဲ့ ဘလောခ်ဘက်မလှည့်ဖြစ်တာတောင် ကြာပေါ့။ အဲ့လိုပါ အကြောင်းတွေစုနေတာပါ။

တနေ့ကတော့ လွယ်ကူစားမြိန်ဆီက ပိုစ့်တွေ လိုက်ဘတ်ရင်း သူ အာလူး ချက်တာတွေ့တော့ စားချင်စိတ်ဖြစ်ပါတယ်။ သူ့တောင် ချက်ကျွေးဖို့ ပြောသေးတယ်။ ကိုယ်လဲအရင် ကိုယ် တရုတ် ကုမ္ဗဏီ တခု မှာ လုပ်တုံးက မိတ် (ကရင်မကြီး) က ချက်ကျွေးတဲ့ အာလူး ဟင်းကို သတိရသွားပါတယ်။ ချက်ရတာလဲ အရမ်းလွယ် မွှေးတေးတေးနဲ့ မို့ စားလို့လဲအရမ်းကောင်း။ အာလူး ကြိုက်ရင်တော့ ချက်စားကြည့်သင့်တဲ့ ဟင်းတမျိုးပါပဲ။ နည်းကတော့ တရုတ်နည်းထင်ပါတယ်။ တီချမ်း ချက်တော့ တီချမ်းနည်းပေါ့နော်။ ကဲ ကြည့်ရအောင်။





ပထမဆုံး အာလူးနှစ်လုံး (ကြိုက်သလောက်) ကိုပြုတ်ပါ။ အခွံသင်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ချေထားပါ။ အာလူး ပြုတ်တဲ့ အခါ ကျက်မကျက်သိရအောင် တူနဲ့ ထိုးထိုးကြည့်ပေးပါ။ ထိုးလို့ အောက်ထိပေါက်ရင် ရပါပြီ။ ဒီက အာလူး တွေက မြန်မာပြည်လို မဟုတ်ဘူး နိုင်ငံခြားကနေ လာသေးတာ ထင်တယ် ကြီးမှကြီးပဲ။ပြုတ်တာကျက်ရင် ရေအေးနဲ့ ဆေးချလိုက်ပါ သို့ ရေအေးစိမ်ထားလိုက်ပါ။ ပြီးတော့မှ ယောက်ဇွှန်း နဲ့ ချေပေးပါ။ အဲ့လို မလုပ်လို့ လက်ပူလောင်ရင် တီ့ကို လာမပြောပါနဲ့။





နံနံပင်တွေကို အပါးဆုံး တတ်နိုင်သလောက် လှီးထားပါ။ အမှန်က ကြက်သွန်မိတ် နဲ့ မှ ပိုမှန်မှာ ခုတော့ ကြက်သွန်မိတ်မရှိတော့ ရှိတဲ့ နံနံပင်နဲ့ အဆင်ပြေလိုက်ရပါတယ်။ သူလဲ တမျိုးတော့ မွှေးတာပါပဲ။ နောက် လိုတာက ကြက်သွန်ဖြူ ကြိတ်ထားတာရယ် ငရုတ်သီးစိမ်း ပါးပါးလှီးထားတာရယ်။ နောက် ဂျင်း ကိုလဲငရုတ်သီးစိမ်းလိုပဲ ပါးပါးလှီးထားပေးပါ။ ခုတော့ ဂျင်းလဲ မရှိတော့ ငရုတ်သီးပဲ နည်းနည်းပိုထည့်လိုက်တယ်။
အဲ့တာတွေအကုန် အသင့်ပြင်ထားပြီးရင် ကြော်တဲ့ စခန်းစပါမယ်။





မကပ်တဲ့ အိုးကိုသုံးပါ။ အဆင်ပိုပြေပါမယ်။ မရှိရင်တော့လဲ ရှိတာပဲသုံးပေါ့။ မကပ်တဲ့ အိုးရှိကိုရှိမှ မဟုတ်ပါဘူး။ ဆီထည့်ပါ။ နည်းနည်းလေး ပိုထည့်ပါ။ အာလူးက ဆီကို စုပ်မှာ မို့လို့ပါ။ ပြီးရင် ဆီကို ပူအောင်တည်ပါ။ ဆီနည်းနည်း စပူလာပြီဆိုရင် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို အရင်ထည့်ပါ။ မွှေးလာအောင် ကြော်ပေးပါ။ မတူးပါစေနဲ့။ ကြက်သွန်လေးတွေ နည်းနည်းလေး အရောင်စပြောင်းစပြုပြီဆိုရင် ရပါပြီ။





ကြက်သွန်အရောင်းစပြောင်းရင် ခုနက ချေထားတဲ့ အာလူးတွေကို ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ နောက် ပဲငံပြာရည်အကြည်နည်းနည်းထည့်ပါ။ ပြီးရင် ခဏဆက်မွှေပေးပါ။ အာလူးက ကျက်ပြီးသားဖြစ်တဲ့ အတွက် အကြာကြီးမွှေစရာမလိုပါဘူး။ နှံအောင်မွှေပေးယုံပါပဲ။ ပြီးရင် နံနံပင် လေးတွေ ထည့် မျှအောင်မွှေ ပြီးတာနဲ့ အိုးချလို့ရပါပြီ။





ပုံကိုကြည့်ပါ။ သူ့ချည်းပဲ စားလို့ ကောင်းပြီး အရသာရှိသလို ထမင်းပူပူလေးနဲ့ တွဲစားရင်လဲသိပ်ကောင်းတဲ့ အိုအိရှိပါပဲ။ အမှန်က ဂျင်းပါရင် ပိုမွှေးမှာ ဖြစ်ပေမယ့် ခုတော့ သရုတ်သီး များများလေးကြောင့်လဲ အရမ်းမွှေပါတယ်။ ပေါင်မုန့်ကြိုက်တဲ့ သူဆို ပေါင်မုန့်ကြားမှာ ညှပ်စားလဲ ကောင်းတာပါပဲ။ ပိုပြီး ဘိုဆန်တာပေါ့ ပေါင်မုန့် နဲ့ အာလူးနဲ့ ဆိုတော့ ကာဘိုဟိုက်ဒရိုတ်တော့ ရီဒန်ဒန့် ဖြစ်နေမယ်။ သို့သော် ကိစ္စ မရှိဘူး -င်ကြီးရင် ၁) ပြလို့ရတယ်။ ၂) အကိုကာလသားတွေကြိုက်တယ် ၃) သင်္ကြန်မှာ ဖော်ချွတ်ပြီး ဝတ်လို့ရတယ်။ ဝင်း ဝင်း ဝင်း ပဲ။

ဒီလောက်ဆိုရင် ပရိတ်သတ်တွေ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ နောက်နေ့မှ ကြက်သား ဘူးသီး ပြွန်း (ကာလသားကြက်) ကိုတင်ပေးပါအုံးမယ်နော်။

A Chen
12:07AM
Wednesday
2nd May 2012
Home
Bangkok

9 comments:

  1. မျှော်နေတာ ခုမှအာလူးနဲ့အတူပေါ်လာတော့တယ်။ ပစ္စည်းတွေသိမ်းတာ အတော်ပြီးကုန်ပြီလား။ ဗမာပြည်ရောက်ရင်လဲ ကြိုးစားပြီးရေးပါဦး။

    ReplyDelete
  2. မိုက်တယ်။ တစ်ခါမှ လုပ်မစားဖူးဘူး။ အောက်ဆုံး အပိုဒ်ကိုလည်း ဖတ်ပြီး သဘောကျသွားတယ်။ :D

    ReplyDelete
  3. ဒီညနေ လုပ်စားမယ်

    ReplyDelete
  4. တီချမ်းရေ၊ ချက်စားဖို့ အာလူး ဒီနေ့ပဲ ဝယ်လိုက်ပြီ။ :)

    ReplyDelete
  5. hi,t chan, i think u know my mom dr pansy.hehe;P i m her daughter. i m reading ur post since long time. i've read all ur post. i like ur recipes and lwal ku sar mane(ma snow) recipes so much.pls upload more recipes naw t chan.i m looking forward ur recipes.
    ur biggest fan.
    ngoneoo =)

    ReplyDelete
  6. စာရေးပါ တီချမ်းရယ်
    အမြဲ အားပေးနေတယ်
    တီချမ်းစာ ဖတ်ရတာ စိတ်ချမ်းသာတယ်
    အထူးသဖြင့် ဟင်းချက်နည်းတွေပေါ့။

    ReplyDelete
  7. အီဗီ မျှော်နေတယ် ဆိုလို့ ကျေးဇူးပါ တီစာအုပ်ထွက်ရင်လဲ အားပေးအုံးနော်

    မြတ်ကြည်ရေချက်စားကြည့် လွယ်တယ် စားကောင်းတယ် အာလူးကြိုက်တတ်ရင် တကယ့်ရှယ်ပဲ ဒီအတိုင်းစားလဲ ဂွတ်မှဂွတ်

    ဗစ် လုပ်စားကြည့်ပြီး ဖြစ်မဖြစ် ကောင်းမကောင်းပြန်ပြော

    ခင်သော်တာ ဟုတ်ပါ့ အန်တီပန်စီ လာတုံးကတောင် စနိုးနဲ့ တူတူ ဟင်းတွေ ချက်ကျွေးသေးတယ် မေးကြည့် ဝက်သားမှို ဘီယာနဲ့ မြည်းတာ ကောင်းလားလို့ဟိဟိ အားပေးနေတာလဲကျေးဇူးပါ တီ့ စာအုပ်ထွက်ရင်လဲအားပေးနော်

    အနော်နိမတ်စ်ရေ တီ့စာတွေ ဘတ်ရတာ စိတ်ချမ်းသာတယ်ဆိုတော့ ကောင်းတာပေါ့ တီက တခါခါ အကုသိုလ်တွေလဲ ရေးသေးတာကိုးနော် အမြဲအားပေးနေတယ်ဆိုလို့ ကျေးဇူးပါကွယ်

    ReplyDelete
  8. အရမ်းစားကောင်းပီးချက်ရတာလဲလွယ်တယ်။ အဲလောက်ကောင်းမယ်မှန်းမထင်ဘူး..ကြော်ပီးမြည်းကြည်.မှ ~ hmm...ခေါင်း မှ ခေါင်း ~~!

    ReplyDelete
  9. တီချမ်းရေ..
    ဘယ်နိုင်ငံဘယ်အရပ်ဒေသတွေများရောက်နေလဲ..
    email add ပြီးကတည်းက မတွေ့တော့တာ..ပြန်စာလည်းမလာ..ပို့စ်အသစ်လေးတွေဖတ်ချင်ပါတယ်ဆိုမှ ရက်စက်လိုက်တာ..
    သတိတရနဲ့စာရေးချင်ပေမယ့် ဘယ်သွားရေးရမှန်းလည်းမသိတော့ အခုတွေ့တဲ့နေရာလေးကနေရေးလိုက်ပါတယ်..
    ပို့စ်အသစ်တွေလည်း အမြန်တင်နိုင်ပါစေ..
    စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အရာအားလုံးရယူပိုင်ဆိုင်နိုင်ပါစေ..
    :)

    ReplyDelete