စကားလေးတခွန်း
စကားလေးတခွန်းရှိတယ်။ ဘယ်လိုအရာမျိုး ဘယ်လိုကိစ္စမျိုး ရဲ့နောက်မှာ ဖြစ်နေ ဖြစ်နေ သုံးလို့ရတယ်၊ အသုံးတည့်တယ်၊ အသုံးဝင်တယ် အဓိပ္ပါယ်ရှိတယ်။ ဘယ်လိုပြောမလဲ ဇာတ်လိုက်လိုပေါ့။ အဖြေတခု လို့လဲပြောလို့ရတယ်။ အရာအားလုံးအတွက် အဖြေ သို့မဟုတ် ဖြေလျော့စရာ ပင့်သက် တခု အဲ့လိုပြောရင်လဲအကျုံးဝင်တယ်။ မွေးလာတယ်၊ အိုသွားတယ်၊ နာသွားတယ်၊ သေသွားတယ်၊ ပျော်ကြတယ် ရွှင်ကြတယ် ဝမ်းနည်းကြရတယ်၊ ကြေကွဲကြရတယ်၊ ရယ်ကြ ပြုံးကြတယ်၊ မျက်ရည်လည်ရွှဲကြတယ် စတဲ့ ဇာတ်လမ်း ဇာတ်ခုံအဖုံဖုံ အတွက်လဲ ဘယ်တော့ပဲ သုံးသုံး အဲ့ဒီ စကားလေးတခွန်းက သိပ် အဓိပ္ပါယ်ရှိ အသုံးဝင်တာပါပဲ။ တချို့လူတွေ က ဆင်းရဲတယ် တချို့က ချမ်းသာတယ် တချို့ က ဘတ်စ် ကားကြပ်ကြပ်ကိုတိုးစီးနေတဲ့အချိန်မှာ တချို့ကရေမွှေးနံ့သင်းပျံ့နေတဲ့ ကားလှလှ ကောင်းကောင်း လေးပေါ်မှာ ဇိမ်နဲ့ငြိမ့်နေကြရတယ်။ အဲ့လိုဘာ့ကြောင့်ဖြစ်ရတာလဲလို့ မေး ရင်လဲ ဒီစကားလေးတခွန်းက အသုံးတည့်တာပါပဲ။ ချစ်ခြင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းမျိုးစုံမှာ လဲ ဒီစကားလေးတခွန်းကိုပဲ ရေလဲနဲ့အသုံးတည့်လှပြန်ပါတယ်။
ဥပမာ…
• မချစ်သင့်တဲ့ လူတယောက်ကို သင်ချစ်မိတယ်
• ကိုချစ်တဲ့လူက ကို့ကို မချစ်ဘူး ကိုမချစ်တဲ့လူက ကို့ကို အသေအလဲ ချစ်တယ်
• လူတယောက်နဲ့ ကိုနဲ့ အရင်က ချစ်လိုက်ကြတာ သေမလောက် (ဘေးလူတကာ အမြင်တွေကပ်လောက်ကြတဲ့အထိ) နောက်ဆုံးတော့လဲ ဆန်ဆုံစား ကံကုန်သွားနဲ့ ဇာတ်သိမ်းတာပါပဲ
• ကိုအချစ်ခဲ့ဆုံးလို့ ထင်ရတဲ့တယောက်က ကို့ကိုမှ အနာကျင်ဆုံး ဒဏ်ရာတွေ အနက်ဆုံး ပေးခဲ့တာ
• အဲ့လူတယောက် ကို့ဘဝမှာ မရှိရင်မဖြစ်ဘူး လို့ထင်ခဲ့တယ်။ နောက်တော့မှ သူနဲ့ကွဲသွားတာ သူ့ထက် ပိုကောင်းတဲ့ တယောက်ကိုတွေ့ဖို့ပါလား ဆိုတာ သဘောပေါက်လာတယ်
• ဘဝမှာ နောက်တယောက်ကို နောက်တခါ ခုလိုမျိုး ထပ်ချစ်နိုင်တော့မှာ မဟုတ်ဘူး လို့ထင်ခဲ့တယ် ဟော နောက်တလ နှစ်လလောက်လဲကျရော နောက်တယောက်ကို အချစ်စစ်နဲ့ အရူးအမူး ချစ်မိနေပြန်ပါရော
• ပျော်ရွှင်ခြင်းက ထာဝရ မမြဲသလို၊ နာကျင်ခြင်းကလဲ ထာဝရအတွက်မဟုတ်ပါဘူး (တခါက ကြည့်ဘူးတဲ့ ရှာရွတ်ခန် ရုပ်ရှင် ကိုတောင် သိရမိသေးတယ် အမိတာ ဘဂျမ်း ရယ် ကရီနာ ကပူးရ်ရယ် ကာဂျိုးရယ်လဲပါသေးတယ် ကားနာမည်က ဟင်ဒီလို ကဘီကူရှီ ကဘီဂန်းတဲ့ ပျော်တလှည့် ငိုတလှည့် လို့ အဓိပ္ပါယ်ရတယ်)
ခုန က စကားကိုပြန်ဆက်ရမယ်ဆိုရင် ဘယ်လို ကိစ္စမျိုးမဆိုရဲ့နောက်မှာ အဲ့ဒီ စကားလေး တခွန်းကို သုံးလို့ရပါတယ်။ နောက်တခါ ဘဝမှာ ဖြစ်တောင့် ဖြစ်ခဲ ကြုံတောင့်ကြုံခဲ ကိစ္စတွေအတွက်လဲ အဲ့စကားကို သုံးလို့ရပြန်ပါတယ်။ နောက်တခါ ကြုံတွေ့ရတတ်တဲ့ အံ့သြကုန်နိုင်ဘွယ် ကိစ္စလေးတွေ၊ ထူးထွေအံ့ရာသော် ဝိစ္စ လေးတွေအတွက်လဲ ဘယ်လိုသုံးသုံး အဆင်ပြေပြန်ပါတယ်။
ဥပမာ…
• တခါမှ ထီမထိုးတဲ့သူက သူမဝယ်ပဲ ကောက်ရတဲ့ထီလက်မှတ်က ဆုကြီး လာပေါက်နေတာမျိုး
ဟော ကိုဗဒင်ပြောသလို သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် လို့ဆိုသလိုပဲ ဖြစ်ခဲတယ်လို့ပြောရမယ့် တိုက်ဆိုင်မှုလေးတွေ မှာလဲ ဒီစကား တခွန်းကို ပြောလို့ရပြန်ပါတယ်။
ဥပမာပေါ့…
• ဒီနေ့ ကိုအိမ်က ထွက်လာကတည်းက တယ်အဆင်မပြေဘူး၊ လူကလဲ စုတ်ပြတ်သတ်နေပါတယ်ဆိုကာမှ အရင် ပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ တိုက်တိုက် ဆိုင်ဆိုင် လာဆုံနေတယ်ဆိုတာမျိုး
• ဘယ်တော့မှ ထပ်မတွေ့တော့ဘူးလို့ ထင်ထားတဲ့ လူတယောက်ကို မှ လေဆိပ် ရဲ့ check in ဝင်ပေါက်မှာ ပြန်တွေ့ရသလိုမျိုး
နှမြောတသ ရမယ့်ကိစ္စတွေအတွက်လဲ ဒီစကားတခွန်းပဲ ဘယ်အချိန် ဖြစ်ဖြစ် အသုံးတည့်လှပြန်ပါတယ်။
ဥပမာ…
• ပစ္စည်းတခု ကို ကို ထာဝရ ဘယ်တော့ မပိုင်ဆိုင်နိုင်တော့ဘူးဆိုတာမျိုး
• လူနှစ်ယောက်စလုံးကို ကိုက ထပ်တူ ထပ်မျှ ချစ်ပေမယ့် ဘယ်လိုမှ နှစ်ယောက်လုံးနဲ့ အတူတူမနေနိုင်တာမျိုး (ကဗျာဘွဲ့မှူး ရဲ့သီချင်းလိုပေါ့ ကိုကို နဲ့ မောင်မောင်ပေါ့ နော့)
ကဲ အဲ့လို ရှိသမျှ ကိစ္စ တွေ အကုန်မှာ အသုံးတည်းလှတဲ့ စကားလေးတခွန်းပေါ့နော် ဘယ်စကား ဖြစ်မလဲ တွေးကြည့်ကြပါအုံး တော်ကြာ တီပြောပြလိုက်တော့မှ အာ….ဟုတ်သားပဲ တီချမ်း လူဆိုး လို့မပြောကြနဲ့ ကဲကဲ စဉ်းစားကြည့်ကြနော် နောက်နေ့မှာ ပိုစ့် အသစ်နဲ့ အဲ့စကား တခွန်းကို ဘာသာ (၃) မျိုးနဲ့ ပြောပြမယ်။ တီချမ်း လူဆိုးနော် လူကို ကလိကလိ လုပ်တယ် လို့တွေးနေတယ် မဟုတ်လား အဟင်းဟင်းဟင်း အဟွန်း (မီကိုဇူးဇင် ဇာတ်ကောင်ကဲ့သို့ ရယ်လိုက်သည်။)
အဖြေ
ကြွယ်ဝတဲ့ ဗမာ စကားနဲ့ ၈ လုံးတွဲပြောရရင်တော့
“ဘဝဆိုတာ ဒီလိုပါပဲ” ပေါ့လေ
အင်းဂလိရှ် လိုတော့ “life is like this” ပေါ့
this is life, well that's life, such a life စသဖြင့်လဲ ပြောလေ့ရှိကြပါတယ် သူတို့ သိုးဆောင်းဘာသာစကားကလဲကြွယ်ဝသားလေနော်
ပြင်သစ်လိုတော့ “c'est la vie” လို့ပြောကြတယ် တီကတော့ နောက်ပြောင်ပြီးတော့ ဘဝဆိုတာ အထီးကြီးပါလို့အမြဲပြောတယ် ဟဲဟဲဟဲ အဖြေနော် အဖြေ
A Chen
10: 16 pm
1 May 2010
Home
Bkk
