Tuesday, May 11, 2010

မောင်…မရှိခဲ့ရင်…

မောင်…မရှိခဲ့ရင်…

ခုတလော အတွေးတွေဝေနေတတ်ပါတယ်။ ဘာရယ်မဟုတ် လျောက်လျောက်တွေး နေမိ တတ်တယ်။ ဘဝအကြောင်း သူငယ်ချင်းတွေအကြောင်း အလုပ်ကြောင်း မိသားစုအကြောင်း အချစ်အကြောင်း မောင့် အကြောင်း စသဖြင့်ပေါ့လေ။ အစုံပါပဲ။

တနေ့ကတော့ သီချင်းတပုဒ် နားထောင်ဖြစ်တယ် ဟောင်ကောင် အဆိုတော် ရုပ်ရှင်မင်းသမီး မော့ဝင်ဝေ့
莫文蔚 * ရဲ့ သီချင်းတပုဒ်ပါ။ သီချင်းကိုလဲ နောက်ကြုံရင် ဘာသာပြန်ပြီး တင်ပေးပါအုံးမယ်။ အဓိက ပြောချင်တာက သီချင်း နာမည်ပါ။

“တကယ်လို့သာ မင်းမရှိခဲ့ရင်….” တဲ့

အဲ့ဒီ သီချင်းလေးက ကိုယ့်ကို အတွေးတွေဝေစေ၊ ထွေစေပါတယ်။ တွေးကြည့်မိတယ်လေ။ ဒီလိုလေးတွေ (စာဖတ်ပရိတ်သတ်ကြီးလဲ တခါတခါ တွေးကြည့်မိကြမှာပါ။ ကိုယ်တို့အတွေး လေးတွေ ဘယ်လောက်တူလဲကြည့်ကြည့်ရအောင်နော်။) ပြီးတော့ ကိုယ်တခါကလဲ တီချမ်းရဲ့ အချစ် ဒဿနများ အပိုင်း-၂- အောက်မှာ “တကယ်လို့…” ဆိုတဲ့ ခေါင်းစဉ်နဲ့ထင်တယ် ပိုစ့် အတိုကလေး တခု ရေးဖူးပါသေးတယ်။ ဒေါ်ရီတာ ကတောင် လာကွန်မန့်သေးတယ် သူလဲ ခုတလော စဉ်းစားမိတယ် တဲ့ တကယ်လို့ မင်းသာမရှိခဲ့ရင် ကိုယ် ပိုက်ဆံဘယ်သူ့ဆီက “ချေး” ရပါ့မလဲနော် တဲ့ အင်း အဲ့လိုတော့လဲ ဟုတ်သားနော်…………..ခိခိခိ (သူပြောတာက အဲ့လို သဘောမဟုတ်ပါ သိချင် ရင် ပြန်ကြည့်ကြ)

သီချင်းလေးက ကိုယ့်ကို “ထိ” ပါတယ် နားထောင်လိုက်တာနဲ့ စာသားတွေက တိုက်ရိုက် ရင်ထဲကို ဝင်လာတယ် အဲ့ဒီသီချင်းကိုနားထောင်မိတော့ ကိုယ်တွေးမိတယ်။ ဟုတ်သားပဲလို့….

တကယ်လို့ မောင်သာမရှိခဲ့ရင် ရှေ့ဆက်လျောက်ရမယ့် အနာဂတ်ထဲမှာ ကျန်နေသေးတဲ့ ထောင်နဲ့ (သောင်းနဲ့ချီကောင်းလဲချီနေနိုင်သေးတဲ့) ချီနေသေးတဲ့ နေ့ရက်တွေ ကို ကိုယ် တယောက်ထဲ ဘယ်လိုများ ဖြတ်ကျော်ရမလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ဖုန်းဘယ်တော့များမှ ဆက်လာမလဲလို့ မျှော်လင့်နေစရာ တွန်းအား မလို တော့သလို ဖုန်းလာတဲ့အခါလဲ ကိုယ့်မှာ အပြေးအလွှားသွားကိုင်စရာ အကြောင်းပြချက် မရှိတော့ဘူး ပြီးတော့ ရင်ခုန်နူးညံ့တဲ့ အသံ ချိုသာသာကလေးနဲ့ “ဟယ်လို….(ဒါလင် မတွေ့ရတာ ကြာပြီနော်…အရင်လိုကြည့်ကောင်းနေတုံးပဲ အချစ်ရယ်…ဆုံတွေ့ရတာ တို့ဝမ်းသာ….)” လို့လဲ ထူးစရာမလိုတော့ဘူးနော်

တကယ်လို့ မောင်သာမရှိခဲ့ရင် ဘယ်သူ့ကိုများ ကိုယ်နွဲ့ဆိုးဆိုးရမှာလဲ။ ဘယ်ယောက်ျားကိုကော သွားပြီး “ကိုယ့်ကို ဂရုမစိုက်ဘူး” လို့ ကိုယ် ဂျီကျရမှာလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ဝမ်းနည်းတဲ့အခါ ဘယ်သူ့ ပခုံးပေါ်မှီပြီး မျက်ရည်ကျရမှာလဲ
ဘယ်သူ့ကို တိုင်တည်ပြီး ငိုရမှာလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ဒီလို ဖောက်လွဲဖောက်ပြန် လောကကြီးထဲမှာ မနက်ဖြန် တွေရှိသေးတယ်လို့ ဘယ်လို ခွန်အားမျိုးနဲ့ ကိုယ်ယုံကြည့်ရမလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ဒီနေ့ည ကိုယ်ဘယ်သူနဲ့ ထမင်းစားရမှာလဲ ပြီးတော့ ဆိုင်တဆိုင်ဆိုင်မှာ သွားစားတဲ့အခါတိုင်း “သဲ ကြိုက်တာမှာပါ” လို့ ကိုယ့်ကို ဘယ်သူက လာပြောမှာလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ့်ရေခဲသေတ္တာထဲမှာလဲ မောင် ကြိုက်တတ်တဲ့ နွားနို့တွေ ထည့်ထားစရာမလိုတော့ဘူးပေါ့

တကယ်လို့ မောင်သာမရှိခဲ့ရင် ဘယ်သူ့ကို ကိုယ် သွားသတိရရမှာလဲ
လွမ်းရမှာလဲ
တမ်းတရမှာလဲ
ဘယ်သူ့ ကို စိတ်ပူရမှာလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ့်ကို မနက်မနက် အလုပ်မီအောင် ဘယ်သူက နိုးပေးမှာလဲ ကိုယ့်အတွက် ကိုယ်အမြဲစားတတ်တဲ့ မနက်စာ ပေါင်မုန့်မီးကင် ကို စတော်ဘယ်ရီ ယိုသုပ်ပြီးတော့ ကျွေးမှာလဲ ကိုယ်ကြိုက်လွန်းလို့ မြန်မာပြည်ကနေ တကူးတက သည်လာတဲ့ လူကြုံရှိတိုင်း မှာရတဲ့ ပရီးမီးယာ တူး ပလပ်စ် ဝမ်း ကော်ဖီကိုကော ဘယ်သူက ကိုယ့်အကြိုက် နို့စိမ်းလေးနဲ့ မွှေးမွှေးလေး ဖျော်ပေးမှာလဲ (ကော်ဖီ ကြော်ငြာက ဝင်ရသေးတယ်နော် အရင်ကပိုစ့်ထဲမှာ တခါ အခုတခါ နှစ်ခါရှိပြီ ပရီးမီးယားကတော့ ကိုယ့်ကို ကော်မရှင် ပေးဖို့ကောင်းနေပြီ)

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ရေချိုးရင်ကော ဘယ်သူက ဆပ်ပြာတိုက်ပေးပါ့မလဲ
ရေချိုးပြီးတော့ ကော မျက်နှာနဲ့ တကိုယ်လုံးကို ဘယ်သူက လိုရှင်းလူးပေးပါ့မလဲ
တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်အပျင်းကြီးပြီး ဟင်းမချက်ချင်တိုင်း ကိုယ်ကြိုက်တတ်တဲ့ ဟင်းတွေ ဘယ်သူက အပင်ပန်းခံ ချက်ကျွေးပါ့မလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ဆိုးသမျှကို ဘယ်သူက အတိုင်းအဆမဲ့ အညိုအညင်မရှိ အဆူအပူ နတ္ထိ နဲ့ အနွံအတာ ခံပါ့မလဲ

တခါတခါ ညဘက်တွေမောင် အပြင်သွားရင် အိမ်ကို ဖုန်းပြန်မဆက်တဲ့အခါ တခါတခါ စိတ်ပူလွန်းလို့ ဖုန်းဘေးနားမှာ အရူးလို ထိုင်ပြီး မောင်များ မတော်တဆ ထိခိုက်မှု အက်စီ့ဒန့် တခုခု ဖြစ်နေမလား ဆိုတဲ့အတွေးနဲ့ ဘုရား တ နေတတ်တာ မောင်ဟာ အရွယ်ရောက်ပြီးသား ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်တဲ့ လူတယောက်ဆိုတာ မေ့သွားလောက်တဲ့အထိ စိတ်ပူတတ်တာ။

ဒါပေမယ့် တကယ်လို့ မောင်သာမရှိခဲ့ရင် တခုတည်းသော ကောင်းကျိုးကတော့ ကိုယ်အခုထက်ပိုပြီး စိတ်ဓါတ် ကြံ့ခိုင် ခိုင်မာ မယ်ဆိုတာပါပဲလေ။ ဘာလို့လဲဆိုတော့ မောင် ကိုယ့်ဘေးမှာ ရှိနေတဲ့အချိန်တိုင်း အခါတိုင်း အခိုက်အတန့်တိုင်း ပါးစပ်ကတော့ အမြဲလိုလို ကိုယ့် ကို ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ပြောနေပေမယ့် အရာရာကို ချစ်တဲ့စိတ်နဲ့ အမြဲလိုလို လုပ်ပေးတတ်တာ ကိုယ့်အတွက် ငှက်ပျော်သီး အခွံနွာရတာကတောင် ခက်ခဲတဲ့ အလုပ်လို့ ထင်ရအောင် မောင်က အစစ အရာရာ အလိုက်သိ အနွံအတာခံ ဖြည်းစည်းပေးခဲ့တာပါ

တကယ်ပြောတာ
တကယ်လို့ မောင်သာမရှိခဲ့ရင် ဘဝ ကို ကိုယ်ဘယ်လို ဖြတ်သန်းရမလဲဆိုတာ တွေးတောင်မတွေးမိပါဘူး။ အပြောင်းအလဲများတတ်တဲ့ လောကကြီးထဲမှာကော မနက်ဖြန်ဆိုတာကို ဘယ်သူက အာမခံချက်ပေးမှာတဲ့လဲနော်…

A Chen
2:39 pm
11th May 2010
Immigration office
Bangkok
Thailand

莫文蔚 *
သူ့ အင်းဂလိရှ် နာမည်က Karen Mok ပါ (မှုံဝေဝေ လို့ ကိုယ့် သူငယ်ချင်း မိဘုတ်က ခေါ်ပါတယ် တော်တော်များများ သိကြ မှာပါ so close လို့ ခေါ်တဲ့ ရုပ်ရှင်ကား ( ရုပ်ရှင်ရဲ့ တရုတ်နာမည်က “နေဝင် နတ်သမီး”ပါ) အဓိက မင်းသမီးက Transporter ထဲမှာလဲပါတဲ့ ဟောင်ကောင်က နာမည်ကြီး မင်းသမီး Shu Qi စူးချီပါ ဒီ ဇာတ် ကားထဲမှာ သူက ကြေးစား လူသတ်သမ အဖြစ်သရုပ်ဆောင်ပါတယ်။ Shu Qi နဲ့အတူတူ အမျိုးသမီး စုံထောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ခုနက ပြောတဲ့ မှုံဝေဝေ ပေါ့။ အဲ့ကား ထဲမှာပဲ တရုတ်ပြည်မကြီးက နာမည်ကြီး မင်းသမီး ကြောတ်ဝေး (Vicky Zhou) လဲပါပါတယ် သူက စူးချီရဲ့ ညီမ အဖြစ်သရုပ်ဆောင်ရပါတယ် အဲ့ဒီ ရုပ်ရှင်က တရုတ်ပြည်မ ဟောင်ကောင် ထိုင်ဝမ် မင်းသမီး ၃ လက်ကိုတွဲသုံးထားတာပါ Shu Qi စူးချီ က အော်ရီဂျင်နယ် က ထိုင်ဝမ် ကပါ နောက်ပိုင်းကျမှ ဟောင်ကောင်မှာ နာမည်ကြီးလာတာပါ ပြီးတော့ အဲ့ဒီ ရုပ်ရှင်ထဲမှာ ရွှေ မြန်မာတွေရဲ့ အသည်းကျော် ကိုးရီးယား မင်းသားလေး ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ကိုကို ဂျွန်စော လဲပါပါတယ် သူက စူးချီ ရဲ့ ရည်းစား ကောင်လေး အဖြစ်သရုပ်ဆောင်တာပါ။ ထားတော့ အခုရေးနေတာက ရုပ်ရှင် အညွှန်းမဟုတ်ပါဘူး တီချမ်းရဲ့ ရိုးရာ ထုံးစံအတိုင်း လမ်းချော် နေတာပါ)

Thursday, May 6, 2010

ဘန်နာရှင်အတွက် ထမင်းပွဲ

ကဲကဲကဲ တီတီ...............ပြန်လာပြီ........................အိုင် အမ် ဘက်ခ်....................
ဘယ်သူလဲ သိချင်ကြလား.................ဘယ်သူရှိမလဲ.............ဟုတ်ပါတယ်ခင်ဗျား...........

မြေနီကုန်း ဦးပြောင် မယားပါ တူမ၏ ခမည်းခမက်အမျိုး
ပန်းတနော် ဦးမဲ ဟိုဘက်ဒီဘက်အတင်းစပ်တော်သော တူမ
မူလလက်ဟောင်း
ပုသိမ် ဒေါ်ချမ်း aka နန်းမတော် မယ်နု ညီမရဲ့ တူမတော် ကိုငယ်စဉ်တောင်ကျေး ကြည့်ရှူရတဲ့ အထိန်းတော်ရဲ့ ညီမအရင်း စာဆိုတော် မဟာကဝိ နန်းမတော် မိမိချမ်းပဲလေ နော့

စာဖတ်သူတကာလဲ သတိထားမိကြမှာပါ။ ဘန်နာလေးက တီချမ်းရဲ့ ဝတ်လစ်စလစ် ဗျူတီကနေ လှတပတ လူတကာ လက်ခံနိုင်တဲ့ သားနဲ့အမေ မောင်နဲ့နှမ မိသာစုးလိုက် အစရှိသဖြင့် အပါအဝင် ဝေနေယ ဘလောခ် လောက စာရှူသူအပေါင်းတို့ ရုံးမှာ အလုပ်လုပ်ရင်း ခိုးကြည့် (အဲလေ အလုပ်မလုပ်ကြဘဲ ခိုးကြည့် အဲလေ အင်း ဘယ်လိုပြောရတော့မလဲမသိနော် လာလာပြောကြတယ် တီချမ်း ဘလောခ်ကို ဖတ်ချင်လှပါသော်လည်း ရုံးမှာ ဖွင့်ရတာ အမြင်မတော်တာကြောင့်ပါတဲ့ ကဲ ဘယ်သူက သူတို့ကို ရုံးမှာ ဘလောခ် ဖတ်ခိုင်းလဲနော် အလုပ်လာလုပ်ကြပါ့မယ် ဆိုပြီး ပိုက်ဆံယူထားကြတာ မဟုတ်ပါကလား အော် အသင်လောက လူတို့၏ ဖောက်လွဲဖောက်ပြန်သောအမှုများပင်တည်း ကဲကဲ ထားပါ) လို့ရတဲ့ ဟိရိသြတပ္ပ ဘန်နာမျိုးလေးကို ညတွင်းချင်းမှာ ဟပ်ချလောင်း ဆိုပြီးသကာလ ပြောင်းလဲသွားပါရော့လားအေတို့။ ကဲကဲ ဒီလိုထူးထွေဆန်း အံ့ရာသော် ပုံပြင်လေးကို မသိချင်ကြဘူးလားကွယ်တို့....နားထောင်နော်....
အဲ့လို ဘန်နာလေးကို ညတွင်းချင်း လှသွားအောင် လုပ်ပေးတဲ့သူက မင်းသမီးလေးရဲ့ မင်းသားလေးပေါ့ကွယ်။ ပုံပြင်လေးက ဒီလိုပါတဲ့ သားတို့ သမီးတို့ရယ်....
ဟိုးရှေးရှေးတုံးက လက်မလေးလောက်ပဲ ရှိတဲ့ ကျွန်းငယ်ငယ် တိုင်းပြည်လေး ပိစိလေး တပြည်ကို ရေမြေရပ်ခြားက မင်းသားတပါးဟာ စွန်းစားရှာဖွေ ကမ္ဘာမြေ အစီအစဉ်နဲ့ ရောက်လာတယ်တဲ့ကွယ့်။ အဲ့သည်မင်းသားလေးဟာဆိုလို့ရှိရင် လူစင်စစ် မဟုတ်ရှာပါဘူးတဲ့ကွယ်။ သို့ပါသော်လည်းသူဟာ လူတွေရဲ့ မူလဘုတ လို့ မဟာ မနုဿဗေဒကဝိ အင်သရိုပေါလော်ဂျစ် ဦးဦး ဒါဝင် ရဲ့ အလိုအရ ဆိုရင်တော့ သူဟာ လူတွေရဲ့ အော်ရီဂျင်နယ် ဖြစ်ပါချေသတဲ့။ ဒီလိုနဲ့ အဲ့ဒီ မင်းသားလေးဟာ မိထွေးတော် စိတ်ပုပ် ကေအိုအမ် နဲ့ မယားပါသမီးမိုက် စတက်ပ်ဒေါ်တာ ရီတာကို နဲ့ ဂန္ဓာမာသူသူ ညီအမရဲ့ နှိပ်စက်ကလူပြုမှုကြောင့် ဖခင်ဘုရင်ကြီး သေသွားတဲ့နောက်မှာ နေစရာ ဝတ်စရာ စားစရာမှ လူနဲ့သူနဲ့ တူအောင်မရှိရှာတော့တဲ့ မင်းသမီးလေး ခင်ဝတ်လစ် စစစစစစစစစစ (လို့ ဘိုဆန်ဆန် Khin Wittlizzzzzzzzzzz လို့ အမည်တွင်တဲ့) လုံးတီး မင်းသမီးလေးအပေါ် မေတ္တာသက်ဝင် ချစ်ခင်မိပါသတဲ့။
အဲ့တာနဲ့ မင်းသားလေးက နှမတော်လေး ဝတ်လစ်စ....မောင်တော်ကပဲ နှမတော်လေးအတွက် အရှက်လုံအောင် ဖုံးနိုင်ဖို့ရာ ဒွါယရာတွေ ဆင်ယင်ပေးပါရစေလို့ဆိုပြီးသကာလ ကမ္ဘာဦး ရဲ့ နာမည်ကြီးကျော် ဗဲရီး ဖေးမတ်စ် ဧဒင် ဂါးဒင်း (very famous eden garden) က မေပယ်လ်ရွက် (maple leaves)တွေ ခူးယူလာပါသတဲ့။ ပြီးတော့ မေပယ်လ် ရွက်တွေကို သီပြီး လစ်စ မင်းသမီးလေးအတွက် အီးဗနင်းဂေါင်းန် (evening gowns) တွေ ဘာညာတွေ ချုပ်လုပ်ပေးပါသတဲ့။ အဲ့တာတောင်မ အင်မတန် ချေး (ဂျီး) များလှတဲ့ မင်းသမီးလေး မယ်လုံးတီး ဟာဆိုလို့ရှိရင် ကိုကိုကဆင်မယ်ဆိုရင်တော့ ဝတ်ရမှာပါပဲ သို့ပေမယ့် နှမတော် ရဲ့ ဖေးဘရိတ် ကာလာများဖြစ်တဲ့ အက်စန့်လိုက်ဂရင်း (essent light green) အစိမ်းနု ကိုပြောတာပါ ကွန့်တာပေါ့နော်) လာဗင်းဒါး ပါးပယ် (lavender purple)ခရမ်းရောင် ခရမ်းရောင် နဲ့ အဲဗား စကိုင်း ဘလူး (ever sky blue) ကောင်းကင်ပြာနု စတဲ့အရောင်တွေ ရမှ ဝတ်မယ်လို့ သူ့ချစ်သူကို ဂျီတိုက်ပါသတဲ့။ (ဂျီးတိုက်တာ မဟုတ်ဘူးနော် ဝစ္စနှလုံးပေါက် မပါဘူး သေချာ ဘတ်) အဲ့တာနဲ့ မင်းသမီးလေးကိုချစ်တဲ့ မင်းသားလေးကလဲ ချုပ်ပေးရရှာတာပေါ့ကွယ်။ အဲ့လို ချုပ်တဲ့အခါမှာ မင်းသမီးက ခဏခဏ မကျေနပ်နိုင်သေးတဲ့အတွက် အရောင်ကို အမျိုးစုံပြောင်းပေးရရှာတာပေါ့ကွယ်။ အဲ့မှာ မင်းသားလေးက ဘာကိုတောင်စဉ်းစားမိသေးလဲဆိုရင် အန်ချင်စရာ မြည်သံစွဲ (ဝေါ့) ဒစ်စနေ (walt disney) က ထုတ်တဲ့ အိပ်နေသော မိန်းမလှလေး ကာတွန့်ကားထဲက နတ်သမီးလေးတွေရဲ့ မက်ဂျစ်ဝှန်း (Magic wand) မျှော်နှင်တံ ရရင်တောင်ကောင်းမှာပဲ လို့တောင်းတမိသတဲ့....................
ဒီလိုနဲ့ အတိုချုံ့ရမယ်ဆိုရင် မင်းသားလေး ချုပ်ပေးတဲ့ အီးဗနင်းဂေါန်းတွေနဲ့ မင်းသမီးလေး မယ်လစ်စ ဟာဆိုလို့ရှိရင် လှချင်တိုင်းလှနေတဲ့အတွက် မင်းသားလေးက အက်ဝှန့်စ် (at once) မြင်းမြင်းချင်း နွားနွားချင်း အဲလေ ဆော်ရီး (sorry) လဗ် အက်ဖတ်စ် ဆိုက် (love at first sight) တွေဘာတွေနဲ့ ဖော်အင်လဗ် (fall in love) ဖြစ် နောက်တော့ ပရိုပိုစ့် ဝှတ်သည်ရင်း (propose with THE RING) ဒူးထောက်ကာ ဝယ်ယူမယ်ရီးမီ (will you marry me?) ပြီးသကာလ ဒေလစ်ဗ် ဟက်ပီးလီး အဲဗား အာဖတာ (they live happily ever after) ဖြစ်သွားကြပါသတဲ့ကွယ်။

ပုံပြင်ဆိုရင်တော့ အဲ့မှာ ပြီးရမှာပေါ့ကွယ် ဒါပေမယ့် တကယ့်တကယ် လူ့ဘဝမှာတော့ they live happily ever afer ဆိုတာ မရှိတဲ့အတွက် မင်းသမီးလေးဟာ ရှေးလူကြီး မိဘတွေ မဟုတ်တမ်းတရားလျောက်ပြော ရိုက်သွင်းခဲ့ကြတဲ့ မယားဝတ္တရား ၅ ပါးဆိုလား ဘာလား .....

  • လင်မစားခင်စားရမယ်
  • လင်မအိပ်ခင်အိပ်ရမယ်
  • လင်ကိုနွား သားကို ဝက်လို သဘောထားရမယ်
  • လင်နေစ ဆင်သေမှ
  • လင်ထပြီးမှ ထရမယ် စတဲ့စတဲ့ သင်ကြားပေးထားတာတွေနဲ့ ဆန့်ကျင်စွာ လင်ဆိုးမယား တဖားဖား ဖြစ်ရရှာသတဲ့။ အဲ့တော့ သူ့ခမျာ လင်ကို ပြုစု ဖို့အတွက် မီးဖိုးချောင်ဝင်ရတာပေါ့တဲ့ကွယ်

အရင် မိထွေးတော် အိမ်မှာနေတာကမှ သက်သာသေးတယ်လို့လဲ မင်းသမီးလေးခမျာ ချက်ရင်း ပြုတ်ရင်းတွေးမိနေပါသတဲ့။ သို့သော်လည်း ဘဝကို အရှူံးမပေးတဲ့ မင်းသမီးလေး ဖြစ်တာကြောင့် တဘက်တလမ်းကနေ နာမည်ကြီး အောင် သူကလဲ ချစ်သုဝေလို ကျောင်းတွေပြေး အဲလေ ကျားပေါက် လို နာမည်ကြီး ဆိုပြီး စီးရီးမထုတ်နိုင်သေးလေတော့ ဘလောခ် လို့ခေါ်တဲ့ အီလက်ထရောနစ် စာမျက်နှာတွေပေါ်ကနေ တဆင့် မမလုလု မီးဖိုချောင်လိုများ စာအုပ်ထုတ်ရမလား ဒါမှမဟုတ် နာမည်ကြီးလာရင် အယ်ဒီတာတွေကများ လိုက်လာမလား စတဲ့ မျှော်လင့်ချက်တွေနဲ့ ဘလောခ်ရေးဖို့ကြံစည်ပါသတဲ့။ အဲ့တာကနေ တဆင့် အခု စာရှူသူမြင်နေရတဲ့ စားကောင်းသောက်ဖွယ် ခဲဘွယ်ဘောဇင် တွေကို ချက်ရင်းပြုတ်ရင်း မြဝတီကလား မြန်မာ့အသံကလား သေချာမမှတ်မိတော့တဲ့ သိလ္လာစိုး လို ကဲကဲ ပထမ ဦးဆုံး အရင် ဆီ ကို ဒယ်အိုးလေးထဲ ထည့်ပါမယ်။ နောက်တော့ မီး ကို ဟောဒီလို ခလုတ်ကလေးဖွင့်ပြီး ဆီအိုးလေးကို ပူလာအောင်တည်ပါမယ် တွေဘာညာတွေ လုပ်တော့တာပေါ့တဲ့ကွယ်။

အံမယ် မင်းသမီးလေးက သူက သူ့ဘာသာ ချက်ရင်း ပြုတ်ရင်းနဲ့လဲ သူဟာ အရင် မြန်မာရွှေပြည် မြို့တော် ကုန်ကုန်မှာနေတုံးက ဘာမှမချက်တတ်မပြုတ်တတ်ခဲ့တဲ့ မချက်ရ မပြုတ်ရ ဘာအမွှေးမှမီးမလောင်နေခဲ့ရတဲ့ သူဟာဆိုလို့ရှိရင် ဟော အခု ဘန်ကောက်ကိုရောက် ကိုယ့်ထမင်းကိုရှာ ကိုယ်ဝမ်းကိုကျောင်း ကိုယ့်လှေကိုယ်လှော်နေရတဲ့အခါ အရေးကြုံလာတော့ လဲ ဒီလို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်တတ်တာဟာ အန်ကယ် ဦးကျော်သိန်း သမီး မမဖြူဖြူ ရဲ့ စကားနဲ့ ငှားပြောရရင် ဘုရားသခင်ရဲ့ကျေးဇူးတော် အလိုအရ တော်နေလွန်းလို့လား။ ဒါမှမဟုတ် သူဟာ အရင်ဘဝက ရှေးဟောင်း နန်းတွင်း စားတော်ကဲ ချန်ဂင် နဲ့အမျိုးတော်တဲ့ ညီအမ တွေပဲ ဖြစ်ခဲ့လို့လား ချန်ဂင် ကိုယ်တိုင်းပဲများလား စသဖြင့်လဲ ဖြူဖြူ့ရဲ့ အတွေးကမ္ဘာ လို နွေနေ့လည် အိပ်မက် အတွေးကြွယ်နေပါသတဲ့ကွယ်။ ပြီးတော့ သူက ချက်ရင်းပြုတ်ရင်းနဲ့လဲ ရင်မှာခံစား သူမမြင်နိုင်တယ် ငါ့အရဲ့ အသည်းထဲက အတွင်းကြေ တွေဘာတွေအော်နေသတဲ့ အော်နေရင်းလဲ သူက အင်းသူ့ရဲ့ အသံကိုသာ ဆိုနီ ဓါတ်ပြားတိုက်က ကြားရင် သူ့ကို ဖြစ်နိုင်ချေရှိတယ် ဆိုပြီး ချက်ချင်း စာချုပ်ချုပ် အခွေထုတ် ဟော နောက်နှစ်လဲကျရော ကော်ဇောနီပေါ်မှာ လမ်းတွေ ကြွကြွရွရွလေး လျောက်ပြီး သကာလ

this year grammy new artist award goes to....................Miss.........Khin Witlizzzzzzz

ဆိုပြီးကြေပြာတာကိုတောင်ကြားယောင်လာပါသတဲ့ အဲ့အချိန်မှာပဲကလစ်ကလစ် ဆိုတဲ့ မြည်သံတွေကို ကြားရတဲ့အခါ “သမီး ဖြူဖြူ ဘာတွေအတွေးလွန်နေတာလဲ” ဆိုတဲ့ဖေ့ဖေ့ အသံနဲ့အတူ.......ရှေ့မှာမွှေနေတဲ့ ဟင်းအိုးက တူးနံ့ထွက်လာပါသတဲ့ အဲ့တော့မှ “အိုသမီးအတွေးလွန်သွားလို့ပါ ဖေဖေ” လို့ ပြောလိုက်ရသတဲ့ကွယ်။

ကဲကဲ ပုံပြင်လေးလဲ နားထောင်ပြီးကြ ဖတ်ပြီးကြပြီဆိုရင် ဟင်းလေးကို မတူးအောင်သေချာချက်လိုက်ကြရအောင်နော်.............ကဲ အဲ့တော့ ခေါင်းစဉ်တတ်ထားတဲ့အတိုင်း ဘန်နာ လုပ်ပေးတဲ့ မင်းသားလေးအတွက် ချက်ကြွား အဲလေ ချက်ကျွေးတာ ဖြစ်ပါတယ်ကွယ်နော်။

ပထမဆုံး ဆီအိုးကို အရင် ပူအောင်တည်ပါမယ် အဲလေ သိလ္လာစိုး အကျင့်တွေ မပျောက်သေးဘူး ခိခိ
ပထမဆုံး ဟင်းရံအဖြစ် မချက်စားတာအတော်ကြာပြီဖြစ်တဲ့ အရင်ဆုံး မှိုကန်စွန်းလေးကြော်ပါမယ် အရင်ပိုစ့်တွေမှာလဲရေးခဲ့ပြီးသားဖြစ်တဲ့အတွက် (ခက်လဲမခက်တဲ့အတွက်) ရမ်းသရူးပဲ ပြောသွားပါမယ်။ ရေစင်စင်ဆေးထားတဲ့ ကန်စွန်းရွက်တွေရယ် မှိုတွေကို ရေစစ်ထားပါမယ်။ စကားမစပ်ပြောရအုံးမယ် ဒီမှာက ကန်စွန်းရွက် ဝယ်ရတာတောင် နည်းနည်း ရှုပ်ချင်ပါသေးတယ် ဘယ်လိုရှုပ်လဲဟုတ်လား ကုန်တိုက်က ဒီပါမင်တယ် စတိုးတွေမှာဝယ်ရင်လေ (အထူးသဖြင့် တီဝယ်နေကျ စီယမ် ပါရာဂွန်မှာဆိုရင်ပေါ့) အသီးအရွက်တွေဟာ အော်ဂင်းနစ် နဲ့ အင်အော်ဂင်းနစ် ဆိုပြီး နှစ်မျိုးလာပါတယ် သဘာဝနဲ့ ဆေးထိုးနဲ့ ပေါ့လေ ဆယ်တန်း စာကျေတဲ့သူတွေသိပါမယ် ခိခိခိ ကြေငြာ............သဘာဝကတော့ ပိုဈေးကြီးတာပေါ့ကွယ်နော် တီလဲစဉ်းစားမိပါတယ် သူတို့မှာပဲ ရှုပ်ရှုပ် နဲ့ ရှက်ရှက်လို့ တီ့တို့ ရွှေပြည်မှာဆိုရင် အကုန် အော်ဂင်းနစ်ချည်းပဲနော့် ထားပါတော့ အဲ့တော့ ခုန က ဟင်းဆက်ချက်ရရင် .............





ရေဆေးထားတဲ့အရွက်တွေ ကို စစ်ထားပါမယ် ပြီးရင် ဆီပူထဲမှာ ငရုတ်သီး စိမ်း ဒါးပြားရိုက်လေးတွေ ထည့်ကြော်ပေးပါမယ် နောက် ကြက်သါန်ဖြူကိုလဲ ဒါးပြားရိုက် ထည့်လိုက်ပါ ဒါကတော့ တရုတ်ကြော်ပေါ့နော် ယိုးဒယားလိုကြော်ရင်တော့ သူတို့ရဲ့ အကြော်နှစ်လို ဟာမျိုးရယ် ငံပြာရည်တွေ ဘာညာတွေထည့်ပါတယ် အဲ့ဒီ အနံ့တွေကို တီလုံးဝမကြိုက်ပါဘူး အဲ့တော့တီက တီတို့ မျိုးရိုးစဉ်ဆက် ကြော်လာခဲ့တဲ့ ပြည်မ မူလ ကန်စွန်းပလိန်း မီးမြိုက်ပဲ အော် ပြောပါအုံးမယ် တီ အိမ်ငှားဖို့ လိုက်ကြည့်တော့လဲလေ တီသတိထားတာ တခုရှိပါတယ် အဲ့တာကတော့ ဂစ်မီးဖိုနဲ့ ဂစ်အိုးပါပဲ အဲ့တာ တီ့အတွက် အိမ်တအိမ်မှာ အဲကွန်းလိုပဲ အဆန်းရှယ်ဖြစ်ပါတယ် မရှိတဲ့အိမ်ဆို တီ မငှားပါဘူး။ များသောအားဖြင့် ကွန်ဒိုတွေက ဂစ် ပေးမချက်ပါဘူး သူတို့က ဟော့ပလိတ်ပဲ ပေးပါတယ် တီက မနေနိုင်ပါဘူး ချေတာမဟုတ်ပါ အရင် ကျိုင်းတုံအိမ်မှာကတည်းက ဂစ်ပဲသုံးတာပါ အဖွားကတော့ ထင်းပဲသုံးတယ် (စကားမစပ်ပြောရရင် ထင်းနဲ့ကြော်တဲ့ အသီးအရွက်တွေဟာ ပိုမွှေးပါတယ် ထင်းတူးနံ့လေးလိုလိုလေ) အဲ့တော့ တီက ခုနပြောသလိုပဲ ကြက်သွန်ဖြူ ငရုတ်သီး ဒါးပြားရိုက်ဆီပူနဲ့ မှို ကိုအရင် ပစ်ထည့်လိုက်ပါတယ် ပြီးတော့ ကန်စွန်း ထည့် နည်းနည်းကြော် အရောင်ပြောင်းတယ် ဆိုရုံပြောင်းသွားပြီးဆိုရင် အွိုင်စတာ ဆော့ထ် (ခရုဆီ) အနည်းငယ် ထည့် လိုက်ပြီးရင် အိုးကို မီးဖိုပေါ်က ချလို့ရပါပြီ။ ခရုဆီကိုမကြိုက်ရင် မထည့်ပဲ ဆား အချိုမှုန့် နဲ့လဲ အလုပ်ဖြစ်ပါတယ် အဓိကက မီးပူဖို့ပါပဲ။ မီးပူတဲ့ဆီနဲ့ ကြော်မှာ အရွက်တွေက လတ်ဆတ်ပြီး စားကောင်းပါတယ် မှတ်ထားနော်...ကဲ အောက်က ပုံကိုကြည့် စားချင်မလာဘူးလားလို့နော့............




နောက်တမျိုးကတော့ တီမကြာခဏ လုပ်စားဖြစ်တဲ့ အအီပြေ ဝက်သားချဉ်သုပ်ပါ အင်မတန်လွယ်ကူမြန်ဆန် စားကောင်းအမှန်ပါပဲ ဆဲဗင်း အီလဲဗင်း ကဝယ်ထားတဲ့ ဝက်သားချဉ်လေးတွေကို ကိုယ်လိုချင်သလောက်အနေတော် ပါးပါးလှီး နောက် ကြက်သွန်နီ ကြီးရင် တဥ သေးရင် နှစ်ဥ ပါးပါးလှီး ကြိုက်တတ်ရင်ကြက်သွန်ဖြူ ပါးပါးလှီး နံနံပင် ပါးပါးလှီး ငရုတ်သီး စိမ်း သေးသေးပါးပါးလေးတွေလှီး တီကတော့ ပျောက်သွားတော့မလောက်လှီးပြစ်တယ် ကြောက်လို့ ဟိဟိ စားလဲစားချင်သေးတယ် အဖတ် အကြီးကြီးတွေ ဆိုရင် မစားရဲဘူး ပြီးရင်တော့ ဆား အချိုမှုန့် သင့်ရုံထည့် သံပရာသီး ညှစ်ထည့်ပြီးတာနဲ့ နယ်လိုက်ရုံပဲ ကောင်းမှကောင်း အဲ့တာတီက တီတို့ ကျိုင်းတုံဘက်ကလို ရှမ်းဆန်ဆန် တရုတ်ဆန်ဆန် သုပ်တာပါ မြန်မာလို ပဲဆီနဲ့ ကြက်သွန်နီနဲ့ သုပ်ရင်လဲ ငါးဖယ်ချဉ်လိုပဲ ကောင်းမှာပါ နောက်နေ့ကျ စမ်းလုပ်စားကြည့်မယ်...




ဒါက နောက်ဟင်းရံတမျိုးဖြစ်တဲ့ ဂေါ်ဖီကြော်ပါ တီက အမေနဲ့နေတုံးကဆိုရင်တော့ အမေက ဂေါ်ဖီထုပ်ကို တရုတ်ကြော်ကြော်ပါတယ် ဘယ်လိုကြော်လဲ ဟုတ်လား နောက်တခါကျတော့ ပြောပြမယ်နော်...ခုတော့ တီက ဟိုးအရင် ငယ်ငယ် မွေးစားမိသားစုနဲ့နေတုံးက မြန်မာကြော်ပေါ့ အဲ့လို ပါးပါးလေးတွေလှီးပြီး နနွင်းမှုန့် နည်းနည်းနဲ့ ကြော်တာ စားချင်လို့ မောင့်ကိုပဲကြော်ခိုင်းလိုက်တယ် အဲ့တာကတော့ ဂေါ်ဖီ ကို ပါးပါးလှီး ဆီကိုအရင်ပူအောင်တည် ပြီးတော့ နနွင်းမှုန့်နည်းနည်းနဲ့ ဆီသတ်တယ် ပြီးတော့ မွှေပါတယ် နည်းနည်းလေး နွမ်းသွားပြီဆိုရင် အချိုမှုန့် နဲ့ဆား နည်းနည်းစီထည့် ပြီးရင် ခဏ ထပ်မွှေပြီးရင် ချလို့ရပါပြီ (မှတ်ချက်=အိုးကို မီးပူပေါ်မှာ အကြာကြီးမထားပါနဲ့ ပြီးတော့ အဖုံးမဖုံးပါနဲ့ အဲ့တာဆို ဂေါ်ဖီတွေအရမ်းနွမ်းသွားမှာ စိုးရပါတယ် အဲ့တာဆိုရင် စားမကောင်းတော့ဘူးပေါ့ ဒါကလဲ လူတကိုယ် အကြိုက်တမျိုးပါ တီကတော့ နွမ်းနွမ်းလေး ပိုကြိုက်တယ်)

ဒါကတော့ မိန်းဒစ်ရှိ ချက်မယ့် ပုစွန်ပါပဲ မနက်စောစောက ဈေးထဲမှာ ပုစွန်ကြားလို့ခေါ်တယ် ထင်တယ် တွေ့တာနဲ့ ၁ ကီလို ဝယ်လာပါတယ် အခွံခွာ ခေါင်းဖြုတ် တခါတည်း လုပ်ပေးပါတယ် အော် ၁ ကီလိုဆိုတာ ၁ ပိဿာထက်နည်းနည်းလျော့ပါတယ် ၁ ပိဿာ ကို ၁.၆ ကီလိုရှိပါတယ် ဒါက စကားချပ်နော်...ဒီနေ့ မြန်မာစာ ကို အရင်မွေးစားမိဘတွေနဲ့နေခဲ့ရတုန်းကလိုပဲ စားချင်နေတယ် အမှန်က ပုစါန်ကို အကောင်နည်းနည်းသေးတာ လိုချင်တာ ဒီမှာ မရှိလို့ ငရုတ်သီးနဲ့ အိုးကပ် စပ်စပ်လေး ချက်စားချင်တာလေ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာလို ကင်မွန်းချဉ်ရည်ဟင်းလေးပါပါချင်သေးတာပေါ့ ဒီမှာက အဲ့လို အရွက်တွေမရဘူး ပြောရင်နဲ့ ဒန့်ဒလွန်ရွက် ဟင်းခါးလေးလဲသောက်ချင်လာပြီ....................
အီးဟီးဟီး မြန်မာပြည်ပြန်မယ် အီးဟီး..............အိမ်ပြန်မယ်..................ခုပို့ပေး ခုပို့ပေး....အီးဟီး....
ငိုလို့ပြီးတော့ မျက်ရည်တွေသုတ်ပြီး ဟင်းပြန်ချက်ပါမယ်
ဒါက ချက်မယ့် ပုစွန် ၁ ကီလိုလုံးကို ဆားအချိုမှုန့် နနွင်း နည်းနည်းနဲ့အရင်နယ်ဖတ်ပြီးနှပ်ထားပါတယ် မိနစ် ၃၀ လောက်ဆို အိုကေပါတယ် အမှန်ကတော့ နယ်ပြီးတာနဲ့တန်းချက်ရင်လဲရပါတယ် တီကတော့ ရှည်တာပေါ့

ဒါကတော့ ကြက်သွန်နီနဲ့ အဖြူကို ဆီသတ်တာပါ ပြီးရင် ဟင်းချက် ငရုတ်သီးမှုန့်ကို များများလေးထည့်ပါမယ်
အိုးကပ် အစပ်လေနော် အဲ့တော့ ငရုတ်သီးမှုန့်ကို များများသာ ကစ်လိုက်ပါ ကပ်စေးမနဲပါနဲ့ ကိုယ့်ဗိုက်ထဲရောက်မယ့်ဟာပဲလေ လုပ်ပါ လုပ်ပါ ထည့်သာထည့်ပါ ခပ်များများပေါ့ပြီးရင်အရေးကြီးတာ ခြောက်သွားအောင်ဆီသတ်ပေးပါမယ် ငရုတ်သီး အနံ့မွှေးလာတဲ့အထိပေါ့ နည်းနည်းလေး တူးလာသယောင် အထိပေါ့ (တူးလာသယောင်နော် တူးလာတဲ့အထိမဟုတ်ဘူး)


ပြီးရင်တော့ နောက်ဆင့် ပုစွန်တွေထည့်ပါမယ် ပြီးရင်လဲနောက် တခါ ပုစွန်က ရေထွက်မှာဖြစ်တဲ့အတွက် ခြောက်ခြောက်ကလေး ဖြစ်တဲ့အထိ ကြော်ပေးပါမယ် တော်တော်ကိုခြောက်တာနော် ခြောက်ချင်းတွေထပ်ပြီး ခြောက်နေတာပဲ ပုစွန်တွေတော်တော်ခြောက်ပြီး ဆီပျံလာပြီဆိုမှ ရေနည်းနည်းထည့်ပြီး မဖုံးဘဲမွှေပေးပါမယ် ရေခန်းတဲ့အထိ အဲ့လို ဆက်တိုက်မွှေပေးနေပါ။ လိုအပ်ရင် အရသာ မြည်းပြီး ပေါ့ငံ ကြိုက်သလို ငံပြာရည်လေးလဲ နည်းနည်း ထည့်လို့ရပါတယ် တီကတော့ ငံပြာရည် အနံ့ကို တခါတခါ အာရုံမလာတာနဲ့ ဆားပိုသုံများပါတယ်။ ပြီးရင်တော့ ရေခန်းတဲ့အထိ မွှေရင်း အိုးတော်တော်လေးကပ်သွားပြီဆိုရင် ချလို့ရပါပြီ။
ပုံတွေမှာကြည့်ပါ မကပ်တတ်တဲ့အိုးနဲ့ချက်ရင် အိုးဆေးရတာ ပိုသက်သာပါတယ် ဟိဟိ တီကတော့ အပျင်းကြီးပဲနော်.......


ကဲအခုဆိုရင် အင်မတန် ကြည့်ရတာနဲ့တင် စားချင်စရာကောင်းပြီး သွားရည် တမြားမြား ကျစေတဲ့ ပုစွန် အစပ်အိုးကလေးကပ်ပါ ခုနက ဟင်းရံတွေနဲ့ တွဲဘက် အုပ်လိုက်လို့ကတော့ အနည်းဆုံး နှစ်ကီလို လောက်တော့ တက်လာမှာအသေအချာပါပဲ...........ပိန်ချင်သော သူများ တီချမ်းကိုဝေးဝေးရှောင်ပါ ပေါ့လေ




အောက်ကဟာတွေကတော့ ထမင်းစားပြီးလွေးစရာ အသီးအနှံများပါကွယ် သင်္ဘောသီး မှည့် နဲ့ မက်မန်းသီး မှည့်ပါ




မာလကာသီးနဲ့ ကျွဲကော်သီး ပါ ဘန်ကောက်မှာ တခုကောင်းတာ အသီးအနှံအကုန်က ဆယ်နှလရာသီ ရပါတယ် အော်ဂင်းနစ် တော့မဟုတ်ဘူးပေါ့လေနော် ကွာသလားဆိုတော့ စားတော့စားရတာကောင်းပါတယ် သို့သော်လဲတီတို့ ရွှေပြည်မြန်မာလို အသီးတွေက မမွှေးပါ တီဆိုရင် ကိုယ့်နိုင်ငံကဆိုရင် ဓညင်းသီးလေးက အစမွှေးတာပါ မုန့်တီဖတ်လေးကအစ ချစ်တာပါ အခါတသောင်းလဲ မြန်မာပြည်မှာပဲ လူဖြစ်ချင်ပါတယ် အဲ့တော့ ပြန်မယ်ကွယ် (ဘယ်သူ့ကိုမှမရွဲ့ဘူးနော်)



နောက်ဆုံးကတော့ မင်းသားလေး အရမ်းကြိုက်တဲ့ သရက်သီးပါပဲကွယ် အချဉ်ကော အချို အမှည့်ကော နှစ်မျိုးစလုံး ရှာလာခဲ့တယ်နော် စိတ်ကြိုက်စားရအောင်............



ဒါတွေကတော့ မာလကာသီးနဲ့တို့စားစရာ ဆားမှုန့် (အမှန်က ဆားမှုန့်လို့သာခေါ်တာ ဆားမပါပါဘူး သကြားရယ် မက်မုံသီးစေ့ရယ်နဲ့ လုပ်ထားတာပါ ယိုးဒယား မှာပဲရှိမယ် ထင်ပါတယ် တီတို့ဆီက နွယ်ချိုမှုန့်လောက်တော့မကောင်းတာအမှန်ပဲ သူလဲအရသာတမျိုးပေါ့ ရှမ်းပြည်ဘက်မှာလဲရပါတယ် တီတို့ရှမ်းရှေ့ပေါ့) နွယ်ချိုမှုန့်အကြောင်းပြောရင်းနဲ့ မြန်မာပြည်ကို ပြန်သတိရလာပြန်ပြီ ငိုအုံးမယ် ခဏ........................
အီးဟီးဟီး မြန်မာပြည်ပြန်မယ် အီးဟီး..............အိမ်ပြန်မယ်..................ခုပို့ပေး ခုပို့ပေး....အီးဟီး....
..............အင့် အဟင့် အဟင့် ရွှတ် ဘတ် (နှပ်ချေးနဲ့ လှမ်းပစ်သံ)
နောက်တမျိုးကတော့ သရက်သီး စိမ်းနဲ့စားဖို့ ငပိချက်ပါ နောက် ကြုံတော့ လုပ်နည်းပြောပါမယ် ခုတော့ လက်အရမ်းညောင်းနေပြီနော် နားတော့မယ် ပျော်ရွှင်ကြပါစေ




A Chen
7th May 2010
8:06 am
Home Bangkok

ကိုယ်ရက်စက်တတ်တယ်။

ကိုယ်ရက်စက်တတ်တယ်။

အရင်တုံးက ဆို ကိုယ်က တော်တော်ရက်စက်တဲ့စကားတွေပြောခဲ့ဖူးပါတယ်။ ဥပမာ…

“နင့်ကို ငါ ကြိုက်ပါတယ် ဒါပေမယ့် မချစ်ဘူး”
“ငါ့လို ကိုယ်လုံး ရှိတဲ့ သူက နင့်လို မျက်နှာ ရှိတဲ့သူကို အဖက်လုပ်မယ်ထင်သလား”
“ငါလို အရည်အချင်းရှိတဲ့သူက နင်လို့ လူမျိုးကို အပေါင်းအသင်းမပြောနဲ့ ဖိနပ်တောင် ပေးမတိုက်ဘူး”
“ကိုယ့်အသက်အရွယ်လဲပြန်ကြည့်ပါအုံး သားတယောက်မွေးထားရင် ကျတော့ နဲ့ ရွယ်တူ လောက်တောင်ရှိနေပြီ” ဘာညာ စသဖြင့်ပေါ့လေ။ ပြောဖူးပါတယ်။ ပြောခဲ့ဖူးပါတယ်။

တခါတလေ ကိုယ့်ကို လိုက်နေတဲ့သူတယောက်ယောက်ကများ ညဘက်ကြီး ဖုန်းဆက်ပြီး သူ့အချစ်တွေ ကို လှစ်ပြ ငိုကြွေး တောင်းဆိုလာတဲ့အခါများဆို ကိုယ်က အစပိုင်းဆို အင်းလိုက် နောက်ကျတော့ ဖုန်းခွက်ကို ဘေးချထားခဲ့ပြီး အိမ်သာတောင် သွားတက်နေ လိုက်သေးတယ်။ ကိုယ့်ကိစ္စ ကိုယ်ပြီးမှ ကုတင်ဘေးပြန်လာ ဖုန်းခွက်ကိုကောက်ကိုင်ပြီး အေးစက်စက်နဲ့ သွေးအေးအေးနဲ့ “ကဲ ပြောလို့ပြီးပြီလား” လို့မေးလိုက်တာပဲ။ သူပြောနေတုံး ကတောင် ကိုယ်ထွက်သွားခဲ့တယ်ဆိုတာ သူသိတောင်မသိလိုက်ဘူး။

တနေ့ကတော့ ပြန်စဉ်းစားကြည့်တော့မှ တယောက်ယောက်ကို ကိုယ်အဲ့လို ရက်စက်တဲ့ စကားတွေတောင်မပြောဖြစ်တာ တော်တော်ကြာသွားပြီပဲ။

တကယ်လို့ တယောက်ယောက်ကို မချစ်ဘူးဆိုရင်လဲ အမှန်တော့ သူ့ကို ဘာမှတောင် သွားပြောနေစရာ မလိုဘူးလေနော်။ အချိန်တွေတဖြည်းဖြည်း ကြာသွားရင် သူ့ဘာသာ နေတတ်သွားမှာပါ။
သိုးဆောင်း ဘာသာ စကားနဲ့ဆိုရင်တော့ “This too shall pass” “Time will heal” ဘာညာပေါ့။ မြန်မာလိုဆိုရင်လဲ “အချိန်က ကုစားသွားမှာပါ” စသဖြင့်ပေါ့။

ကိုယ့်အဖေ အရွယ် အသက်ရှိတာ အပြစ်တခုမှ မဟုတ်တာနော်။ ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် တခြားလူတယောက်ကို ချစ်ဖို့အခွင့်အရေး ရှိတာပဲ မဟုတ်လား။ နောက်ဆုံး ကုန်ကုန် ပြောရရင် မချစ်သင့်တဲ့ လူကိုတောင် ချစ်ခွင့်ရှိတာပဲလေနော့။

ကိုယ်လဲဖုန်းခွက်ကိုချထားပြီး အိမ်သာသွားတက်နေစရာမလိုတော့ဘူးပေါ့နော်။ တဘက်သား မှာလဲ အရူးကြီးကို တယောက်တည်း စကားတွေပြောနေစရာ မလိုတော့ဘူးပေါ့။

အရင်က အဲ့လိုပြောခဲ့ဖူးတဲ့ ရက်စက်တဲ့စကားတွေ လူတဘက်သားကို ဘယ်လောက်တောင် ထိခိုက်ခံစား နစ်နာစေခဲ့ရမလဲ။ ကိုယ့်ရဲ့ အပြစ်တွေပါပဲ။

အမှန်ကတော့ အခုလဲ အဲ့လိုစကားတွေ လာလာပြောနေကြလို့ အဟောင်းတွေ အသစ်ပြန် ဖော်ပြောနေတာ မဟုတ်ပါဘူး။ တကယ်က အခုဆို တချို့စကားတွေဟာ မပြောဘဲနေလိုက် တာက မှပိုကောင်းအုံးမယ်လို့တွေးမိလာလို့ပါ။ အသက်ကြီးလာတာလဲပါမယ်ထင်တယ်။ တဖြည်းဖြည်း အဲ့လိုပဲခံစားလာရတယ်။

ဘာမှမပြောတာက တကယ်တော့ ပိုရက်စက်ပါတယ်။ မင်းကို ချစ်လား မချစ်ဘူးလား ဆိုတာ မင်းကို ဘယ်တော့မှပေးမသိဘူး။ ပြီးတော့ ကိုယ့် စိတ်ထဲမှာ ဘာတွေတွေးနေတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာလဲ မင်းကို ဘယ်တော့မှပေးမသိဘူး။

ကဲ ကိုယ်အခုဆို အရင်ကထက်တောင် ပိုရက်စက်တတ်လာပြီ။

A Chen
5:21 am
6 May 2010
Home
Bangkok

Tuesday, May 4, 2010

မနာလိုကြစေသတည်း

ဒီတပတ် ပိတ်ရက် ၂ ရက်ရှိပါတယ်
တနင်္လာက ၃ ရက်နေ့က ၁ ရက်နေ့ မေဒေး (အလုပ်သမားနေ့) စနေ ကျသွားတဲ့ အတွက် အစားထိုးပြန်ပိတ်ပါတယ် တီတို့လို နှစ်ရက် လုပ်မှာ တရက်လောက် မဝမလင် စားရတဲ့ အလုပ်သမားတွေအတွက် ပိတ်ပေးပါတယ် နောက် ဗုဒ္ဓဟူး က ကော်ရောနေရှင်းဒေးပါ ဘိသိတ် သွန်းတဲ့နေ့လို့ပြောရင်ရမယ်ထင်ပါတယ် အဲ့တာကြောင့် ပိတ်ပါတယ် လောင်းလစ်ဗ် သည်ကင်းပေါ့နော်

အဲ့တော့ တီက အန်နျူရယ် လိဗ်ထဲကနေ ၄ ရက် ၆ ရက်နေ့ နဲ့ ၇ ရက်နေ့ တို့ ကို ခွင့် သုံး ရက် ယူလိုက်တဲ့ သကာလ အရှေ့အနောက် စနေ တနင်္ဂနွေ လေးရက်နဲ့ ဆက်ပြီး ကိုး ရက်တိတိ နားရပါတယ်
အဟေးဟေး ပျော်ပါတယ် ရေရေ လည်လည် အိပ်ပါတယ်
ဘယ်မှမသွားပါဘူး ညလုံးပေါက် တီဗီ ကြည့်ပါတယ် desperate housewives နဲ့ lost season အကုန်ပြန်ကြည့်ပါတယ် အခွေသစ်ရှိသမျှ တော်တော်များများ ကြည့်ဖြစ်ပါတယ် ပြီးရင် တနေ့လုံး အသေကောင်လို အိပ်ပါတယ် ညနေကျမှ ၇ နာရီ တခါတလေ ၈ နာရီ ၉ နာရီလောက်မှ ထပြီးတော့ စားစရာ ရှာပါတယ် နောက် အခွေဆက်ကြည့်ပါတယ် စိတ်ကူးပေါက်ရင် ဘလောခ် ထရေးပါတယ်
၇ ရက်သားသမီးတွေ မနာလိုပြီး မေတ္တာပို့အောင် လုပ်နေပါတယ်
ကောင်းမှကောင်း

ပန်းစကား နဲ့ တခွန်းစကား ရဲ့ အဖြေ



ပုံက တီ ၁၀ တန်းလောက်တုံးက ဆွဲထားတာထင်တယ် ၉ တန်း ၈ တန်းလောက်ကလဲ ဖြစ်ကောင်းဖြစ်မယ်
ကြာလွန်းလို့ မမှတ်မိတော့တာကတော့ သေချာတယ် နောက် တီ ၁၀ တန်းတုံးက ရန်ကင်း အထက ၂ မှာတက်တာပါ လ ၄ ကနေပြောင်းလာတဲ့ သူငယ်ချင်းတယောက်ရှိပါတယ်
နာမည်က ၄ လုံးတွဲပါ သေချာ မမှတ်မိတော့ပြန်ဘူး ဒီလိုပုံပါပဲ
ပုံဆွဲတုံးက ပန်းချီ ဧရာ ရဲ့ ကာတွန်းတွေကို ကြိုက်နေတဲ့အချိန်ပါ အတုယူဆွဲခဲ့ပါတယ်
နာမည်တောင် သူ့ ကာတွန်း တခုထဲက နာမည်ပဲပေးခဲ့တာပါ
ဇာဇာတဲ့ ခုတော့ ပိုစ့်မှာ တင်ထားတဲ့ ဒေါ်သစ်ပေါ့ ခိခိ
တိုက်ဆိုင်လို့ နောက် ကဗျာ တပုဒ်ကိုလဲ သတိရမိပါတယ်
ငယ်ငယ်လေးတုံးကပါ

မမဝဝ ထထက
အက ပထမ
ကပါကပါ မမရာ
ညည လသာသာ
လအခါ ငါ စာရ
မမဝဝ ထထက။

ကတာလဲကတာပေါ့ မမရာ ဟင်းလေးဘာလေး ချက်အုံးလေဟာ

အော် ငယ်ငယ်ကသူငယ်ချင်းတွေကို သတိရမိပါတယ် ခုတော့ ကျောင်းတုံးက သူငယ်ချင်းတွေကို တခါတလေ တောင် မတွေ့မိပါဘူး

ကြွယ်ဝတဲ့ ဗမာ စကားနဲ့ ၈ လုံးတွဲပြောရရင်တော့

“ဘဝဆိုတာ ဒီလိုပါပဲ” ပေါ့လေ

အင်းဂလိရှ် လိုတော့ “life is like this” ပေါ့

this is life, well that's life, such a life စသဖြင့်လဲ ပြောလေ့ရှိကြပါတယ် သူတို့ သိုးဆောင်းဘာသာစကားကလဲကြွယ်ဝသားလေနော်

ပြင်သစ်လိုတော့ “c'est la vie” လို့ပြောကြတယ် တီကတော့ နောက်ပြောင်ပြီး ဘဝဆိုတာ အထီးကြီးပါလို့အမြဲပြောတယ် ဟဲဟဲဟဲ အဖြေနော် အဖြေ