Sunday, December 4, 2011

With Thousands of Kisses.........Khin

ငယ်ငယ်တုံးက ကိုယ့်မေမေ (မွေးစား) က ရှေ့တန်းထွက် ဗိုလ်မှုး ဖေ့ဖေ့ ကို ရေးပေးတဲ့စာလေးတစောင်ဘတ်ရတယ်။ သူ့ ကိုယ်လုံးပေါ်အလှဓါတ်ပုံနောက်မှာ ရေးထားတာပါ။ မေမေတို့က စစ်ကြို စစ်ပြီးခေတ်တွေမှီတဲ့ အတွက် အင်းဂလိရှ် ကျောင်းတွေတက်ခဲ့ထွက်ခဲ့ရပါတယ်။ အဲ့တော့ စာရေးတာ အင်းဂလိရှ် လိုပဲ ရေးကြလေ့ရှိပါတယ်။ အိမ်မှာလဲငယ်ငယ်ကဆို မေက ဖေ့ ကို သားသမီးတွေကို အီးလိုပဲ ပြောလေ့ဆိုလေ့ရှိကြတယ်။ ကိုယ့်တောင် ငယ်ငယ်က ဝိုင်အမ်စီအေ မှာ မူကြိုထားခဲ့ကြတာ။ အဲ့စာကို ခု သေချာ မမှတ်မိပေမယ့် နောက်ဆုံးမှာ ဆုံးထားတဲ့ With Thousands of Kisses .....Khin ဆိုတာလေးကို မှတ်မိနေတယ်။ ကိုယ်မှတ်မိသေးတယ်။ ကိုယ် ၆ တန်းက ထင်ပါတယ် အမ က ကျောင်းမှာ အင်းဂလိပ်စာပြ ဆရာမပါ။ ကိုယ်က အဲ့ဒီထောင်ထားတဲ့ ဓါတ်ပုံ နောက်မှာပါတဲ့ စာကို Thousands မှာ အက်စ်ပါတာ အမှန်လား မမှန်လားလို့ သွားမေးတာပါ။ နောက်ကြုံရင် မေ့မေ့ ပုံကို တင်ပါအုံးမယ်။ သိပ် ကျက်သရေရှိတယ်။ ထားတော့ ကိုယ်ပြောချင်တာတခြားပါ။ ခုမှလာမယ်။

=======================================

ကိုယ်အခု ၂၀၁၁ ခုနှစ်မှာ အသက်မရှင်ချင်ဘူး။

အရင်လွန်ခဲ့တဲ့ အချိန်တွေ နှစ် ၉၀၊ ၁၀၀ လောက်ဖြစ်ဖြစ်ပေါ့ အဲ့ဒီ အချိန်မှာ အသက်ရှင်ချင်တယ်။ ကဲပါလေ အဲ့လောက် အချိန်အကွာကြီးမပြောဘဲ အရင်လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ် ကိုယ်ကျောင်းတက်နေတဲ့ အချိန်ပဲ ပြောပါအုံး။ ကိုယ်အရင်ကဆို နေ့တိုင်း ဒိုင်ယာရီရေးတယ်။ ဘောပွိင့်ပင်နဲ့ စာအုပ်နဲ့။ အခုဆို ကိုယ်ပန်းသီး ဝယ်ပြီးကတည်းက စာရွက်နဲ့ ဘောပင် မထိတာ ဘယ်လောက်ကြာပြီလဲ။ ရုံးအလုပ်ကိစ္စ အနည်းငယ်တော့ ကိုယ်စာအုပ်နဲ့ ရေးမှတ်တဲ့ အလေ့အကျင့်ရှိနေသေးတယ်။ နောက် ကိုယ့် စကက်ဂျူးတွေကို ပြက္ခဒိန်မှာ ရေးမှတ်တာ။ အရင် ငယ်ငယ်က ရည်းစားတွေ ထားတုံးက ဆို ရည်းစားတွေကို စာရေးပေးတာ ရည်းစားတွေက ပြန်စာရေးပေးတာ မောင်နဲ့ စတွေ့တုံးကဆို နေ့တိုင်းလို တွေ့တိုင်း စာရေးဖြစ်လေ့ရှိကြတယ်။ မောင်ကို ကိုယ်က တွေ့တဲ့ အခါပေးတယ် မောင်ကလဲ ကိုယ့်ကိုတွေ့တဲ့အခါတိုင်း စာတစောင်ရေးပြီး ယူယူလာတတ်တယ်။ နောက် ကိုယ့်တခြားရည်းစားတွေအတွက် တယောက်ကို တအုပ် ဒိုင်ယာရီသဘောမျိုးလေးလဲ ရေးထားတာရှိတယ်။ ခုထိရှိသေးတယ်။ (မောင့်ကို စိတ်ကောက်တဲ့ အခါတွေမှာ ပြန်ပြန်ဘတ်တတ်တယ် တခါတခါ ဘလောခ့်ရေးဖို့လဲ အင်စပရေးရှင်း ယူတတ်သေးတယ် မှတ်ချက် မောင့်ကို ပြန်မပြောရ)

ကဲပါ စာဘတ်သူကော စာအုပ်နဲ့ ဘောပင် မထိတာ ဘယ်လောက်ကြာပြီလဲ ပြန်တွေးကြည်ပါအုံး။ (လက်မှတ်ထိုးတာ ထည့်မတွက်ရ)။ ဒါတောင် ကိုယ် အိုင်ပက်မဝယ်ရသေးဘူး၊ စမတ်ဖုန်းမကိုင်ဘူး၊ ခုထိ ကိုယ်လွန်ခဲ့တဲ့ ၃ နှစ်က ဝယ်ထားတဲ့ နိုကီယာ အိတ်စ်ပရက်စ် မြူးဇစ် အစုတ်ကလေး ကိုင်နေတုံးပါ။ မောင်က ကိုယ့်ကို ဘလက်ဘယ်ရီ ဘိုး ၉၉၀၀ သို့မဟုတ် အိုင်ဖုန်း ၄ ဝယ်ခိုင်းနေတာ ကြာပါပြီ။ အလုပ်မှာလဲ လူတိုင်းက ဘယ်ရီသီး ကိုယ်စီနဲ့ ဆိုတော့ ကိုယ့် ရာထူးနဲ့ မသင့်တော်ဘူး ပြောပါတယ်။ ကိုယ်ကတော့ ပန်းသီးလောက်နဲ့ ပဲကျေနပ်နေသေးတာပဲ။ ဖုန်းကို ကိုယ်က ဆက်သွယ်ရေးအတွက်ပဲ သုံးတာကိုး။ ကိုယ့် တွီတာ မသုံးဘူး။ ဖဘ မှာ အက်တစ်ဖ် မဖြစ်ဘူး။ ကိုယ် ဖဘ ကို ဓါတ်ပုံ တင်ဖို့လောက်သုံးတာပါ။ ဂျီတော့ ကိုသုံးတယ် ဒါပေမယ့် ချက်ကို အမြဲ အင်ဗစ်ဇဘယ် ထားတယ်။ မလိုဘဲ မချက်ဘူး မကျူဘူး။

ကိုယ့်သူငယ်ချင်းတွေ ရှိတယ်။ ဘယ်နေရာရောက်ရောက် သူတို့ရဲ့ စမတ်ဖုန်း ပန်းသီး ဘယ်ရီသီး တွေနဲ့ ရောက်တဲ့ နေရာကို လူတကာသိအောင် ချက်ကင် ဆိုတာ အမြဲလုပ်ပါတယ်။ သူငယ်ချင်းတွေအချင်းချင်း ကော်ဖီသောက်ဖို့တွေ့ကြမယ် ချိန်းတယ် ရောက်လာတာနဲ့ ဖုန်းနဲ့ တကုတ်ကုတ် အလုပ်တွေရှုပ်ပါတယ် (သို့အရှုပ်တွေ လုပ်ပါမယ်) အဲ့တာဆို သူငယ်ချင်းတွေတွေ့ဖို့ ဆုံတာ ဘာအလုပ်လဲ လို့ကိုယ်မေးချင်ပါတယ်။

နောက် ပန်းသီး ဖုန်းကလဲအင်မတန်မှ သုံးရတာ အလုပ်ရှုပ်ပါတယ်။ သုံးရတာက နည်းနည်း သူ့ကို အားသွင်းနေရတာ က များများပါ။ ကိုယ်တခါကလဲ ကီယာနူးရိဗ် နဲ့ ဆန္ဒြရာဘူးလောခ့် တို့ ခုချိန်ထိ ခေတ်ပေဓ အီး ကွန်မြူနီကေးရှင်း မသုံးကြဘဲ စက္ကူစစ်စစ်ပေါ်မှာ ဖောင်တိန်ပင်နဲ့ ရေးတဲ့ စာနဲ့ အဆက်အသွယ်လုပ်ကြတဲ့ အကြောင်းရေးဖူးပါတယ်။

ခုခေတ်ကလေးတွေ အကြောင်းလဲ ကိုယ့်ခေါင်းထဲ ရောက်ပါတယ်။ ကိုယ်တို့ငယ်ငယ်က ဒီလိုအချိန် ဒီဇင်ဘာကျောင်းပိတ်ရက်ဆို ကစားကွင်းထဲ ပြေးလွှားဆော့ကစားလွန်းကြလို့ ညဘက် ကို ၁၀ နာရီ အိမ်ပေါ်ပြန်တက်ရမယ် လို့အိမ်က စည်းကမ်းထုတ်ပါတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်လိုမျိုး သီတင်းကျွတ်ကျောင်းပိတ်ရက်လိုမျိုး နွေရာသီကျောင်း ပိတ်ရက်လိုမျိုးမှာ ဆို အိမ်ရှေ့ က ကစားကွင်းထဲမှာ စိန်ပြေးတန်းလိုမျိုး၊ ရောင်းရိုက်တာ လို့ကိုယ်တို့ကလေးတွေခေါ်ကြတဲ့ ခရစ်ကက်လို ဘောလုံးကို သစ်သား ဘက်တံပြားလေးနဲ့ ရိုက်ပြီး ပြေးရတဲ့ ကစားနည်းမျိုး၊ ခိုတွန်းတာမျိုး၊ ရပ်ကွက်ခြား စိန်ပြေးလိုက်တမ်းမျိုး၊ လသာတဲ့ အခါတွေဆိုရင် ထုတ်စည်းတိုးတာလိုမျိုး အစုံဆော့ပါတယ်။ ခုခေတ်ကလေးတွေကတော့ သနားစရာသိပ်ကောင်းတယ်။ ကျောင်းနဲ့အိမ်၊ ဘာသာစကားနဲ့ ပီယာနို၊ ကစားတယ်ဆိုလဲ ဒေါသထွက်နေတဲ့ ငှက်လို ဇွန်ဘီ လိုလောက်ပဲဆော့ကြရတော့တာ။ သူတို့လေးတွေအတွက် ပြေးတယ် မြေနဲ့ ထိတယ်ဆိုတဲ့ ကစားနည်းတွေက ကာတွန်းကားထဲက ပုံပြင်လိုပါပဲ။ ယုံတမ်းစကားတွေဖြစ်လို့ပေါ့။

စကားကိုပြန်ကောက်ရရင် အရင်တုံးက ချက်ခန်းတွေ ပေါ်တော့ ကိုယ်လဲ ပါဝင်ခဲ့ဖူးပါတယ်။ နောက်တော့ ဂျီမေးကနေ ချက်ကြတယ် နောက် ဖဘ ကနေချက်ကြတယ်။ တချို့များ ဗီဇက်အိုလို စကိုက်ပ် လို ကျူကျူချက် လိုတွေလဲ သုံးကြပါသေးတယ်။ နောက် ကိုယ်တို့ဘလောခ် တွေ ရေးတော့ စီဘောဇ် ခေါ်တဲ့ ဘေးနားက ကွန်မန့် ဘောဇ်မှာ ချက်ကြပါတယ်။ မကျေနပ်ရင် ဟိုးစ် ဘလောခ်ဂါ ရဲ့ လင့်ကနေ တဆင့် ဆက်ချက်ကြပါတယ် ဂရုချက်ပေါ့။ ဖဘ ရဲ့စတေးတပ်စ် ကိုလဲ မကြာခဏ ပြောင်းကြတယ်။ တကယ်ပါ ဒီကမ္ဘာမှာ ကိုယ်တို့တွေ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်သူနဲ့ဘာလုပ်တယ်ဆိုတာ ဘယ်တော့မှ လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး။ (မဆီမဆိုင် ရေဒီယိုဖွင့်တဲ့ ကစားနည်းကိုတောင် သတိရမိပါသေးတယ်) အခုနေမှာ တယောက်ယောက် အသတ်များခံရလို့ကတော့ အလီဘိုင်ဆိုတာ လူသက်သေပြစရာမလိုပါဘူး ဖဘ မှာ ရှာရင် လုံလောက်မယ်ထင်ပါတယ်။ ရှေ့နေတွေလဲ မလိုတော့ အဟိ....

တကယ်ပြောရမယ်ဆိုရင်လဲ အခုခေတ်အခုအခါမှာ ဒါတွေ မရှိတဲ့ ကမ္ဘာမှာ ဘယ်လို အသက်ရှင်ရမလဲဆိုတာလဲ ကိုယ်သေချာမသိတော့ပါဘူး။ အဆင်ပြေလွန်းအားကြီးနေတော့ လူကလဲ ပိုပိုပျင်းလာပါတယ်။ မြန်မာပြည်ပြန်အလုပ်လုပ်ဖို့ စဉ်းစားနေတာ ၁ နှစ် ရှိပါပြီ မပြန်ဖြစ်သေးတဲ့ အကြောင်းပြချက်က တကယ့်ကို ကွန်မြူနီကေးရှင်း အက်စ်စက်စ် တွေပါပါတယ်။ ခုဒီစာကိုရေးနေတဲ့ အချိန်အခိုက်အတန့်မှာကိုပဲ ဂျီမေးလ်ဘက်က အင်ဗစ်စဘယ်လုပ်ထားရက်နဲ့ တတင်တင်တတောင်တောင် ဖြစ်နေပါတယ် ဖဘကလဲနေမယ်ထင်လား သူကလဲအပြိုင်ပါပဲ။ ခုတော့ သိပ်မခင်တဲ့ သူတွေကို ပြန်လည်စီစစ်ရေးလုပ်ပြီး ဘလောခ် ပြစ်လိုက်ပါတယ်။ ဘတ်မိလဲမတတ်နိုင်တော့ဘူး။

တခါတခါ ထမင်းစားချိန်တွေကိုလဲသူတို့တွေက စားပစ်တာ များပါတယ်။ အပ်ဒိတ်လုပ်ရလွန်းတော့လဲ တခါတခါ ရုံးမှာ ပြောနေတဲ့ ချက်က အိမ်ပြန်ရောက်တာနဲ့ ကို ဇာတ်လမ်းတွေ အတင်းတွေသတင်းတွေ တော်တော်များများ လွတ်သွားတတ်ပါတယ်။ ညဘက် ပြန်ရောက်တာနဲ့ ထမင်းဟင်းအရင် မချက်နိုင်သေးဘူး ရုံးနဲ့ အိမ် အပြန်ကြားလွတ်သွားတာတွေ ကို ချက်ချင်း ပြန်အပ်ဒိတ်လုပ်ရပါတယ်။ မလုပ်ရင် နောက်နေ့ကို ကိုယ်က တကယ့်ကို So Yesterday ဖြစ်သွားတော့တာပဲ။ အဲ့လိုနေ့ရက်တွေ တကယ်ရှိခဲ့ပါတယ်။ အလုပ်လဲမလုပ်နိုင် စာလဲ မဘတ်နိုင်၊ ထမင်းစားလဲပျက် လူလဲတော်တော့ကို အနှောင့်အယှက်ဖြစ်ခဲ့တာပါ။ တခါတခါ သူငယ်ချင်းတွေနဲ့ ခရီးလေး ဘာလေး စုထွက်ဖြစ်ရင် အင်တာနက် အီးမေးလ် မရနိုင်တဲ့ နေရာကိုပဲ ဦးစားပေးရွေးချယ်ရပါတယ်။ ဖုန်း ကွန်နက်ရှင် ပါမရနိုင်ရင် ပိုကောင်းပါတယ်။ တကယ်ပြောတာပါ။ အဲ့လိုနေရာ ကို သူငယ်ချင်းတွေ နဲ့ ချည်းပဲ သက်သက် ၅ ရက်လောက် သွားနေကြည့်လိုက်ပါ။ လူအသစ်ဖြစ်ပြီးတော့ ကို အရာရာ လွင်သစ် လတ်ဆတ်ပြီးတော့ ပြန်ရောက်လာပါမယ်။ ပြန်ရောက်လာမှာ သံသရာ ပြန်လည်တာတော့ မီးလဲ မတတ်နိုင်တော့။

တခါတခါ ရိုဒင်ထဲက လို ဘာမှမရှိတဲ့ တောထဲမှာ အနိမ့်ဆုံး အဆင့် လိုအပ်ချက်တွေနဲ့ပဲ သွားနေချင်သေးတယ်။ ဒီဘဝတော့ မဖြစ်နိုင်တော့။ အဲ့တာကလဲ ခုခေတ်မှာ လူလာဖြစ်နေတာကိုက ကိုယ့်အဖြစ်ဆိုးတွေထဲက တခုပဲလို့ ပဲ ပြောရပါမယ်။

တကယ်ပါ တခါတခါ စဉ်းစားမိတယ်။ အရင်တုံးက ဆိုပါတော့ ၁၉၀၀ ကျော်လောက်ကသာ လူဖြစ်ခဲ့မယ်ဆိုရင် ကိုယ်လဲ ဒီစာကိုအခုလို ပန်းသီးနဲ့ မရေးဘဲ ရွှေမင်တံ မင်ဆွတ်ပြီး စာရွက် စစ်စစ် နဲ့ ရေးနေရမှာပါ။

ခုလောလောဆယ်တော့ နောက်ဆုံးတခေါက် ဘောလ်ပင်နဲ့ စာရွက်နဲ့ စားရေးခဲ့တာ ဘယ်တုံးကလဲ ဆိုတာ မမှတ်မိတော့တဲ့ ကိုယ်ပါ။ ခုလို ကါန်ပျူတာ မရှိ ဘာမရှိ ပဲ နဲ့ လူတယောက်ကို နေ့တဝက်စာလောက် ပြန်စာ ရေးရမယ် ဆိုရင် စဉ်းစားကြည့်ပါ။ ကိုယ့်လက်ရေးဘယ်လောက်ဆိုးဆိုး၊ စာကြောင်းညီညီမညီညီ ပူစရာမလိုဘဲနဲ့လေ။ တတီတီတတောင်တောင်မည်နေမယ့် ချက် ရဲ့အချက်ပေးသံတွေကလဲ အနှောင့်အယှက်ကင်းမယ်ဆိုရင် ကိုယ့်ပြန်စာကို ကိုယ်သေသေချာချာ အာရုံစိုက်နိုင်မှာ အတွေးတွေကို လှလှပပ စာစီနိုင်မှာ အသေအချာပါပဲ။
အဲ့တာကြောင့် အရင်ခေတ်တွေက အချစ်တွေက ပိုခံတယ်။ သစ္စာတွေက ပိုမြဲတယ်ဆိုတာ အမှန်ပဲနေမှာ။ အရင်တုံးကရေးကြတဲ့ မင်းကို ကိုယ်ထာဝရအတွက်ချစ်တာပါဆိုတာ ညာတာမဟုတ်၊ ရင်ထဲကတကယ်လာတဲ့ ခံစားချက်အစစ်အမှန်၊ မြန်မာဗီဒီယိုဇာတ်လမ်းတွေထဲက မင်းသားက မင်းသမီးကို စိတ်မပါ ဖီလင်မပါဘဲ ပြောတဲ့ စကားပေါ့ပျက်ပျက် တခွန်းလုံးဝမဟုတ်။ ချက်ခန်းထဲက ခပ်ပေါ့ပေါ့ကျူလိုက်တဲ့ စကားတခွန်းမဟုတ်၊ လိုတိုရှားရေးတဲ့ imu, ilu, ttyl, gtg, gn, xoxo, muahhhhhhhhhh.................လုံးဝမဟုတ်။ တနေ့လုံးတညလုံးသေချာစဉ်းစား သေချာစာစီပြီးမှာ လာတဲ့ ရင်တွင်းဖြစ် စစ်စစ် စစ်စစ် စစ်စစ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုံးကဆိုရင် လူတယောက်ဆီကို စာရေးတယ်ဆိုတာ ကိုယ့်ရင်ထဲက တကယ့် ခံစားချက်အစစ်အမှန်တွေကို ဘောလ်ပင် ဖောင်တိန်ကတဆင့် စာရွက်ပေါ်ကို သွန်ချတာပါ။ ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေ ကို အိတ်သွန်ဖာမှောက် သေချာစီစစ်ရွေးချယ်ထားတဲ့ စကားလုံးတွေနဲ့ ပန်းပွင့်လေးတွေကြိုးနဲ့သီသလိုမျိုး အလှဆင်ပြီး ခံစားချက်ကို နုံနဲ့မသွားအောင် ပေါ့ပျက်သွမ်း မသွားအောင် ရေးတာမျိုးပါ။ စကားလုံးတလုံးချင်းစီဟာ ရင်ထဲကလာတဲ့ ခံစားချက်အစစ်အမှန်ကို ကိုယ်စားပြုလို့ တလုံးဘတ်လိုက်တိုင်း ဘတ်လိုက်တိုင်း ဟတ်ထ်ထိ တယ်ဆိုတဲ့ ခံစားချက်တမျိုးနဲ့ စာတစောင်ကို အကြိမ်ကြိမ်အခါခါ ပြန်ဘတ်ချင်အောင် ပြန်ဘတ်တိုင်းလဲ တသိမ့်သိမ့်ခံစားချက်ကျန်အောင် ရေးနိုင်ကြပါတယ်။ ရေးနိုင်ဖို့လဲအချိန် ခံစားချက်တွေစိုက်ထုတ်ခဲ့ကြတယ်။ ဘောလ်ပင်က စာရွက်ပေါ်မှာ သူ့စိတ်တိုင်းကျပြေးလွှားနေတယ်ဆိုရင် ကိုယ့်ရင်ထဲမှာ မင်းကို ပြောစရာတွေ တကယ် ရင်နဲ့ မဆန့်တော့လို့ပါ။ မင်းကိုသိအောင်ပြောပြဖို့ ဒီစာရွက်ပေါ်မှာ မင်းကြွေအောင်ရေးပြနိုင်မှာ မင်းအပေါ်မှာ ရှိတဲ့ ကိုယ့်ခံစားချက်တွေကို မင်းသိမယ်။ စကားလုံးတလုံးဆိုတလုံး မင်းကို ထိအောင်ရေးပြနိုင်မှ ဖြစ်မယ်။ ရေးပြီးရင်လဲ မင်းဆီက လာမယ့် ပြန်စာကို ရက်ပေါင်းများစွား စောင့်ရအုံး မယ်။ အတွေးတွေ၊ စိတ်ရှည်မှုတွေ၊ သေချာမှုတွေ၊ သည်းခံနိုင်စွမ်းတွေ၊ အကြင်နာတွေ၊ ဂရုနာတွေ၊မြတ်နိုူးမှုတွေ၊ တမ်းတမှုတွေ၊ မျှော်လင့်မှုတွေ၊ အရေးအကြီးဆုံးက အချစ်တွေ.........အကုန်အကုန်ပါပါမယ်။

ဒီနေ့ခေတ်မှာတော့ နေ့စဉ်အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေက ကိုယ်တို့ အပေါ် မှာ ပေးထားတဲ့ ဖိအားများတာတင်မက ကိုယ်တို့ ရဲ့ဆက်သွယ်မှုပုံစံ ကိုလဲ တမျိုးပြောင်းလဲစေခဲ့ပါပြီ။ တိုရေရှား စာစီစာရိုက်နည်းပညာပါ။ အရင်က ရွှေဥဒေါင်းတို့ခေတ်က လက်နှိပ်စက်စာရေးမတွေ လက်ရေးတိုဆိုတာ သပ်သပ် သင်တန်းတက်ရပါတယ်တဲ့။ ကိုယ်စိတ်ဝင်စားခဲ့ဖူးတယ်။ ခုတော့ ကိုယ်တိုင်လဲ မသိလိုက်မသိဘာသာ လက်ရေးတို ဆိုတာထက် စာတိုရေးနည်းစနစ် တခုမှာ ကိုယ်သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အကျွမ်းဝင်နေတာ ကာလ တခုရှိပြီ။ SMS က စာလုံးရေ ၁၆၀ ပဲရတယ်။ ဒေါ်စု အခုသုံးဖို့ စဉ်းစားနေတယ်ဆိုတဲ့ တွီတာက စာလုံးရေ ၁၄၀ ခုပြောနေတာတွေက ဖူးလ်စတော့ တွေ ဟိုက်ဖန်တွေ ကော်မာတွေက အစတွက်တယ်
ထားတော့ နောက်ထပ်ကိုယ်တို့မှာ ဖဘ တို့ ဘီဘီအမ် တို့စတဲ့ ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ပြောကြဖို့လူတကာသိအောင်လုပ်ဖို့ နေရာတွေအများကြီး ထပ်ရှိလာတယ် ဆိုပေမယ့် အဲ့တာတွေ အကုန်လုံးလိုလိုကလဲ သူ့လစ်မစ်နဲ့သူပါ။ နည်းပညာတွေက ကိုယ်တို့ကို တိုရေရှားရေရှိဖို့ နဲ့စိတ်မရှည်အောင် သင်ပေးနေပါတယ်။

အီးမေးလ်လိုမျိုး စကားလုံးရေအကန့်အသတ်မရှိတဲ့နေရာတွေကျတော့လဲ ကိုယ်တို့က အတိုကောက် စကားလုံးတွေ၊ သုံးကြပြန်ပါတယ်။ နောက်တခါ စကားလုံးတွေ ကို ကိုယ်စားပြုတဲ့ စမိုင်းလ်လီ လေးတွေသုံးကြတယ်။ စားရေးတဲ့ သူတွေက တိုရေရှားရေ ရှိကြသလို စာပြန်မယ့် တဘက်ကလည်း ထိုနည်း၎င်းပါပဲ။ ခုခေတ်မှာ လူတွေ က အကျိုးမရှိတဲ့ စိတ်ဝင်စားဖို့မကောင်းတဲ့ အရေးမကြီးတဲ့ စာရှည်ရှည်တွေကို ဘတ်ဖို့တောင် အချိန်မရှိကြတော့ ရေးဖို့ဆိုတာ ဝေလာဝေးပဲ။ ကဲစာဘတ်သူကော ခုရေးနေထားတာတွေကို ဘတ်နေရင်းနဲ့ ဘေးက တတောင်တောင် တတင်တင် အနှောင့်အယှက်တွေ ကြောင့် ခုရေးထားတာထိကောရောက်ရဲ့လား။

ကိုယ်ခုထိပြောနေတာတွေကို ဒီအထိ စိတ်ရှည်ရှည်ဘတ်ခဲ့ပြီ ဆက်ပြီးတော့လဲ နားလည် သဘောပေါက်နေသေး တယ် ဆိုရင် အောက်မှာ ဇာတ်လမ်းကို ဆက်ပါမယ်။ ဒီလိုပြောရတာ စာဘတ်သူကို စော်ကားတာမဟုတ်၊ ကိုယ်ရေးတဲ့စာကလဲကိုယ့်အတွေးလိုပဲ ဟိုရောက်ဒီရောက်မို့ပါ။ နောက် ခုနက ပြောတဲ့ ဂျီမေးလ် ဖဘ က တတောင်တောင် တဒင်ဒင်တွေကိုလှမ်းဖြေရ ပြောရ အပ်ဒိတ်လုပ်ရတဲ့ အနှောင့်အယှက်ကလဲ ရှိသေးတယ်လေ။

ကဲအဲ့တော့ ခုနက ကိုယ်ပြောတဲ့ ကိုယ်ခုခေတ်မှာ အသက်မရှင်ချင်ဘူး လွန်ခဲ့တဲ့ အနှစ် တရာ လောက်ကို ပြန်သွားချင်တဲ့ အကြောင်းအရင်းကို သိပြီမှလား။ ကိုယ်လူတွေနဲ့ကွန်မြူနီကိတ်လုပ်ရမယ်။ ကိုယ်ချစ်သူနဲ့ကွန်မြူနီကိတ်လုပ်ရမယ်။ သူ့ရဲ့ အတွေးထဲမှာ နှလုံးသားထဲမှာ ကိုယ်ဘယ်လောက်နေရာယူနိုင်သလဲသိဖို့ကိုယ့်အတွက် အရေးကြီးတယ်။ ပြီးတော့ ဟီးရိုး ရုပ်ရှင်ထဲကလဲ ဗင်ပိုင်းယား ကားတွေထဲက ကောင်ကောင်တွေလို ကိုယ်က သူတပါး အတွေးတွေ ကို မဘတ်နိုင်ဘူး။ အဲ့တော့ ကိုယ့်ကို ချစ်တဲ့သူက ကိုယ့်ကို သူဘယ်လောက်ချစ်ကြောင်း ပြောပြရမယ်။ ပြောနေရမယ်။ စိတ်ချင်းပြောရအောင် စိတ်ထဲက နားလည်တယ်ဆိုတာတွေ လာမပြောနဲ့ ကိုယ် တယ်လီပသီ မကျင့်ထားဘူး။ သူလဲကျင့်ထားတယ် မထင်ဘူး။ အဲ့တော့ ပြောရမယ်။ ပြောတာနဲ့မလုံလောက်ရင် ရေးရမယ်။ နှုတ်တရာ စာတလုံးဆိုတယ်မှလား။ ကိုယ့်ဝိညဉ်တခုလုံးနဲ့ ဆက်သွယ်ရမယ့် လူ၊ ကိုယ်တဘဝလုံး ပုံပေးရမယ်လူ၊ ကိုယ်နဲ့ချစ်ခြင်းအားဖြင့် ဆက်သွယ်ရမယ့်လူ နဲ့ ကိုယ်က အက်စ်အမ်အက်စ်ကနေ imu, ilu, ttyl xoxo, လုပ်နေမယ်ဆိုရင် ဘယ်နှယ့်လုပ်ရပါ့။

ဟိုးအရင်က ရုပ်ရှင်ဟောင်းတွေ ကောင်းတွေကြည့်ရင် အမြဲတမ်းလိုလို စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ ခံစားချက်တခုရှိပါတယ်။ အဲ့တာက ဘာလဲဆိုတော့ အချိန်ကာလ ရဲ့ တိုက်စားမှု ကိုခံနိုင်မယ့်၊ ပြင်းပြမွတ်သိပ်တဲ့၊ မှတ်ကျောက်တင်ခံနိုင်မယ့် အချစ် တခုကို လိုချင်တာပါပဲ။

Sex and the City မှာပါတဲ့ ဇာတ်ဝင်ခန်းတခန်းကြောင့် ကိုယ်က အဲ့ဇာတ်ဝင်ခန်းမှာပါတဲ့ စာအုပ်တအုပ်*ကို အမေရိကား အထိမှာယူခဲ့ဖူးတယ်ဆိုရင် ကိုယ်ဟာ ခံစားချက်တွေကို ဝင်္ကဝုတ္တိ တွေနဲ့ဖော်ညွှန်းထားတဲ့ အချစ်ပေလွှာ (ရိုးရှင်းနည်း ရည်းစားစာ) တွေကို ဘယ်လောက်စိတ်ဝင်စားသလဲဆိုတာ ရှင်းမယ်ထင်ပါတယ်။

ကိုယ်လိုချင်တဲ့ ချစ်ခြင်းတခုမှာ အဲ့လိုမွတ်သိပ်တဲ့ ခံစားချက်တွေအပြည့်နဲ့ ရေးထားတဲ့ စာတစောင်ကိုလဲ နည်းနည်းမှမလျော့စေပဲ ပါရမှာ ဖြစ်တယ်။ "ilu" "imu" တို့လောက်နဲ့တော့ အလုပ်မဖြစ်ဘူး။ တကယ်ပါ။

အဲ့တာကြောင့်ပြောတာပေါ့ ကိုယ်လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက်ကို ပြန်သွားချင်တယ်လို့။ စာဘတ်သူတွေကတော့ ပြောမယ် ဘာကြောင်တာလဲလို့။ တကယ်ပါ အဲ့လို စာတစောင်ရဖို့ဆို လက်ရှိ ရှိနေသမျှ ပန်းသီးတွေ ဘယ်ရီသီးတွေအကုန်နဲ့လဲဆို လဲပါ့မယ်။

ချစ်ခြင်းများစွာဖြင့်
A Chen
6:32 AM
Tuesday
6th Dec 2012
Home
Bangkok


P.S
ဒီပိုစ့်ကို ရေးနေတာ ၃ ရက်လောက်ရှိပါပြီ။ မပြီး မပြီးနဲ့ပါ။ ရေးနေရင်း တွေးမိတာလေးတွေ ထပ်ဖြည့်ထည့်နေတာလဲ ပါတယ်။ ခုတော့ ပြီးပြီ။ ဘတ်ပြီး ကြိုက်ရင် တခုခု ရေးခဲ့ပေါ့။

P.S.S
မောင့်ကိုလဲပြောထားပါတယ်။ ကိုယ်တို့ ချစ်ခါစ အချိန်တွေကလို စာပြန်ရေးရအောင်လို့။

P.S.S.S
မောင်ကိုယ့်ကိုရေးပေးထားတဲ့ စာတွေကိုလဲ နောက်မှ ကြုံရင် ဘလောခ် လုပ်တင်ပါအုံးမယ်။

P.S.S.S.S
ဒီပိုစ့်မျိုးနှင်နှင် တပိုစ့်ရေးဖူးပါတယ်။ နန်းညီ ရဲ့ ရည်းစားစာပုံနဲ့ပါ။ ဒီမှာ ဘတ်နိုင်ပါတယ်။

Saturday, December 3, 2011

ကိုမြသောင်း ရေးတဲ့စာ





အရင်က ဒီလို စာတွေစိတ်ဝင်စားလေ့မရှိပါဘူး ခုတစောင်တော့ ကြိုက်မိတယ်။ အီးမေးလ်ကနေ ပီဒီအက်ဖ် နဲ့ ရောက်လာတာပါ ပီဒီအက်ဖ် မတင်တတ်လို့ ဂျေပက် လုပ်ပြန်တင်လိုက်တယ် ကလစ်ခေါက်၍ ကြည့်ကြကုန်။

Friday, December 2, 2011

Goodbye Kiss

Goodbye Kiss

နှုတ်ဆက်အနမ်း ဘယ်နှမျိုးရှိပါသလဲ။ ခွဲခွာချိန်မှာ နှုတ်ဆက်တဲ့ အနမ်း၊ ကြိုဆိုနှုတ်ဆက်တဲ့အနမ်း၊ အပြီးတိုင်ခွဲခွာဖို့ နှုတ်ဆက်တဲ့ အနမ်း စသဖြင့် အနမ်းအမျိုးအစားစုံ ရှိပါတယ်။ အခုပြောချင်တာကတော့ လူငယ်သဘာဝ ဒိတ်လုပ်ပြီး အိမ်အပြန်မှာ ကောင်လေးက ကောင်မလေး အိမ်လိုက်ပို့ရင်း လှေကားနားမှာ အိမ်ရှေ့ပေါက်ဝမှာ နမ်းတဲ့ အနမ်းမျိုးကို ပြောချင်တာပါ။

ပထမဆုံး ဒိတ်တာလဲဖြစ်နိုင်တယ်။ နောက်တကြိမ်ပြန်တွေ့ဖို့ မတွေ့ဖို့ ဆိုတာ အပေါ်မှာ လဲအများကြီး အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ အနမ်းလေးပေါ့။ ပေါ့ပေါ့လေးထင်ရပေမယ့် သိပ်အရေးကြီးတယ်။

ငယ်ငယ်တုံးက (ဆယ်ကျော်သက် အရွယ်ကပေါ့) တော်တော်တော့ကြာခဲ့ပါပြီလေ။ အဲ့လိုမျိုးလေးတွေတွေ့ကြုံခံစားခဲ့ဖူးတယ်။ အကိုကြီးတယောက် နှစ်ယောက် သုံးယောက် လေးယောက်လောက်ကပေါ့ ကိုယ့်ကို အိမ်ပြန် လိုက်ပို့ဖူးပါတယ်။ လမ်းလျှောက်ပြီးတော့ပေါ့။ လသာကနေ မြေနီကုန်းထိလဲ ဦးဝိစာရလမ်းတလျှောက် လျှောက်ခဲ့ကြဘူးတယ်။ လက်မတွဲကြပါဘူး။ လက်တွဲဖို့ကို မဝံ့မရဲဖြစ်နေကြတုံးလေ။ ဘေးပတ်ဝန်းကျင်က လူတွေကို မဝံ့ရဲတာ မဟုတ်ဘဲ သူ့ကို ရှိန်နေတာမျိုးပါ။ အဲ့အချိန်တုံးက ကိုယ်က သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ပြီး ရယ်ချင်နေတာကိုးလေ။ သူ့လက်ကို မတွဲရဲဘူးပေါ့။ ဒါတောင် ကိုယ်က အပျိုဖြစ်နောက်ကျပါတယ်။ ရည်းစားစထားတာ ၁၈ နှစ်ရှိနေပြီ။

နောက် မှတ်မှတ်ရရအဖြစ်အပျက်တခုရှိပါသေးတယ်။ အကိုကြီးတယောက်ပါ။ အဲ့တုံးက ကိုယ်က ၃၇ လမ်းမှာ နေနေပါသေးတယ်။ သူက ကိုယ့်ကို ဖုန်းဆက်ဆက်ပြီး ကျူနေတာပေါ့။ တညကျတော့ ကိုယ်က ရွှေတိဂုံဘုရားလမ်းပေါ်က the ritz coffee ဆိုင်က ကော်ဖီ လတ်တေး ကိုသောက်ချင်တယ်လို့ ဂျီကျ (မူနွဲ့)တော့ သူက ဘာမပြောညာမပြောနဲ့ ဖုန်းကို လက်စသတ်ပြီးတော့ ခဏနေတော့ အိမ်ရှေ့ရောက်ချလာပါတယ်။ ကားဟွန်းသံကြားတော့ ထွက်ကြည့်တော့ ကိုကြီးပဲ ကော်ဖီတခွက်နဲ့ တကယ့်ကို ကိုယ်သောက်ချင်တဲ့ သည်ရစ် ဆိုင်ကပါ။ လက်တေးပါ။

နှုတ်ဆက်အနမ်းလေးတွေအကြောင်းပြောရင် ကိုယ့်ဘဝ ရဲ့အချစ်ဆုံးတွေထဲက တယောက်ဖြစ်တဲ့ ဒီနေ့ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် တနင်္လာသားလေးကိုလဲ မေ့ထားလို့ မရပါဘူး။ ကိုယ်တို့စတွေ့တော့ သူက ကေအမ်ဒီမှာ ကါန်ပျူတာ တက်ပြီး သင်တန်းဆင်းအလာပါ။ ကိုယ်နဲ့သူတွေ့တွေ့ချင်းပဲ အကြည့်ချင်း ကလစ်မိကြပါတယ်။ မိတ်ဆက်ပေးတဲ့ လူ မပါပါဘူး။ နောက်တော့ ဘိုဆန်ဆန် ကိုယ့်ဘာသာပဲ မိတ်ဆက်ကြပြီးတော့ ဘိုဆန်ဆန်ပဲ ကော်ဖီသောက်ဖို့ဖိတ်ဖြစ်ခဲ့တယ်။ ရှေ့ဆောင်ရုံအောက်က အာရိုမားပါ မှတ်မိသေးတယ်။ နောက် သူရော ကိုယ့်အကြိုက်အတိုင်း လက်တေး သောက်ခဲ့တာ ချိစ် ကိတ်တတုံးကို တူတူစားခဲ့တာ။ ကိုယ့်ကို တွေ့တွေ့ချင်းပဲ လက်ရဲဇက်ရဲ ခွံကျွေးခဲ့တာ။ နောက်တော့ လူတွေကြားထဲမှာ ရဲတင်းစွာပဲ ကော်ဖီဆိုင်ထဲမှာ ကိုယ့်ကို နမ်းခဲ့တာ.....လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက ဆိုတာ ရန်ကုန်မှာတောင် လူတွေဒီလောက် မပွင့်လင်းကြသေးပါဘူး။ ကိုယ်တို့ကတော့ ပွင့်လင်းခဲ့ကြဖူးတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ရှေ့ဆောင် ရုံအောက်က အာရိုးမား ကာဖီးမှာ လူမြင်ကွင်းမှာ မတော်မတည့် ယောက်ျားချင်းနမ်းနေကြတဲ့ ကောင်လေး နှစ်ယောက် ရှိခဲ့တယ် ဆိုရင် အဲ့တာ ကိုယ် နဲ့ သူပါပဲ။

နောက် တခေါက်ကျတော့ လသာမှာပါ အကိုကြီးတယောက်နဲ့စသိတယ်။ ၂၀၀၄ ခုနှစ် မေ ၁၈ ရက်နေ့။ မိုးကလေးတွေ ဖွဲဖွဲကျလို့။ နောက်တော့ သူနဲ့ ကိုယ် သည်ရစ် မှာပဲ ထိုင်ဖြစ်ကြပြန်တယ်။ ၈ နာရီကနေ ထိုင်ပြီး စကားတွေ ပြောလိုက်ကြတာ ဆိုင်က အကိုက ဆိုင်ပိတ်တော့မယ်ပြောတော့မှ နာရီကြည့်တော့ ၁၁ နာရီ ရှိပါပြီ။ ဆိုင်က ၁၀ နာရီခွဲ ပိတ်နေကြပါ။ ထိုင်နေကြ ဖောက်သည်တွေမို့ အားနာလို့ မပြောဘဲစောင့်နေပေးတာပါတဲ့။ ကြည့်ရတာ ကိုယ်တို့ နှစ်ယောက်က ပြီးမယ့် ပုံမပေါ်လို့ နောက်ဆုံးတော့ အားနာနာနဲ့ပဲ ပြောရပုံပေါက်ပါတယ်။

ပြီးတော့ အဲ့မှာ ပြောမပြီးသေးတဲ့ စကားတွေကို ဆူးလေ လမ်းမကြီးပေါ်က လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ ဆက်ပြောကြပါတယ်။ နောက်တော့ ရှေ့ဆောင် ရုပ်ရှင်ရုံ ရှေ့ က အုတ်ခုံမှာ ဆက်ပြောပါတယ်။ နောက် ကိုယ်က ဗိုက်ဆာတယ်လို့ပြောတော့ ဆူးလေ လမ်းမကနေ အနော်ရထာ ၁၇ လမ်းထိပ် က မိုးလင်း ထမင်းကြော်ဆိုင်မှာ ဆက်စားကြပါတယ်။ နောက်တော့ အဲ့ကနေ ကိုယ်နေတဲ့ မြေနီကုန်းကို တက်ကစီနဲ့ လိုက်ပို့ပါတယ်။ အိမ်အောက်ရောက်တော့ အကိုကြီးကပါ ကားပေါ်ကနေ လိုက်ဆင်းပြီးတော့ တခါးနားက ကိုယ့် ကို တီးတိုးကပ်ပြီး ပြောတာက ဘယ်သူ့ကိုမှ ပထမဆုံးတွေ့တဲ့ အခါမှာ အိမ်လိုက်မပို့ဖူးဖူးတဲ့။ ကိုယ်ကလဲပြန်ပြောလိုက်တယ်...."There always the first time for everything" လို့။ ပြီးတော့ တံခါးဖွင့်နေတဲ့ ကိုယ့်နားကို ကပ်ပြီး ကိုယ်အံ့သြအောင် လုပ်လိုက်တဲ့ အပြုအမူတခုက ကိုယ့်မျက်မှာ ကိုပင့်လာအောင် မယူပြီးတော့ ကိုယ့် သက်ငင်တချက်လုံး ရပ်သွားလောက်စေတဲ့ တရှိုက်မက်မက် အနမ်းတခု သူကိုယ့်ကို ပေးခဲ့တာပါ။ အခု ၂၀၁၁ ကုန်တော့မယ် ဆိုတော့ ၇ နှစ်ခွဲ ကြာပါပြီ။ ကိုယ်အခုချိန်ထိ အဲ့ည ကို ရုပ်ရှင် ပြကွက်တခုလို အသေးစိတ်မှတ်မိနေသေးတယ်ဆိုတော့ အဲ့ဒီ ည က ဘယ်လောက် တန်ဖိုးကြီးသလဲ၊ အဲ့ဒီ ပထမဆုံး ဒိတ်ရဲ့ နှုတ်ဆက်အနမ်းက ဘယ်လောက် စွဲအားပြင်းလဲ့သလဲဆိုတာ ပြတာပါပဲ။ (ဝတ္ထု အများစု မှာရေးသလို မှုန်ဝါးဝါး ခေတ်ဟောင်းရုပ်ရှင် ပြကွက်တောင်မဟုတ်ပါဘူး တကယ့်ကို ၂၁ ရာစု ဘလူးရေး ဒီဗီဒီ နဲ့ လို ကြည်လင်ပြတ်သားတဲ့ ရုပ်ရှင် ပြကွက်ပါ)

ခုတော့လဲ အသက်တွေကြီးလာသလို တည်ငြိမ်ရင့်ကျက်မှုလဲအထိုက်အလျောက် ရလာတော့ အဲ့လို ရင်ခုန် ကြည်နူး ဆွတ်ပျံ့ ရတဲ့ အတွေ့ အကြုံလေးတွေကို စိတ်ထဲက ရှိရင်တောင်ပြန်ကြုံနိုင်ဖို့ အခွင့်အလမ်းနည်းသွားပြီလေ။ တနေ့က Honey 2 ကြည့်ရင်းနဲ့ ကောင်လေးက ကောင်မလေး ကို အိမ်ပြန်ပို့တဲ့ အခန်းလေးကို ကြည့်ရင်း ကိုယ့်အတိတ်တွေအကုန် ကိုယ့်အတွေးထဲ ပြန်ဝင်လာပါတယ်။ ဒီပိုစ့်လေး ဖြစ်စေခဲ့တာပေါ့။

အရင်တုံးက လွမ်းမောကြည်နူးခဲ့ရတဲ့ နှုတ်ဆက်အိမ်ပြန် အနမ်းလေးတွေအတွက်....

ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်မှုတွေနဲ့ပြည့်စုံပါစေ ကိုယ့်ရဲ့ တနင်္လာသားလေးရေ....

A Chen
0:33 AM
Friday
2nd Dec 2011
Home
Bangkok

Tuesday, October 4, 2011

မြစ်ဆုံစစ်တမ်း by သစ္စာနီ

မြစ်ဆုံစစ်တမ်း

(ဧရာဝတီမြစ် ရေတိမ်နစ်မည်လော)

အရင်းခံအကြောင်း

ဧရာဝတီမြစ်ဟာ သက်တမ်းအားဖြင့် အနှစ် (၁၅) သန်းရှိပါပြီ။ လူ့သက်တမ်းနဲ့ တွက်ကြည့်ရင် ရှည်လျှားလှပြီ ဆိုနိုင်ပေမယ့် ဘူမိသက်တမ်းနဲ့ ဆိုလျှင်တော့ နုပျိုတဲ့အရွယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့ ကမ္ဘာမြေကြီးဟာ သက်တမ်းအနှစ် သန်း (၅၀၀) ရှိပါပြီ။ နေစကြာဝဠာရဲ့ သက်တမ်းကတော့ နှစ်သန်း (၄၅၀၀)ပါ။ မဟာစကြာဝဠာ၊ အနန္တစကြာဝဠာတွေရဲ့ သက်တမ်းကတော့ မှန်းစလို့တောင် မရပါဘူး။ ကျနော်ပြောချင်တာက ဘူမိ သက်တမ်းအရ နုပျိုလှပါတယ်ဆိုတဲ့ ဒီမြစ်ကြီးဟာ အရွယ်နဲ့မမျှအောင် အခုအချိန်မှာ ယိုယွင်း၊ အိုမင်း ပျက်စီး နေပါတယ်ဆိုတဲ့ အကြောင်းပါပဲ။

အဲ့တာ ဘယ်သူတွေကြောင့်လဲ။ အဲ့ဒီမြစ်ကို မှီတင်းနေထိုင်ခဲ့ပြီး ဒီမြစ်ကြီးရဲ့ သဘာဝ အရင်းအမြစ်တွေကို မဆင်မချင် ထုတ်ယူ သုံးစွဲခဲ့ကြသလောက် ဒီမြစ်ကြီးကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ ကျနော်တို့ တစ်တွေကြောင့်ပါပဲ။ မှတ်တမ်းဟောင်းတွေအရ အေဒီ ၆ ရာစုလောက်ကတည်းက မြစ်တစ်ဝိုက်မှာ လူတွေ အခြေချ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ (ပုဂံမတိုင်မီ အနှစ် ၄၀၀ စောပါတယ်)။ အခု ဧရာဝတီမြစ်ရဲ့ အခြေအနေဟာ မြစ်ကောကြီး မဖြစ်ရုံတမယ်သာ ကျန်ပါတော့တယ်။ သောင်တွေထူထပ်လာတယ်။ မြစ်ရေတိမ် လာတယ်။ အရင်နှစ်ပေါင်း များစွာကတည်းက ရေကြောင်းခရီးသွားလာခြင်းရဲ့ အသက်သွေးကြော သဖွယ်ဖြစ်ခဲ့တဲ့ ဒီမြစ်ကြီးဟာ ဟင်္သာတ နဲ့ ဗန်းမော်အထိ (မိုင် ၈၀၀) ခရီးသာ တစ်နှစ်ပတ်လုံး သွားလာနိုင်ပါတယ်။ ဗန်မော် နဲ့မြစ်ကြီးနား (၁၂၅ မိုင်) ခရီးကတော့ တစ်နှစ်မှာ (၇ ကြိမ်) သာ သွားလာနိုင်ပါတယ်။ ရေနည်းသော နွေမှာ မသွားလာနိုင်ပါ။

အခု ဧရာဝတီမြစ်ကြီး ရေးစီးယုတ်လျှော့ ခန်းခြောက်လာရတဲ့ အကြောင်းတွေကတော့ -

(၁) ရေအရင်းအမြစ် ယိုယွင်းပျက်စီး လျော့နည်းလာခြင်း။

(ဧရာဝတီမြစ် အပါအဝင် အာရှကမြစ်ကြီး ၉ စင်းဟာ မြောက်ဖျား ဟိမဝန္တာတောင်တန်းပေါ်က ရေခဲပြင်တွေက အခြေခံပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အဲ့ဒီရေခဲပြင်တွေလည်း တစထက်တစ ယုတ်လျော့လာတာ တွေ့ရပါတယ်။ နောက် လိုအပ်တဲ့ မိုးရေချိန်မရဘူး)

(၂) Global Warming ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခမ်းခြောက်လာတယ်။

(၃) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အသိမရှိတဲ့အတွက် ဂေဟစံနစ်တွေ ပျက်စီးလာတယ်။

မြစ်ပတ်ဝန်း ကျင်သစ်ပင်တွေကိုခုတ်တယ်။ မြစ်ကြောင်းတစ်လျှောက် ရွှေတူး၊ သတ္တုတူး၊ ကျောက်တူးရာက ထွက်ပေါ်လာ တဲ့အညစ်အကြေးတွေကို ရေထဲစွန့်ပစ်တယ်။ ရေထုညစ်ညမ်းမှုဖြစ်ပြီး မြစ်ထဲမှာရှိတဲ့ သက်ရှိသက်မဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ ပျက်စီးဆုံးရှုံးမှုဖြစ်တယ်။ (ဧရာဝတီလင်းပိုင်တွေ မျိုးတုံးမယ့် အန္တရာယ်မျိုး) ချင်းတွင်း၊ စစ်တောင်း စတဲ့ ဧရာဝတီထဲကို စီးဝင်တဲ့ မြစ်လက်တက်တွေကလည်း ကမ်းပါးပြိုမှုကြောင့်ဖြစ်တဲ့ နုံးတွေ၊ သဲတွေ ကို မြစ်ထဲကို တိုက်စား သယ်ဆောင်လာတယ်။ အောက်ခြေမျက်နှာပြင် မြင့်လာတဲ့အတွက် မိုးများတဲ့အခါ မြစ်ရေ လျှံမှုတွေဖြစ်လာတယ်။ (ဒီနှစ် ၂၀၁၁ ဟာ စံချိန်တင်လောက်အောင် ရေကြီးရေလျှံတဲ့နှစ်ဖြစ်တယ်) မြစ်ထဲမှာ သောင်ထွန်းလာတာဟာ မြစ်ကူးတံတားတွေရဲ့ ဘေးထွက် ဆိုးကျိုးတစ်ခုလည်း ဖြစ်ပါတယ်။ တံတားတွေတည် ဆောက်တာ ကန့်ကွက်စရာမရှိပေမယ့် မြစ်ရေစီးရေလာကို အနှောင့်အယှက် မပေးမယ့် တိုင်ဖျောက်ကြိုး တံတားတွေဆောက်တာ ပိုသင့်တော်မယ်ထင်ပါတယ်။

လက်ငင်းအကြောင်း

အထက်ကဆိုခဲ့သလို အဖက်ဖက်က ယိုယွင်း ပျက်စီးလိုက်လာတဲ့ ဧရာဝတီမြစ်ကြီးကို ဘယ်လို ကယ်တင်ရရင် ကောင်းမလဲ။ (အရင်က ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းကို ကျနော်တို့ မည်မည်ရရ မလုပ်ခဲ့ကြဘူး။ အစိုးရအဆက်ဆက် လှစ်လျှူရှုခဲ့ကြတဲ့ ဆိုးကျိုးတွေ အခု ခံရတာပါပဲ။ မကြာခင်ကမှ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ ညွှန်ကြားချက်နဲ့ “မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်း” ကော်မတီဖွဲ့တာ ကြားလိုက်ရပါတယ်။ အားကြိုးမာန်တက်လုပ်ကြရင်၊ နောက်မကျကောင်းပါဘူး) စဉ်းစားနေကြတုန်း ရေနစ်သူကို ဝါးကူထိုးမယ့် ကိစ္စပေါ်လာတယ်။ အဲ့ဒါက မြစ်ဆုံမှာ ရေကာတာကြီး ဆောက်မယ့်ကိစ္စပါပဲ။

အဲ့ဒီမေခ၊ မလိခ၊ မြစ်ဆုံရေကာတာကြီးတွေက မဂ္ဂါဝပ်သောင်းရှစ်ထောင် (၁၈၀၀၀) ကျော် ထုတ်လုပ် ပေးနိုင်မယ်ဆိုတော့… ဘယ်လောက်ကြီးမယ့် ဆည်ကြီးဖြစ်မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ မေခနဲ့ မလိခမြစ်ဆုံမှာ ဒီဆည်ကြီးဆောက်မယ် ကြားကတည်းက ဟိုကကန့်ကွက်၊ ဒီကကန့်ကွက်ပါပဲ။ ဒီကြားထဲ မကြာခင်က လျှပ်စစ်ဝန်ကြီးဦးဇော်မင်းက ဘယ်သူတွေ ဘာပြောပြော (သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒီတွေရော၊ ကုလသမဂ္ဂရော) ဒီစီမံကိန်းကို ဆက်အကောင်အထည် ဖော်မယ်လို့ ထုတ်ဖော် ကြေငြာလိုက်တာဟာ ရည်ရွယ်ထားပုံ မရသော်လည်း မီးပုံထဲကို ဓါတ်ဆီလောင်းလိုက်သလို ဖြစ်သွားတယ်။ နေရာပေါင်းစုံက ကြွက်ကြွက်ညံအောင် အသံတွေ ထွက်လာတယ်။ တစ်ဘက်က နိုင်ငံတော် အကျိုးစီးပွားအတွက် လုပ်တယ်ဆိုပေမယ့် (ငွေနဲ့မပတ်သတ်တဲ့ တစ်ခြားအကျိုးစီးပွား တွေလည်း အများကြီးရှိပါသေးတယ်) အဘက်ဘက် ထောင့်ပေါင်းစုံက လေ့လာသုံးသပ်ပြီး ဆင်ဆင်ခြင်ခြင် ဆောက်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ဘေးထွက်ဆိုးကျိုး ဆိုတာကတော့ ရှိစမြဲပါ။ အဲ့ဒီလို စဉ်းစားပြီးမှ ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်ဟာသာမလဲ ချိန်ဆဆောင်ရွက်ရပါမယ်။ ဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်လှမ်းမီသလောက် နိုင်ငံရေးရှုထောင့်၊ လူမှုရေးရှုထောင့်၊ စီးပွားရေးရှုထောင့်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တွေက လေ့လာသုံးသပ် ကြည့်ရအောင်။

(လက်လှမ်းမှီသလောက် ပြောရတာက လေ့လာသုံးသပ်ဖို့လိုအပ်တဲ့ သတင်းအချက်အလက် အပြည့်အစုံ အမှန် အကန်ကို ရနိုင်ဖို့ခက်ခဲလို့ပါ) ဒီကိစ္စမှာလည်း ထုံးစံအတိုင်းပဲ ပွင့်လင်းမြင်သာမှု အားနည်းနေပါတယ်။ ဝန်ကြီးက BANCA အဖွဲ့လေ့လာနေတာ သုံးနှစ်နီးပါးရှိပြီဆိုပေမယ့် အလုပ်ရုံဆွေးနွေးပွဲမှာ ဘန်ကာအဖွဲ့ဥက္ကဌကတော့ (၅)လပဲ ရှိသေးတယ်လို့ ပြောနေကြပါတယ်။ စီမံကိန်းပြီးလို့ လျှပ်စစ်ဓါတ်အား ရောင်းရတဲ့အခါ နိုင်ငံတော်က အမြတ်ငွေရဲ့ (၃၀) ရာခိုင်နှုန်းရမယ်လို့ ဝန်ကြီးကပြောပေမယ့် တကယ်တော့ (၂၀) ရာခိုင်နှုန်းပဲရမယ်။ (၁၀) ရာခိုင်နှုန်းကို ပွဲစားကိုပေးရမယ်လို့ ပြောတဲ့သူကပြောပါတယ်။ သတ်မှတ်အချိန်ကာလ တစ်ခုရောက်တဲ့အခါ နိုင်ငံတော်က ဒီစီမံကိန်းကြီး တစ်ခုလုံးကို အပိုင်ရမယ်။ သတ်မှတ် အချိန်ကာလဆိုတာ အရင်က အနှစ် (၃၀) လို့ သိပေမယ့် အခုတော့ အနှစ် (၅၀)လို့ ပြောနေပြန်ပါတယ်။ အဆိုးဆုံးကတော့ ဘန်ကာ BANCA (Biodiversity and Nature Conservation Association) အစီရင်ခံစာ အပြည့်အစုံကို ပြည်သူထဲကို ချမပြနိုင် တာပဲ။ ဘန်ကာဥက္ကဌ ပြောတာကတော့ ကန်ထရိုက် (တရုတ်ကုမ္ပဏီ CPI နဲ့စာချုပ်ချုပ်ကတည်းက အစီရင်ခံ စာပါအချက်တွေကို သူတို့ သဘောမတူပဲ ထုတ်ဖော်မပြောပါဘူးလို့ ကတိထားခဲ့ရတယ်တဲ့။ ကဲ… ရသလောက် အချက်တွေ အပေါ်မှာပဲ အခြေခံသုံးသပ်ရအောင်)

(၁) စီးပွားရေးရှုထောင့်

ထိုစီမံကိန်းကထွက်မယ့် မဂ္ဂါဝပ် ၁၈၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း (မဂ္ဂါဝပ် ၁၈၀၀၀)ကို အခမဲ့သုံးနိုင်မယ်။ ရှယ်ယာလည်း ၁၅ ရာခိုင်နှုန်းထည့်ပေးမယ်။ ရောင်းရငွေအမြတ်လည်း ၃၀ ရာခိုင်နှုန်းရဦးမယ်။ (ပွဲစားကို ၁၀ ရာခိုင် နှုန်းပေးရမယ်ဆိုတာ ဟုတ်သလား) နောင်ပေါ်ထွန်းလာတဲ့ စက်မှုလုပ်ငန်းတွေရဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းက ဖော်ထုတ်မယ့်စက်မှုဇုန် (အာရှမှာအကြီးဆုံးစက်မှုဇုန်) တွေက သုံးမယ့် လျှပ်စစ်ပမာဏက မဂ္ဂါဝပ်တစ်သောင်းလောက်ရှိမယ်။ အဲဒါ တရုတ်ဆီက ပြန်ဝယ်ရမယ်။

၂၀၀၉ မြစ်ဆုံစီမံကိန်း သဘောတူ စာချုပ်ချုပ်ပြီးကတည်းက တရုတ်က အဲဒီဒေသတစ်ဝိုက်မှာ သူ့အလုပ်သမားတွေနဲ့ အခြေခံ တည်ဆောက်မှုတွေလုပ်နေပြီ။ မေခနဲ့မလိခမြစ်နှစ်မြစ်ရဲ့ လက်ဝဲ (၄၅) မိုင်၊ လက်ယာ (၄) မိုင်အတွင်း သစ်ပင်တွေကို ခုတ်လှဲသယ်တာတွေ၊ ရွှေ၊ ကျောက်မျက်ရတနာ တူးဖော်တာတွေ၊ တိရစ္ဆာန်တွေက အစ အဘိုးတန် သစ်တောထွက်ပစ္စည်းတွေကို တရုတ်ပြည်ကို သယ်ဆောင်တာတွေ လုပ်နေတာတွေ၊ လုပ်နေတာ (၂) နှစ်ကျော်ပြီလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောထူ (ကချင်တိုင်းရင်းသား) ပြောတာလည်း ကြားလိုက်ရတယ်။ တည်ဆောက်မယ့် မြေရှင်းလင်းခြင်း (Site Cleaning) လုပ်ရင်းနဲ့တောင် သူတို့ တော်တော် တွက်ချေကိုက်နေပြီ။

နောက် နိုင်ငံတကာမှာ အစဉ်အလာလည်းရှိပါတယ်။ အီဂျစ်က အဆမ်ဆည်၊ ထိုင်းက ဘာမုန်းဆည်၊ သူတို့ တွက်ချက်ခဲ့သလို ရေစီးရေလာ Hydrology မမှန်တဲ့အတွက် ထင်သလောက် လျှပ်စစ်ဓါတ်အားမရ။ ထိန်းသိမ်းခ စားရိတ်ကြီးလို့ ဝင်ငွေနဲ့ထွက်ငွေ မမျှဖြစ်နေတဲ့ ဆည်တွေပါ။ ပညာရှင်တွေ တွက်ချက်တာကို အထင်မသေးဝံ့ပါဘူး။ သူတို့ရဲ့ စက္ကူပေါ်က Equation တွေ၊ နည်းနည်းလွဲရင် ဒုက္ခကြီးကြီးဖြစ်တတ်တာ တင်ပြတာပါ။ မြန်မာပြည်ကပဲ လက်ပံဆည်၊ ပထမ ရေသိုလှောင်နိုင်မယ့် ပမာဏကို မှန်းဆထားတာက ၅၅၀၀ ဧကပါ။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ရေအများဆုံး ဝင်တယ်ဆိုတဲ့ ၂၀၁၀ နှစ်မှာတောင် ၃၉၆၅ ဧကပေပဲ ဝင်တယ်တဲ့။ အခုမြစ်ဆုံဆည်ရဲ့ ရေသိုလှောင်မှု ဧက သိန်း၉၇.၈၈ ရှိပါတယ်။ ထင်တိုင်းပေါက်ပါ့မလား။ မေခမလိခရဲ့ ရေအရင်းအမြစ်ဖြစ်တဲ့ ဟိမဝန္တာတောင်ပေါ်မှာ နှင်းတွေ၊ ရေခဲပြင်တွေ တစ်နေ့တစ်ခြား ရှားပါးလာတဲ့အပြင် နောင်လာမယ့် အနှစ် ၅၀ အတွင်း အဲဒီဒေသမှာ မိုးအရမ်းခေါင်မယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောသွားတာလည်း ကြားလိုက်ပါတယ်။

နောက်တစ်ချက်က အနှစ် ၅၀ ပြည့်လို့ ကျနော်တို့ ပြန်ရတဲ့အခါ ဒီဆည်ကြီးဟာ ဘာမှ သုံးမရတဲ့ အနည်အနှစ် တွေပြည့်နေတဲ့ အမှိုက်ကန်ကြီး ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

(၂) သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်

ဒီပြဿနာမှာ အရေးအကြီးဆုံး ထောင့်လည်းဖြစ်ပါတယ်။ မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ကန့်ကွက် နေတဲ့အသံတွေထဲမှာ အဆူညံဆုံး အသံဟာလည်း သူတို့အသံပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလောက် ပြောနေရ လဲဆိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ မြန်မာနိုင်ငံနဲ့သာ မဟုတ်ပဲ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။

သက်ဆိုင်ရာဝန်ကြီးအဖွဲ့က တာဝန်ပေးအပ်ခဲ့တဲ့ (ငှားရမ်းခ ဒေါ်လာ ၁.၂၅ သန်းပေးခဲ့ရပါတယ်) ဘန်ကာ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်က သူပြောနိုင်တဲ့ အတိုင်းအတာကနေပြီး သူတို့အချိန်ငါးလသာ ရခဲ့တဲ့အတွက် လုံးဝမလုံလောက်ကြောင်း ဖွင့်ထုတ်ပြောပါတယ်။ ဘန်ကာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးညိုမောင်ကတော့ နိုင်ငံခြားသတင်းဌာန တစ်ခုနဲ့ တွေ့ဆုံအင်တာဗျူးတဲ့အခါ သူတို့အနေနဲ့ ဒီနေရာမှာ လုံးဝ ဆည်မဆောက် သင့်ကြောင်း အကြံ ပေးတင်ပြခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

ဆည်တစ်ခုဆောက်တဲ့နေရာမှာ လိုက်နာသင့်တဲ့အချက် (၈) ချက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီတွေ ထုတ်ဖော် တင်ပြထားတာရှိပါတယ်။ ရေလှောင်ကန် မျက်နှာပြင်သေးရမယ်။ ကျယ်ပြန့်ကြီးမားနေရင် ရေလှုပ်အားကြောင့် အောက်ခြေ ကျောက်တုံးတွေ ပွတ်တိုက်မိပြီး မြေငလျင်လှုပ်နိုင်ပါတယ်။ ဒီမြစ်ဆုံနေရာဟာ စစ်ကိုင်းပြတ်ရွှေ့ကျော (ပဲခူးကနေ တောင်မြောက် ကီလိုမီတာ ၁၀၀၀ ကျော်သွယ်တန်းနေသည့် ငလျင်ကျော) နဲ့ ၁၆ မိုင်ပဲဝေးပါတယ်။ ၁၉၄၆က ကာမိုင်းငလျင်ဆိုတဲ့ ငလျင်အကြီးအကျယ် လှုပ်ဖူးတဲ့ သာဓကရှိပါတယ်။

နောက်တစ်ချက်က သဘာဝတောတောင်နဲ့ စားကျက်တွေကို မထိခိုက်စေရ။ ထိခိုက်မှု နည်းပါးစေရမယ်တဲ့။ ရေနေသတ္တဝါ ရေအောက်အပင်ငယ် ဇီဝမျိုးစုံမျိုးကွဲ Biodiversity တွေလည်း အနည်းငယ်သာ ပျက်စီးစေရမည်တဲ့။ ရေလှောင်ကန် တိုရမယ်။ ဇောက်နက်ရမယ်။ ဆည်ရဲ့ အောက်ဘက်မှာ ရေအားဖြည့်တင်းပေးနိုင်တဲ့ မြစ်လက်တက် ချောင်းလက်တက်တွေ များရမယ်။ သစ်တော အစိတ်အပိုင်းများများ ရေမမြုပ်ရ။ ရေထုမညစ်ညမ်းစေရ။ သဘာဝဂေဟစံနစ် ထူးထူးခြားခြား မပြောင်းလဲအောင် ဂရုစိုက်ရမယ်။ ဆည်က (၈) ဆင့်ဆည်။ ရေကို တဖြည်းဖြည်းခြင်း ဖြည့်ရမယ်တဲ့။ သိရသလောက်တော့ ဆည်တွေက တစ်ခုနဲ့တစ်ခု အတော်နီးတယ်။ သတ်မှတ် ထားတဲ့ နှုန်းအရဆို ဆည်တစ်ခုနဲ့တစ်ခု မိုင်(၆၀) ကွာရမယ်တဲ့။ ဒါမှ ရေစီးကောင်းမယ်။ ရေစီးကောင်းမှ ရေထဲကို အောက်စီဂျင်များများ ရနိုင်မယ်။ အခုဆောက်မယ့်ဆည်တွေဟာ အဲ့ဒီအချက်တွေနဲ့ ဘယ်လောက် ကိုက်ညီမလဲ။

နောက်တစ်ခုက မြစ်ဖျား ဆည်ဆောက်လိုက်တာဟာ ဟိုးအောက်ပိုင်း မြစ်ခြေအထိ ထိခိုက်မှုတွေ ရှိတဲ့အချက်ပဲ။ BANCA အဖွဲ့ကလည်း သူတို့ဆည်ရဲ့အောက်ပိုင်း Downstream မြစ်ကြောင်းတစ်လျှောက် အကျိုးသက်ရောက် မှုတွေကို အသေးစိတ် မလေ့လာရသေးပါဘူးတဲ့။ ဒါပေမယ့် သီအိုရီအရကို မြစ်အထက်မှာ ဆည်ဆောက်ရင် အောက်ပိုင်းမှာ ထိခိုက်မှုတွေရှိတယ်ဆိုတာကိုတော့ လက်ခံကြပြီးသားပါ။ အထူးသဖြင့် (သူတို့က မူလစီးနေ တဲ့ရေရဲ့ ၇ ရာခိုင်နှုန်း သာယူပြီး ၉၃ ရာခိုင်နှုန်း ရေကို လွှတ်ပေးမယ်လို့ ပြောထားပေမယ့် ဒီစကားက တိကျဖို့ ခက်တယ်။ ဆည်ထဲကိုစီးဝင်တဲ့ ရေပမာဏကို လိုက်ပြီးသော်လည်းကောင်း၊ သတ်မှတ်ထားတဲ့ ဓါတ်အားပမာဏ ထွက်ရှိဖို့ လုံလောက်တဲ့ ရေအား ရရှိအောင်သော်လည်းကောင်း၊ ဆောင်ရွက်ရာမှာ အပြောင်းအလဲ ရှိနိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ရေစီးကတော့ နည်းသွားမှာသေချာတယ်။ အဲဒီလိုနည်းတာနဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ပင်လယ်ရေငန်က ဝင်ရောက်လာမှာပဲ။ အဲဒီဒေသမှာ ခရီးသွားလာနိုင်တဲ့ ရေကြောင်းလမ်းက မိုင် ၂၀၀၀ ကျော်ရှိတယ်။ ရေငန်ဝင်လာတာနဲ့ လယ်တွေပျက်မယ်။ ဒီတော့ ရေထိန်းတံခါးတွေ တပ်ပေးဖို့လိုတယ်။

မေခက ရေပူဖြစ်ပြီး၊ မလိခက ရေအေးဖြစ်တယ်။ ပိတ်ဆည်လိုက်တဲ့အတွက် ရေကာတာထဲမှာ အဲဒီရေနှစ်မျိုး သမသွားရင် အအေးပိုင်မှာပေါက်ဖွားတတ်တဲ့ သတ္တဝါကလေးတွေ ရှင်သန်နိုင်ပါဦးမလား။ အမေရိကားမှာ သားပေါက်ချိန်ကျ အထက်ကိုဆန်တတ်ပြီး ဥတတ်တဲ့ ဆဲလ်မွန်ငါးတွေအတွက်ရေကာတာ တံခါးတွေဖွင့်ပေး ကြတယ်လို့ဆိုပါတယ်။ နောက် ရေကြောင်းကျဉ်းလာ တိမ်လာတဲ့အတွက် ခရီးသွားလာရေး ခက်ခဲမယ်။

(၃) နိုင်ငံရေးရှုထောင့်

(က) တရုတ်ဟာ နှစ်ပေါင်းများစွာ ကတည်းက မြန်မာနိုင်ငံကို Geo-Politics ပထဝီနိုင်ငံရေးအရ၊ အရေးပါတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားခဲ့တယ်။ မြန်မာနိုင်ငံမှာ အမေရိကန်လိုလားတဲ့ အစိုးရမျိုးတတ်မှာကို မနှစ်မြို့ဘူး။ ဒါကတော့ သဘာဝတရား အတိုင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာ ဂျပန်လို၊ ဖိလစ်ပိုင်လို အမေရိကန်အခြေစိုက် စခန်းတွေ ရှိလာခဲ့ရင် သူနေ့နေ့ညည ခြောက်ခြားနေမှာပေါ့။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံအစိုးရအပေါ် ဦးနေဝင်းတို့ လက်ထက်ကတည်းက အတော်အတန်သြဇာရှိခဲ့တယ်။ အခုလည်း နိုင်ငံရေးသြဇာအပြင် စီးပွားရေးသြ ဇာထူထောင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို သူ့ရဲ့လက်အောက်ခံပြည်နယ်အဖြစ် သွတ်သွင်းဖို့ ကြိုးစားနေတယ်။ ဘာညာဆိုတာတွေကတော့ အကြောက်လွန်တဲ့ သူတွေပြောနေတဲ့ အဓိပ္ပါယ်မဲ့စကားတွေသာ ဖြစ်ပါတယ်။ ဒီနေ့ဒီလို ကိုလိုနီနိုင်ငံ ထူထောင်တယ်ဆိုတာ နယ်ချဲ့တယ်ဆိုတာ ခေတ်မရှိတော့တဲ့ သဘောတရား တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ဒီလောက် နုံခြာတဲ့ နိုင်ငံမဟုတ်ပါဘူး။

(ခ) နောက်တစ်ချက်က ဒီပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ နအဖအစိုးရ လက်ထက်က မရခဲ့တဲ့ အဆင်ပြေမှုတွေ ရနေပါတယ်။ အပြန်အလှန် နားလည်မှုတွေ တိုးတက်နေလို့ ငြိမ်းချမ်းရေး လမ်းစပေါ်ပြီလို့တောင် ပြောတဲ့သူကပြောနေပါတယ်။ မုန်းစကိုတိုပြီး ချစ်စကိုရှည်ဖို့ ကြိုးစားနေတဲ့ ဒီလိုကာလ မျိုးမှာ “ဒီမြစ်ဆုံဆည်ပြဿနာ” ဟာ အမျိုးသားညီညွတ်ရေးကို ဖြိုခွင်းမယ့် စံနက်တန်အဖြစ် ပြောင်းလဲလာမှာကို သတိထားရှောင်ရှားဖို့ လိုပါတယ်။ (ကချင်တိုင်းရင်းသားတွေ အရေးနဲ့လည်း ပတ်သက်နေတဲ့) ဒါဟာ အစိုးရနဲ့ အတိုက်အခံရဲ့ အားစမ်းပွဲလို့မြင်ရင် (သို့မဟုတ်) အဲဒီအသွင်ရောက်သွားရင် ဆိုးကျိုးတွေပဲ ပေါ်ပေါက်လာစရာ ရှိပါတယ်။ ဒီနေရာမှာ စက်မှုဝန်ကြီးဦးစိုးသိန်း ပြောသွားတဲ့စကားဟာ အင်မတန်အတုယူလေး စားဖို့ကောင်းပါတယ်။

ကောက်နှုတ်ပြရရင်--

(ကျနော်တို့အပါအဝင် ကျနော်တို့က မြဲတာမဟုတ်ဘူး။ အခုရာထူးရာခံအာဏာ၊ အခွင့် အာဏာအားလုံးကလည်း ကိုယ်ပိုင်မဟုတ်ဘူး။ ဒါပေမယ့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးနဲ့ သားစဉ်မြေးဆက်သော ပြည်သူတွေကတော့ ထာဝရတည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကြောင့် စည်းရုံးမှု မပျက်ပြားပဲနဲ့ စည်းလုံးမှုချိနဲ့ မသွားစေပဲနဲ့ ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြရင် ပိုအောင်မြင်မယ်)

- ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (စက်တင်ဘာ ၁၇ - ၂၀၁၁)

(၄) လူမှုရေးရှုထောင့်

(က) ဒေသခံ ကချင်တိုင်းရင်းသားတွေ အတွက်ကတော့ ဒီမေခမလိခမြစ်ဆုံဟာ ဘိုးဘွားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း အင်မတန် တန်ဘိုးထားတဲ့နေရာမို့ စိတ်နှလုံးထိခိုက် ကြေကွဲကြမှာ သေချာပါတယ်။ နောက်တစ်ချက်က ဒီမြစ်ဆုံဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးထားတဲ့ ရှားရှားပါးပါး ရှုခင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ရေကာတာကြောင့် ဒီရှုခင်း ပျောက်ဆုံးသွားရင် တစ်ခြားဘယ်အရာနဲ့မှ အစားထိုးလဲလှယ်လို့ မရပါဘူး။

(ခ) ရေကာတာ အထက်ပိုင်းက ကျေးရွာ ၁၀၀ လောက်ဟာ အတော်များများ ပြောင်းရွှေ့ ပေးကြရမယ်။ တရုတ် ကုမ္ပဏီက နေထိုင်ဖို့ အစားထိုး လျော်ကြေးပေးမယ် ဆိုပေမယ့် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြတဲ့ နေရာကို ဘယ်သူမှ မစွန့်ခွာချင်ကြဘူးဆိုတာ ဓမ္မတာဖြစ်ပါတယ်။ (ဘန်ကာတစ်ဦးဖြစ်တဲ့ ဦးညိုမောင်ကတော့ ဆည်ရှစ် ခုပိတ်လိုက်ရင် ရေလွှမ်းမိုးသွားမယ့် ဧကက တစ်သိန်းလေးသောင်း လေးထောင်ငါးဆယ် ရှိတယ်လို့ပြောပါတယ်။ အဲဒီရေအောက်ထဲမှာ တံတားတွေ၊ လမ်းတွေ နစ်မြုတ်သွားမှာမို့ ကူးသန်းသွားလာရေး ပျက်မယ်။ လုပ်ငန်းကိုင်ငန်းတွေ ပျက်မယ်။ စိတ်သောကရောက်မယ်။

(ဂ) ဒီဆည် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ တရုတ် အလုပ်သမားတွေ သောင်းနဲ့ချီပြီး ရောက်လာမယ်။ သူတို့ ဒီဆည်မပြီးမချင်း နှစ်နဲ့ချီပြီး အခြေချနေထိုင်ကြမယ်။ (အနည်းဆုံး ၈ နှစ်ကနေ ၁၅ နှစ်အထိ) အဲဒီအခါ သွေးနှောမှုတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ တရုတ်ပြည်မှာ ယောက်ျားဦးရေနဲ့ မိန်းမ ဦးရေမမျှလို့ သတို့သမီး လူကုန်ကူးမှုတွေ ရှိနေတာလည်း အားလုံးအသိပဲ။

ဒါတွေဟာ မပြည့်မစုံ လက်လှမ်းမီသလောက် တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီမြစ်ဆုံဆည် တည်ဆောက်လိုက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်ကို တတ်သိသူတွေက လေ့လာတင်ပြပြီး အများကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင် ဆောင်ရွက်ပေးကြရင်ကောင်းမယ်။

အခုအချိန်မှာတော့ ဧရာဝတီအရေးဟာ အားလုံးအရေးပါပဲ။

သစ္စာနီ (စက်တင်ဘာ ၂၀၁၁)

source: ဒီမိုဝေယံ