foto credit to NN
သိမ်းထားတဲ့ ရည်းစားစာ (သို့မဟုတ်) …!@#$%^&*…
ဒီရက်ပိုင်းမှာ စဉ်းစားမိတဲ့ အတွေးလေးတွေကနေ ဆက်စပ်ပြီးတော့ ဒီ အာတီကယ် - ဆောင်းပါးလေး ကို ရေးဖို့ စိတ်ကူးရပါတယ်။ ပထမဆုံး ပြောချင်တဲ့ အကြောင်းအရာကို မစသေးခင် အောက်က မေးခွန်းလေးတွေ ဖြေကြည့်ကြရအောင်…
ရည်းစားစာပေးတဲ့ အလေ့အထ ဘယ်ကနေစတာလဲ?
စတင်တီထွင်တာက ယောက်ျားလား မိန်းမလား? (ယောက်ျားလေးတွေက စခဲ့တာလို့ ထင်တယ် အစဉ်အဆက် မှာ ယောက်ျားလေးကပဲ စာ “စ” ပေးတာပဲလေနော်…)
ဒါဆို နောက်မေးခွန်းတခု ပေါ်လာတယ်
ရည်းစားစာ စပေးတဲ့လူက ဘာလို့ယောက်ျားတွေဖြစ်နေရတာလဲ?...
အင်း မိန်းကလေးတွေလဲ ကိုယ်သဘောကျတဲ့ ကိုယ်တိတ်တခိုးချစ်နေတဲ့ ယောက်ျားလေးတွေကို စာ လိုက်ပေး၊ ဒါမှမဟုတ်အနည်းဆုံး အနေနဲ့ စာတိုက်ကပဲဖြစ်ဖြစ် ပေးလို့ကော မရဘူးလားနော်။ ကိုယ့်အတွေးတွေကို ဆရာမဂျူးသာဆိုရင်ရော် မတော်တရော် လို့များ ပြောမလား။ ကျမ တို့ မိန်းမတွေ စာစုထဲများ ထည့်ရေးလေမလား။ ဒီနေရာမှာ ကော ယောက်ျား မိန်းမ အခွင့်အရရေး တန်းတူ ရသင့်တယ် ထင်ပါ့မလား။ မေးခွန်းလေးတွေပဲ မေးခဲ့ပါ့မယ်။
ကို်ယ်တို့တွေ ဘယ်အရွယ်မှာ စပြီး ရည်းစားစာ စ ရေးကြတာလဲ? ဆယ်ကျော်သက် လောက် က စတာဖြစ်မယ် ထင်ပါတယ်။ မနူးမနပ်အရွယ်၊ တင့်တင့်တို့အရွယ်ပေါ့။ ကောင်မလေးတွေ ကို တွေ့တယ်။ စသတိထားမိတယ်၊ ရင်ခုန်တယ်။ ရင်ခုန်ရင်အချစ်ပဲကွယ်ဆိုတာ တကယ်ကို အဲ့ဒီအရွယ်ပါပဲ။ သစ်ရွက်လေးလှုပ်လဲ ခစ်ခစ်ခစ် လေလေးတိုက်လဲ အဟစ်ဟစ်ဟစ် ပေါ့လေ။ အမှန်ကတော့ ရင်ခုန်ရင် အချစ်ပဲ လို့ထင်တာပါ။ အသက်ကလေးရလာမှ အဲ့တာဟာ “အချစ်” မဟုတ်ဘူးဆိုတာ သိလာပေမယ့် ရင်ခုန်ရင်တော့ ချစ်ချင်နေသေးတာပါပဲ။ (ထားတော့ အခု အာတီကယ်က ရင်ခုန်စရာ ရိုမန်တစ်စရာတွေကိုပြောမှာဆိုတော့ အချစ်ဇာတ်လမ်း နုနု ရွရွ ကလေးမှာ ဗီလိန်တွေ ကိုထည့်မပြောဘဲနေကြရအောင်)။
ဒီနေရာမှာ ပိုအရေးကြီးတဲ့ မေးခွန်းတခုက ဘယ်အချိန်မှာ ကိုယ်တို့ ရည်းစားစာရေးတဲ့ အလေ့အထ “ရပ်” သွားတာလဲဆိုတာပါပဲ။
နောက်တခု က ရိုမန်တစ်မှု နဲ့ ရိုမန်တစ်ခြင်း (ဆွတ်ပျံကြည်နူးဖွယ်ကောင်းခြင်း) အမှုကို ဖျက်ဆီးတဲ့ ပျက်စီးစေတဲ့ တိုးတက်လာနေတဲ့ နည်းပညာပါ။ ခုခေတ်မှာ ကိုယ်တို့တွေ လက်နဲ့ရေးတဲ့ စာတွေ အစား အီးမေးလ် လို့ခေါ်တဲ့ ဓါတ်ချောစာတွေ ကို နေ့တဓူဝ အလုပ်မှာ အိမ်နဲ့ စာရေးတဲ့အခါမှာ ချစ်သူချင်းချင်း စာရေးတဲ့ အခါတွေမှာ အစားထိုး လာကြတယ်။ ဖုန်းကနေ တဆင့် စကားတိုလေးတွေ တက်စ် ( SMS text) ကြတယ်။ တွိတာ (twitter) ကနေ တွိ (tweet) ကြတယ်။ ဖေ့စ်ဘွတ်ခ် (facebook) လို့ခေါ်တဲ့ မျက်နှာစာအုပ်ကနေ ရေးကြတယ်။ ပိုဆိုးတာတခုက ရည်းစားအချင်းချင်း ပြတ်ကြဖြတ်ကြရင်တောင် တက်စ် နဲ့ ဖြတ်တာ သိပ်ရုပ်ဆိုးပါတယ်။ ကိုယ်ကတော့ ဖြတ်ချင်ရင် ယောက်ျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် မျက်နှာချင်းဆိုင်ပြီးတော့ တဘက်သားကိုလဲ ဖြေရှင်းခွင့် အယူခံဝင်ခွင့် တောင်းဆိုခွင့် အပြန်အလှန်မေးခွန်းထုတ်ခွင့်ပြုပြီးတော့ မှ နှစ်ဦး သဘောတူ ပြတ်ဆဲ သင့်တယ် လို့ထင် ပါတယ်။
ထားပါတော့။ ခုနက စာရေးတဲ့ အလေ့အထ ကိုပြန်ဆက်ရအောင်။ စန္ဒရာဘူးလော့ခ် (Sandra Bullock) နဲ့ ကီယာနူး ရိဗ် (Keanu Reeves တချို့ကလဲ သူ့ကို ကန္နျူးရိဗ် လို့ဘတ်ကြတယ်) တို့နှစ်ယောက်ဟာ သူငယ်ချင်းတွေပါ။ ချစ်သူတွေမဟုတ်ပါဘူး။ ပြောနေရင်းကနေ ဘယ်ရောက်သွားလဲ မစဉ်းစားပါနဲ့ လာပါမယ် တီချမ်း စာဘတ်ရင် အိုင်ကျူမြင့်မှရတယ် လို့ပြောထားတယ်မှလား… ၂၀၀၀ ခုနှစ်ကလား ၂၀၀၂ ကလားမသိ သူတို့နှစ်ယောက် the lake house (correction: 2006) ဆိုတဲ့ ရုပ်ရှင်လေး ကိုတူတူရိုက်ကြပါတယ်။ အော်ရီဂျင်နယ် ကိုရီးယားကား Il Mare (2000) ကို ဟောလီးဝုတ် က ပြန်လုပ်စားတာပါ။ နှစ်မျိုးလုံးကြည့်ပြီး တဲ့အခါမှာ ကိုယ်ကတော့ ကြိုက်ပါတယ်။ အော် ကိုလဲ အော် မို့လို့ ကြိုက်သလို ဟောလီးဝုတ်ကျတော့လဲ ကိုယ့်အကြိုက် မင်းသား မင်းသမီးမို့ကြိုက်ပြန်ပါတယ်။ ကကြီးတွေရဲ့သရုပ်ဆောင်ချက်တွေကတော့ ပြောစရာမရှိပါဘူး။
ဇာတ်လမ်း အကျဉ်းကတော့ ရေကန်နားက အိမ်မှာနေတဲ့ လူနှစ်ယောက် (ကာလအပိုင်းအခြားမတူပါဘူး) အချိန်နှစ်ခု မှာ အဲ့ဒီရေကန်ဘေးက အိမ်မှာပဲ နေနေကြတဲ့ လူနှစ်ယောက် စာတိုက်ပုံးကနေတဆင့် အချိန်ကာလ ကိုဖြတ်ပြီးတော့ ဆက်သွယ်နေကြတာ ကိုပြထားတာပါ။ အဲ့မှာ လူနှစ်ယောက်က တယောက်နဲ့ တယောက် စာအပြန်အလှန်ရေးပြီး စာတိုက်ထဲမှာ သွားထားလိုက်ရင် အဲ့စာ ကိုနောက်တယောက် အဲ့ဒီ စာတိုက်ပုံးမှာဘဲ ပြန်သွားယူ လို့ ရပါတယ်။ မင်းသား မင်းသမီး က အဲ့ဒီနည်းနဲ့ ဆက်သွယ်နေကြတာပေါ့။
အခုမှ အာတီကယ် နဲ့ ဆိုင်တာက လာမှာ … အဲ့ရုပ်ရှင် နဲ့ပတ်သက်ပြီး စန္ဒရာဘူးလောခ် ကို အင်တာဗျူးတာ ဘတ်ရပါတယ်။ အဲ့ဒီမှာ သူက ဘာပြောသလဲဆိုတော့ သူနဲ့ကန်းနျူး တို့ က အရမ်းခင်တဲ့ သူငယ်ချင်းတွေပါတဲ့ သူတို့နှစ်ယောက် က အမြဲ စာရေးပြီး ဆက်သွယ်လေ့ရှိကြ တယ် လို့ပြောပါတယ်။ ၂၁ ရာစု မှာ အီးမေးလ် အကောင့်မရှိတဲ့ သူနှစ်ယောက်ပါလို့လဲ သူက ပြောပါတယ်။ ဘယ်လောက် ရိုမန်တစ်လိုက်ကြသလဲနော်။ တီလဲ စာ စ ရေးကာစ ဘလောခ် ဆိုပါတော့ က ပေးစာလေးတွေ ရေးပါတယ်။ နန်းညီ တို့ဂန္တဝင် ဘုတ်ဆုံ တို့ နဲ့ပါ သူတို့ ကလဲ ပြန်ရေးကြပါတယ်။ အင်တာနက် စာမျက်နှာပေါ်ကနေ ဖြစ်ပေမယ့် အရသာ မတူပါဘူး။ နောက်မှ ကြုံ ရင် အဲ့ဒီ ပေးစာလေးတွေပြန်ရေးပါအုံးမယ်။
ဒီနေရာမှာ ကြုံလို့ ထပ်ပြောရရင် ကိုယ့် ရဲ့အကြိုက်ဆုံး ရုပ်ရှင် တကားဖြစ်တဲ့ Nicolas Spark ရဲ့ the notebook (Starring: Rachel McAdams and Ryan Gosling) မှာ အယ်လီ နဲ့ နိုဝယ်လ် တို့ နွေရာသီ အချစ်ဇာတ်လမ်း အပြီး အယ်လီ့ မိဘတွေက အယ်လီ့ ကိုမြို့ ပြန်ခေါ် သွားတဲ့ အချိန်မှာ နိုဝယ်လ် က နေ့တိုင်း တစောင်ကျနူံးနဲ့ နှစ်နှစ် ထင်တယ် စာတွေ ရေးခဲ့တာပါ။ အယ်လီ့ အမေ က စာတွေ အကုန် ဖွက်ထားတော့ သူတို့ နှစ်ယောက် လွဲခဲ့ကြတာပေါ့။ နောက် အဲ့ဒီ စာရေးဆရာ ရဲ့နောက် ဝတ္ထု တအုပ်ပါပဲ dear john (Starring: Amanda Seyfried and Channing Tatun) မှာ မင်းသား စစ်ထဲဝင်သွားတော့ မင်းသမီး က “ချစ်ရတဲ့ ဂျွန်ရေ….” လို့ အစချီပြီးတော့ စာတွေ ရေးခဲ့တာပါ။ အမေရိက ဘက်မှာတော့ (တခြားနေရာတွေတော့ မသိ အဲ့ဒီ စာရေးဆရာရဲ့ ဝတ္ထု အများစု အခြေပြုထားတဲ့ ကယ်လီ ဖိုးနီးယားဘက်မှာတော့ “Dear John” လို့ပြောရင် အဲ့တာဖြတ်စာကိုပြောချင်တာလို့ သတ်မှတ် ကြပါတယ်တဲ့။ လူငယ်တွေကြားက ဘမ်းစကားတခု လို့ထင်ပါတယ်)
တလောက (မနှစ်က ဒီဇင်ဘာလ က ဟောင်ကောင်ကိုသွားတုံးက) သတင်းစာ တစောင်ရဲ့ အထွေထွေ ကဏ္ဏ ထဲမှာ ဘတ်လိုက်မိတာ တခုရှိပါတယ်။ အဲ့ဒီ အာတီကယ်ထဲမှာ စာရေးသူ က ခုနောက်ပိုင်းမှာ လူတွေ က စာရေးတဲ့ အလေ့အထ ကို သိပ်မကျင့် သုံးကြတော့ဘူး ထင်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီအကြောင်း ကို သြစတြေးလျမှာ ကျောင်းသွားတက်နေတဲ့ သူငယ်ချင်းတယောက် နဲ့ ကြုံလို့ စကားပြောဖြစ် ကြတော့ သူက သူနဲ့သူ့ကောင်မလေးဆိုရင် သူကျောင်းတက်နေတဲ့ နှစ်နှစ်လုံးလုံး တနေ့တစောင်နှုံးနဲ့ စာရေးပေးတာ တရက်မှ မပြတ်ခဲ့ ဘူးလို့ ဆိုပါတယ်။
ဟုတ်ပါတယ်။ လောကမှာ လူအများစုထက် ကံ ပိုကောင်းတတ်တဲ့ လူတွေရှိတတ်ကြတာပဲ။ နောက် ကျောင်းတုံးက သူငယ်ချင်းတတွဲ ရှိပါသေးတယ်။ ကျောင်းပြီးသွားတော့ သူတို့တွေ တယောက်က နိုင်ငံခြားမှာ ကျောင်းသွားတက် အလုပ်သွားလုပ်ပြီးတော့ ကြိုးစားတဲ့အချိန်မှာ တယောက်က မြန်မာပြည်မှာကျန်ခဲ့တာပါ။ နှစ်ယောက်စလုံး ကွဲနေကြတဲ့ ခုနှစ်နှစ် လုံးလုံး စာအဆက်အသွယ် မပြတ်ကြဘူး။ နောက်ဆုံး ကောင်လေးက ခုနှစ်နှစ်နိုင်ငံခြားမှာ ငွေစု ပြန်လာတော့ လက်ထပ်ကြပါတယ်။ လက်ထပ်ပြီးတော့ သူတို့ အိမ်မှာ ကွဲနေကြတဲ့ အချိန်ကရေးထားတဲ့ ခုနှစ်နှစ်စာ စာတွေကို သေတ္တာလေး ခုနှစ်လုံးနဲ့ ထည့်ထားတယ်တဲ့။
ဘာလို့များ စာနဲ့ ပတ်သက်ရင် ရည်းစာစာပေးတာပဲဖြစ်ဖြစ် ပြန်စာရတာပဲဖြစ်ဖြစ် ယောက်ျား လေးတွေက ပိုပြီးခံစားတတ်ကြတာလဲ။ ဒါမှမဟုတ် ယောက်ျားတွေကပဲ ရည်းစားစာပေးတဲ့ အလေ့အထကို ပိုတန်ဖိုးထားတာလား၊ ကိုယ်တို့တွေလဲ ယောက်ျားတွေကို စာစပေးကြမှနဲ့တူ တယ်။ ရေးကြမယ်ဟေ့ ဆိုရင်လဲ ဘာရေးရမလဲမသိပြန်ဘူး။ ကောင်လေးတွေဆိုလဲ ရည်းစား စာ ရေးကြရတော့မယ်ဆိုရင် ရှိရှိသမျှ သူငယ်ချင်းတွေအတွေ့အကြုံရှိနေခဲ့ကြဖူးတဲ့ အကိုကြီး တွေ အကုန် ကို အရပ်ကူပါ လူဝိုင်းပါ လုပ်ကြရတော့တာပဲမှလား။
ဒီစာကိုရေးနေရင်းနဲ့တောင် ဆရာ ဇဝန ရဲ့ “ကျတော့လင်” ဆိုတဲ့ ဝတ္ထု ကိုသတိရမိသေး တော့ တယ်။ နောင်မကြာတော့တဲ့ နှစ်တခုမှာ ယောက်ျား တွေနဲ့ မိန်းမတွေ ရိုးလ် မတူတော့တဲ့ (ပြောင်းပြန်ပြောင်းသွားတဲ့) အကြောင်းရေးထားတာ။ ဥပမာ ယောက်ျား လေးတွေဆိုရင် အရှက်တွေသိက္ခာတွေကိုပိုတန်ဖိုးထားရတယ်။ အိမ်မှာ ဗိုင်းကောင်း ကျောက် ဖိနေရမယ်။ အမေ တွေက အိမ်ပြင်ထွက် စီးပွားရှာနေချိန်မှာ အဖေတွေက အိမ်ကို ကွပ်ကဲ သားတွေ ကိုထိန်းသိမ်း အိမ်မှုကိစ္စတွေ နိုင်နင်းအောင် သင်ပြ၊ ကောင်မလေးတွေက အရွယ်ရောက်လာ ရင် ကောင်လေးတွေအိမ်ရှေ့ ခြေအေးဝမ်းယောင် လမ်းလျောက်ကြ။ ဟန်ရေးပြကြ ကိုယ် ကြိုက်နေတဲ့ ကောင်လေးကိုတွေ့ရင် လမ်းမှာ စကားလိုက်ပြော။ ညဘက် ကောင်လေး အိမ်ရှေ့ ဂစ်တာ သွားတီး ကောင်လေးတွေက အရှက်သည်းသည်း နဲ့အမေ့ ကို တိုင်ပြောမှာ နော် လို့ မူကြ နွဲ့ကြ အဲ့လို ကဘောက်တိကဘောက်ချာရေးထားတာပါ။ အဲ့လို ခေတ် စနစ် ရောက်မလာဘူးလို့လဲ မပြောနိုင်ဘူးလေနော်။ အဲ့အခါကျရင် ဖန်းမနင်း တွေ ခုအော်အော် နေကြတဲ့ ဂျန်ဒါ ကို ဘယ်လိုပြောင်းအော် ကြမှာလဲ စိတ်ဝင်စားမိတယ်။ ထားပါ။ ခုနက ပြော နေတဲ့ စာအကြောင်းပြန်ဆက်ကြမယ်။
ကိုယ်ဆိုရင် တနေ့တနေ့အလုပ်နဲ့ပတ်သက်တဲ့ စာတွေရေးရတယ်။ ရီပိုထ့်တွေ ရေးရတယ်။ ကိုယ့် စာဘတ်တဲ့ ပရိတ်သတ်တွေ အတွက် ဘလောခ် ပိုစ့်တွေ ရေးရတယ်။ အဲ့ဒီ ကြားထဲ ကမှ ရည်းစားစာရေးရအုံးမယ် ဆိုရင် တော့ သေမှာပဲ။
ဒါပေမယ့် တကယ့်တကယ် ရေးတဲ့အခါကျတော့လဲ စာတွေစကားလုံးတွေ မလိုပါဘူး။ ဘာလို့လဲ သိချင်ကြပြီမှလား?။
တလောက အလုပ်မှာ ညနေပိုင်း အလုပ်လုပ်နေရင်နဲ့ မောင့်ကို ရုတ်တရက် အရမ်းလွမ်း လာတယ်။ အဲ့တာနဲ့ ဘေးက ဖုန်းကိုယူပြီးတော့ မောင့်ကို သင်္ကေတ တွေ အတွဲလိုက် text ပြီး မက်စေ့ခ်ျ ပို့ပေးလိုက်တယ်။ ဒီလိုလေ “…!@#$%^&*(…….”
နောက် နှစ်မိနစ် လောက်လဲနေရော “ပိ” ဆိုတဲ့ မက်စေခ်ျ ဝင်လာကြောင်း ဖုန်းမြည်သံလေးနဲ့ အတူ သူ့ဆီက ပြန်စာဝင်လာတယ်။ သူရေးထားတာကလဲ…….“+_)(*&^%$#@.....”ဆိုတဲ့ သင်္ကေတ အတွဲလိုက်ကလေးပါပဲ။
ကြည်နူးနှစ်သိမ့်မှုလေးက တကိုယ်လုံးကိုညင်ညင်သာသာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးဆင်းသွားပါတယ်။ တကယ်တော့ လောကကြီး တခုလုံးမှာ ကိုယ့်ကို နားလည်တာ ကိုယ်ပြောချင်တာ ကိုသိတာ က သူပဲ မဟုတ်လား။ ဘာသာစကားတွေ စကားလုံးတွေနဲ့ တန်ဆာ ဆင်နေဖို့မလိုပါဘူး။ နှစ်တွေ တောင်အတော်ကြာခဲ့ပြီ အဲ့ဒီ စာတိုကလေးက ကိုယ်ရ ဖူးတဲ့ စာတွေထဲမှာ ကိုယ့်ကို ကြည်နူး နှစ်သိမ့် မှုအပေးနိုင်ဆုံးပဲ။ အမှတ်တရ အရှိစေဆုံးပဲ။
ကဲကဲ အဆုံးသတ်ရရင်တော့ …. ရည်းစားစာတွေကိုကော သိမ်းထားဘူးပါသလား။ သိမ်းထားခဲ့ပါသလား၊ ကိုယ်ကတော့ သိမ်းထားတယ်။ တခါတလေပြန်ပြန်ဘတ်ရင် အရင်တုံးက ခံစားချက်လေးတွေ ငယ်မူ ငယ်သွေး ပြန်ကြွလာတတ်ပါတယ်။ အဲ့ဒီ အချိန်က ခံစားခဲ့ရတဲ့ ခံစားချက်လေးတွေ ကို စားမြုံပြန်ရတာလဲ တခါတလေတော့ ကောင်းပါတယ်။
မောင်နဲ့ ကိုယ်စကြိုက်ကာစ ကဆိုရင် နေ့တိုင်း စာအပြန်အလှန်ရေးကြတယ်။ ကိုယ်က အိမ် ကနေရေးလာခဲ့တယ်။ မောင်က ညနေဘက်အလုပ်လာကြိုရင် သူရေးလာတာ ကိုပေးတယ်။ ကိုယ်ကလဲ ကိုယ်အသင့်ရေးလာတာကို ပြန်ပေးတယ်။ တခြားရည်းစားတွေနဲ့လဲ စာတွေ ရှိ တယ်။ အကုန် သိမ်းထားတယ်။ ကိုယ်က ဇာတ်လမ်း တခု လုပ်တိုင်း လုပ်တိုင်း အဲ့ဒီ တုံးက ခံစားချက်တွေကို စာအုပ်သေးသေးလေးတွေနဲ့ ဒိုင်ယာရီ သဘောမျိုးရေးထားတာတောင် ရှိတယ်။ မောင်က အဲ့တာတွေ တခါတခါ ယူယူဘတ်ပြီး ဂျေဒိုးနတ်တွေသူ့ဘာသာ စားနေ တတ်တယ်။ စားလို့ မနိုင်တော့ရင် ကိုယ့်ကို လာလာပေါက်တာပေါ့။ ကိုယ်က အစကတည်းက ပြောထားပြီးသားပဲလေ ယူယူဘတ်ပြီး ကိုယ့် ဒုက္ခ ကိုယ်မရှာနဲ့ လို့ ကိုယ်ကတော့ တခါတလေ စာရေးဖို့ အတွက် အင်စပရေးရှင်းယူတဲ့အနေနဲ့ပြန်ပြန်ဘတ်တတ်တယ်။ တခါတလေ စာအုပ် စင်များရှင်းရင် တမေ့တမောဘဲ ပြန်ဘတ်နေတတ်တယ်။ (နောက်မှကြုံရင် တင်ပေးပါအုံးမယ်)
မှတ်ချက်
ပုံကို သုံးခွင့်ပေးတဲ့ နန်းညီ ကိုကျေးဇူး တင်ပါတယ်
A Chen
11:23 PM
Thursday
31st March 2011
New Era Hotel
Kunming, China
ဒါဆိုရင် အီးမေးလ်တွေကို ပရင့်ထုတ်သိမ်းထားရမလားဟင်လို့..။
ReplyDeletewow....so Romantic....I am your fun...but never comment...your's Mg is so lucky...
ReplyDeleteဘာဆက်လုပ်ရမယ်မှန်းမသိတဲ့စာတွေကို ဓာတ်ပုံရိုက်ထားတာ ဒီနေရာမှာ ဒီလိုလေး အသုံးတည့်သွားတယ်ဆိုတော့လည်း ဝမ်းသာပါတယ်လေ..
ReplyDeleteဘာဆက်လုပ်ရမှန်းမသိဘူးဆိုရင် တွဲပြီး စာအုပ်အဖြစ်ထုတ်လိုက်လေ လို့
ReplyDeleteတီရေ.. ခုတော့ စာမပြောနဲ့ သူငယ်ချင်း မိတ်ဆွေတွေဆီကတောင် အီးမေးလ်နဲ့ လှမ်းစကားပြောကြတာ တော်တော်ရှားလာဘီ။ ဖော်ဝက်မေးလ်တွေကြီးပဲ။ (ကိုယ့်တယောက်ထဲ ဖြစ်နေတာလားမသိ) ဟီးဟီး
ReplyDeleteသြော်.... တီချမ်းရေးပြမှပဲ Lake House ရဲ့ original က ကိုးရီးယားဆိုတာ သိရတယ်။ အော်တော့ ကြည့်ဖူးဘူး။ ဟောလီးဝုဒ်ကားတော့ တော်တော်လေး ကြိုက်တယ်။
ReplyDeleteကိုယ်လည်း စာတွေ အပြန်အလှန်ဆက်သွယ်ရတာကို သိပ်ကြိုက်တယ်။ အချစ်ဆုံးသူငယ်ချင်းနဲ့လည်း စာအဆက်အသွယ်တွေရှိဖူးတယ်။ ရည်းစားစာတွေလည်း ရေးခဲ့၊ ပေးခဲ့ဖူးတယ်။ (သူအဝေးရောက်နေတုန်းကပေါ့)
ကိုယ့်အတွက်တော့ လက်ရေးစာသားနဲ့ ကွန်ပျုတာစာသား ဖတ်ရတဲ့ အရသာက ဆီနဲ့ရေလိုပဲ ကွာခြားတယ်။