Sunday, April 3, 2011

ခရမ်းရောင်ပန်းတွေ...(lavenders)



fotos from google and edited by A Chen


ခရမ်းရောင်ပန်းတွေ

ခေါက်ဆွဲတပွဲ ရေနွေးကြမ်းတခွက်နဲ့
ကိုယ်ဆွေးနေတဲ့ အခါ
ကိုယ်ငေးနေတဲ့ အခါ
ကိုယ်တွေးနေတဲ့ အခါ
တခါက
(ကိုယ်နေလာခဲ့တဲ့)
ကောင်းကင်ဘုံက အနံ့ ကိုပြန်ပြီး
သတိရမိရဲ့
တမ်းတမိရဲ့
လွမ်းဆွတ်မိရဲ့

လမ်းဘေးမှာ တယောထိုးပြီး
ပိုက်ဆံတောင်းနေတဲ့
ဂီတ သမားကိုတွေ့မိတဲ့အခါ
ကလေးတွေအတွက်
ရောင်စုံ မိုးပျံ ပူဖောင်းလေးတွေ
ရောင်းနေတဲ့ ဂျိုကာကို
တွေ့မိတဲ့အခါ
ညစ်ညစ်ပတ်ပတ်
စုတ်စုတ်ပြတ်ပြတ်
နံနံစော်စော်
ဝတ်ဆင်ထားတဲ့
လမ်းဘေးက
သူတောင်းစားအဖိုးအိုကို
တွေ့မိတဲ့အခါ
မသိကျိုးကျွံပြုမှုတွေနဲ့
သူတို့ကြို့ဖတ်ကျော်သွားတဲ့အခါ
မမြင်ချင်ယောင်ဆောင်ပြီး
ဥပေက္ခာပြုလိုက်မိတဲ့အခါ
သူတို့တွေဟာ
တခါက
(ကိုယ်နေလာခဲ့တဲ့)
ကောင်းကင်ဘုံသား
တမန်တော်တွေက
လူယောင်ဆောင်ဖန်ဆင်းထားကြပါလားဆိုတာ
ကိုယ်သတိမပြုမိခဲ့ဘူး

ခရမ်းရောင်ပန်းတွေနဲ့
လွင်ပြင်လိုဖြစ်နေတဲ့
ကွင်းပြင်ကြီးတခုဘေးကို
ဖြတ်သန်းသွားတဲ့
ရထားတစင်းပေါ်က
စားသောက်ခန်းတွဲပေါ်မှာ
အထီးကျန်ခရီးသည်တယောက်အဖြစ်
ကိုယ်လိုက်ပါစီးနင်းလာခဲ့တဲ့အခါ
သောက်ရေခွက်ထဲ
ကိုယ့်မျက်ရည်တွေ
တစက်ချင်း တစက်ချင်း
လိမ့်ကျ စီးဆင်းနေတဲ့အခါ
ခွက်ထဲကနေ
လျှံကျလာတဲ့အခါ
တခါက
(ကိုယ်နေလာခဲ့တဲ့)
ကောင်းကင်ဘုံက
တေးသီချင်းသံတွေကို
တံပိုးမှုတ်သံတွေကို
ကြားယောင်မိရဲ့
ခံစားမိရဲ့
ရင်ခုန်မိရဲ့...

A Chen
6:00 PM
30th March 2011
Wednesday
Crystal Palace
Chit Lon BTS
Bangkok

inspired from the HK movie named "Lavender"

No comments:

Post a Comment