Wednesday, October 27, 2010

ယောက်ျား အသုံးချနည်း တစ်ရာ

ယောက်ျား အသုံးချနည်း တစ်ရာ

တခါတုံးက လူတစ်ယောက်က “ကြောင်သေ အသုံးချနည်း တစ်ရာ” ဆိုပြီး စာအုပ်တစ်အုပ်ရေးထုတ်ဖူးပါတယ်။ ကြောင်သေကို အစာသွတ် အရုပ်တွေ လုပ်ကြတယ်၊ ကုလားထိုင်လက်တန်းတွေ လုပ်ကြတယ်၊ သားရေတွေ ကို အလှပြ ဖို့အတွက်ထားတယ်၊ အသားကို ကြပ်တိုက်တယ်၊ တချို့ဒေသတွေမှာဆို ကြောင်မွှေးကို လက် အိတ်လုပ်တယ် စသဖြင့်ပေါ့လေ။ ကြောင်မုန်းသူတွေအတွက်တော့ အဲ့စာအုပ် ဖတ်ရင်း ရာနှုန်းပြည့် ကျေနပ်တဲ့ စိတ်အရသာကိုခံစားရမှာ သေချာတယ်။ အဲ့လိုပဲ ကြောင်ချစ်သူတွေကိုလဲ ပြုံးမိနိုင်စေတဲ့ စာအုပ်လေးပါ။ တကယ်လို့ သင်ဟာ ယောက်ျားတွေကို မုန်းလဲမုန်း ချစ်လဲချစ်တဲ့သူဆိုရင် ယောက်ျားအသုံးချနည်း ၁၀၀ ဆိုတဲ့ စာတမ်းမျိုးပြုစု ကြည့်ဖို့ အကြံပေးချင်တယ်။ စရမခက်အောင် ထုံးစံအတိုင်း တီချမ်းက ဥပမာလေး နည်းနည်း ပါးပါးလေးပေးထားမယ်လေ။ ကြည့်ကြည့်ရအောင်နော်…

တံဆိပ်ခေါင်းကပ်စက်။ ။ ကိုယ့်ချစ်သူကို “နမ်းပါ” လို့ မူနွဲ့နွဲ့ တောင်းဆိုလိုက်ပါ။ အဲ သူ့လျာ က ပါးစပ်ထဲကနေ ထွက်လာပြီဆိုတဲ့ အချိန်ကျတော့မှ ကိုယ်အလိုရှိတဲ့ တံဆိပ်ခေါင်း ကို သူ့လျာနဲ့ သုတ်ပြီးတော့ စာအိတ်မှာ ကပ်ပေါ့။

လူ့အသားနဲ့ ပြုလုပ်ထားတဲ့ သဲအိတ်။ ။စိတ်မကျေနပ်ဖြစ်နေတဲ့အခါကျရင် လက်သီးစာကျွေး ပြီး စိတ်အစာဖြေလို့ ရတာပေါ့။ မကျေနပ်ရင် ဆွဲဆိတ်လို့လဲရသေးတယ်။

စွမ်းအားပြည့် ပုလင်းဖွင့်စက်။ ။ဖွင့်လို့မရတဲ့ ဘူးတွေ ပလုံးတွေ ပုလင်းတွေ အကုန်လုံး သူ့ကိုသာထိုးပေးလိုက်ပါ။

အလိုအလျောက် နှိပ်စက်။ ။သူ့ပေါ်မှာ လှဲအိပ်နေပြီးတော့ ကိုယ့်ကို ဇက်ကျောဆွဲ နှိပ်နယ်ပေးပါစေလေ။

သဘာဝလုပ် အနွေးထည်။ ။ဆောင်းတွင်းဆိုရင် အနွေးဓါတ်ကို လုံလုံလောက်လောက်ပေးစွမ်းနိုင်တယ်။ လိုအပ်ရင် အပူအထိတောင် ဒီဂရီ တိုးပေးနိုင်သေးတယ်။ လောင်စာဆီထည့်စရာမလို၊ ထင်း၊ မီးသွေးမလို၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ကိုက်ညီတယ်။

လူ့ပုံစံ တီထွင်ထုတ်လုပ်ထားသော ကရိန်း ဝန်ချီစက်။ ။အိမ်ပြောင်းတာမျိုး၊ သယ်စရာပြုစရာ ရွေ့စရာပစ္စည်းရှိတာမျိုးတွေ၊ ကိုယ်မနိုင်တာ မှန်သမျှ (သို့) သယ်ချင်တာမှန်သမျှ အကုန် သူ့သယ်ခိုင်းရပါတယ်။ (မှတ်ချက် အဖိုးအခက “အရမ်းချစ်တာပဲ” ဆိုတဲ့ မူနွဲ့နွဲ့ ချိုကြည်ကြည် စကားသံလေးတခွန်းထဲပါ)

အေတီအမ်စက်။ ။လကုန်လို့ ကိုယ့်မှာ ပိုက်ဆံပြတ်နေပြီဆိုရင် ကိုယ်ရဲ့ ပိုက်ဆံအိတ်ကို ယာယီဖြည့်ခိုင်းလို့ရတယ်။ ပြန်ပေးစရာက များသောအားဖြင့်မလိုပါ။

အိမ်တိုင်ရာရောက် အစားအသောက်ပို့တဲ့ delivery boy။ ။ ညဘက် ကိုယ် တခုခု စားချင်နေတာ ကိုယ်တိုင်လဲထွက်မဝယ်ချင်ဘူး သေချာတာပေါ့ သူ့လာပို့ခိုင်းလိုက်ပါ။ ဖုန်းလေးတချက်ဆက်ရုံပါပဲ အိမ်တိုင်ရာရောက် လာပို့ပေးပါတယ်။ (ကြုံလို့ ကိုယ်တခါက ညဘက်ကြီး ကော်ဖီသောက်ချင်တယ်လို့ ပူဆာ ဖူးပါတယ် သောက်လဲသောက်ခဲ့ရပါတယ် ခုတော့ ဘယ်ရောက်နေပြီလဲကွယ်…? တခါတခါကျတော့လဲ အလိုလိုက်မှု လိုက်လျောမှုတွေ ဆိုတာ အချစ်ပမာဏနဲ့များ တိုက်ရိုက်အချိုးကျလေလားလို့ တွေးမိတယ် ကိုယ်ကတော့ အဲ့လိုနှင်နှင်ဖြစ်နေတာသေချာတယ် အင်းလေ…ဒါကတော့ ကိုယ်က အတ္တကြီးတာကိုးနော်)

ခေါင်းအုံးပျော့အိအိလေး။ ။ခရီးဝေးသွားရမယ့် ကားလမ်း လေကြောင်းလမ်း ဘယ်အရာမဆို သူ့ ပခုံးကို ခေါင်းအုံးအဖြစ် သဘောထားလိုက်ပေါ့။ (တခါတခါ စဉ်းစားမိပြန်ပါသေးတယ် ကိုယ်က စိတ်ကူးယဉ်တယ်ဆိုတော့လေ…မြက်ခင်းစိမ်းကျယ်ကျယ်ကြီးမှာပေါ့ (အဲ့ဒီမြက်ခင်းစိမ်းကျယ်ကျယ်က မြေပြန့်မဟုတ်ဘဲ ပြေးတက်စရာရှိတဲ့ တောင်ကုန်းလေးနဲ့ ဆိုရင်ပိုကောင်းမယ် တောင်ကုန်းထိပ်ကလေးမှာ ပန်းပွင့်ဖြူဖြူလေးတွေပွင့်တဲ့ အပင်ပုလေးတပင်နဲ့ပေါ့နော်) အဲ့ဒီအပင်အောက်မှာ ချစ်သူ ရဲ့ ဗိုက်သားနွေးနွေးလေးကို ခေါင်အုံးလုပ်ပြီးတော့ အနာဂတ်အတွက် စကားတွေ တောင်စဉ်ရေမရ လျောက်ပြောချင်မိတယ်။ သူက ဗိုက်ဆာလို့ပဲ ဖြစ်ဖြစ် နာလို့ပဲဖြစ်ဖြစ် ဗိုက်က အသံမြည်လာရင် ကိုယ်က ခိုးခိုးခစ်ခစ် ရယ်မှာပေါ့နော်)

စူပါအမှိုက်ပုံး။ ။ အတူတူအပြင်မှာ တခုခုထွက်စားကြတဲ့အခါတိုင်း ကိုယ်စားမကုန်တာ မစားချင်တာ မှန်သမျှ သူ့ပန်းကန်ထဲသာ ပစ်ထည့်ပါ ကုန်သွားပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက ဦးနှောက်ကိုသာ နည်းနည်း အလုပ်ပေးလိုက်ကြည့်ပါ။ ယောက်ျားတွေ အသုံးကျတာ အသုံးကျတဲ့နေရာတွေ တော်တော်များတာတွေ့ရပါလိမ့်မယ်။ အဲ ကိုယ်ကတော့ သုံးတတ်ဖို့လိုတာပေါနော့်။ တန်ဆေးလွန်းဘေးလို့ဆိုတယ်မှလား… ကဲပါလေ ပြောချင်တာက အဲ့လောက် အသုံးဝင်တဲ့ အသုံးတည့်တဲ့ အသုံးကျတဲ့ ယောကျာ်းဆိုတဲ့ အရာကိုယ် ဘယ်လိုများ ကိုယ်တို့တွေ စွန့်ခွာနိုင်ပါ့မလဲနော်…။

မှတ်ချက်။
စာဖတ်သူလဲ စဉ်းစားလို့ရရင် ကွန်မန့်မှာ ဖြည့်ပေးသွားပါ တချိန်ကျရင် ဒီလို စာအုပ်ပြုစုမည့်သူမရှိဘူးမပြောနိုင်ဘူးလေနော်။ အထောက်အကူရတာပေါ့။

A Chen
10:37 AM
27th Oct 2010
Wednesday
Bangkok

6 comments:

  1. ကိုယ်သေခါနီးမှာ ကုသိုလ်တရားအကြောင်းလေးတွေ ပြောပြပေးနိုင်မယ်ဆိုရင် အလွန်တရာကောင်းမြတ်လှသော ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်ကို တွေ့နိုင်အုံးမည်တည်း။ သို့သော်လည်း ဘယ်သူက အရင်သေမည်ကို မသိချေ၊ ထို့အပြင် ဘယ်နေရာတွင် သေရမည်မသိသောကြောင့် ကိုယ့်ဘေးနားတွင် သူ ရှိဖို့က မသေချာပြန်ဘူး။ ဟူးးးးးးး မောလိုက်တာ ဘဝရယ်.....

    ReplyDelete
  2. * နိဗ္ဗာန်ယာဉ် *

    လောလောဆယ်တော့ ပြန်လာမယ့်ရက် တရားစခန်း အတင်း ဝင်ခိုင်းဖို့ လုပ်နေတယ်။

    ခက်ဆစ်
    နိဗ္ဗာန်ယာဉ် = နိဗ္ဗာန် သို့ ဂုတ်ဆွဲပြီး၊ ဇွတ်အတင်း ပို့မည့်ယာဉ်။

    ReplyDelete
  3. ခေါင်းစဉ်နဲ့ သိပ်မကိုက်ဘူး ဖြစ်သွားတယ်။ ကိုယ်ရေးတာ...

    ReplyDelete
  4. ဟုတ်တယ် မမရီတာ
    ကိုကျော်သူကြီး ကိုပြေးမြင်လို့
    ဟိဟိ

    စကားမစပ်
    ခဏပြန်တာကို ကြည်နူးဖို့မစဉ်းစားဘဲ အမ ကိုတရားစခန်းအတင်းဝင်ခိုင်းမယ်ဆိုရင်တော့ ကိုယ့်လောကုတ္တရာအရေးအတွက်လား
    သူ့လောကီအရေးအတွက်လားဆိုတာ သေချာစဉ်းစားသင့်တယ်နော်

    ReplyDelete
  5. Addy ပြောတာ မှန်တယ်။
    ဒါပေမဲ့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။
    လုပ်မိတာကိုး။

    ReplyDelete
  6. တံဆိပ်ခေါင်းကပ်စက်မှာ... နမ်းရင် လျှာထွက်လာလို့လားဗျာ။ အဲဒါလိုမျိုးဆိုရင် လျှက်တာ ဖြစ်သွားမှာပေါ့။ နမ်းတာက နှာခေါင်းလေးနဲ့ နှုတ်ခမ်းလေးနဲ့လို့ပဲ သိထားဖူးလို့ပါ။ =)

    ReplyDelete