Thursday, August 4, 2011

မိန်းမတွေ ရဲ့ ရောဂါ

မိန်းမတွေ ရဲ့ ရောဂါ

“ဘယ်မိန်းမ ကိုမှ ကိုယ် တခါ မှ..... အခုလောက်.....” ဆိုပြီးတော့ ယောက်ျားတွေ က သူတို့ နဲ့ လက်ရှိ ပတ်သက်နေတဲ့ မိန်းမတွေ ကို ပြောကြလေ့ရှိတာ ကိုယ်တို့ ကြားဖူးကြပါတယ်။ ဒီလို စကားမျိုး ကို မောင်တို့ ပုရိသတွေ ပြောတာ အကြိမ် အထောင် အသောင်းကြားနေပါစေအုံးတော့၊ တခါ တခေါက် အသစ်ပြန်ကြားရတိုင်း လဲ ဦးနှောက်မပါရင် “ x ” စားမယ်ဆိုတဲ့ ကိုယ်တို့ မိန်းမတွေက ဦးနှောက်တွေဘာတွေ မေ့ထား ခေါက်ထား ပြီး နားနဲ့နားထောင်ပြီး နှလုံးသားနဲ့ ယုံတာပါပဲ။

ကဲ ဘာလို့ ယုံကြတာတဲ့လဲ?

ကိုယ်တို့တွေတကယ်ပဲ သူတို့ ယောက်ျားတွေဟာ ကိုယ့်အရင် မှာ ဘယ်မိန်းမ ကိုမှ အခုလောက် မချစ်ဘူးဖူး။ ဘယ်မိန်းမ ကိုမှ အခုလောက် မစွဲလမ်း ဘူးဖူး၊ ဘယ်မိန်းမ အပေါ်မှာမှ သူအခု ကိုယ့်အပေါ် နူးညံ့တာလောက် မနူးညံ့ဖူးဘူး၊ ဘယ်မိန်းမအေပ်ါမှာ မှ သူအခု ကိုယ့်အပေါ် ပူပြင်းလောင်မြိုက် နေသလောက် မပူလောင်ဖူးဘူး၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘယ်မိန်းမ တယောက်ကို မှ သူ မနမ်းဘူးဖူး မထိတွေကိုင်တွယ် ဘူးဖူး လို့ပြောလာရင် လဲ ယုံကြတာပါပဲ။

ကဲ တွေးကြည့်ကြပါအုံးလေ။ ဦးနှောက်လေးနဲ့ စိတ်အေးအေးထားပြီး။ ဘယ်ဖြစ်နိုင်ပါ့မလဲ။ သူက ကိုယ့်နဲ့ မတွေ့ခင် အထိ ဘုန်းကြီး ဝတ်နေတာလဲမဟုတ်၊ တောထဲကနေ ခုမှ လူ့လောကထဲ ကို ပြန်ရောက်လာတာ လဲမဟုတ်။

နောက်တခု က ကိုယ်တွေက ကော အဲ့လောက်တောင်ပဲ စွဲဆောင်မှု ပြင်းထန်နေပြီလား? တကယ်ပဲ “လိုရှင်း မင်းသမီး” လောက်နီးနီးလှနေပြီလား။ စိတ်အေးအေးထားတွေးပါလေ။

ကဲ နောက်တခု ထပ်ပြောရရင် သူ့အရင် ကောင်မလေးတွေ အမျိုးသမီးကြီးတွေကို သူက ယောက်ျား ဘာသာဘာဝ ချိုပျားသကာစကားတွေ မပြောခဲ့ရင်၊ မပီမပလာ ခဲ့ရင်၊ လျာရိုးမရှိတိုင်း ညာပြီး အာမရွှီးခဲ့ရင် အရင် သူ့ကောင်မလေးတွေ အကုန်လုံးက သူဘာမှ မလုပ်ဘဲနဲ့ သူ့နောက် ကို “နောက်ကနေ တကောက်ကောက်လိုက်၊ အကြောင်းမရှိ အကြောင်းရှာပြီး အိမ်ကို ဖုန်းတွေဆက်၊ လူတွေပြောပြောမကောင်းလဲ ချစ်မှာပဲ” လို့ ဆိုပြီး ဖြစ်နေကြလို့လား။ အဲ့လိုကောင်မလေးမျိုးတွေ မရှိဘူး မပြောပါဘူး ကိုယ့် အမျိုးသား “ကျား” စကားတွေ ကို ချင့်ချိန်ယုံဖို့ ပြောနေတာပါ။ တီချမ်း ပေါက်ကရတွေ လျောက်ရေးနေတိုင်း ခေါင်းစဉ် မလွဲသွားနဲ့လေ။

မောင် ချစ်တာ ကမ္ဘာမှာ ကိုယ်တယောက်ထဲပါ။ တလောကလုံးမှာ မောင့်အတွက်တော့ ကိုယ်သာ အလှဆုံးပါ။ မောင် ချစ်တာ ကိုယ်တယောက်ထဲပါ ဆိုပြီး ဗဒင် သီချင်းဆိုပြလဲ ကိုယ်ဘယ်လို ယုံရမလဲမောင်။ ကိုယ်က တခြား မိန်းမတွေ လို လှယုံ လှပြီး ဦးနှောက်မရှိတာ မှမဟုတ်တာ။ ကျန်တာတွေအကုန်ဖွဲတွေပါ ဆိုပြီးတော့ အဲ့ဒီ ဖွဲတွေ ကိုပဲ လက်တဆုပ်မက ၇ အိတ်လောက် (ဖြစ်နိုင်ရင်) ထမ်းချင်နေ ကြတာ မောင်တို့ ယောက်ျားတွေပဲ ဆိုတာ ကိုယ်တို့ မေ့လို့ မဖြစ်ပါဘူး။

လျှို့ ဝှက်ချက်တခု ကိုပြောပြရမယ်ဆိုရင်တော့ မောင့်တို့ကို ကိုယ်မယုံတာ ရှင်းပါတယ်။ အဖြေက မောင်တို့က ယောက်ျား ဖြစ်နေလို့ပဲ။

ဒါပေမယ့် ခက်တာ က မောင်တို့ ယောက်ျားတွေက “မင်းဟာ အားလုံးထဲမှာ အထူးခြားဆုံး၊ ဘယ်သူတယောက်နဲ့ မှမတူတဲ့ ခံစားချက်တွေကိုယ့်ကို အပေးနိုင်ဆုံး.....” လို့ ပြောလာတဲ့ အခါတိုင်း ကိုယ်တို့တွေစိတ်ထဲမှာ သံသယ တဝက်နဲ့ ယုံစားမှု တဝက် အမြဲ ဒွိဟ ဖြစ်ရပါတယ်။

ဒီတခါ ပြောတာကများ တကယ်ဖြစ်နေမလား။ မောင့် ရင်ထဲက စကား အစစ်အမှန်များလား။ ကိုယ်ဟာ တကယ်ပဲ မောင့် ဘဝ ရဲ့အလင်းရောင်လား၊ မောင့် ဘဝ အဖြေတွေကို သယ်ဆောင်လာပေးခဲ့တဲ့ နတ်သမီးလေးလား လို့ မောင်တို့ ရဲ့ အပြောတွေ ကြားမှာ မိန်းမောမူးရီ ယုံမှတ်ထင်ယောင်မှား ရပါတယ်။

မောင့် အရင် ရည်းစားတွေအကုန်က မောင့်ကို အတင်းလိုက်ကြိုက်ခဲ့လို့ သာမောင် က အားနာနာ နဲ့ ပြန်လိုက်လျောရရှာတာနေမှာ။ မောင်က မိန်းမတွေ ကို ငဲ့ညှာတတ်တဲ့ အခွင့်အရေးမယူ တတ်တဲ့ ရှာမှရှားတဲ့ ယောက်ျား“ကောင်း”မျိုးလေ။

ဒီကမ္ဘာလောကကြီးတခုလုံးမှာ မောင်ချစ်တာ ကိုယ်တယောက်တည်း။ မောင် အခွင့်အရေး စိတ်လိုလက်ရ ယူချင်တာလဲ ကိုယ်တယောက်တည်း။

အဲ့လိုမျိုးတွေ တွေးပြီးတော့ အဲ့လိုမျိုးတွေ အကြောင်းပြချက်တွေ ရှာပြီးတော့ ကြံကြံဖန်ဖန် ယုံပေးတတ်တာ ကြည့်ရတာ ကိုယ်တို့ မိန်းမတွေ ရဲ့ “ရောဂါ” နဲ့ပဲတူပါတယ်လေ။

နောက်ပြီး မိန်းမတွေ အများစုမှာ မသိစိတ်က ဘယ်လောက်ဆိုးတဲ့ ယောက်ျားပဲ ဖြစ်ဖြစ် ငါ့လက်ထဲရောက်လာရင်တော့ ငါပြင်ရင်ရမှာပါလေ။ ငါ့ကိုတော့ တကယ်ချစ်ရှာတော့ ငါ့စကားနားထောင်မှာပါ ဆိုတဲ့ ကယ်တင်ရှင် သူရဲကောင်း ဖြစ်ချင်စိတ် ဟာ အနည်းနဲ့ အများတော့ ရှိကို ရှိတယ်။ အဲ့တာ ကိုယ့်ကိုကိုယ် အထင်ကြီးတာမဟုတ်ဘူး မိခင် စိတ် ကိုအခြေခံတာပါ လို့ ကိုယ်ပြောရင် မောင်တို့ ယုံလိုက်ပါ။

ဒါပေမယ့် တကယ့်တကယ်တော့ အဲ့တာ ရောဂါလက္ခဏာစု ရဲ့ လက္ခဏာ တခုပါပဲ။

မှတ်ချက်။

မနေ့ညက အာကလီး ဘက်တီ ကြည့်နေရင်ဒ စီစင်တူးမှာ သူ စာရေးဆရာတယောက်ကို အင်တာဗျူးတဲ့ အခန်းပါတယ်။ အဲ့ဒီ စာရေးဆရာက မိန်းမတွေ ကို “လိုက်နည်း” “အောင်နိုင်နည်း” စတဲ့ ပုရိသ အသားပေ စာအုပ်တွေ ရေးတဲ့ စာရေးဆရာပါ။ ကိုယ်လဲ တွေးမိတယ် ကိုယ်ကကော ဒီလို ဆောင်းပါးလို့ ကိုယ့်ဘာသာ နာမည်တပ်ထားတဲ့ ဝတ္ထုမကျ အက်ဆေးမကျ စာတွေ လျောက်ရေးနေတာ မိန်းမတွေ ဘက်က ရေးနေတာလား၊ ယောက်ျားတွေ ဘက်ကရေးနေတာလား။ ယောက်ျားတွေ ကိုယ့်စာတွေကိုဘတ်ပြီး မိန်းမတွေ အပေါ် ပိုကောင်းစေချင်တာလား။ မိန်းမတွေ ကိုယ့်စာတွေဘတ်ပြီး ယောက်ျားတွေ ကို သတိထား တတ်စေချင်တာလား မသိတော့ပါဘူး။ အကုန်တော့ နည်းနည်းစီ ရောနေတယ် ထင်ပါတယ်။

ကဲ ဓါတ်လုံးတော့ ပေးလိုက်ပြီနော် လာလေ့ရော့ ကိုယ့်ဘာသာ ဥာဏ်ရှိသလိုသာ သုံးကြပေတော့။ အားနဲ့ ပစ်ရင် အဝေးရောက်တယ် ရေစိမ်သောက်ရင် သေးပေါက်တယ်။

A Chen
1:25 PM
Thursday
4th Aug 2011
Bangkok

9 comments:

  1. အောက်ဆုံးစာကြောင်းအမှန်ဆုံးပါဗျို.။
    အားနဲ.ပစ်ရင် အဝေးရောက်တယ်၊ရေစိမ်သောက်ရင်သေးပေါက်တယ်တဲ.၊ မှန်ချက်..

    ReplyDelete
  2. မှတ်သားစရာပါဘဲ....
    Nothing more painful than the truth" တဲ့...

    ReplyDelete
  3. တခါမှ မရောက်ဖူးပါ။ ခေါင်းစဉ်းစိတ်ဝင်စားလို့ ဖတ်လိုက်မိတယ်..
    သဘောထားတော့မပေးတော့ဘူး။ လက်ရှောင်တယ်...။ ကိုယ်တိုင်က ကျားကျားဖြစ်နေလို့ပါ...

    မိမိဗဟုသုတဝေငှပေးတာ ကျေးဇူး....အောင်မြင်ပါစေ

    ကန

    ReplyDelete
  4. မြိုချလိုက်မယ်။

    ReplyDelete
  5. e တစ်ရင် ချမ်းအပြစ်ဘဲ။

    ReplyDelete
  6. It's not a disease, born with it. I like your post.

    ReplyDelete
  7. ခရစ္စတလ်August 5, 2011 at 11:52 PM

    ကိုယ်နဲ့ သိပ်မဆိုင်သလိုပဲ ရီပြီး ပြန်သွားတယ် :)

    ReplyDelete
  8. အင်း စိတ်ကြီးရယ်ညစ်ပါ့ ၊ ဂျီမက ယောက်ျားတွေ မကောင်းကြောင်း ပြောတော့ အော်ဘဲရီရမလို ....

    ReplyDelete