Tuesday, August 16, 2011

အိမ်ထောင်ပြု၏ မပြု၏...

ခြေဆင်း။

ဒီပိုစ့်မှာ....ကိုယ်ရေးနေကျ မိန်းမ စွမ်းအားရှင် အယူအဆ တွေနဲ့ ဝိဝါဒ ကွဲပြားတဲ့ အယူအဆ တချို့ တင်ပြထားပါတယ်။

အိမ်ထောင်ပြု၏ မပြု၏....

တချို့ လူတွေ လာလာမေးကြတယ်။ တပြိုင်တည်း တချိန်တည်းမှာ လူနှစ်ယောက်ကို ချစ်မိနေတယ်။ ဒါပေမယ့် လူတယောက်ကိုပဲ လက်ထပ်လို့ဖြစ်မယ် ဆိုရင် ဘယ်လိုလုပ်ရမလဲတဲ့.....

လွယ်လွယ်လေး လက်မထပ်နဲ့ပေါ့.....

လက်မထပ်သေးရင် နှစ်ယောက်မကဘူး ကြိုက်သလောက် ချစ်လို့ ရတယ်။ လက်ထပ်တယ်ဆိုတာက ပြောရမယ်ဆိုရင် တဘဝလုံး တူတူနေပါမယ်၊ လက်တွဲရင်ဆိုင်ပါမယ် လို့ အဓိပ္ဗါယ် ရှိတဲ့ သက်ရောက်တဲ့ ကတိကဝတ်ပြုမှုတခုပဲလေ။ သူ့တယောက်တည်းပဲ လုံးလုံး ဝဝ မချစ်နိုင်သေးရင် သူ့ကို လက်မထပ်နဲ့။

တကယ်လို့ ကိုယ့်ကိုကိုယ် အသက်အရွယ်ကလေးလဲ ရလာပြီ။ အကြောင်းကြောင်းကြောင့် လက်မထပ်ရင် မဖြစ်တော့ဘူး ဆိုတဲ့ အခါကျတော့မှ ခုနက အချစ်ဇာတ်လမ်း နှစ်ခုထဲက တခုကို ရွေးချယ် အဆုံးသတ်လိုက်ပေါ့။
ချစ်တဲ့သူနဲ့ လက်ထပ်တဲ့သူ တယောက်ထဲဖြစ်စရာမလိုပါဘူးလေ။ ကိုယ်တို့တွေ စိတ်ထဲမှာလဲ သိနေတယ် သိခဲ့တယ် သိနေအုံးမယ် တချို့ ယောက်ျားတွေ က ချစ်ဖို့ ပဲကောင်းပြီးတော့ လက်ထပ်ဖို့ မကောင်းဘူး၊ တချို့ယောက်ျားတွေကျတော့ အဲ့လောက် ချစ်ဖို့ မကောင်းပေမယ့်လဲ လက်ထပ်ဖို့ ကျတော့ သင့်တော်နေပြန်တယ်။ အချစ် မပါတဲ့ အိမ်ထောင်ရေး ဘာညာ လေမကန်ပါနဲ့ အချစ်က အိမ်ထောင်ရေး ရဲ့ တစိတ်တပိုင်းသာဖြစ်ပြီးတော့ အိမ်ထောင်ရေးမှာ အချစ်ထက် ဦးနှောက် နဲ့ နားလည်မှုက ပိုအရေးကြီးတာ ခုခေတ်လူတိုင်းသိကြတယ်။

ချစ်ရုံချစ်တဲ့သူက ကိုယ့်ကို စောင့်ရှောက်ဖို့ တာဝန်ယူဖို့ သိပ်သိစရာ နားလည်စရာမလိုဘူး။ ချစ်ဖို့ ပဲ အဓိက....ချစ်တတ်ဖို့ ပဲ ပဓာန။ ဒါပေမယ့် ကိုယ်ယူမယ့် ယောက်ျား လက်ထပ်မယ့် ယောက်ျား အိမ်ထောင်ပြုမယ့် ယောက်ျား ကိုယ့်ဘဝ ကို သူ့လက်ထဲထည့်မယ့် ယောက်ျား ဘဝတခုကို တူတူလက်တွဲ မယ့် ယောက်ျား ကတော့ ကိုယ့်ကို စောင့်ရှောင့် နိုင်ဖို့ကောင်းကောင်းလိုပါတယ်။

ချစ်မယ့် သူက ချစ်နေဖို့ ပဲ အချိန်တိုင်းမှာ ချစ်နေဖို့၊ ကိုယ့်ကိုတွေ့ချင်နေဖို့၊ ကိုယ့်ကိုတွေ့ရင် ရင်ခုန်နေဖို့၊ အမြဲတမ်း ကိုယ့်ကြောင့် စိတ်လှုပ်ရှားနေဖို့ ပဲ လိုတယ်။ နှစ်ယောက် တူတူထိုင်ပြီး ဘာမှမလုပ်ဘဲနဲ့ ကြည့်ဖူးတဲ့ ရုပ်ရှင် တကား ဘတ်ဖူးတဲ့ စာအုပ်တအုပ်အကြောင်းတောင်ပြောတာတောင် တနေ့လုံး တညလုံး ထိုင်ပြောနိုင်ကြတယ်။ အဲ့လိုပြောရတာကိုလဲ ကြည်နူးတယ် ကျေနပ်တယ်။ ဒါပေမယ့် ကိုယ်ယူမယ့်သူ၊ လက်ထပ်မယ့်သူ အိမ်ထောင်ပြုမယ့်သူ ကျတော့ အဲ့လို တူညီတဲ့ ဝါသနာ တူတူပြောလို့ ရတဲ့ အကြောင်းအရာ ရှိချင်မှရှိမယ်...ဒါပေမယ့် ဘဝ ကို တူတူ လက်တွဲ သွားရမယ့် အဖော်တော့ ဖြစ်ရမယ်။

နှလုံးသားတခုက နှလုံးသား ပေါင်းများစွာ ကိုချစ်လို့ ရတယ်။ ခန္ဓာကိုယ်တခုကလဲ ခန္ဓာကိုယ်ပေါင်များစွာ ကို ချစ်နိုင်တယ်။ ဒါပေမယ့် ဘဝတခုကတော့ ဘဝ တခုနဲ့ပဲ တချိန်တည်းမှာ တရားဝင် ပေါင်းစပ်နိုင်လိမ့်မယ်။ ချစ်သူအများကြီးထားတာ မျက်နှာ များတာ ဖြစ်ကောင်းဖြစ်မယ် အိမ်ထောင်ပြုပြီးမှ နောက်တယောက်ကို ချစ်တာ ကျတော့ အိမ်ထောင်ရေး ဖောက်ပြန်တာ ဖြစ်သွားပြီ။ ချစ်သူတယောက် ထားတယ် ကွဲတယ် ဘာမှ မဖြစ်ဘူး။ အိမ်ထောင်ကွဲရင်တော့ ကိုယ်က အလိုလိုနေရင် တခုလပ် ဆိုတဲ့ ဘဝကို ပြောင်းသွားတာပဲ။ (မိန်းကလေးတွေမို့လို့ ဘာမို့လို့ အိမ်ထောင်မပြုဘဲအတူနေရင် နစ်နာတယ် ဘာညာ မပြောပါနဲ့လေ။ တကယ်နစ်နာတယ် လို့ ပြောမယ်ဆိုရင် မိန်းကလေး တွေချည်းပဲ တဘက်သတ်နစ်နာတတ်ကြတာ မဟုတ်ပါဘူးဆိုတာ သိသိရက်နဲ့။)

ကဲ ဒီလိုဆိုရင် ဘာလို့များ အိမ်ထောင်ပြုနေကြသေးလဲ မေးစရာဖြစ်လာပြီ။

အဖြေက အရာရာ အစစ အကုန်လုံးကို ကိုယ့်ဘက်ကလဲ သူတယောက်အတွက်တော့ဖြင့် မငြိုမငြင် ပေးဆပ် နိုင်ပြီ ဆိုတော့မှ လူတယောက်ကို လက်ထပ်ပေါ့။

ဒါပေမယ့် ပိုအရေးကြီးတာ တခုရှိသေးတယ် အဲ့တာက ဘယ်တော့မှ ဘယ်တော့မှ... (never...never...) အိမ်ထောင်ပြုဖို့ အတွက်နဲ့ တော့ ကိုယ့်ဘဝ ကို ကိုယ့်လွတ်လပ်မှုကို ကိုယ့်လိုအင်တွေကို မစတေးပါနဲ့။
အဲ့တာဆို အိမ်ထောင်ပြုလိုက်ရတဲ့ မျှော်လင့်ချက်။ ပေးဆပ်မှု တွေက သိပ်ကြီးသွားလိမ့်မယ်။

တချို့ လူတွေ ကျတော့လဲ လက်ရှိ ဘဝ ကို လွတ်မြောက်ချင်လို့ လက်ထပ်ကြတယ်။ အိမ်ထောင်ပြုကြတယ်။ ဥပမာ ကောင်မလေးတွေ ပိုက်ဆံ ရှိတဲ့ သူကို ယူတာ ကောင်လေးတွေ မမကြီးတွေကို ယူတာ။ တချို့ကျတော့လဲ လက်ရှိဘဝကို ရိုးအီလာလို့ ဥပမာ ရည်းစားတွေ ထည်လဲတွဲနေတဲ့ လူလတ်ပိုင်းယောက်ျားတယောက်က သူ့ကိုသူ သင့်တော်ပြီ အတည်ကျဖို့ သင့်ပြီ လို့တွေးပြီး အိမ်ထောင်ပြုတာမျိုး။ ဆိုလိုတာ လက်ရှိဘဝ ကို အီလာလို့ မိန်းမယူတာ။ လူပျိုဆိုတဲ့ ဘဝ ကို စွန့်ပြီးတော့ အိမ်ထောင်သည် ဆိုတဲ့ ဘဝ ကို ပြောင်းချင်တာ။ တချို့ စုံတွဲတွေ ရည်းစားသက်တမ်း ကြာလာလို့ အိမ်ထောင်ပြုကြတာ။ အချိန်ရောက်လို့ ရည်းစားဘဝ ကို အီလာလို့ ဘဝကို နောက်တဆင့် ထပ်တက်ချင်လို့.....စသဖြင့်ပေါ့။

ရည်းစားတွေ ထည်လဲတွဲနေရတဲ့ဘဝ ကိုငြီးငွေ့လာပြီ.....အိမ်ထောင်ပြုလိုက်တာအေးတာပဲ
ချမ်းသာတဲ့ ဘဝကို မြန်မြန်ရောက်ချင်ပြီ အိမ်ထောင်ပြုလိုက်တာအေးတာပဲ
အလုပ်ကလဲ အတည်တကျဖြစ်နေပြီ အိမ်ထောင်ပြု ဖို့ သင့်နေပြီ....
မိဘတွေနဲ့ ခွဲနေချင်ပြီ အိမ်ထောင်ပြုလိုက်မယ် အကြောင်းပြချက်ရအောင်...
တွဲလာတာကြာလှပြီ အိမ်ထောင်ပြုဖို့ ကောင်းနေပြီ...
နောင်သူနဲ့ ပေါင်းရမပေါင်းရမသေချာဘူး ခုသေချာတုံး ယူလိုက်တာ ကောင်းတယ်....မသေချာတာတွေ တခါတည်း သေချာသွားအောင်လေ။ ဝေးဖို့ မရှိတော့ဘူးပေါ့။

ဒါပေမယ့် နောက်မှသိရတာက လက်ထပ်လိုက်ပေမယ့် ကိုယ့်တို့တွေ ရဲ့ဘဝတွေက လက်မထပ်ခင်ကနဲ့ ဘာမှ ပိုထူးခြားမသွားဘူး။ ရည်းစားကလဲ ကိုယ့် အတွက် ဘာမှ ပို ပြောင်းလဲလာတာ မရှိဘူး။ အိမ်ထောင်သည်တွေဖြစ်လာတော့ ပိုတာဝန်များလာတယ်။ သူ့ဘက် ကိုယ့်ဘက် သူ့အမျိုး ကိုယ့်အမျိုး ကိစ္စ တွေပိုများလာတယ်။ ညှိနှိုင်းရတာ အလျော့ပေးရတာ တွေပိုများလာတယ်။

မိန်းကလေးတွေအနေနဲ့ ကလဲ တချို့တက်လမ်း ရှိမလား မှတ်လို့ အိမ်ထောင်ပြုပါတယ် အပျိုဆိုတဲ့ လွတ်လွတ်လပ်လပ် ဘဝ ဆုံးသွားတာ၊ အိမ်ထောင်မှု တာဝန်တွေပိုများလာတာ စတာတွေပဲ အဖတ်တင်တယ်။ ဘဝကို တော့ အရင်လို ရုံးရ ကန်ရတုံးပဲ နှစ်ယောက်ပေါင်းပြီးတော့ လဲ ၂ ဖြစ်မလာဘူး။ သူလဲ ၁ ကိုယ်လဲ ၁ ပဲ။

လက်ရှိဘဝ က လွတ်မြောက်ချင်လို့ အိမ်ထောင်ပြုတယ် နောက် ပိုမကောင်းတဲ့ ဘဝတခုထဲကို ပြုတ်ကျသွားတာပဲ ရှိတယ် ဘာမှ ပိုမထူးလာဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ ထင်သလောက်လဲ စိတ်လှုပ်ရှားစရာမကောင်းပါလား ဆိုတာမျိုးပေါ့။ ပျင်းစရာ့ ငြီးငွေ့ စရာကောင်းတဲ့ အရင်ဘဝ ကို ဆေးရောင်လှလှချယ်ပေးနိုင်တာလဲ မဟုတ်။

လက်ရှိဘဝက လွတ်မြောက်ချင်ရင် ကိုယ့်ဘာသာပဲ ကြိုးစားမှရမယ်။ သူများကိုလဲ ဒုက္ခနွံထဲ ကိုယ်နဲ့ တူတူ ဆွဲခေါ်လို့ မဖြစ်ဘူး (ယောက်ျားလေးတွေ ပြောပါတယ်)
လက်ရှိဘဝကနေ လွတ်မြောက်ချင်ရင် ကြိုးစားပြီး ပညာရှာတာ က အိမ်ထောင်ပြုပြီး ကြင်ယာရှာတာထက် ပိုသေချာတယ်။

ကိုယ့်ကိုကိုယ်ပြောင်းလဲ ပစ်မှ အတွေ့အကြုံတွေ ပိုများလာမယ် ဘဝကို ပိုမြင်တတ်လာမယ်။ အခွင့်အရေးတွေလဲ ပိုများလာမယ်။ လက်ရှိဘဝ ထက်ပိုကောင်းတာတွေ ကို ရှာနိုင်ဖို့ ခွန်အားတွေ ရှိလာမယ်။ ပညာတွေအတွေ့အကြုံတွေရှိလာမယ်။ ကိုယ့်ကိုကိုယ်ကောင်းအောင် ပြောင်းလဲ ပစ်ရမယ်။

ပြောနေရင်နဲ့ ဘယ်တွေ ရောက်ကုန်လဲတောင် မသိတော့ပါဘူး နောက်ဆုံးအနေနဲ့ ပြောချင်တာက သူသူကိုယ်ကိုယ် မိန်းကလေး ယောက်ျားလေး....

လက်ရှိဘဝ ကို ပြောင်းလဲ ပြစ်ချင်ရုံနဲ့တော့ အိမ်ထောင်မပြုပါနဲ့ .....
အဲ....အပြောင်းအလဲတွေ ကို ငြီးငွေ့လာပြီဆိုတော့မှသာ အိမ်ထောင်ပြုပါ
အဲ့တာမှ အခြေကျမှာ။

A Chen
7:08 PM
16th August 2011
Tuesday
Home
Bangkok






17 comments:

  1. နှစ်ယောက်စလုံးကလဲချစ်တယ်
    နှစ်ယောက်စလုံးကိုလဲချစ်တယ်
    ဆိုရင်....ဘယ်လိုလုပ်မလဲတီချမ်း
    :P

    ReplyDelete
  2. စိုင်းစိုင်းသီချင်းစားသာအတိုင်းပဲပေါ့

    နှစ်ယောက်လုံးကိုလဲ ချစ်တယ် နှစ်ယောက်လုံးကလဲ ချစ်တယ်
    ကိုယ့်ကိုကိုယ်ပဲ သတ်သေလိုက်ချင်တယ်ဆိုတာလေ

    ကြိုး နဲ့ မလုပ်နဲ့ လျှာထွက်ပြီး မလှဘူး လက်တွေလဲ ကောက်နေမယ်

    ဂတ်စ်ရှု
    တီတခါ ရေးဖူးတယ်လေ သေပြီးရင်တောင် အလောင်းက ပန်းရောင်ဖွဖွလေး နဲ့ ဖူးပြီး လှတယ် တဲ့ စာထဲမှာ ဘတ်ဖူးတာပဲ

    ReplyDelete
  3. Why did you become a consultant for suicide.You want to be beautiful even after death.What a T Chan!!!.....:P
    Gyidaw

    ReplyDelete
  4. I just typed WHEN not WHY.....:D
    Gyidaw

    ReplyDelete
  5. တီချမ်း ရေ လာလည်သွားတယ်နော်။ စာအရေးအသား တော်တော် ကောင်းတယ်။ အားပေးနေမယ်။ လာလည်ပါအုန်း မြစ်ဆုံ ကို။

    ReplyDelete
  6. ခရစ္စတလ်August 16, 2011 at 9:42 PM

    စာသားတွေမှာ ခံစားချက်ပြင်းပြင်းတွေရှိနေတယ်....

    ReplyDelete
  7. Tata Young သီချင်းလေးအတိုင်းပဲ သိပ် ကောင်းတဲ့ ပို့စ်လေးနော်

    ReplyDelete
  8. တီက ရေးတတ်တယ် သူငယ်ချင်းကို ဖတ်ခိုင်းအုံးမယ် သူချစ်နေတဲ့လူက အိမ်ထောင်ပြုဖို့ မသင့်တော်တဲ့လူဖြစ်နေတယ် ။ အိမ်ထောင်ပြုဖို့ သင့်တော်တဲ့လူ ( သူ့ ကိုလည်းချစ်တယ် ) အဲဒါကျတော့သူက သူ ချစ်တဲ့လူမဟုတ်လို့ လက်မထပ်ချင်ဘူးလုပ်နေတယ်လေ။ ဒါလေးဖတ်ခိုင်းပီး တွေးခိုင်းမှပဲ။

    ReplyDelete
  9. ဟုတ်တယ်တီရေ

    လက်ထပ်သင့်လို့သာ လက်ထပ်ရတယ်။ ဟင်း.........

    ReplyDelete
  10. သူက ယူချင်နေပြီလား ချစ်ဘဲနေချင်သေးတာလား စတာတွေ မေးကြည့်ပေါ

    ယူမယ်ဆိုရင်တော့ ကျန်တာတွေအများကြီး စဉ်းစားသင့်တယ် အိမ်ထောင်တခုက ချစ်နေရုံနဲ့ မပြီးဘူး တံခါး ပိတ်ပြီး ပြတင်းပေါက် ပွင့်မလာရင် ခုန်ထွက်စရာ အပေါက်တွေပိတ်ကုန်မယ်

    ReplyDelete
  11. ဒီပိုစ့်လေးကို စောင့်နေတာ ကြာပြီတီရယ်....။ နှလုံးသားထက် ဦးနှောက်က ပေးတဲ့ အဖြေက အကောင်းဆုံးဖြစ်မှာပါ။ တီရေးထားတာ တကယ်ကောင်းတယ်။ ချစ်နေတဲ့ အချိန် ဦးနှောက်က မစဉ်းစားမိတာတွေ သေချာ မြင်လာတယ်။ ပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ် တီ...။

    ချစ်တူမ
    မိရောင်

    ReplyDelete
  12. စာသားတွေက တကယ်ကောင်းတယ် တီရေ.. အတွေးပွားစရာတွေကြီးပဲ...

    ReplyDelete
  13. ဖတ်မိတာနောက်ကျသွားပြီ ။ အိမ်ထောင်ကပြုပြီးသွားဖြစ်သွားတော့ ဘယ်လို လုပ်ရပါ့ ။

    ReplyDelete
  14. ဖတ်မိတာနောက်ကျသွားပြီ ။ အိမ်ထောင်ကပြုပြီးသွားဖြစ်သွားတော့ ဘယ်လို လုပ်ရပါ့ ။

    ReplyDelete
  15. ချဲ့တွေးလိုက် ချုံ့တွေးလိုက် သေတ္တာအပြင်ထွက်တွေးလိုက်နဲ့ .. အူချာလည်သွားပြီ

    ReplyDelete
  16. ဖတ်ပြီးသွားပြီဆိုတာ ဒါကို ပြောတာ။ အပေါ်က အသစ်ကို ခုမှ တွေ့တယ်။ ဒီတစ်ခုကိုတော့ အတိုင်းအတာ တစ်ခုအထိ အဂရီးဖြစ်တယ်။

    ReplyDelete
  17. တီချမ်း .........အိမ်ထောင်မပြု၇င် ၂ ယောက်မက ချစ်လို့၇တယ်ဆိုတာ သဘောကျတယ် တီချမ်း...

    ReplyDelete