Sunday, April 15, 2012

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၁)

(၁၁)

ဒီလိုနဲ့ ကျိရိ တယောက်ဖျားလိုက်တာ ၄-၅ ရက်လောက်ကြာသွားတယ်။ သင်္ချာ စာမေးပွဲ စစ်မယ့်ရက်တောင်
ကျောင်းလာမတက်နိုင်ဘူး။ ကျမ သူ့ကို အားကျလိုက်တာ။ ကျောင်းမှာက ကျိရိကလွဲရင် ကျမမှာ တရင်းတနှီးပေါင်း နိုင်တဲ့သူ က မရှိသလောက်ပဲ။ သူမလည်း မရှိရော ကျမလဲ နေ့လည်စာထွက်စားဖို့တောင် ပျင်းလာရော။ အဲ့ဒီနေ့က
နေ့လည် ထမင်းစားလွှတ်ချိန်ကျတော့ ကျမ တဘက်က ဝက်သားချဉ်အသားညှပ်ပေါင်မုန့်စားနေပြီးတော့ တဘက် က ညနေကျရင် စစ်မယ့် သင်္ချာဘာသာရပ်အတွက် စာပြန်နွှေးရင်း လေ့ကျင့်နေမိတယ်။

ကျမ ခေါင်းကို လက်နှစ်ဘက်နဲ့ညှပ်ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ဂျီသြမေထရီသင်ခန်းစာတွေကို ကြည့်နေမိတယ်။ အဲ့ဒီ အချိန်မှာပဲ နောက်ဘက်ကနေ တယောက်ယောက်က ကျမ ကျောကုန်းကို လက်ညိုးနဲ့ လာကုတ်နေတယ်။
လှည့်ကြည့်လိုက်တော့ ဝက်ဝံ။ ကြည့်ရတာ ခုနက ခုန်တန်းပေါ်မှာ မှောက်ရက်အိပ်နေရာကနေ ခုမှ နိုးလာသလိုပုံ နဲ့ ကျမ လက်ထဲက အသားညှပ်ပေါင်မုန့်ကိုကြည့်ပြီးတော့....

“ဗိုက်ဆာလိုက်တာ....ငါ့ကို နည်းနည်းကျွေးမလား?”

“ငါ့မှာ အပိုတခုရှိသေးတယ်။” ကျမ သူ့ကို နောက်ထပ် အသားညှပ်ပေါင်မုန့်အပိုတခုပေးလိုက်ပါတယ်။ အစက ကျမ ညနေပိုင်းခဏ နားချိန်ကျရင် စားမလို့ချန်ထားတာ။

“ကျေးဇူးပါပဲဟာ” လို့သူပြောပြီး အားနာပါးနာပုံနဲ့ စားနေလိုက်တာ ပလုတ်ပလောင်းနဲ့ပါးစပ်တဝိုက်မှာလဲ ပေါင်မုန့်
အစတွေကပ်လို့။

“ဒီတပုဒ်နင်တွက်တတ်လား?” ကျမ လက်ထဲက သင်္ချာစာအုပ် ကိုယူပြီးတော့ ပုစ္ဆာကို သူ့ကိုဘတ်ပြလိုက်ပါတယ်။

လေယာဉ်ပျံမောင်းသမားတယောက်ဟာ တောင်ဘက်စူးစူးကို ကီလို ၁၀၀ ပျံပြီးတော့ အရှေ့ဘက်ကို ကီလို ၁၀၀ ထပ်ပျံပါတယ်။ ပြီးတော့ မြောက်ဘက်စူးကို ကီလို ၁၀၀ ထပ်ပျံပြီးတဲ့အခါမှာတော့ သူဟာ မူလစပျံတဲ့နေရာကိုပြန်
ရောက်နေတာတွေ့ရပါသတဲ့။ သူဘယ်နေရာကနေ စပျံတာပါလဲ?။

“မြောက်ဝင်ရိုးစွန်း” ဝက်ဝံက စဉ်းတောင်မစဉ်းစားဘဲနဲ့ တန်းဖြေပါတယ်။
“ဘာလို့လဲ?” ကျမ နားမလည်ဘဲ ပြန်မေးလိုက်တယ်။

ဝက်ဝံက လက်ထဲက ပေါင်မုန့်ကို ကိုက်ထားပြီးတော့ စာကြည့်စားပွဲရဲ့ အံဆွဲထဲကနေ ကြေတွန့်နေတဲ့ စာရွက် တခုရှာထုတ်လာပြီး အပေါ်မှာ ပုံတပုံ ကျမကိုဆွဲပြပါတယ်။





“ဘာဖြစ်လို့မြောက်ဝင်ရိုးစွန်းဖြစ်ရတာလဲ?”
“ဒါက လှည့်ထားတဲ့ ဥာဏ်စမ်းမေးခွန်းတခုပဲ။ ကမ္ဘာက ဘဲဥ ပုံသဏ္ဍာန် ပတ်လမ်းနဲ့ သူ့ဝင်ရိုးပေါ်ကနေလည်နေ တာကိုး။ ပြီးတော့ မြောက်ဝင်ရိုးစွန်းဆိုတာက ကမ္ဘာ ထိပ်ဆုံးပိုင်းမှာရှိတာလေ။ သူ့ကို ဗဟိုထားပြီး ပျံတဲ့ အခါ ဘယ်ဘက်ကိုပဲ ပျံပျံ နောက်ဆုံးတော့ မူလနေရာကို ပြန်ရောက်မှာပဲလေ။”

ကျမ သူဆွဲတဲ့ ပုံကိုကြည့်ပြီးတော့ နားလည်သလိုလို မလည်သလိုလိုဖြစ်နေပါတယ်။

“နောက်ထပ် စပျံလို့ရတဲ့ နေရာ နှစ်နေရာရှိသေးတယ်” သူက ပေါင်မုန့်ကို တဖဲ့ထပ်ကိုက်လိုက်ပြီးပြောပါတယ်။
“ဟုတ်လား?”
“နေပါစေတော့ဟာ” သူက ခေါင်းကို တချက်ကုတ်ပြီးပြောပါတယ်။ “လူပုလေးက ဒီမေးခွန်းကိုမေးမှာ မဟုတ်ဘူး။
နောက်ပြီး ကမ္ဘာ့ ဝင်ရိုးတို့၊ အီကွေတာတို့၊ လတ္တီကျူတို့ နဲ့ဆိုင်တဲ့ အကြောင်းတွေ နင့်ကိုပြောပြလို့ရှိရင်လဲ နင်နားလည်မှာမှ မဟုတ်တာ။”
“ငါနားမလည်ဘူးလို့ နင်ဘယ်လိုသိလဲ?” ကျမ မကျေမနပ်နဲ့ပြန်ဘုတောလိုက်ပါတယ်။
“နင်အခု အလွယ်ဆုံး ပထမမေးခွန်ူကိုတောင် မဖြေနိုင်ဘဲနဲ့” သူက အပျင်းကျောတချက်ဆန့်ရင်းပြောပါတယ်။
ကျမ နှုတ်ခမ်းတချက်ကိုက်ပြီး သူ့ကို မျက်စောင်းတချက်ထိုးပစ်လိုက်တယ်။
“ပေါင်မုန့်က ဘယ်လောက်ပေးရသလဲ?” သူ ကျမ ကို ရုတ်တရက် မေးလာပါတယ်။
“နေပါစေ”
“ဘယ်လောက်လဲဆို” သူက ဇွတ်ဆက်မေးနေပါတယ်။
ကျမ လက် ၃ ချောင်းကို ထောင်ပြလိုက်တယ်။ သူက သူ့အိပ်ကပ်ထဲကနေ ပိုက်ဆံ ၃ ကျပ် ရှာပြီး ကျမကိုပေးပါ တယ်။ ပြီးတော့ မျက်လုံးတလက်လက်နဲ့ ..
“အရမ်းစားလို့ကောင်းတာပဲ။ မနက်ဖြန်ကော ငါ့ကို တခုလောက်ဝယ်လာပေးနိုင်မလား?”
ကျမ သူ့ကို ကြောင်ကြည့်နေမိပါတယ်။ ဒီဝက်ဝံတကောင်ဟာ စိတ်ပဲဆိုးရမလား ရယ်ပဲ ရယ်ပြစ်လိုက်ရတော့ မလားကို မသိတော့ပါဘူး။
“ခဏနေ သင်္ချာစစ်တဲ့အချိန်ကျတော့ နင်ငါ့ဆီက အဖြေကို ကူးပေါ့ဟာ” သူက ခေါင်းကိုခုံနောက်မီပြီးတော့အပျင်း
တချက်ထပ်ဆန့်ပြီး ပြောပါတယ်။
“ဘုရား ဘုရား မလုပ်ပါနဲ့” ကျမ အလန့်တကြား သူ့ကို တားမိတယ်။ “လူပုလေးက ဖမ်းတဲ့နေရာမှာကာ အပြစ်ပေး
တဲ့နေရာကော နာမည်ကြီးဟ တော်ကြာ မိသွားမှဖြင့် နင့် နောက်ထပ်တခါ ကျောင်းထုတ်ခံနေရပါအုံးမယ်”။

သူတချက် တည်ကနဲ့ဖြစ်သွားပါတယ်။ ကျမ က သူအရင်ကျောင်းကနေ အထုတ်ခံရတယ်ဆိုတဲ့ ကိစ္စ ဘယ်လိုသိ
နေလဲလို့ တွေးနေပုံပါပဲ။ ကျမလဲ ချက်ချင်းလိုလို ခေါင်းကို ခုံရှေ့ ပြန်လှည့်ပြီးတော့ စာဆက်ကြည့်နေသလို ဟန်
ဆောင်လိုက်ပါတယ်။ ပါးစပ်က ဖွင့်မပြောပေမယ့် ကျမ စိတ်ထဲမှာတော့ သူ့ကို ကျေးဇူးတင်သလိုလို ခံစားရပါ
တယ်။

ညနေပိုင်း သင်္ချာစစ်တော့ ဝက်ဝံပြောတဲ့ အတိုင်းပါပဲ။ ခုနက လေယာဉ်မောင်းသမား ပုစ္ဆာ ပါကိုမလာပါဘူး။ မေး
ခွန်း ခြောက်ပုဒ်ထဲမှာ ကျမ သေသေချာချာဖြေနိုင်တာဆိုလို့ နှစ်ပုဒ်ပဲပါတယ်။ ကျန်တာတွေ အကုန်လုံးလိုလို စိတ် ထဲထင်ရာ လျောက်ဖြေလိုက်တာပါပဲ။ ဝက်ဝံ က သူ့အဖြေလွှာကို အရှေ့ဘက် လက်ဆင့်ကမ်းလာတော့ သူ့အဖြေ လွှာကို ခိုး မကူးမိဖို့ ကျမ တော်တော်စိတ်ထိန်းရတယ်။

ဒီလိုနဲ့ စာစစ်တဲ့ အချိန်ပြီးသွားတော့ လူပုလေးက ရုတ်တရက် ကျမတို့နှစ်ယောက်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးတော့
အေးစက်စက် လေသံနဲ့ .....

“ဝန်မိုးညို နဲ့ ကျန့် ဂျင်းနီ မင်းတို့နှစ်ယောက် အတန်းရှေ့ကို ထွက်လာခဲ့စမ်း”

ဘုရားရေ ကျမ ဝက်ဝံ ရဲ့ အဖြေလွှာကို တချက်လေးပဲ မျက်လုံးဝေ့ကြည့်မိတာပါ။ အဲ့တာတောင် လူပုလေးက သိနေသလား? ကျမ ထိုင်ခုံကနေ မတ်တပ်ရပ်ပြီးတော့ မရွံတရွံနဲ့ အတန်းရှေ့ ကိုထွက်လာပါတယ်။ ဝက်ဝံက ကျမနောက်ကနေ ထပ်ကြပ်မကွာလိုက်လို့ပေါ့။

“ကဲ ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းကြစမ်းပါအုံး? နင်တို့နှစ်ယောက်ထဲက ဘယ်သူ့လက်ချက်လဲ?” လူပုလေးက လက်ထဲက ကျောင်း သားဂျာနယ်တအုပ်ကို ယူပြီး ပထမ တမျက်နှာ ကိုလှန်လိုက်ပါတယ်။ အတန်းသားအားလုံးဘက်ကို မျက်နှာမူ ထောင်ပြပြီးတော့ မေးလာပါတယ်။ အဲ့တာ ဝက်ဝံရဲ့ ဂျာနယ်ပဲ။ စာမျက်နှာ
ပေါ်မှာ သူ့ပုံ ကပ်ထားတယ်.....နေအုံး......အဲ့တာ ဝက်ဝံ ပုံမဟုတ်ဘူး။ ဝက်ဝံက သူ့ပုံက မျက်နှာကို ညှပ်ပြီး တခြား လူတယောက်ရဲ့ ဓါတ်ပုံပေါ်မှာကပ်ပြီး သူ့ပုံလုပ်ထားတာပဲ။ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့လက်ရာက ညံ့လိုက်တာ။ သူ့ ဆံပင်တွေကတောင် ထောင်နေသေးတယ်။

လူပုလေးက ကျမတို့နှစ်ယောက်ကို ခပ်စူးစူးတချက်စိုက်ကြည့်လိုက်ပါတယ်။ ပြီးတော့ ဝက်ဝံရဲ့ ခေါင်းကို ဓါတ်ပုံ
ပေါ်ကနေ ခွာချလိုက်တယ်။ ဘုရားရေ.... အောက်ကပုံက ကျမပုံဖြစ်နေတာကိုး။ လက်စသတ်တော့ ဝက်ဝံ ကျမ ပုံ ကို တနေ့က ယူသွားတာ ဒီလိုသုံးဖို့ပါလား။ ဟိုတနေ့က လူပုလေးက ကျောင်းသားတွေကို ဂျာနယ်တွေထပ်ခိုင်း
တော့ သူက ဓါတ်ပုံပါမလာဘူးလေ။ အဲ့တော့ ကြမ်းပေါ်မှာ ကျမ ဓါတ်ပုံကျနေတာတွေ့တော့ တင်္ခနုပ္ဗတ္တိဥာဏ် စူးရောက်ပြီးတော့ သူ့အရင်ပုံဟောင်းတခုခုက ခေါင်းကိုဖြတ်ပြီး ကျမ ခေါင်းပေါ်မှာ ထပ်ကပ်လိုက်တာပါ။ ကျောင်း ဝတ်စုံရဲ့အထက်ပိုင်းကလဲ ကျောင်းသားကျောင်းသူတွေအကုန် အတူတူ ရှပ်အဖြူပဲဝတ်ရတာလေ အောက်ပိုင်းက မှကွာတာဆိုတော့။ သူမို့လို့ စဉ်းစားနိုင်လွန်းတယ်။

“မင်းရဲ့ဓါတ်ပုံရော?” လူပုလေးက ဝက်ဝံကိုမေးပါတယ်။
“မရိုက်ရသေးပါဘူး” ဝက်ဝံတယောက် ရွံတွံ့တွံ့နဲ့ဖြေပါတယ်။
“အဲ့တာနဲ့ပဲ တွေပကရာပုံတပုံရှာပြီး ကျန့် ဂျင်းနီ ပုံမှာ ကပ်လိုက်တယ်ဆိုပါတော့။ နှစ်ယောက်စလုံးကလဲ အပေါ် ပိုင်းတူနေတာကိုး။ ဒါကဘာလဲ......လူ့အရေခွံ မျက်နှဖုံးလား စက္ကူကပ်ထားတဲ့ မျက်နှာလား? နင်တို့နှစ်ယောက်
တော်တော်လှောင်တတ်ပြောင်တတ်နေတယ်ပေါ့ ဟုတ်လား?” လူပုလေးက ရယ်သလိုလိုလုပ်ပြောနေပေမယ့် မျက်နှာပေါ်က အပြုံးက ပြောနေတာကတော့......“ငါတကယ်ရယ်ရတယ်လို့ပြောနေတယ်ထင်နေလား ငါရွဲ့ပြော
နေတယ်ဆိုတာ နင်တို့ နားမလည်ဘူးလား” ဆိုတဲ့ အဓိပ္ဗါယ်မျိုးနဲ့ပါ။

အတန်းထဲက ကျောင်းသားတွေက လူပုလေး ဒီလိုလဲပြောလိုက်ရော ကျွက်စီကျွက်စီနဲ့ ကိုယ်လုံးတွေ လှုပ်ခတ် ကုန်တဲ့ အထိ ရယ်ကုန်ကြပါတယ်။ အဆူခံနေရတဲ့ ကျမကိုယ်တိုင်တောင် မနေနိုင်ပဲ ခိုးရယ်မိပါသေးတယ်။

“နင်တို့နှစ်ယောက်စလုံး ဒီနေ့ကျောင်းဆင်းရင် စာကြည့်တိုက်မှာ အချိန်ပို တနာရီစီနေပြီး စာကြည့်ရမယ်”။
လူပုလေးက ကျမတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့ အဲ့လိုပြောပြီးမှ အတန်းကိုဖြုတ်ပြီး ထွက်သွားပါတယ်။
ဝက်ဝံ က ကျမ ကိုမော့ကြည့်တယ်။ သူ့အကြည့်တွေက တောင်းပန်နေသလိုလို။

A Chen
5:13 AM
Monday
16th Apr 2012
Home
Bangkok

Saturday, April 14, 2012

တီချမ်း ကမ်ဘတ် စားကောင်းလို့ အဝင်မသတ်နိုင်




ကဲဒီတခါတော့ တခါက ပရိတ်သတ်တယောက်တောင်းဆိုထားတဲ့ ကမ်ဘတ်ကို လုပ်ကျွေးပါမယ်။ တောင်းတဲ့သူ
ကတော့ ဆူရှီတောင်းတာပါ။ သို့သော်လည်း ဆူရှီ လုပ်ဖို့ အစာပလာမရှိတာနဲ့ပိုလွယ်တဲ့ ကမ်ဘတ်ပဲလုပ်လိုက် ပါတယ်။ တီ ကမလုပ်တတ်ပါဘူး ပထမဆုံး အကြိမ်လုပ်ကြည့်တာပါ။ တီ့ ညီဝမ်းကွဲ က သင်ပေးတာပါ။ သူက ခဏခဏ လုပ်စားနေကြဆိုတော့ လုပ်တတ်ပါတယ်။ နောက်သူက ကိုရီးယားစာတွေ သိပ်ကြိုက်တော့ သူဆရာ လုပ်တာပေါ့။ နောက် ယူကျူ ကလဲ ကိုရီးယားမ လုပ်တာကို ကြည့်ပြီး နည်းယူလိုက်ပါသေးတယ်။ ကဲလုပ်နည်းကို
ကြည့်ကြရအောင်နော်။





ပထမဆုံး ကမ်ဘတ်လုပ်ဖို့ ထမင်းချက်ပါ။ ကမ်ဘတ်လုပ်တဲ့ ဆန်က သပ်သပ်ရှိပါတယ်။ ဆန်းလုံးလေးတွေက လုံးလုံးဝဝလေးတွေ ပြီးတော့ အကြည်လေးတွေ ဂျပန်ဆူရှီဆန်လို့ခေါ်တယ်။ အတိုလေးတွေ အရှည်မဟုတ်ဘူး။ တီတို့ကတော့ အဲ့တာမရှိတော့ ရှိတာပဲ။ အိမ်ကဆန်နဲ့ ချက်လိုက်ပါတယ်။ ထမင်းကျက်ရင် ပူပူလေးကို နယ်မယ့် ပန်းကန်လုံးထဲထည့်ပါ။ နောက် သကြားကို ရှာလကာရှည်နဲ့ ဖျော်ပါ။ ဆား အချိုမှုန့် နည်းနည်းလေးထည့်ပါ။ ပြီး
တော့ ပဲငံပြာရည်အကြည် နည်းနည်းလေးထည့်ပါ။ နောက် နှမ်းဆီလေး နည်းနည်းထည်ပါတယ်။ ပြီးရင်တော့ နှံ့အောင် နယ်ထားပေးပါ။ အော် မေ့လို့ လုပ်တုံးကလဲ ပထမ နှစ်လိပ်ကို တကယ်မေ့သွားတယ် နှမ်းစေ့လေးတွေ
လှော်ပြီးသားရှိရင် ထည့်ပါ။





ကြက်ဥ (အဲ့နေ့ ကကြက်ဥ မရှိလို့ ဘဲဥနဲ့ပဲ လုပ်လိုက်တယ် ပိုဝါတာပေါ့) ခေါက် ဆားအချိုမှုန့် ငရုတ်ကောင်း နည်း နည်းထည့်) ပြီးတော့ မကပ်တဲ့ အိုးမှာ အချပ်ကြီးကြီးရအောင်ကြော်။ ပြီးတော့ ဓါးလေးနဲ့ ပါးပါးလေးလှီးပါ။ သတိထားရမှာက လှီးရယ့် အရာတွေအကုန် ဆိုက်ညီဖို့လိုပါတယ်နော်။





ကြက်ဥ (ဘဲဥ) ပြီးတော့ သခွားသီး ကို ညီညီလေးရအောင် သေချာလှီးပါ။ ပုံကိုကြည့်နော်။ ပြီးရင် ဆားလေး နည်းနည်း ပက်ပြီးတော့ (ပုံ-၂) အတိုင်း လက်နဲ့ ဖွဖွ နယ်လိုက်ပါ။ ပြီးတော့ ၁၅ မိနစ် လောက်နှပ်ထားပါ။ ပြီးရင်
ရေစင်စင်ဆေးပြီးတော့ တစ်ရှုး နဲ့ ဖြစ်ဖြစ် အဝတ်သန့်သန့်နဲ့ဖြစ်ဖြစ် သုပ်ပြီးရေစုပ်ပေးပါ။





ခါကြက်ဥ မုန်လာဥနီကို ပုံအတိုင်း ပါးပါးလှီးပါ။ ပြီးတော့ မကပ်တဲ့ အိုးလေးထဲကို နှမ်းဆီလေးနည်းနည်းထည့်ပါ။ ဆား အချိုမှုန့် အနည်းငယ် နဲ့ မုန်လာဥနီ ကို လှိမ့်ပေးပါ။ ဆီမများပါစေနဲ့နော်။





ပြီးတော့ စူပါမားကက်တွေမှာ ရတတ်တဲ့ ဂဏန်းအတု အသားချောင်းကို တခြမ်းလှီးထားပါ။ ပုံအတိုင်းပေါ့နော်။ ကဲ အကုန်ပြင်စရာရှိတာပြင်ပြီးပြီဆိုရင် လိပ်တဲ့ ဇာတ်လမ်း စပါမယ်။





ပထမဆုံး အောက်ကနေ ဝါးပြားခင်းပါ။ အဲ့တာကလဲ ဂျပန်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ပြီးတော့ ရေညှိ ကို အပြောင်ဘက်ကို အောက်ဘက်ကနေထားပြီးတော့ ခင်းပါ။ ပြီးရင် ခုနက နယ်ထားတဲ့ ထမင်းကိုဖြန့်ပါ။ ဇွှန်းနဲ့ ဖြစ်
ဖြစ် လက်နဲ့ဖြစ်ဖြစ် ညီအောင် ဖြန့်ပါနော်။ ပြီးရင် ထောင့်တဘက်ကနေစပြီးတော့ သခွားသီးလေး စတင်ပါ။





ပြီးရင် ကြက်ဥ၊ မုန်လာဥနီကြော်ကိုတော့ တူလေးနဲ့ ညှပ်ညှပ်ပြီးတော့ မျှအောင် သတိထားတင်ပါ။ ပြီးတော့
နောက်ဆုံးအနေနဲ့ အပေါ်ကနေ ဂဏန်းချောင်းကို တင်ပါ။





ပိုသိသာအောင် တဘက်ကနေ ပုံကြီးနဲ့ပြန်ရိုက်ပြထားတယ်နော်။ ပြီးရင် အစပလာတွေ တင်ထားတဲ့ဘက်ကနေ စပြီးတော့ စလိပ်ပါနော်။ ရေညှိဖတ်ကို အရင်စလိပ် အစာတွေပါတာကိုလဲ မထွက်အောင် သေချာလိပ်နော်။ လိပ်လို့ရေညှိ ဆုံးသွားရင် အဲ့တာကို အောက်က ဝါးပြားလေးနဲ့ တခါ ပြန်လိပ်။ ပုံမှာ ပြထားတဲ့ အတိုင်းနော် ဝါးပြား နဲ့ ရေညှိ ကိုလိပ်ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ဖြစ်သွားလိမ့်မယ်နော်။ အဲ့တာကိုမှ အပေါ်ကနေ ထပ်ပြီး လက်နဲ့ ညှစ်ပါ။ အားရပါးရကိုညှစ်ပါနော်။ အဲ့တာမှ ကျစ်ကျစ်လေး ဖြစ်မှာ။





ပြီးရင် ဝါးဖတ်ကိုခွာလိုက်ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖြစ်သွားလိမ်မယ်လေနော်။ ပြီးရင် ဓါးထက်ထက်နဲ့ သေချာ လှီးပါ။ တီကတော့ ပုံလှအောင် သေချာရိုက်ထားတာပါနော်။





အကုန်လုံး လိပ်လိုက်တာ ရေညှိ ၅ ပြား အဲ့လောက်ထွက်တယ် (ပုံ ၃)။





ရေညှိ ထမင်းလိပ် ကမ်ဘတ်လေးတွေကို သေချာစီပြီးသကာလ မောင်ကြိုက်တတ်တဲ့ ကြက်သွန်မိတ်လေးတွေ ကို တဘက်ကတင် တဘက်က တွဲစားဖို့ ကမ်ချီလေးတင် လိုက်ရင် အရသာရှိ လုပ်ရတာလဲလွယ်တဲ့ ကမ်ဘတ်လေးတွေ ရတာပေါ့နော်။ ကမ်ချီလုပ်နည်းကိုတော့ ဒီမှာ ရေးထားတယ်နော်။ ကြည့်လိုက်။





ဗူးလေးထဲထည့်ထားတာက နောက်နေ့ ရုံးအသွားအတွက်ပါ။ ဘေးမှာက ရေညှိပြား ကုန်သွားလို့ ပိုတဲ့ ထမင်း နဲ့ ကျန်တဲ့ အစပလာတွေကို သေးသေးလေးတွေ လှီးပြီးတော့ နယ်လိုက်တာပါ။ ကမ်ချီလေးနဲ့ စာတာပေါ့။ အပိုမဖြစ်တော့ဘူး။

A Chen
2:05 AM
Friday
13th Apr 2012
Home
Bangkok

ငွေရှင်းမယ့် အချစ်




image from google


သူငယ်ချင်းတယောက်ရှိပါတယ်။ ဟုတ်ကဲ့ တီချမ်း သူငယ်ချင်းဆိုတော့ ဂေးပေါ့။ ဘန်ကောက်မှာပဲနေတာ။ အိမ်နားမှာပဲ။ အိမ်ချင်းနီးတော့ အမြဲ ဝင်ထွက်သွားလာ၊ တီ့အိမ်ကလဲ သူ့အတွက် စားအိမ်သောက်အိမ်ပဲပေါ့။ ခုတလောတော့ ပေါ်မလာတော်မူပြန်ဘူး။ ဘာ့ကြောင့်လဲ စမ်းစစ်ကြည့်တော့ လားလား ခုတလောမှာမှ ချစ်သူ အသစ်စက်စက်လေး တယောက်ရနေတယ်ဆိုတာကိုး။ ကဲ ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် ပေါ်မလာ အတော်ကြာတော့လဲ ဖုန်းဆက်ရပါတယ်။ အဲ့တော့မှ နောက်တနေ့မှာ ပေါ်လာတော်မူတယ်။ ည (အဲ မနက်ဖြစ်နေပြီ) ၃ နာရီခွဲ ရောက်
ရောက်ချင်းပဲ သူ့ချစ်သူက သူ့ကို ဘယ်လို မနက်မှာ ဖုန်းနဲ့ အိပ်ရာနိုးတဲ့အကြောင်း၊ ညနေကျတော့ အလုပ်မှာ လာကြိုပြီးသကာလ ဒင်နာကျွေးတဲ့အကြောင်း၊ မနေ့က ညကတော့ အသစ်တဖန်ပြန်တင်တဲ့ တိုက်တင်းနစ် 4DX နဲ့ သွားကြည့်တာ ရေတွေဖြန်း၊ အအေးတွေပိုတဲ့ အတွက် သူ့ကို ရုပ်ရှင်ရုံထဲမှာ ပွေ့ဖက် အကြင်နာစွေတဲ့အကြောင်း။ မင်းသားလေး ဂျက်ကို သနားလို့ ကျတဲ့ မျက်ရည်တွေအတွက် ဘေးကနေ ဖေးမ တစ်ရှုးတို့ပေးတဲ့ အကြောင်း ဟုတ်တာတွေရော မမှန်တာတွေရော ရောသမမွေပြီးသကာက “အကြွားမ” က လေ တွေ ပစ်ပါတယ်။ ပြီးတော့ တီက မယုံဘူးပြောလို့ ရုပ်ရှင်လက်မှတ် ဘတ် ၅၀၀ တန် (၁၅ ဒေါ်လာ)ကိုလဲ ပိုက်ဆံအိတ်ထဲကနေ မရမက ရှာဖွေ ထုတ်ပြီးသကာလ ဟုတ်မှန်ကြောင်း အကောင်က သူ့အတွက် အကုန်ခံတဲ့ အကြောင်း သက်သေတည်ပါသေးတယ်။ နောက်သူငယ်ချင်းတယောက်လဲ ရှိပါသေးတယ်။ ချစ်သူများ
နေ့မှာ ပန်းတွေ ဝယ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပို့ခိုင်းတာမျိုး၊ ထားတော့........အပိုတွေလဲပါမယ်။ တကယ်လဲဖြစ်မယ်၊ မမှန်တာတွေလဲ အများကြီးပါနိုင်တယ် သို့သော် ကိုယ့်အတွက်တော့ ပိုစ့်တခုရဖို့ အတွေးတစ လာပေးတယ်။

ယောက်ျားနဲ့ မိန်းမ နှစ်ယောက်ရဲ့ ရီလေးရှင်းရှစ်ပ် ကို ဆန်းစစ်ချင်ရင် သူတို့ အပြင်ထွက် စားသောက်ကြတဲ့အခါ
ငွေရှင်းတဲ့ အခြေအနေ နဲ့ စိတ်သဘောထားတို့ကိုကြည့်ပြီး သုံးသပ်ရမယ်။

ယောက်ျားတယောက်က စားကြသောက်ကြပြီးစီးလို့ ပိုက်ဆံရှင်းကြတဲ့အခါ ဘေလ် ကိုဘယ်လောက်ကျတယ် ဆိုတာ လုံးဝလုံးဝ မကြည့်ပဲ ပေးလိုက်တယ်ဆိုပါပေါ့ အဲ့တာတင်မက ဝိတ်တာကိုပါ တစ်ပ် များများပေးလိုက်သေး တယ်ဆိုရင် သေချာတယ် ဗေဒင်မမေးနဲ့ တီချမ်းကိုမေး။ ဒင်း အဲ့ဒီ မိန်းမကို ခုမှ စပိုးနေတုံးပဲ။

တကယ်လို့သာ အဲ့လိုမဟုတ်ဘဲ ဘေလ် ကိုသေချာ ဘယ်လောက်ကျသလဲ ကြည့်နေပြီဆိုရင် ကောင်မလေးက အဖြေပြန်ပေးပြီးနေပြီလို့မှတ်။

နောက်ပြီး သူက ဘေလ် ကို သေချာကြည့်တာတင်မကတော့ဘူး ဆိုင်က တွက်တာ မှန်ရဲ့လား မှားများမှားနေမလား ဆိုတာကိုပါ စိတ်မှန်းနဲ့ဖြစ်ဖြစ် တွက်ကြည့်နေပြီ ဆိုရင် သူနဲ့ အဲ့ဒီမိန်းမ ရဲ့အခြေအနေက အားနာစရာမလိုလောက်အောင် တယောက်နဲ့တယောက် သိနားလည် နေပြီဖြစ်တဲ့အဆင့်ရောက်နေပြီပေါ့။ (စကားမစပ် ကြားညှပ်ပြောရရင်တော့ ရန်ကုန် ဟံသာဝတီက ရွှေလီ တချိန်လုံး အမြဲလိုလို ဘေလ်မှားတယ် တမင်များ မှားသလားထင်ရအောင် မှားတယ် အဲ့ဆိုင်သွားစားလို့ကတော့ အခုမှ စလိုက်လိုက် ယူပြီးပြီး သေချာ သာစစ် ကက်ကူလေတာပါရင် ထုတ်သာပေါင်းပစ် တကယ်) ကဲ စကားတွေက ကားကုန်ပြန်ပြီ။

အင်းနောက်တခုက ယောက်ျားက ဘေလ်ကို မျက်စိတဝေ့ပဲကြည့်တယ် ပြီးတော့ အမျိုးသမီးကို ရှင်းခိုင်းလိုက် တယ်ဆိုရင်တော့ သေချာတယ် အဲ့ဒီ အမျိုးသမီးက သူ့မိန်းမ၊အိမ်သူ အဆင့်ရောက်နေပြီပဲ။ “စီးတဲ့ရေ ဆည်တဲ့ ကန်သင်း” မှလား။ ပိုက်ဆံအိတ်ကိုင်ခွင့်ရနေပြီလေ။ (မှတ်ချက် ကပ်စေးမနည်းသော ယောက်ျား အများစု ကိုသာ ဆိုလိုတယ်)။ မိန်းမက ပိုင်ပိုင်နိုင်နိုင်ဖြစ်နေပြီဆိုတာပြတယ်လေနော်။

ကဲ ယောက်ျားတွေကို ပြောပြီးတော့ မိန်းမတွေဘက်လှည့်ရအောင်။

မိန်းကလေးတယောက်က ပိုက်ဆံရှင်းတဲ့အခါ သူအားမနာတမ်းမှာထားတဲ့ ဘေလ် ဘယ်လောက်ကျသလဲဆိုတာ မကြည့်ပဲနဲ့ ရှင်းတဲ့ အခါ သူနဲ့ တူတူလာတဲ့ ယောက်ျားက တစ်ပ် ဘယ်လောက်ပေးသလဲဆိုတာ ကိုပဲ အလေးပေး
လေ့လာနေတယ်ဆိုရင် သေချာတယ် သူ အခုမှ အဲ့လူနဲ့ စတွဲသွားတွဲလာလုပ်တာ။ လေ့လာနေဆဲ အခြေအနေ။

အင်း ဘေလ်ပေါ်က ဘယ်လောက်ကျတယ်ဆိုတာကိုလဲ သေသေချာချာ ကြည့်နေပြီ၊ ယောက်ျားကိုလဲ တစ်ပ် အများကြီးမပေးနဲ့ သူတို့က ဝန်ဆောင်မှုခ ၁၀ % တောင်ယူထားတာ ဘာညာ တီးတိုးတီးတိုး သဖန်းပိုးနေပြီဆိုရင်
သေချာတယ် ဒီမိန်းမ အဲ့ဒီ သကောင့်သားကို ချစ်နေပါပြီ။ မလိုတာ မကုန်စေချင်တော့ဘူးလေ။ ဒါတွေက အပိုမကုန်ရင် ကိုယ့်လက်ဝတ်လက်စားခတွေဖြစ်မှာ မှလား။ မလိုတာချွေတာရမယ်။

တကယ်လိုများ ယောက်ျားက ဘေလ်ရှင်းတာကို မျက်နှာရိပ် မျက်နှာကဲနဲ့ သေချာကြည့်နေတာတို့၊ တစ်ပ်ပေးတာ နည်းတယ် ဘာညာ ဘာညာ ဆူပူဆောင့်အောင်နေပြီဆိုရင် သေချာတယ် သူအဲ့ကောင် ကိုမချစ်တော့ဘူး။ သို့မဟုတ် ဒင်းတော့ ချစ်ပါတယ် ဆို တဲ့ အဖြေကို မမျှော်လင့်နဲ့တော့။ ပြန်ပေတော့ မစဉ်းစားနဲ့ဘဲ။

အင်း တကယ်လို့များ မိန်းမက ဘေလ် ကို သေသေချာချာ တိတိကျကျ စစ်နေပြီ။ ယောက်ျားကိုလဲ တစ်ပ် အများကြီး မပေးနဲ့ ဘာညာ ပြောနေပြီဆိုရင်တော့ သေချာတယ် အဲ့တာ အိမ်ထောင်ရှင်မပဲ။

ကဲ မေးစရာတခုပဲ ကျန်တော့တယ် အဲ့တာကတော့ တီချမ်းတယောက် ဘာအထောက်အထားနဲ့ ဒီလိုပြောနိုင်တာ လဲ သူက ဘာမို့လဲ ဆိုတဲ့ မေးခွန်းတွေ ရှိတယ်ဆိုပါတော့ (အမှန်တော့ တီချမ်းလို ပညာရှင်မ ကို ဒီလို သံသယဝင်ရဲ တာ တကယ်တွေးကြည့်ရင် ကြောက်စရာကြီးနော် သူက သူ့ဆယ့်နှစ်ကြိုးထဲက တကြိုးကြိုးနဲ့ ပစ်လိုက်မှ ကွိနေမယ်)။ ဒီစာတွေ ဘယ်ကလာလဲဆိုတော့ တီ့ ပတ်ဝန်းကျင် လေ့လာမှု၊ အခွေတွေ ရုပ်ရှင်တွေ တီဘတ်တဲ့ စာအုပ်တွေက ရလာတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတ ကို ပြန်လည်ဖောက်သည်ချတာပါ။
နောက်ပြီးတော့ မိန်းမတွေ ငွေရှင်းမယ့် အချိန်က တကယ်တော့ ၄ ခုပဲ ရှိပါတယ်။ အဲ့တာတွေကတော့.....
  1. သူက အတူတူလာတဲ့ သူရဲ့ ယူထားတဲ့ မိန်းမမို့လို့။ ရှုပ်သွားလား အတူတူလာတဲ့ နှစ်ယောက်က လင်မယားလို့ ပြောတာ။ သူ့ပိုက်ဆံလဲ ကိုယ့်ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံလဲ ကိုယ့်ပိုက်ဆံလေနော်။
  2. ယောက်ျားဆီက လတ်လတ်လောလောမှ ကျောက်မျက်ရတနာလိုမျိုး ရွှေ စိန်လိုမျိုး လက်ဝတ်ရတနာ တခုခု လက်ဆောင်အဖြစ်ရထားလို့ ပြန်လည် မျက်နာလုပ်တာ သော်လည်းကောင်း၊ ထောင်ရ လို့ ရာပြန်စွန့် တာသော်လည်းကောင်း၊ သူကချည်းပဲ ယူနေတယ်ဆိုတဲ့ အပြစ်ရှိသလိုခံစားချက် (guilt) မဖြစ်ချင်လို့ သော် လည်းကောင်း၊တခုမဟုတ်တခုဖြစ် ရမယ်။ အဲ့တာတောင် အများစုက သူတို့ ယောက်ျားရှာထားတဲ့ ပိုက်ဆံနဲ့ပဲရှင်းတာပါပဲ။ (what a free loader, kidding) seriously???
  3. နောက်တခုကတော့ ပိုဆိုးတယ်။ အကောင် (ယောက်ျားက) ရည်းစားဟောင်းမို့လို့ ငွေလုရှင်းတဲ့ နည်းနဲ့ သူအခု ပိုမိုကောင်းမွန်တဲ့ ဘဝ၊ အသက်မွေးဝမ်းကြောင်းမှု နဲ့ ဒင်းထက်ပိုသာနေတယ်၊ နင်မရှိလဲဖြစ်တယ်၊ ငါပိုအောင်မြင်နေတယ် တွေ့လား ဆိုတာကို ပြချင်စိတ်နဲ့ လဲ ရှင်းတတ်ပါသေးတယ်။
  4. ပထမဆုံး ချိန်းတွေ့တဲ့ အချိန်မှာ မိန်းမက လုရှင်းတာဆိုလို့ကတော့ ဘာပြောကောင်းမလဲ ဒီအကောင် ဆက်လိုက်ဖို့ကို မကြိုးစားနဲ့တော့။ နင် ဘယ်လောက်ရှာနိုင်လို့ ငါအမြဲစားတာ ရှင်းနိုင်မလဲ ဆိုတဲ့ အချိုးပေါ့။

ကဲ ဒီလိုဆို ကိုယ့်အဖြစ်အပျက်လေးတွေ နဲ့ ပြန်ချိန်ထိုးကြည့်ပြီးတော့ တီချမ်းပြောတာ ဘယ်လောက်မှန်လဲ ဆန်းစစ်ကြည့်ကြရအောင်နော်။

မှတ်ချက်။

ကိုယ့်ကိုကိုယ်မညာကြေး။ ညာလဲ တီချမ်းက သိမှာပဲ။ သူက အရမ်းပညာရှိတယ်တဲ့။ ပြောကြတယ်။

A Chen

7:44 AM

Saturday

14th Apr 2012

Home

Bangkok

Thursday, April 12, 2012

လည်၊ စား၊ ချဉ်၊ သုပ်၊ ကြော်

မနေ့က အိပ်ရာထတော့ ညနေစောင်းနေပါပြီ။ အဲ့တာနဲ့ ဘယ်သွားလည်ကြမလဲ ဆိုတော့ ညီဝမ်းကွဲက စန်ထရာဝေါ သွားချင်ပါသတဲ့ အဲ့တာနဲ့ သွားကြမယ်လေ ဆိုပြီးတော့ ကားငှားတော့ စီကြီး အရင်ရောက်တာနဲ့ အရင်ဝင်ကြပါတယ်။ BIG C မှာ လျောက်ပတ် လည် ပြီးတော့ ခြေထောက်ညောင်းလာတာနဲ့ စားကြသောက်ကြ ကြမယ်ဆိုပြီး ဆိုင်ရှာတော့ မောင်က ငါးကြော်နဲ့ထမင်းစားချင်တယ်ဆိုလို့ သူ့ဘာသာ ဖွတ်ကော့မှာ ဝယ်စားတယ် ကိုယ်နဲ့ညီကတော့ အမဲသား စားချင်တာနဲ့ ရှာတော့ ဖက်ထုပ်လေးတွေ (ရှောင်လုံပေါဝ်)လို့ခေါ်တဲ့ ဟောင်ကောင် စတိုင်လ်ဖက်ထုပ် စားကြမယ် နောက် စီချွမ်း အမဲသားခေါက်ဆွဲလဲရတယ်ဆိုတာနဲ့ ထိုင်ကြပါတယ်။





ညီဝမ်းကွဲက အမဲသားစီချွမ်စတိုင်လ်ခေါက်ဆွဲစားပြီးတော့ တီက အမဲသား ငရုတ်ပွကြော် ပဲသီးဝက်သားစင်းကော
ကြော်တွေကို ထမင်းဖြူနဲ့စားပါတယ်။





ပြီးတော့ BIG C ကနေ တံတားကူးပြီးတော့ စင်ထရယ်ဝေါ ဘက်ကို လျောက်ပါတယ်။ တံတားပေါ်မှာ ဓါတ်ပုံ ရိုက် ကြပါတယ်။ ညီရယ် မောင်ရယ် ကိုယ်ရယ်။ ရှု......





ပြန်လာတော့ ချက်ကြပြုတ်ကြမယ်ဆိုပြီးတော့ လုပ်ကြပြင်ဆင်ကြပါတယ်။ မနက်ဖြန်ကနေစပြီး သင်္ကြန်ရုံးပိတ်ပြီ
ဖြစ်တဲ့အတွက် တခုပြီးတခု လုပ်စားကြမယ် လို့ ပလန်တွေချပါတယ်။ ဒါလေးက တနေ့က ညဈေး (ညဈေးဆိုတာ တကယ့်သဈေးပါ မြန်မာပြည်မှာလို ညနေဘက်ရောင်းတဲ့ ညဈေးမဟုတ်ပါဘူး၊ သီရိမင်္ဂလာဈေးလို ညဦးပိုင်း ၁၂ ကျော်မှာ ရောင်းတဲ့ဈေးပါ) သွားတုံးက ကန်စွန်းရိုးနီကောင်းကောင်းလေးတွေ တွေ့တာနဲ့ ချဉ်ဖတ်တည်မယ် စိတ်ကူးပါတယ်။ နောက်နေ့ကျမှ အဲ့နေ့ကပဲ ဝယ်လာတဲ့ အမဲသား ကြွက်သားလုံး ကိုဆီပျံချက်ပြီးစားမယ်ပေါ့။





ဆန်ဆေးရေနဲ့ ထမင်းကို အအေးခံထားတာပါ။ အချဉ်တည်ရင် အဲ့တာ အဓိက လိုပါတယ်။





ကန်စွန်းရိုးနီကို သေးသေးမျှင်မျှင်လေးတွေ ရအောင်ဓါးပါးလေးနဲ့စိတ်ရှည်လက်ရှည် စိတ်ရပါတယ်။ ညီဝမ်းကွဲလုပ်တာပါ။ ပြီးတော့ ရေသေချာဆေးပြီးတော့ စစ်ထားပါ။ နောက် ခုနက ဆန်ဆေးရေ ရယ် ထမင်းအေး ရယ်ကို စိမ်မယ့် ဘူးထဲ ထည့် ကန်စွန်းရိုးထည့် ရေနည်းနေရင် နည်းနည်းထပ်ထည့် ပြီးတော့ ဆားလေး လက်တဖြစ်လောက်ထည့် ပြီးရင် စိမ်ထားလို့ရပါပြီ။ တရက် နှစ်ရက် လောက်နေရင် စားရပါပြီ။ ဒီနည်းအတိုင်းပဲ မုန်လာဥဖြူချဉ်၊ တချို့က ကြိုက်တတ်ရင် အရောင်နီနီလေးထည့်ပါတယ်။ ကြောင်လျှာသီးပါးပါးလှီးပြီးချဉ်၊ သရက်သီးကင်းလေးတွေချဉ်၊ ပဲပင်ပေါက်ချဉ် စတာတွေလဲ တည်လို့ရပါသေးတယ်နော်။





ဒါလေးက မောင်နဲ့ စကားစပ်မိရင်း စားချင်စိတ်ပေါက်လာလို့ ထလုပ်လိုက်တဲ့ ပဲကြမ်းသုပ်လေးပါ။ ငယ်ငယ်က ရန်ကင်းမှာနေတုံးက အသုဘ အိမ်တွေ သွားရင် အဲ့တာကျွေးတာ သတိရနေမိတယ်။ သူတို့ကတော့ ပဲကြမ်းချည်းပဲ သုပ်တာပေါ့ ကိုယ်တို့ကတော့ အိမ်မှာ အသင့်ရှိနေတဲ့ လက်ဘက်က ပဲကြော်စုံ ကို သုပ်လိုက်ပါတယ်။ မောင်တို့ဘက်မှာလဲ အဲ့တာတွေ စားကြတယ် ပြောလို့။ နောက်ထပ်စားချင်နေတာက ပဲကတ္တီပါသုပ်ပါ။ ဒီမှာတော့ မတွေ့မိဘူး။ ကြက်သွန်ပါးပါးလှီး ပြီးတော့ ပဲဆီမွှေးမွှေးရယ် ဆား အချိုမှုန့် အနည်းငယ် နဲ့ဆိုရင်ကို အလုပ်ဖြစ်နေပါပြီ။ ရေနွေးကြမ်းလေးနှပ်လိုက်ရင် ပိုရှယ်တာပေါ့။ သူငယ်ချင်းတွေနဲ့အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။





ဒါလေးကတော့ မောင်စားချင်လို့ တနေ့က ညဈေးမှာ ဝယ်လာတဲ့ ပန်းငရုတ်ပါ။ ပန်းငရုတ်ပွ အနီရယ် အစိမ်းရယ် နောက် ပန်းငရုတ် ရှည်တမျိုးရယ် ကို မနေ့က ကြေးအိုးက ပိုတဲ့ အသားနယ်ပြီးသားနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားလေးကိုတော့ မွှေးအောင် ထည့်လိုက်တာပေါ့။ မောင်တယောက်ထဲ မနေ့က ညကော ဒီနေ့ မနက်ပါ စားတာပါ။ မောင်က ဒီနေ့တော့ ညီဝမ်းကွဲ နဲ့ အော်ဇီက သူငယ်ချင်းရဲ့ သူငယ်ချင်းတို့နဲ့အတူ ကျောက်ဖရား မြစ်တလျောက် ဘုရားဖူးထွက်နေကြတယ် ကိုယ်ကတော့ ရုံး ခဏ လာရတာပေါ့။ မနက်ဖြန်ကနေစပြီး နောက်တပတ် တနင်္လာနေ့အထိ ရုံးပိတ်ပါမယ်။ ပြောသာပြောတာပါ ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာမှ တရက်လား နှစ်ရက်လားပဲ ရုံးတကသေးတာ။ ကမ္ဘောဒီယားက ပြန်လာကတည်းက ရုံးကို ကောင်းကောင်းမတက်ရသေးဘူး။

A Chen
3:53PM
Thursday
12th Apr 2012
Office
Bangkok

Tuesday, April 10, 2012

TCKO (T Chen Kyae O)

သိတယ် စားချင်စရာလေး တီချမ်းချက်ထားတာ တော်လိုက်တာကွယ် လို့တွေးနေကြပြီမှလား ဒီလို စားချင်စရာ အရသာကောင်းကောင်းလေးရအောင် ဘယ်လိုများ တော်တီးတီးတော် လက်စွမ်းပြလိုက်လဲ သိရအောင် ဆက်ဘတ်ကြည့်ကြရအောင်နော်။





ခုတလောတော့ လုပ်စားတာတွေ များနေလို့ ဘယ်ကနေ စတင်ရမှန်းတောင် မသိဘူး။ တီချမ်းတယောက်လဲ
ရေးရင်းရေးရင်းနဲ့ ပရိတ်သတ်လက်ခံမှု အရ ဟင်းချက်ဘလောခ်ဖြစ်မှန်းမသိဖြစ်လာပြီ။ ခုတလော အိမ်မှာ
ချက်တာများလွန်းတော့ လူတွေလဲ မနာလိုဖြစ်နေကြပြီ။ ဒီအပတ် အိမ်မှာ လူတော်တော်စုံကြတယ်။ ညီဝမ်းကွဲတယောက်ရောက်နေသလို အော်ဇီက သူငယ်ချင်းတယောက်လဲ ရောက်နေ နောက်မွေးစားသားကလဲ
ဗီဇာ ကိစ္စ ပြည်တော်ခဏပြန်မယ်ဆိုတော့ ကဲ အဲ့တာဆို မာလာဟော့ပေါ့ လုပ်ကျွေးမယ်ဆိုပြီးတော့ ဘာရှိသလဲ ကြည့်တော့ ဘာမှ မရှိဘူး အဲ့တာနဲ့ လွယ်လွယ်ကူကူ ကြေးအိုးပဲ လုပ်ကျွေးမယ် ဆိုပြီးတော့ လွယ်ကူစားမြိန်ကို ဖုန်းဆက် သူရုံးက အပြန် မုန်ညှင်းရွက်ဘာညာဝယ်၊ အသားဝယ်လာ ဆိုပြီးတော့ ကြေးအိုးပဲ လုပ်ဖြစ်ကြတယ်။ လုပ်မယ်ဆိုတော့လဲ တခါမှ မလုပ်ဘူးဘူး အဲ့တော့ အေအေဘီ ကနေ မေးလိုက်တော့ တယောက်က လင့်ခ်ပေး တယ် မြူးရဲ့ဘလောခ်လင့်ပါ။ နောက် ကိုယ့်ဘာသာ ထပ်ရှာလိုက်တော့ စုဘူးအိမ် ကိုထပ်တွေ့တယ်။ ဒီလိုပဲ လိုက်ဘတ် လိုက်ကြည့်တော့လဲ ချက်တတ်သွားတာပါပဲ။ မွေးကတည်းက တော်တာဆိုတော့ ညှင်းညှင်းညှင်း....





ကဲ ပြင်ဆင်တာ အရင် စပါမယ်နော်။ ကြေးအိုးကလဲ ကယိကထတော့များတယ်။ မွစိလေးတွေ လုပ်ရတာများလို့
အသားကို အရင်ပြင်ပါမယ်။ ကြိတ်သားကို လိုသလောက် ဝယ်ပါ။ အဆီပါတာလေးရွေးဝယ်ပါနော်။ အဲ့တာမှ စား
ကောင်းတာ။ တီတို့ကတော့ ၂ ကီလိုထင်တယ် လွယ်ကူစားမြိန်ဝယ်လာတာ။ အသားတွေကို နယ်မယ့်ဇလုံထဲ
ထည့် ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ နည်းနည်းထည့်ပြီးတော့ နှံ့အောင်နယ်ပေး ပါတယ်။ ပြီးရင်ပုံအတိုင်း နှပ်ထားလိုက်ပါနော်။





အသည်းလေးတွေကိုလဲ ပါးပါးလေးလှီးပြီးတော့ ကော်မှုန့်၊ ခရုဆီနည်းနည်း ဆား အချိုမှုန့် တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ။





ဟင်းရည်တအိုးကို အရိုးတွေနဲ့ တည်ထားပါ။ ဆားအချိုမှုန့် တို့ ခနော် ဝက်ခဲ တို့နဲ့ ညနေကတည်းက ကြိုတည် ထားပါတယ်။ ဟင်းရည်ကို ဆူတာနဲ့ မီးအေးပြီး တီချမ်း မဟာဟင်းရည်ကြည်အောင်တည်နည်းအတိုင်း ဖြေးဖြေး ချင်းတည်ထားပါတယ်။ နောက် အူချိုတွေကိုတော့ သပ်သပ်မလုပ်ချင်တာနဲ့ ဟင်းရည်အိုးထဲ ပစ်ထည့်ထားလိုက် ပါတယ်။ သူက နည်းနည်းကြာကြာလေး ပြုတ်ရတော့ ပစ်သာထားလိုက် ဘာမှမဖြစ်ဘူး။





ပြီးတော့ မှ ကျက်ပြီဆိုတော့ ဆယ်ထားလိုက်မယ်။ အောက်က ဝက်သားလုံး 7-11 က အဆင်သင့်စားဝက်သားလုံး ပါပဲ။ သူ့ကိုတော့ ချက်တဲ့အခါမှာ ထည့်ပြုတ်ဖို့ ဒီအတိုင်းပဲထားထားပါမယ်။ ဟင်းရည်ထဲထည့်ပြုတ်ထားရင် ပွ သွားတတ်လို့ပါ။





ကြာဇံ ကိုရေစိမ်ပြီး စစ်ထားပေးပါ။ ဆန်ကြာဇံ ကိုရွေးဝယ်ပါနော်။ ငုံးဥ ကိုလဲ ပြုတ်ပြီး ခွာထားပါ။





ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ကို ဘလန်ဒါနဲ့ကြိတ်ပြီးတော့ ရှာလကာရည် နဲ့ သကြားပါလေရုံလေးထည့်ပြီး ဖျော် ထားပါတယ်။ နောက်တော့မှ ချီလီဆော့ထ် နဲ့ ရောလိုက်တော့ အလွယ် အချဉ်ရည်ရတာပေါ့။





ကြေးအိုးဆိုရင် မပါမဖြစ်က ကျူချိုင်ပါ။ ၃ စင်တီလောက်လေးတွေလှီးထားပါ။ မုန်ညှင်းကိုလဲ သင်ပြီး ရေဆေးစစ်ထားပါမယ်။





ပြုတ်ပါတော့မယ်။ အိုးအလွတ်ထဲကို ခုနက ဝက်ပြုတ်ရည် ကြိုက်သလောက်ထည့်ပါ။ နောက် ဝက်သားလုံးလေးတွေပစ်ထည့် ခဏ ဆူအောင်တည်ပေးပါမယ်။ ခုနက နယ်ပြီးနှပ်ထားတဲ့ အသားတွေကို ဇွှန်းနဲ့ ကော်ကော်ပြီး လုံးထည့်ပါ။





အရည်ဆူလာရင် အရွက်ထည့်၊ ငုံးဥ ထည့် နောက် ခဏထပ်ပေးဆူ ပြီးတော့ ကြာဇံထည့်ပါမယ်။ ကြာဇံက ပရီအကြို စိမ်ပြီး ဖြစ်တဲ့ အတွက် ကြာကြာပြုတ်စရာမလိုပါဘူး။ ကြာကြာပြုတ်ရင် ကြာကြာမစံရဘဲမြန်မြန် ပြဲပါမယ်။ ကြာဇံထည့်ပြီးတာနဲ့ အသည်းထည့်၊ ဆား အချိုမှုန့်ထည့်၊ တချက်နှစ်ချက်လောက်မွှေပေးလိုက်ရင် ရပါပြီ။ အသည်းကို နောက်ဆုံးမှ ထည့်တာ သူက မြန်မြန်ကျက်လွယ်လို့
ရယ် ကြာကြာပြုတ်ရင် မာပြီးစားမကောင်းလို့ရယ်ပါ။ အသည်း ကို အဲ့လိုလေး ထည့်မွှေလိုက်မှ အရည်လေးက နည်းနည်း နောက်တောက်တောက်ဖြစ်ပြီး ဆိုင်လို ထွက်လာပါတယ်။ ခုနကတည်းက အိုးထဲမှာ ကြိုပြုတ်ထားတဲ့ အူချိုကိုတော့ သေးသေးလေးတွေညှပ်ထည့်လိုက်ပါတယ်။





ဆီချက် အတွက်ဆိုရင်တော့ ခုနက ပြုတ်ထားတာတွေအကုန်ကို ဇကာနဲ့ ဆစ်ထုတ်လိုက်ပါ။ နောက် နယ်မယ့် ဇလုံထဲထည့် ပဲငံပြာရည်အကြည်ထည့်။ ဆား အချိုမှုန့် နည်းနည်းထပ်ထည့် နှမ်းဆီ နည်းနည်းလေးထည့် ပြီးရင် နယ်လိုက်လိုက်ရင် အရသာရှိတဲ့ ကြေးအိုးဆီချက်တပွဲရတာပေါ့နော်။ ခုနက ဆစ်ထုတ်လိုက်တဲ့ အရည်ကို ကျူချိုင်ထည့်လိုက်ရင် ဟင်းရည်ရပါပြီ။ ချိုပေါ့ မြည်းပြီး လိုတာထပ်ထည့်ပါ။ အချဉ်လေးနဲ့ တွဲဘက်စားလိုက်ရင် ရှယ် တီစီကေအို ပေါ့နော်။

အသားလုံးလေးတွေက နည်းနည်းကြီးသွားတယ် လွယ်ကူစားမြိန်လက်ချက်ပဲ။





ဒါလေးတွေကတော့ အရည်သောက်နဲ့ ဆီချက် ယှဉ်ပြထားတာပါ။ အရည်သောက်ဆိုလဲ နှမ်းဆီနည်းနည်းလေး ထည့်လိုက်ပါအုံးနော် အဲ့တာမှ ဆိုင်ကလို ကြေးအိုး အရသာကော အနံ့ကော ရပါမယ်။ လုပ်ရတာလဲ လွယ် စားလို့လဲကောင်း ဆိုင်က လို အချိုမှုန့်တွေများပြီး ချွဲပစ်မနေတဲ့ စားပြီးရင် ရေမငတ်တဲ့ TCKO လေးပါနော်။

ရေလည်ကောင်း အရမ်းကောင်း ဂွတ်ရှယ်ကောင်း ကောင်းလွန်းလို့ မွေးစားသားက တောင် နှစ်ပွဲတွယ်ပါတဲ့ တီချမ်းကြေးအိုးပါနော်။

ဘော်နပ်စ်

နောက်နေ့ကျ ပရိတ်သတ်တယောက်တောင်းဆိုထားတဲ့ ဟာတခု တင်ပေးမယ်။ မှန်အောင်ဖြေ (၂) မှတ်။


A Chen
2:03 AM
Thursday
12th Apr 2012
Home
Bangkok