Friday, June 19, 2009

ရှမ်းခေါက်ဆွဲ (သို့) ချမ်း's ခေါက်ဆွဲ

ကဲကဲ ဒေါ်ချမ်း တယောက်ကို ရက်ရှည်ကြာညောင်းပျောက်ချက်သားကောင်းစေနေတဲ့
မိတင် (ခ) အစည်းအဝေးတော်မဟာ လေးခုဆက်တိုက်ကြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ
စာတွေလဲဘာမှအသစ်မရေးဖြစ်၊
စကတ်ဂျူးတွေနဲ့တင်ထားတာတွေကလဲ ကုန်၊
အချစ်ဒဿန တွေကလဲ လောလောဆယ် ဘာမှမရှိ၊ မရှိဆို အချစ်နဲ့ဝေးနေတာပဲကြာလှပေါ့
သွေးတောင်အေးနေပြီထင်တယ် ခိခိခိ
နောက်ပြီး ဘာမှမချက်စားဖြစ်တာလဲတော်တော်ဆိုတော်တော့်ကိုကြာနေပါတယ်
အဲ့တာနဲ့ အခုတခါတော့ မချက်တာကြာလို့ ဟင်းလေးဘာလေး ခံတွင်းမျက်အောင် ချက်စားမယ် စဉ်းစားမိပါတယ် အဲ့ဒီမှာ မချက်တာကြာတော့ ဘာချက်ရမှန်းမသိဘူးဖြစ်နေတယ်လေ
အဲ့တာနဲ့ ထမင်းလဲခုတလော မစားချင်သလိုဖြစ်နေ၊
အပြောင်းအလဲလေးဖြစ်အောင်လို့ ဆိုပြီး ရှမ်းခေါက်ဆွဲ ချက်စားပါတယ်
အဓိက ကတော့ လွယ်လို့ပါ ပြီးတော့ တီ့အကြိုက်ဆုံးထဲမှာလဲပါလို့လေ
ချမ်းက ချက်တော့ ချမ်းခေါက်ဆွဲပေါ့နော်
စားသွားပါအုံး အားမနာနဲ့နော် ခိခိခိ

ချက်ပုံအဆင့်ဆင့်

ထုံးစံအတိုင်း ဟင်းအနှစ်အတွက် မပါမဖြစ်တဲ့ ကြက်သွန်နီ ကိုနှုတ်နှုတ်စင်းထားပါတယ် ပြီးတော့
အနှစ်အတွက် ကြက်သွန်နီနဲ့ရော ချက်ဖို့ ခရမ်းချဉ်သီးကိုသေးသေးပါးပါးလှီးထားပါတယ် နောက်တခုကတော့ ဟင်းအစာဖြစ်တဲ့ အသားပါ။ ၀က်၊ ကြက် ကတော့စာရှုသူတို့ကြိုက်ရာပေါ့
တီကတော့ ၀က်ပိုအဆင်ပြေတဲ့အတွက် ၀က်ပဲ ၀ယ်လိုက်ပါတယ် ဆိုင်ကပဲ စင်းပြီးသားလေး ဖြစ်တဲ့ ကြိတ်သားကိုဝယ်ပါတယ်


ပထမဆုံး ကြက်သွန်နီ ကိုဆီသတ်ပါတယ် ဆီသတ်ရင်းတပြိုင်တည်းမှာပဲ အရောင်လှအောင် နနွင်း နဲနဲ ထည့်ပြီးမွှေပေးပါတယ် ကြက်သွန်ဆီသတ်တာ မွှေးလာရင် ခရမ်းချဉ်သီး ထည့်မွှေပေးပါတယ်
နဲနဲ ကြေသွားပြီးဆိုရင်တော့ ၀က်သား ကြိတ်သား (သို့) ၀က်သားနှုတ်နှုတ်စင်း ကိုထည့်ပါတယ်
ပြီးတော့ ဆီနည်းနည်းပျံအောင် ချက်ပေးပါတယ် ဆား အချိုမှုန့် သင့်ရုံထည့်ပါတယ် ပြီးတော့ အိုးကိုဆူအောင်တည်ပါတယ် နောက် အရည်နဲနဲခမ်းလို့ အိုးချခါနီးကျရင်တော့ ကြိုတင် မီးကင်ပြီးမှုန့်နေအောင်ထောင်းထားတဲ့ ပဲပုပ်မှုန့်လေးခတ်ပေးလိုက်ပါတယ်
အဲ့တာ က တီတို့ ရှမ်း “တောင်” အကြိုက်ပါ မကြိုက်ရင်မထည့်လဲရပါတယ် ရှမ်း “မြောက်” ကထည့်လေ့မရှိပါဘူး

ဒါကတော့ ဟင်းရည်ပါ ပထမဆုံး ၀က်နံရိုး ရှယ် အသန့် ကို အိုးအလွတ်ကြီးကြီးတခုနဲ့ ကိုယ်လိုသလောက် ရေထည့်ပြီးတည်ပါတယ် နောက်ဆားအချိုမှုန့် သင့်ရုံထည့်ပါတယ် ဟင်းရည်တည်တဲ့နေရာ မှာအဓိက ကတော့ အရည်မနောက်သွားအောင်တည်တာပါပဲ ပညာပါပါတယ် ဒါပေမယ့် မခက်ပါဘူး တီ့အမေသင်ပေးထားတဲ့ တီတို့မိသားစု မျိုးရိုးစဉ်ဆက် အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့တဲ့ မဟာဟင်းရည် ကြည်အောင်တည်နည်းကိုပြောပြပါမယ်
ပထမဆုံး အရိုးကို ရေနဲ့တည်ပါတယ် အဲ့အချိန်မှာ တော့ အိုးကိုဖုံးထားပါတယ် မြန်မြန်ဆူအောင်ပါ
အဲ ဆူလာပြီဆိုရင်တော့ ဆားအချိုမှုန့် ထည့်ပြီး ထပ်တည်ပါတယ် အဲ့အချိန်မှာတော့ အိုးကိုမဖုံးတော့ပါဘူး
ပြီးတော့ မီးကိုအေးပစ်ပါတယ် မီးလျော့လျော့လေးနဲ့ ဖြည်းဖြည်းလေးတည်ပေးပါမယ် အိုးဖုံးလိုက်ရင် ဟင်းရည်က နောက်သွားပါမယ် အဲ့တာကြောင့် အိုးဖုံးဖွင့်ပြီးမီးအေးနဲ့တည်တာပါ အဲ့တာဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အတိုင်း သောက်ချင်စဖွယ် ဟင်းရည်ကြည်ကြည်လေးရပါမယ်


ဒါကတော့ကြိုက်တတ်သူများအတွက် နံနံပင်နဲ့ သံပရာသီးပါ တီကတော့ အများကြီးထည့်စားလေ့ရှိပါတယ်


ဒါကတော့ ခုနက ချက်ထားတဲ့ အသားဟင်းနဲ့ ရေစိမ်ခေါက်ဆွဲဖတ်ပါ ခေါက်ဆွဲဖတ်က အမှန်တော့ ဈေးထဲကနေ လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ခေါက်ဆွဲဖတ်ရရင်ပိုကောင်းပါတယ် တီကတော့ စားချင်တဲ့ အချိန်စားလို့ ရအောင် အသားပဲ ချက်ထားတဲ့အတွက် ခေါက်ဆွဲဖတ်ကိုတော့ အခြောက်ပဲဝယ်ထားပါတယ် စားချင်တဲ့အခါ စားခါနီးမှ အဲ့ဒီခေါက်ဆွဲခြောက်ဖတ်ကို
ရေနွေးနဲ့ပြုတ်လိုက်ပါတယ် ပြီးရင်ရေစစ်ထားပြီး အအေးခံထားပါတယ်


စားခါနီးမှ ပန်းကန်ထဲကို ခေါက်ဆွဲဖတ်လေးထည့်၊အသားကြိုက်သလောက်ထည့်၊ နံနံပင်နဲ့ သံပရာထည့်၊ နံရိုးဟင်းရည်ပူပူလေးခပ်ထည့်လိုက်ရင်တော့ အခုအောက်မှာဖော်ပြထားတဲ့ အတိုင်းစားချင်စဖွယ် လှလှပပ ပြင်ဆင်ထားပြီးအရသာရှိလှတဲ့ ရှမ်းခေါက်ဆွဲ (သို့) ချမ်း's ခေါက်ဆွဲ တပွဲကိုရပါပြီ
အရည်နဲ့မကြိုက်တတ်ရင် ခုနက အတိုင်းပဲ အဆင့်ဆင့်ပြင်ပြီး ဟင်းရည်မထည့်ပဲနဲ့ ပဲငံပြာရည်လေးနဲနဲထည့်ပြီး
ခေါက်ဆွဲဖတ်ပူပူလေးကို သုတ်စားရင်လဲရပါတယ်နော် အစပ်ကြိုက်တတ်သူများအတွက် ငရုတ်သီး ဆီချက်၊ နောက် အသုတ်အတွက်ကတော့ ကြက်သွန်ဖြူဆီချက်လေးတွေပါပြင်ထားနိုင်ရင်ပိုကောင်းပါတယ် ကြိုက်တတ်ရင်လဲ ထည့်လို့ရပါတယ်

A Chen
3:58 am
19th June 2009
Home
Bkk

8 comments:

  1. တို့လဲ လုပ်စားတယ်၊ ချမ်းလိုတော့ ဟင်းချိုမချက်မိဘူး၊ ပြီးပြီးရောလေ.. ဟင်းမချက်ချင်တဲ့နေ့ စားတာ၊ ချမ်းလုပ်တာ ပိုသေသပ်တယ်၊

    ReplyDelete
  2. မြင်သာမြင်ရ မကြင်ရပါလား...
    မရတော့ဘူး ဒီနေ့ သွားစားတော့မယ် (ဆိုင်မှာ)

    ReplyDelete
  3. တီရယ် အခုတလော ဘာမှ စားချင်စိတ်မရှိဘူး။ အခုတီလုပ်ကျွေးတာလေး တွေ့တော့ စားချင်လိုက်တာ။

    တော်လိုက်တဲ့ ချစ်တီ။ သွားရေကျသွားတယ်နော်။

    ချစ်တူမ
    မိရောင်

    ReplyDelete
  4. တီရေ
    အစားနဲ့ဖွင့်တယ်ပေါ့
း))
    စားချင်တယ်ဗျို့ :D

    ReplyDelete
  5. recipe တွေတော့ ကျော်ဖတ်သွားတယ်။ ပုံပဲ ကြည့်သွားတယ်။

    ReplyDelete
  6. မဟာဟင်းရည် နည်းအတွက် ကျေးဇူးပါ။
    ရှေ့တပတ်ထဲမှာ လုပ်စားမယ်။

    ReplyDelete
  7. တီရေ.......
    အားရပါးရ လာစားသွားပါတယ်နော်...
    အသုပ်ကော အရည်ကော စားသွားတယ်...

    ( စိတ်ကူးထဲမှာ....း( )

    ReplyDelete
  8. မဟာဟင်းရည် ကြည်ကြည်လေးရပြီ။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete