Tuesday, May 11, 2010

မောင်…မရှိခဲ့ရင်…

မောင်…မရှိခဲ့ရင်…

ခုတလော အတွေးတွေဝေနေတတ်ပါတယ်။ ဘာရယ်မဟုတ် လျောက်လျောက်တွေး နေမိ တတ်တယ်။ ဘဝအကြောင်း သူငယ်ချင်းတွေအကြောင်း အလုပ်ကြောင်း မိသားစုအကြောင်း အချစ်အကြောင်း မောင့် အကြောင်း စသဖြင့်ပေါ့လေ။ အစုံပါပဲ။

တနေ့ကတော့ သီချင်းတပုဒ် နားထောင်ဖြစ်တယ် ဟောင်ကောင် အဆိုတော် ရုပ်ရှင်မင်းသမီး မော့ဝင်ဝေ့
莫文蔚 * ရဲ့ သီချင်းတပုဒ်ပါ။ သီချင်းကိုလဲ နောက်ကြုံရင် ဘာသာပြန်ပြီး တင်ပေးပါအုံးမယ်။ အဓိက ပြောချင်တာက သီချင်း နာမည်ပါ။

“တကယ်လို့သာ မင်းမရှိခဲ့ရင်….” တဲ့

အဲ့ဒီ သီချင်းလေးက ကိုယ့်ကို အတွေးတွေဝေစေ၊ ထွေစေပါတယ်။ တွေးကြည့်မိတယ်လေ။ ဒီလိုလေးတွေ (စာဖတ်ပရိတ်သတ်ကြီးလဲ တခါတခါ တွေးကြည့်မိကြမှာပါ။ ကိုယ်တို့အတွေး လေးတွေ ဘယ်လောက်တူလဲကြည့်ကြည့်ရအောင်နော်။) ပြီးတော့ ကိုယ်တခါကလဲ တီချမ်းရဲ့ အချစ် ဒဿနများ အပိုင်း-၂- အောက်မှာ “တကယ်လို့…” ဆိုတဲ့ ခေါင်းစဉ်နဲ့ထင်တယ် ပိုစ့် အတိုကလေး တခု ရေးဖူးပါသေးတယ်။ ဒေါ်ရီတာ ကတောင် လာကွန်မန့်သေးတယ် သူလဲ ခုတလော စဉ်းစားမိတယ် တဲ့ တကယ်လို့ မင်းသာမရှိခဲ့ရင် ကိုယ် ပိုက်ဆံဘယ်သူ့ဆီက “ချေး” ရပါ့မလဲနော် တဲ့ အင်း အဲ့လိုတော့လဲ ဟုတ်သားနော်…………..ခိခိခိ (သူပြောတာက အဲ့လို သဘောမဟုတ်ပါ သိချင် ရင် ပြန်ကြည့်ကြ)

သီချင်းလေးက ကိုယ့်ကို “ထိ” ပါတယ် နားထောင်လိုက်တာနဲ့ စာသားတွေက တိုက်ရိုက် ရင်ထဲကို ဝင်လာတယ် အဲ့ဒီသီချင်းကိုနားထောင်မိတော့ ကိုယ်တွေးမိတယ်။ ဟုတ်သားပဲလို့….

တကယ်လို့ မောင်သာမရှိခဲ့ရင် ရှေ့ဆက်လျောက်ရမယ့် အနာဂတ်ထဲမှာ ကျန်နေသေးတဲ့ ထောင်နဲ့ (သောင်းနဲ့ချီကောင်းလဲချီနေနိုင်သေးတဲ့) ချီနေသေးတဲ့ နေ့ရက်တွေ ကို ကိုယ် တယောက်ထဲ ဘယ်လိုများ ဖြတ်ကျော်ရမလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ဖုန်းဘယ်တော့များမှ ဆက်လာမလဲလို့ မျှော်လင့်နေစရာ တွန်းအား မလို တော့သလို ဖုန်းလာတဲ့အခါလဲ ကိုယ့်မှာ အပြေးအလွှားသွားကိုင်စရာ အကြောင်းပြချက် မရှိတော့ဘူး ပြီးတော့ ရင်ခုန်နူးညံ့တဲ့ အသံ ချိုသာသာကလေးနဲ့ “ဟယ်လို….(ဒါလင် မတွေ့ရတာ ကြာပြီနော်…အရင်လိုကြည့်ကောင်းနေတုံးပဲ အချစ်ရယ်…ဆုံတွေ့ရတာ တို့ဝမ်းသာ….)” လို့လဲ ထူးစရာမလိုတော့ဘူးနော်

တကယ်လို့ မောင်သာမရှိခဲ့ရင် ဘယ်သူ့ကိုများ ကိုယ်နွဲ့ဆိုးဆိုးရမှာလဲ။ ဘယ်ယောက်ျားကိုကော သွားပြီး “ကိုယ့်ကို ဂရုမစိုက်ဘူး” လို့ ကိုယ် ဂျီကျရမှာလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ဝမ်းနည်းတဲ့အခါ ဘယ်သူ့ ပခုံးပေါ်မှီပြီး မျက်ရည်ကျရမှာလဲ
ဘယ်သူ့ကို တိုင်တည်ပြီး ငိုရမှာလဲ…

တကယ်လို့ မောင်သာမရှိခဲ့ရင် ဒီလို ဖောက်လွဲဖောက်ပြန် လောကကြီးထဲမှာ မနက်ဖြန် တွေရှိသေးတယ်လို့ ဘယ်လို ခွန်အားမျိုးနဲ့ ကိုယ်ယုံကြည့်ရမလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ဒီနေ့ည ကိုယ်ဘယ်သူနဲ့ ထမင်းစားရမှာလဲ ပြီးတော့ ဆိုင်တဆိုင်ဆိုင်မှာ သွားစားတဲ့အခါတိုင်း “သဲ ကြိုက်တာမှာပါ” လို့ ကိုယ့်ကို ဘယ်သူက လာပြောမှာလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ့်ရေခဲသေတ္တာထဲမှာလဲ မောင် ကြိုက်တတ်တဲ့ နွားနို့တွေ ထည့်ထားစရာမလိုတော့ဘူးပေါ့

တကယ်လို့ မောင်သာမရှိခဲ့ရင် ဘယ်သူ့ကို ကိုယ် သွားသတိရရမှာလဲ
လွမ်းရမှာလဲ
တမ်းတရမှာလဲ
ဘယ်သူ့ ကို စိတ်ပူရမှာလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ့်ကို မနက်မနက် အလုပ်မီအောင် ဘယ်သူက နိုးပေးမှာလဲ ကိုယ့်အတွက် ကိုယ်အမြဲစားတတ်တဲ့ မနက်စာ ပေါင်မုန့်မီးကင် ကို စတော်ဘယ်ရီ ယိုသုပ်ပြီးတော့ ကျွေးမှာလဲ ကိုယ်ကြိုက်လွန်းလို့ မြန်မာပြည်ကနေ တကူးတက သည်လာတဲ့ လူကြုံရှိတိုင်း မှာရတဲ့ ပရီးမီးယာ တူး ပလပ်စ် ဝမ်း ကော်ဖီကိုကော ဘယ်သူက ကိုယ့်အကြိုက် နို့စိမ်းလေးနဲ့ မွှေးမွှေးလေး ဖျော်ပေးမှာလဲ (ကော်ဖီ ကြော်ငြာက ဝင်ရသေးတယ်နော် အရင်ကပိုစ့်ထဲမှာ တခါ အခုတခါ နှစ်ခါရှိပြီ ပရီးမီးယားကတော့ ကိုယ့်ကို ကော်မရှင် ပေးဖို့ကောင်းနေပြီ)

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ရေချိုးရင်ကော ဘယ်သူက ဆပ်ပြာတိုက်ပေးပါ့မလဲ
ရေချိုးပြီးတော့ ကော မျက်နှာနဲ့ တကိုယ်လုံးကို ဘယ်သူက လိုရှင်းလူးပေးပါ့မလဲ
တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်အပျင်းကြီးပြီး ဟင်းမချက်ချင်တိုင်း ကိုယ်ကြိုက်တတ်တဲ့ ဟင်းတွေ ဘယ်သူက အပင်ပန်းခံ ချက်ကျွေးပါ့မလဲ

တကယ်လို့ မောင်သာမရှိခဲ့ရင် ကိုယ်ဆိုးသမျှကို ဘယ်သူက အတိုင်းအဆမဲ့ အညိုအညင်မရှိ အဆူအပူ နတ္ထိ နဲ့ အနွံအတာ ခံပါ့မလဲ

တခါတခါ ညဘက်တွေမောင် အပြင်သွားရင် အိမ်ကို ဖုန်းပြန်မဆက်တဲ့အခါ တခါတခါ စိတ်ပူလွန်းလို့ ဖုန်းဘေးနားမှာ အရူးလို ထိုင်ပြီး မောင်များ မတော်တဆ ထိခိုက်မှု အက်စီ့ဒန့် တခုခု ဖြစ်နေမလား ဆိုတဲ့အတွေးနဲ့ ဘုရား တ နေတတ်တာ မောင်ဟာ အရွယ်ရောက်ပြီးသား ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်တဲ့ လူတယောက်ဆိုတာ မေ့သွားလောက်တဲ့အထိ စိတ်ပူတတ်တာ။

ဒါပေမယ့် တကယ်လို့ မောင်သာမရှိခဲ့ရင် တခုတည်းသော ကောင်းကျိုးကတော့ ကိုယ်အခုထက်ပိုပြီး စိတ်ဓါတ် ကြံ့ခိုင် ခိုင်မာ မယ်ဆိုတာပါပဲလေ။ ဘာလို့လဲဆိုတော့ မောင် ကိုယ့်ဘေးမှာ ရှိနေတဲ့အချိန်တိုင်း အခါတိုင်း အခိုက်အတန့်တိုင်း ပါးစပ်ကတော့ အမြဲလိုလို ကိုယ့် ကို ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ပြောနေပေမယ့် အရာရာကို ချစ်တဲ့စိတ်နဲ့ အမြဲလိုလို လုပ်ပေးတတ်တာ ကိုယ့်အတွက် ငှက်ပျော်သီး အခွံနွာရတာကတောင် ခက်ခဲတဲ့ အလုပ်လို့ ထင်ရအောင် မောင်က အစစ အရာရာ အလိုက်သိ အနွံအတာခံ ဖြည်းစည်းပေးခဲ့တာပါ

တကယ်ပြောတာ
တကယ်လို့ မောင်သာမရှိခဲ့ရင် ဘဝ ကို ကိုယ်ဘယ်လို ဖြတ်သန်းရမလဲဆိုတာ တွေးတောင်မတွေးမိပါဘူး။ အပြောင်းအလဲများတတ်တဲ့ လောကကြီးထဲမှာကော မနက်ဖြန်ဆိုတာကို ဘယ်သူက အာမခံချက်ပေးမှာတဲ့လဲနော်…

A Chen
2:39 pm
11th May 2010
Immigration office
Bangkok
Thailand

莫文蔚 *
သူ့ အင်းဂလိရှ် နာမည်က Karen Mok ပါ (မှုံဝေဝေ လို့ ကိုယ့် သူငယ်ချင်း မိဘုတ်က ခေါ်ပါတယ် တော်တော်များများ သိကြ မှာပါ so close လို့ ခေါ်တဲ့ ရုပ်ရှင်ကား ( ရုပ်ရှင်ရဲ့ တရုတ်နာမည်က “နေဝင် နတ်သမီး”ပါ) အဓိက မင်းသမီးက Transporter ထဲမှာလဲပါတဲ့ ဟောင်ကောင်က နာမည်ကြီး မင်းသမီး Shu Qi စူးချီပါ ဒီ ဇာတ် ကားထဲမှာ သူက ကြေးစား လူသတ်သမ အဖြစ်သရုပ်ဆောင်ပါတယ်။ Shu Qi နဲ့အတူတူ အမျိုးသမီး စုံထောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ခုနက ပြောတဲ့ မှုံဝေဝေ ပေါ့။ အဲ့ကား ထဲမှာပဲ တရုတ်ပြည်မကြီးက နာမည်ကြီး မင်းသမီး ကြောတ်ဝေး (Vicky Zhou) လဲပါပါတယ် သူက စူးချီရဲ့ ညီမ အဖြစ်သရုပ်ဆောင်ရပါတယ် အဲ့ဒီ ရုပ်ရှင်က တရုတ်ပြည်မ ဟောင်ကောင် ထိုင်ဝမ် မင်းသမီး ၃ လက်ကိုတွဲသုံးထားတာပါ Shu Qi စူးချီ က အော်ရီဂျင်နယ် က ထိုင်ဝမ် ကပါ နောက်ပိုင်းကျမှ ဟောင်ကောင်မှာ နာမည်ကြီးလာတာပါ ပြီးတော့ အဲ့ဒီ ရုပ်ရှင်ထဲမှာ ရွှေ မြန်မာတွေရဲ့ အသည်းကျော် ကိုးရီးယား မင်းသားလေး ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ကိုကို ဂျွန်စော လဲပါပါတယ် သူက စူးချီ ရဲ့ ရည်းစား ကောင်လေး အဖြစ်သရုပ်ဆောင်တာပါ။ ထားတော့ အခုရေးနေတာက ရုပ်ရှင် အညွှန်းမဟုတ်ပါဘူး တီချမ်းရဲ့ ရိုးရာ ထုံးစံအတိုင်း လမ်းချော် နေတာပါ)

15 comments:

  1. တကယ်လို့ မောင်သာ မရှိခဲ့ရင် ဒီအကြောင်းတွေကို တကူးတက အချိန်ကုန်ခံပြီးတွေး ဆွေး

    လက်ညောင်းခံပြီး ရေးစရာမလိုတော့ဘူးပေါ့ကွယ်... ဟိဟိ

    ခံစားချက်တွေကို ဝင်မွှေသွားပါဒယ်။။ :P

    ReplyDelete
  2. ;)...ချစ်တတ်လိုက်တာများ...တီချမ်းရယ်။ မောင်ဆိုတဲ့ တစ်စုံ
    တစ်ယောက်တော့ ဘယ်လောက်ပီတိတွေဝေနေပြီလည်းမသိ။
    စာဖတ်သူတောင်ရောရောင် ခံစားကျေနပ်နေမိတာများ ။။။ :)
    တကယ်လို့ ပေါ့...သူသာနားမှာမရှိဘူးဆိုရင် တီချမ်းရဲ့
    မောင်အကြောင်းခုလိုသိခွင့်ရမှာ မဟုတ်ဘူးလေ။
    ချစ်တဲ့ တီချမ်းရဲ့ ပျော်ရွှင်မှုတွေကို ဝေမျှခံစားရမှာ
    မဟုတ်ဘူး။
    ဒါကြောင့် ...PC လေးရယ် ကျေးဇူး။။။ :)
    ခင်မင်လေးစားလျှက်....ခင်မာလာအောင်...:)
    ....Immmm...အမြဲပါပဲ ..တီချမ်းချစ်သော မောင်နှင့်
    အေးချမ်း ပျော်ရွှင်သော ဘဝလေးကို ထာဝရ ပိုင်ဆိုင်
    နိုင်ပါစေ။ တီချမ်း...:)

    ReplyDelete
  3. mdmsteel: မောင်မရှိရင်ညီမတောရှိမှာပါနော်

    ReplyDelete
  4. အင်း မောင်သာမရှိရင် ငါးရံ့အူဟင်း စားကောင်းအောင် ဘယ်လိုချက်ရပါ့မလဲလို့ ခုလို အားအားယားယား တွေးနေမိမှာမဟုတ်ဘူး။

    ReplyDelete
  5. အိုကွယ် တာကာခံစားရလွန်းလို့ နှပ်ချီးတွေတောင်ထွက်သွားတယ်သိလား အန်တီချမ်း
    တာကာကတော့ ၁၆နှစ်မလေးပီပီ အချစ်အကြောင်းလည်း မသိပေါင်

    ReplyDelete
  6. ပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ်သဲ

    ReplyDelete
  7. တီချမ်း ခေါ်တဲ့ မောင်ဆိုတဲ့ အသံလေးကို နားထောင်ကြည့်မိတယ်.. ဘာရယ်မှန်းမသိဘူး... မိုမိုကွမ်းရဲ့ မှောင်ဆိုတဲ့ ခေါ်သံလေးက နားထဲ ရောက်ရောက်လာတယ်
    ဟိ

    ReplyDelete
  8. ရေးတာ ကောင်းလိုက်တာ လွမ်းတောင် လွမ်းသွားတယ် တီချမ်းစီက ခိုးချမယ်နော် တချို့ဟာတွေ copy right နဲ့ တရားမစွဲနဲ့နော်.. သယ်ချင်းတွေပဲ ဟာကို ဟာကို ...

    စုစုငယ်

    ReplyDelete
  9. ပို့စ်ကိုဖတ်တယ်။ ငါများ အဲလိုတွေးဖူးသလား..စဉ်းစားတယ်။ အိမ်ကမောင်ကြီးသာ မရှိရင်လို့ စိတ်ကူးယဉ်မယ်လုပ်ရင်း ဖတ်ရင်း ကောမန့်တွေကိုရောက်လာတယ်။ သက်ပိုင်သူ ရေးတာ ဖတ်ပြီး " ခွီး " ကနဲရယ်မိတာ အတွေးတွေအကုန်ပျောက် .. ကီးဘုတ်တောင်တံတွေးစဉ်သွားတယ်... :D

    sdl

    ReplyDelete
  10. ထားလိုက်ပါ စင်းဒလာ
    အဲ့ဒီ ဂန္ဓာမာ သူသူမ က သူ့လင်နဲ့အဆင်မပြေလို့ သူများကိုမနာလိုဖြစ်နေတာပါ

    ReplyDelete
  11. မောင်မရှိလည်း ညောင်ရှိတယ် .. ညောင်ကိုသိချင်ရင် မယ်သစ်သွားမေးတီချမ်း.. ကျနော်ပြောတယ်မပြောနဲ့ ဟိ

    ReplyDelete
  12. ayuulay87: မောင်မရှိခဲ့ရင်
    မလည်းမနေတတ်ဘူးပေါ့ကွယ်
    ဘူးဟူးလားတီချမ်းရ

    သွားပြီတာ့တာ

    ReplyDelete
  13. MG , ma shi lal bar ma , ma phit bu ...(MG so tar ka Sometime ..par...) ahku ...AKO shi tal...hal..hal............JULY............

    ReplyDelete
  14. ဟော့တော် အဟောင်းတွေ ပြန်ဘတ်နေတာပါလား မိဂျုလိုင်

    ReplyDelete
  15. “အရာရာကို ချစ်တဲ့စိတ်နဲ့ အမြဲလိုလို လုပ်ပေးတတ်တာ ကိုယ့်အတွက် ငှက်ပျော်သီး အခွံနွာရတာကတောင် ခက်ခဲတဲ့ အလုပ်လို့ ထင်ရအောင် မောင်က အစစ အရာရာ အလိုက်သိ အနွံအတာခံ ဖြည်းစည်းပေးခဲ့တာပါ..”
    တသက်လုံးမပြောနဲ့… အဲ့လိုလူက ၆ လလောက် အလုပ်သွားလုပ်ပါမယ်ဆိုတာကို ရူးလောက်အောင် ခံစားရတာ……

    ReplyDelete