Wednesday, May 19, 2010

မိန်းကလေး နှင့် သူမရဲ့ မေမေ

မိန်းကလေး နှင့် သူမရဲ့ မေမေ

မိန်းကလေး နဲ့ သူမရဲ့ မေမေတို့ သဘောထား အတိုက်ဆိုင်ဆုံးအချိန်တွေကို ပြပါဆိုရင် မိန်းကလေး အိမ်ထောင်ကျပြီး နောက်ပိုင်း အချိန်တွေကိုပဲ ပြရမှာပါ။

အဲ့တာနဲ့ ပြောင်းပြန်ကတော့ မိန်းကလေး ငယ်နုစဉ်အခါတွေပေါ့။ မိန်းကလေး အနေနဲ့က မေမေပြောသမျှကို မမှန်ဘူး။ လိုက်လိုက် ချုပ်ချယ်နေတယ် လို့ပဲ အမြဲ မြင်ခဲ့တယ်။

ဥပမာ…

မေမေက “ယောက်ျားတွေ အားလုံး ကောင်းတာမဟုတ်ဘူး အလည်တွေချည်းပဲ” လို့ပြောခဲ့ရင် မိန်းကလေးက “မေမေရဲ့ အတွေ့အကြုံနဲ့ ပဲ လူတွေအကုန်ကို ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရန်းပါနဲ့ သမီးချစ်သူက အဲ့လို ယောက်ျားမျိုး လုံးဝ မဟုတ်ဘူး” လို့ ချက်ချင်းပဲ ပြန်ပြောလိမ့်မယ်။

မေမေက “ယောက်ျား တယောက်ကိုရွေးတဲ့အခါ လူလှရုံ၊ စိတ်ကောင်းရှိရုံ နဲ့မပြီးဘူး။ သူ့ရဲ့ နောက်က ပါလာမယ့် ဥစ္စာ ဓန ပညာ အတန်းအစား စတာတွေကိုလဲကြည့်တတ်ရမယ်။ ဆင်းရဲ တဲ့ ယောက်ျား ကိုယူမိရင် တဘဝလုံး နောင်တတွေနဲ့ ငိုနေရမှာ” လို့ပြောလာတဲ့အခါ မိန်းကလေးက “မေမေက ပိုက်ဆံကိုပဲကြည့်တာလား လူနှစ်ယောက်ကြားက အချစ်ကိုကော ဘယ်သွားထားမလဲ မေမေသိပ်ဂုဏ်မောက်တာပဲ သမီးကတော့ ချစ်သူနဲ့ အတူတူသာဆိုရင် ထမင်းရည်လျက်ရင်းလဲ အငတ်ခံနိုင်ပါတယ်” လို့ မကျေမနပ်လေသံနဲ့ ချက်ချင်းတုံ့ပြန်မှာပဲ။

မေမေက သမီး ရဲ့ကောင်လေးကို “ဒီကောင်လေးက ဟန်ပုံမပေါ်ဘူး” လို့ပြောတဲ့အခါ မိန်းကလေးက “မေမေကပဲ သမီးချစ်သူကို သမီးထက်ပိုသိဦးမယ်? မေမေ လူတယောက်ကို အလကား သက်သက် အထင်မသေးပါနဲ့၊ သမီး ချစ်သူက ဒီလိုလူ မဟုတ်ဘူး” လို့ ချစ်သူ ဘက်က ချက်ချင်း ကာကွယ် ခံငြင်းဦးမှာပါ။

မေမေက “အိမ်ထောင်စောစောပြုဖို့မစဉ်းစားပါနဲ့သမီးရယ် အိမ်ထောင်ပြုလိုက်တာနဲ့ သမီး သမီးရဲ့ အပျိုဘဝ လွတ်လပ်ခွင့်တွေ အကုန်ဆုံးရှူံး လိမ့်မယ်” လို့ ပြောခဲ့ရင် မိန်းကလေးက “မေမေလဲ ငယ်ငယ်လေးနဲ့ ဖေ့ဖေ့ ကို ယူခဲ့တာပဲမှလား” လို့ပြန်ပြောလိမ့်မယ်။

မိန်းကလေးက “သမီး သူ့ကို လက်ထပ်တော့မယ်” လို့ မေမေ့ကိုပြောလို့ မေမေက “ဒီလူကို မယူပါနဲ့သမီးရယ် စဉ်းစားပါအုံးလား” လို့ပြောလာခဲ့ရင် မိန်းကလေးက “မရဘူး သမီး သူ့ကိုပဲ ချစ်တယ် သူ့ကိုပဲယူမယ် ခုချက်ချင်းကိုယူမယ်” လို့ခေါင်းမာမာနဲ့ ငြင်းဆန် ပုန်ကန်လိမ့်မယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ မိန်းကလေး လဲတခြား လူတယောက်ရဲ့ ဇနီးမယားမိန်းမ အဖြစ်ကို ရောက်တော့မှာပဲ တချိန်တုံးက မေမေပြောခဲ့တာတွေ အားလုံးဟာ အမှန်တွေချည်းပါပဲလားလို့ သိလာခဲ့တော့တယ်။

သူမရဲ့ အမျိုးသား လင်ယောက်ျား ဟာ သူမ ဖေဖေနဲ့ သိပ်ထူးမခြားနား တဲ့ နောက်ထပ်ယောက်ျားတွေထဲက ယောက်ျားတယောက်ပဲ၊ ဒီပုတ်ထဲက ပဲတွေချည်းပဲ၊ အတူတူပါပဲ၊ ခပ်ဆင်ဆင်ပါပဲ ဆိုတာတွေကိုတဖြည်းဖြည်းနဲ့ သဘောပေါက်လာ ခဲ့ရတော့ တယ်။

ယောက်ျား တွေအားလုံးလိုလိုမှာ အတ္တခပ်ကြီးကြီး မဟာဖိုဝါဒနဲ့ ခပ်များများ ကွက်လပ် တွေ ရှိနေတယ် ဆို တာ သိလာခဲ့တော့တယ်။

ယောက်ျားတွေဟာ နောက်ဆုံးတော့လဲ အားလုံးအတူတူပဲ၊ အိမ်ထောင် မကျခင် နဲ့ အိမ်ထောင် ကျပြီးဟာ ပိန်ဆေးကြော်ငြာ ဆံပင်ပေါက်ဆေး ကြော်ငြာ တွေထဲက before and after ပုံတွေလို ဖျက်ပြီး ပြန်လုပ်လိုက်တဲ့ လုံးဝမတူတဲ့ လူနှစ်ယောက် လိုပါပဲလားဆိုတာတွေ သိလာရ တော့တယ်။

ဒီလိုနဲ့ပဲ တအိမ့်တအိမ် အလည်သွားကြတဲ့အခါတိုင်း သားအမိ နှစ်ယောက်တွေ့ကြပြီဆိုတာနဲ့ ခေါင်းချင်းဆိုင်ပြီး ကိုယ့်ယောက်ျား မကောင်းကြောင်းပြောကြရတာ တီးတိုးတီးတိုး သဖန်းပိုး ကြရတာ တခါတခါများ နူတ်သီးတွေတောင်ရွဲ့လို့ပေါ့။

ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် သုံး ဆယ် အတွင်းမှာ သားအမိနှစ်ယောက်သား အတည့်ဆုံး အချိန် စိတ်တူ ကိုယ်တူ အရှိဆုံး အချိန်ဟာ အဲ့ဒီအချိန်ပဲလို့တောင် ပြောရမလို ဖြစ်နေတယ်။

အဲ့လို အချိန်မှာပဲ ဘေးနားကနေ ပြုံးပြုံးကြီးကြည့်နေကြတဲ့ ယောက္ခမကြီး နဲ့ သားမက် နှစ်ယောက် ခမျာမှာလဲ မိန်းမတွေ အားလုံးဟာ တပုံစံကြီးထဲပါလား လို့တွေးနေမိကြတယ်။

နောက်ဆုံးမှာတော့ သူတို့တွေရဲ့ မိန်းမတွေဟာ ကိုယ့်ကိုယ်တိုင်ရဲ့ အမေ ဒါမှမဟုတ် သူတို့ကိုယ်တိုင်တွေရဲ့ အမေတွေလို တပုံစံထဲထွက်လာကြတာပါပဲလားပေါ့နော်။

A Chen
11:58 pm
18th May 2010
David’s house, Mae sot

4 comments:

  1. ဒါဆို ယောက်ျားတွေကျတော့ရော... ဘယ်အချိန်တည့်ကျလဲ (ဘောလုံးပွဲလောင်းချိန်ကလွဲလို့ပေါ့)

    ReplyDelete
  2. အဲဒါတွေကြောင့် သမီးမိန်းကလေးတွေ မလိုချင်ဘူး။

    ReplyDelete
  3. Glad to hear that you are not in BKK. It is very disheartening for me to be able to see these unlawful exercises (burning tyre, building, public properties, trying to burn gas tank, looting) everyday and not knowing when I can go back to my place, when I could get to sleep, etc.
    Have a nice stay in Mae Sot.

    ReplyDelete
  4. မမရီတာ ...
    ကိုယ်တိုင်ကလဲ မိန်းကလေးဆိုတာ မေ့နေတယ်ထင်ပါ့

    ReplyDelete