Thursday, May 20, 2010

တရားလား မတရားဘူးလား နဲ့ တောင်စဉ်ရေမရ

တရားလား မတရားဘူးလား နဲ့ တောင်စဉ်ရေမရ

ထုံးစံအတိုင်းပါပဲ အပြင်းစားမိန်းမ ရဲ့ အပျင်းစား စာတွေဖတ်မိပြီး အပျင်စား တွေးလို့ခေါ်မလား အပြင်းစား အတွေးလို့ခေါ်မလား လျောက်တွေးနေမိပါတယ်။ သူကတော့ ရှေ့ဘဝ နောက်ဘဝ တရားမှု မတရားမှု စတာတွေလျောက်ပြောနေတာပေါ့။ ကိုယ်ကတော့ စဉ်းစားမိတာတခုရှိပါတယ် ဘာလို့များ သူ လျှာ ရှည်ပြီး လျောက်တွေးနေပါလိမ့်ပေါ့နော်။

တခါတခါ (အခါများစွာ) ကျတော့ မတရားမှုတွေအတွက် ကိုယ်တွေကိုယ်တိုင်ကိုက ဘာမှမလုပ်နိုင်ကြဘူးမှလား။ ထိုင်ကြည့်နေကြရတာပဲလေ...။

ဥပမာ အသက်မပြည့်ပဲ အိမ်တွေမှာ လက်ဖက်ရည်ဆိုင်တွေမှာ အခိုင်းခံနေရတဲ့ ကလေးတွေ မြန်မာပြည်မှာ အများကြီးရှိပေမယ့် သူတို့ တောက အိမ်မှာဆိုရင် တီဗီမရှိ ဘာမရှိ၊ အဲ့တာတွေထက် ပိုအရေးကြီးတဲ့ စားစရာမရှိ၊ (အခုဆို ပိုဆိုး သောက်စရာရေတောင်မရှိ) အိမ်မှာ အဖေက အရက်အသေသောက် တနေ့တနေ့ဆဲဆို ကြိမ်းမောင်း ရိုက်နှက် အမေက ကလေးတွေသာ တပြွတ်ပြွတ်မွေး၊ ဆန်အိုးထဲမှာ ဆန်ကမရှိ စတာတွေထက်စာရင်တော့ မြို့ပေါ်မှာ အကူအဖြစ်လာနေ ရသမျှလေးတွေ အိမ်ကိုပို့ (တချို့များ အမေက လာထားကတည်းက တခါတည်း တနှစ်စာ ထုတ်သွားပြီးသား ဘယ်လောက်အဆင်ပြေလိုက်လဲ) ဒါက တဇာတ်လမ်း ဟောတခါ အိမ်ရှင်တွေဘက်ကကြည့်တော့လဲ တချို့မိန်းမငယ်လေးတွေခမျာ မတရား ခြေတော်တင်ခံရ တချို့ကျတော့လဲ အိမ်ရှင်ကိုသတ် ပြေး၊ မတော်မတရားလုပ်ပါတယ်လို့ လိမ်ညာ စွပ်စွဲ အမျိုးသမီးရေးရာတိုင်၊ ပိုက်ဆံတွေ ယူ၊ခိုးပြေး စသဖြင့် နောက်ဇာတ်လမ်းတွေကလဲ အမျိုးမျိုး အစုံစုံ အဖုံဖုံ။
တရားသလား မတရားဘူးလား ? တရားရင်ကော ဘယ်သူက တရားတာလဲ မတရားရင်ကော ဘယ်သူက မတရားတာလဲ? ဘယ်ကိစ္စမဆို နှစ်ဘက်မြင်အောင်ကြိုးစားပါ...

တရားကိုနတ်စောင့်တယ်ဆိုတာ ရှိပေမယ့် နတ်မှာလဲ ဂျူတီအော်ဖ့်ရက်တို့ ခွင့်ရက်တို့ ရှိမှာပေါ့။ ဖူးလ်တိုင်းအမ်ပလွိုင်းယီး ဆိုရင် သူလဲ အမ်ပလွိုင်းယီး ရိုက်စ်တွေ ဘာတွေ နဲ့ သကြားမင်းကို ဂျီကျမှာပဲလေနော့။

အဲ့လိုပေါ့ ကိုယ်တောင်စဉ်ရေမရ လျောက်တွေးနေမိတာပါ။ အစက ကိုယ်က အပြင်းစား မိန်းမကို ဘာတွေ လျောက် လျာရှည်ပြီးတွေးနေတာလဲ လို့ ပြောပြီး ကိုယ်ကိုယ်တိုင်ကျတော့ လျောက်တွေးနေတာကိုလဲ ပြန်ပြီးတရားကျမိပါရဲ့။ ခက်တာက တရားကျတာက တရားတာမဟုတ်သလို မတရားတာလဲမဟုတ်ပြန်ဘူး (ထင်တာပါပဲ)။

ကိုယ်ကတော့ ခုတလော စိတ်ထားတတ်အောင်ကြိုးစားပြီးနေတယ်။ ဒါတောင်မှ ချစ်မှုအပူတွေက အပူမှုပွေ ခင်ယုမေ ဖြစ်နေသေးတာ။ ထားပါ။ ဒါလဲ တဇာတ်လမ်းပေါ့။ တခန်းရပ်။

အဓိက ပြောချင်နေတာက လူ့ဘဝကြီးကအူကြောင်ကြောင်ပါ ရည်းစားများတဲ့ သူငယ်ချင်းတယောက်လိုပါပဲ ခဏခဏ ဟောတယောက်ဟောတယောက် ပြောင်းနေတဲ့ သူ့ရည်းစားတွေကို မှတ်မိဖို့ခက်တတ်သလို လောကကြီးကို နားလည်ဖို့လဲ သိပ်ခက်ပါတယ် တခါ လောကကြီးကို နားလည်သလိုလိုထင်လာတော့လဲ လောကကြီးမှာ ရှိနေတဲ့ တရားမှုတွေ တရားမှုတွေ မတရားမှုတွေအတွက် ကိုယ်က ဘာမှလုပ်မပေးနိုင်တာသေချာလာပြန်ပါရောလား။ အဲ့တော့လဲ မအယ်ဇီပြောသလိုပဲ ဖြည့်တွေးပေးရမလား ခေတ်ပျက်ထဲမှာ ရူးချင်ယောင်ဆောင်ရမလား၊ လျာရှည်ပြီး လျောက်တွေးနေရမလား၊ နေပူတယ်လေ နော် အဲ့တော့ လူကလဲ အူတူတူပေါ့။ စိတ်တွေလဲ ဂရောင်ချောက်ချားတွေဖြစ်နေတော့ လျောက်တွေးမိတာပေါ့ တွေးမိတော့ လျောက်ရေးတာပေါ့ လာဖတ်သူတွေကိုတော့ အားနာပါတယ်လေ...

ခုလောလောဆယ်တော့ မဲစောက်ရောက်နေတယ် ဘန်ကောက်ကနေထွက်ပြေးလာတာလေ။ နားခွင့်လဲရတယ်ဆိုပါတော့ အဲ့အတွက် အနီတွေကိုကျေးဇူးတင်နေမိတယ် အဲ့လိုတွေးတာ မတရားဘူးလို့လဲ ထင်နေမိတယ် ဒါ လူ့သဘာဝပါလို့လဲ ကိုယ့်ကိုကိုယ် ဖြေတွေးပေးနေတယ်

ဘန်ကောက်ဆိုတာကလဲ ကမ္ဘာလှည့်ခရီးသွားတွေ ဥဒဟို လာနေတဲ့ မြို့တော်တခုပါ ခုတော့လဲ တစပြင်လိုလိုပါပဲလား တရားမျှတ တာလား အဲ့အတွက် တိုက်ပွဲဝင်နေကြတာလား ကိုယ့်လူမျိုးတွေ အချင်းချင်း ပစ်ခတ်နေကြတာ တရားကျရမှာလား

သူငယ်ချင်းတယောက်ကတော့ ပြောတယ် ကိုယ်တို့ အစိုးရကိုလဲ ဒီမိုကရေစီ ပေးဖို့မပြောပါနဲ့တဲ့ အာဏာရပါတီ နဲ့ အတိုက်အခံပါတီ စသဖြင့် ပါတီတွေကွဲပြီး အချင်းချင်း သတ်ဖြတ်ကြ ထိုင်းတွေလို ဖြစ်လာရင် မကောင်းဘူးတဲ့ ပြောလဲပြောစရာပါ မနှစ်ကလဲ သင်္ကြန်လောက်ကနေစပြီး တက်စင်ရဲ့ အနီတွေနဲ့ တဘက် ဖြစ်ကြပါတယ် ဒီလိုပဲ လမ်းတွေ ပိတ်ဆန္ဒတွေပြ လေဆိပ်ကိုပိတ် ဒီနှစ်ကတော့ ပိုဆိုးတာပေါ့ ကိုယ်လဲ ဒီမိုကရေစီ ဘာညာ သိပ်မသိပါဘူး ကောင်းတာတွေ မသိသလို ဆိုးတာတွေလဲမသိပါဘူး ဖြည့်တွေးပေးဖို့တော့ အခုကတည်းက ထည့်စဉ်းစားထားပါတယ် သူငယ်ချင်းတယောက်က ပြောတာပါ သူငယ်ချင်းက ပြောတယ်လို့ စကားခံထားပါတယ်

နောက်သူငယ်ချင်းတယောက်ကတော့ ထိုင်းတွေအချင်းချင်း သတ်ကြတာ သူက သိပ်သိပ် ဝမ်းသာတယ် လို့ ပြောလာပါတယ် ကိုယ်ကတော့ သဘောမတူသော်လည်း လွတ်လပ်စွာ ယုံကြည် ပြောဆို ခွင့်ရှိတဲ့ ဒီမိုကရေစီ ကိုကျင့်သုံးနေတဲ့ ထိုင်းနိုင်ငံမှာ နေနေတော့ ဘာမှမပြောဘဲ လွှတ်ထားလိုက်ပါတယ် တခါက ဖတ်မိတဲ့ပိုစ့်တခုထဲက ကိုယ်နဲ့မဆိုင်သလိုနေတတ်တဲ့ လူတွေ (ပိုစ့်ရှင်ကတော့ ခွေးလို့ သုံးထားခဲ့ပါတယ်) ထဲမှာ ကိုယ်ပါနေသလားပေါ့ အဲ့လိုလဲတွေးမိပါတယ် ကိုယ်ကတော့ အစွန်းတွေနဲ့လွတ်အောင်နေပါတယ် မတရားဘူးထင်လား နေကြည့်ပါ ငြိမ်းချမ်းပါလိမ့်မယ်

ဆိုင်တာကို ပြောပါမယ် အခုလိုဖြစ်နေကြတော့ ကိုယ်တွေးမိတာ အနီတွေက အဘီစစ် ကို မတရား ဘူးလို့ထင်ကြတာလား တက်စင်ကိုမှ တရားတယ်လို့ထင်တာလား ဘယ်လိုက တရားတာလဲ ဘယ်လိုကမတရားတာလဲ ဘယ်သူတွေက တရားတယ် မတရားဘူး ဆိုတာ ကို ဆုံးဖြတ်ပေးမှာလဲ တကယ်လို့ အနီတွေနိုင်ရင်ရော အခု အဘီစစ် ဘက်ကလူတွေက တရားတယ် ထင်မှာလား မတရားဘူးထင်ရင် လက်နတ်စွဲကိုင် တိုက်ပွဲဝင်ကြအုံးမှာလား လူတွေ သတ်ကြအုံးမှာလား တရားမှု ကိုလိုချင်တဲ့အတွက် မတရားခံရတယ်လို့ ထင်တဲ့အတွက် တိုက်ပွဲဝင်ကြ လူသတ်ကြရင်ကော တရားတယ် ပြောမလား မတရားဘူးပြောမလား

လောလောဆယ်မှာ ကိုယ်ကတော့ အလုပ်က ပိတ်ထားတဲ့အတွက်အနားရပြီးဒီလို အရည်မရ အဖတ်မရတွေ လျောက်ရေးနေဖို့ အချိန်တွေရနေပါတယ် အချိန်တန်တော့လဲ လခက ရမှာဆိုတော့ ယူရင် တရားလား မတရားဘူးလား ကိုယ်ကတော့ ဘယ်လိုဖြစ်ဖြစ် လခ ကိုတော့ ယူမှာပါပဲ

မတရားဘူး မထင်ရအောင် အလုပ်ကိုလဲ တတ်နိုင်သမျှ နည်းနည်းလေးပဲ ဖြစ်ဖြစ်တော့ ဖြစ်အောင်လုပ်ပါတယ် ဒါကလဲကိုယ့်ကိုကို မတရားဘူး မထင်ချင်လို့ပါ
အမှန်တော့ စိတ်ပါပဲ
ဘုရားဟော မှီငြမ်း ပြောတဲ့အတွက် ကိုယ့်ကို ရီလေးဂျီးယပ်စ် ဖြစ်သလားလို့မေးရင် မဖြစ်ဘူး လို့ပဲဖြေပါမယ် အပြင်းစား ပြောတဲ့ အကျိုးဝိပါတ် တို့ ကမ္မဖလ တို့ကိုလဲ သေချာမသိပါ နားမလည်ပါ နားမလည်ဘဲ သူ့ပိုစ့်ကို မှီငြမ်းပြီး လျောက်ရေးတဲ့အတွက် မတရားဘူး လို့လဲ ထင်မိမြင်မိပါတယ် အဲ့တာဆိုရင်ကော ဘယ်လိုလုပ်မှာလဲ ပြီးတော့ ကိုယ့်မှာ သူပြောတဲ့ ဘာသာတရားက ပေးတဲ့အသိလဲ သေချာမရှိဘူးထင်ပါတယ်

ရေမလာတာ လှူလို့ရပါတယ် မြေမပါရင်လဲ မြစ်ထဲကန်ချလိုက်ယုံပါပဲ ဥာဏ်နည်းတော့လဲ ကြံခဲတာပေါ့ လျောက်လျောက်ဖတ်ရင်း တွေးမနေပါနဲ့ အတွေးတွေမဝေပါနဲ့ အဆွေးတွေ မလေပါနဲ့ ပြောထားတယ်လေ တောင်စဉ်ရေမရပါလို့ ကိုယ့်ဘာသာ အစကတည်းက လာဖတ်ပြီးတော့လဲ ခုမှ “ထ” ဒေါသမထွက်ပါနဲ့ အဲ့တာဆို မတရားတာ ခင်ဗျား / ရှင် ဖြစ်သွားမယ်နော်

ခုလောလောဆယ်တော့ မဲစောက်မှာ တမျော်တခေါ် လယ်ကွင်းတွေကို ကြည့်ပြီးတော့ ကိုယ်တို့ မြန်မာပြည်ကိုလွမ်းပါတယ် ချင်းမိုင် ချင်းရိုင် ခရီးသွားခဲ့တုံးကလဲ တောင်စဉ်တောင်တန်းတွေ ပေါ်က အပင်တွေက အစ ကိုယ့်မြန်မာပြည်က အပင်တွေကသာ ပိုလှတယ် ထင်တာပါ အဲ့လိုတွေးမိတော့ ရော ကိုယ်က တရားပါသလား…?

လယ်ကွင်းတွေ တမျော်တခေါ် ကွင်းပြင်ကျယ်တွေ အဆုပ်ဆုပ်လိုက် တိမ်တိုက်ဖြူဖြူတွေ ကိုတွေ့ရတော့ ကိုယ်ငယ်ငယ်က သင်ခဲ့ရတဲ့ အင်းဂလိရှ် ကဗျာလေးတပုဒ် ကိုသတိရမိပါတယ်

ကဗျာနာမည်လေးက *အားလပ်ချိန် တဲ့ သဘာဝတရားကြီးရဲက အလှကို ထိုင်ကြည့်ဖို့ ရပ်ကြည့်ဖို့ စောင့်ကြည့်ဖို့ အချိန်မပေးနိုင်တဲ့ မရှိတဲ့ လူ့ဘဝ ကိုပြောထားတာပါ သိပ်လှပါတယ် ကိုယ်အခု ဒီ ထိုင်းနိုင်ငံမှာနေရတော့မှပဲ အချိန်ကုန်တာ သိပ်မြန်သလို ခံစားရပါတယ် တနာရီ တနာရီ တရက်တရက် တနှစ်တနှစ် ဆိုတာ လွယ်လွယ်လေး ကုန်သွားသလိုပါပဲ ဘဝဆိုတာလဲ ကျည်ဆန်ရထားတစင်းလို များ အမြန်သွားနေသလား မှတ်ရပါတယ် ပြန်တွေးကြည့်လိုက်တော့လဲ ၁၉၉၉ မှာ ကိုယ်ဆယ်တန်းပညာ (တက္ကသိုလ်ဝင်တန်းလို့ပြင်ဘတ်ပါ စာရေးသူ လူရွှင်တော် ကိုမေတ္တာကြီးလို ထောင်မကျချင်ပါ) သင်တယ် ၂၀၀၀ မတ်လမှာ စာမေးပွဲဖြေရတယ် မှတ်မှတ်ရရ စာမေးပွဲဖြေပြီး ၂ ပတ်လောက်မှာပဲ အလုပ်ထဲကို စဝင်ရတယ် ဆိုတော့ ကိုယ့်ဘဝကို သေသေချာချာ ရပ်မကြည့်ရသေးဘူးလို့ခံစားရပါတယ်
လုပ်ငန်းခွင်ထဲရောက်ပြီးကတည်းက အလုပ်တခုပြီး တခု ဆက်သာ ပြောင်းလာလိုက်တယ် သေချာ ရပ်ပြီးနား လိုက်ရတယ်ဆိုတာ မရှိသေးပါဘူး

စိတ်ကူးယဉ်တယ်ပဲပြောပြော သေသေချာချာ ရပ်တန့်ပြီး ဘဝ ကို သေသေချာချာ ကြည့်ချင်ပါတယ် သိုးကလေးတွေ နွားကလေးတွေကို သေချာရပ်မကြည့်လိုက်ရရင် စမ်းချောင်းလေးထဲက ကြယ်လေးတွေကို မကြည့်ရရင် တောအုပ်ထဲက သူတို့ ရှာလာတဲ့ သစ်ဖု သစ်ဥ သစ်စေ့လေးတွေကို မြက်ပင်လေးတွေကြားထဲမှာ ဖွက်ဖို့ကြံစီနေကြတဲ့ ရှဥ့်လေးတွေကို မကြည့်လိုက်ရရင် သိပ်လှတဲ့မိန်းမငယ်လေး တယောက်ရဲ့ လှပတဲ့ နူတ်ခမ်းလွှာတွေ တဖြည်းဖြည်း ဖွင့်ဟလာတာကို သေချာ စောင့်မကြည့်လိုက်ရရင် (ဒီနေရာမှာ ကိုယ် က ဆိုင်ဆိုင်မဆိုင်ဆိုင် ဝတ်မှုန်ရွှေရည်ကိုသတိရပါတယ် ကြည့်ခွင့်ရမယ်ဆိုရင်လဲ သူ့နူတ်ခမ်းလေးတွေ တဖြည်းဖြည်း ဖွင့်ဟပြီးပြုံးတာလေးကို စောင့်ကြည့်ချင်ပါတယ်။) သိပ်သိပ်လှတဲ့ မိန်းမငယ်လေးတယောက် ကြွကြွ ရွရွလေး ကတာကိုတော့ စောင့်ကြည့်ခဲ့ဖူးပါတယ်။ ထားပါလေ ခုနက ပြောခဲ့တဲ့ အရာတော်တော်များများ ကို အချိန် တခုခုမှာ သေချာရပ်ပြီးတော့များ မလုပ်လိုက်ရရင် ကိုယ့်ဘဝ ကို ကိုယ်ကတော့ ကျေနပ်မှာ မဟုတ်ပါဘူး အဲ့တာဆိုရင် လဲ ဖန်ဆင်းရှင်ကို (ဆိုတာရှိခဲ့ရင်ပေါ့) မတရားဘူးလို့ စွပ်စွဲပါမယ်။

သို့မဟုတ် ဘာသာတရားကိုမယုံကြည်တဲ့ ဖန်ဆင်းရှင်ကို မယုံကြည်တဲ့ ကိုယ်က ကိုယ့်ဘဝအတွက် ကိုယ်လိုချင်တာကို မရရရအောင် လုပ်ယူပါမယ် ဘဝကို ခဏတော့ သေချာ ရပ်တန့်ပြီး ဘေးနား က အလှတွေကို မြင်အောင်ကြည့်ချင်ပါသေးတယ် တောင်ပေါ်မြို့လေးမှာဆို ပိုကောင်းပါမယ်

ရေးချင်တာတွေအများကြီးရှိပါသေးတယ် ခုတလော သဘာဝအလှကြီးနဲ့ နီးနီးကပ်ကပ် နေရသလိုခံစားရလို့လားမသိဘူး ကိုယ်စိတ်ကူးသိပ်ယဉ်ပါတယ် ညနေဘက်တွေ မဲစောက် မြို့ပတ်လမ်းကနေ ဆိုင်ကယ်လျောက်စီးရင် အရှိန်နဲ့ ပြင်းပြင်းစီးပါတယ် တိမ်ဆုပ်တွေတွေ့ရင် ရပ်ကြည့်ပါတယ် ထူးအိမ်သင်ရဲ့ “ဂျပ်ဆင်ထိပ်က လရိပ်ပြာ” သီချင်း ကိုညည်းပါတယ် ဗန်ဂေါ့ ကို သတိရပါတယ် သူ့အတွက်ရေးထားတဲ့ ဗင်းဆင့် ဆိုတဲ့ သီချင်း စာသားထဲက This world was never meant for one, As beautiful as you. ဆိုတဲ့ စာကြောင်းလေးကို အမှတ်ရမိပါတယ် ရေရွတ်မြည်တမ်းမိပါတယ် ထူးအိမ်သင်အသေစောတာကို နှမြောပါတယ် သူ့ရဲ့ ရာဇဝင်များရဲ့သတို့သမီး စာသားကို နားထောင်ပြီး ကိုယ့် ရဲ့ ဧရာဝတီဆိုတဲ့ ကဗျာအတွက် ရှက်မိပါတယ်

တခါတလေကျတော့လဲ ကိုယ်သိပ်စိတ်ကူးယဉ်တတ်ပါတယ်…
တရားတယ်ထင်ပါတယ်နော်…

A Chen
3:19 am
20th May 2010
Mae Sot
Thailand

*"LEISURE"

What is this life if, full of care,
We have no time to stand and stare.

No time to stand beneath the boughs
And stare as long as sheep or cows.

No time to see, when woods we pass,
Where squirrels hide their nuts in grass.

No time to see, in broad daylight,
Streams full of stars, like skies at night.

No time to turn at Beauty's glance,
And watch her feet, how they can dance.

No time to wait till her mouth can
Enrich that smile her eyes began.

A poor life this if, full of care,
We have no time to stand and stare.

By Wm. Henry Davies.

(Wm. Henry Davies (1871-1940) is to be considered as the poet of the tramps. Born at Newport, Wales in the UK, Davies came to America from Great Britain and lived the life of a vagabond. One day, as the result of jumping a train, he lost one of legs. Davies returned to England where he continued to live the life of a tramp and a peddler. He wrote poetry (presumably he did right along) and, eventually, he determined to print his own book and did so with the little money he earned panhandling. A copy of this first work, A Soul's Destroyer, came into the hands of George Bernard Shaw; which, in turn, led to the popularization of the poet.

8 comments:

  1. ခေါင်းစဉ်ဖတ်လိုက်မိကတည်းက ထင်သားပဲ။ ကိုယ့်စာဖတ်ပြီး ရေးတာလို့။

    ReplyDelete
  2. တရားမှု မတရားမှု တွေကို ထိုင်တွေး ထိုင်ရေးနေနိုင်တာ တစ်ခုတည်းနဲ့တင် လူ့ဘဝမှာ နေရတာ တရားနေပါပြီလို့ တွေးမိတယ်။

    ReplyDelete
  3. ဆက်တွေးသွားတယ် တီချမ်း..မတွေးတော့တာကောင်းလိမ့်မယ်ထင်လို့ ရပ်လိုက်ပြီ။ ပစ္စုပ္ပန် ကိုပဲတည့်တည့်ရှုပြီး
    နေတဲ့ အနေနဲ့ လုပ်စရာတွေဆက်လုပ်တော့မယ်။

    ReplyDelete
  4. သို့ 
    တီချမ်း
    အလုပ်မရှိဘူးမလား တီချမ်း အားနေတယ်မလား တီချမ်း
    ဟင်းအမျိုးမျိုးချက် ဘလော့တင်
    တခြား ဘာမှ စဉ်းစားတွေးတော ငေးမောမနေနဲ့ 
    ချက်စရာရှိတာချက် တင်ပါနန်းမတော်မိမိချမ်း
    စဉ်းစားတွေးတောရမယ်ဆိုရင် ထီပေါက်ခဲ့ရင်ဆိုတာတောင် ပျင်းလို့ မတွေးဘူး ဒါကြောင့် တွေးရမယ့်စာတွေ မရေးနဲ့  စားရမယ့်စာသာရေးပါ တီချမ်း
    ဒါပဲ
    တော်သေးပြီး

    ReplyDelete
  5. နောက်ဆက်တွဲ
    အနီတွေကြားထဲ လန်းလန်း လန်းလန်းမသွားနဲ့ 
    အိမ်ထဲမှာပဲနေ
    စိတ်မပူရစေနဲ့ 
    ဟင်းချက် စား အိပ်
    အားရင် ဗစ်လို အင်းဂလိပ်ဝတ်ထုတွေဖတ် ဘာသာပြန်တင်
    ယိုးဒယားဝတ်ထုတွေဖတ် ဘာသာပြန်တင်
    ဒါပဲ
    ဒီတခါ တကယ် တော်သေးပြီ

    ReplyDelete
  6. naydanalynn: တီ .. ခရမ်းချဉ်သီဘူစီပေါင်းချက်တဲ့( သူငယ်ချင်းတစ်ယောက်က salad ထဲထည့်တဲ့ ခရမ်းချဉ်သီးသေးသေးလေးတွေကို ငါးနဲ့ ထမင်းအိုးထဲ အားလုံးထည့်ချက်စားတာ..၀မ်းသွားနေတယ်) ..မကြားဘူးလို့ ..တီ့ကို မေးချင်တာပါ။ အားရင် ..ဟင်းချက်တာလေး ဆက်တင်ပါနော်..အသစ်တင်တိုင်းဖတ်တယ် ဘလော့ကို။

    ReplyDelete
  7. ဒေါ်မေရေ
    ဘာမှလျောက်မတွေးပါဘူး တီက
    ဟင်းလဲချက်ဖြစ်ရင် တင်ပေးပါ့မယ်
    ခုဟာက သူငယ်ချင်းအိမ်မှာ ခိုနေတော့ ဟင်းမချက်ဖြစ်ဘူး
    ပြီးတော့ ဒီမှာ က ပိုပေါတော့ ဝယ်ပဲစားဖြစ်တယ်
    တွေးတာကတော့
    ခုတလော ဒီမှာ က ညနေဆို တိမ်တွေတောက် တော့ အရမ်းလှတယ်
    အာရှလမ်းမကြီးဆိုတာကလဲ ဖြူးနေတာ ကောင်းမှကောင်း အရှိန်ကောင်းကောင်းနဲ့စီးလို့ရတယ်
    အဲ့တော့ တီက လွတ်လပ်ပြီး အနုပညာ တွေ လျှံကျနေတာပါ
    ပုံတင်ပေးမယ် အာရှလမ်းမကြီးပုံကို
    ဟင်းလဲချက်ပေးမယ်နော်

    ReplyDelete
  8. စိတ်ကူးယဉ်တယ်ပဲပြောပြောကနေ အောက်ထိ အကုန်မိုက် ..
    အပေါ်ကဟာတွေကတော့ ပေါက်ကရအတွေးတွေမို့ ကျော်ဖတ်ပစ်တယ် ဟိဟိ

    ReplyDelete