Friday, June 4, 2010

မိန်းမ နဲ့ “မ” သုံးလုံး

မိန်းမ နဲ့ “မ” သုံးလုံး

တချို့လူတွေက ကိုယ့်ကိုမေးလာကြတယ်။ ၂၁ ရာစုရဲ့ မိန်းမပျို မိန်းမလွတ်တွေ ဆိုတာ ဘယ်လိုမျိုးဖြစ်သင့်သလဲတဲ့?

ကိုယ်က မိန်းမပျို မိန်းမလွတ်တွေရဲ့ ပြောရေး ဆိုခွင့်ရှိသူမဟုတ်ပါဘူး။ ဆိုတော့ကာ ကိုယ်ပြောတာက မိန်းမပျို မိန်းမလွတ်တွေကို ကိုယ်စားပြုနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီတော့
အဲ့ဒီ မေးခွန်းကို ကိုယ်မဖြေနိုင်ပါဘူး။ တကယ်လို့သာ မေးခွန်းက ၂၁ ရာစု ရဲ့ ကိုယ်က ဘယ်လိုဖြစ်မလဲလို့မေးလာမယ်ဆိုရင်တော့ ကိုယ်ဖြေနိုင်ပါတယ်။

ခေါင်းစဉ်ကြီး သုံးခု ကို ကိုယ်က * “မ” သုံးလုံးနဲ့ ကိုယ်စားပြုဖြေပါမယ်။

“မ” သုံးလုံးဆိုတာတွေကတော့

• “မ” စောင့်ရှောက်ဘူး
• စိတ် “မ” ဝင်စားဘူး နဲ့
• “မ” သနားဘူး ဆိုတာတွေပါပဲ။ အသေးစိတ်ပြန်ရှင်းပါမယ်။

ပထမဆုံး “မ” ဖြစ်တဲ့ မစောင့်ရှောက်ဘူးဆိုတာ က ဒီလိုပါ ယောက်ျားတွေကို နောက်ထပ် ဘယ်တော့မှ မစောင့်ရှောက် ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ လူတယောက်ကို စောင့်ရှောက်ရတာ သိပ်ပင်ပန်းပါတယ်။ သူ့ရဲ့ စားဝတ်နေရေးကစပြီးတော့ တောင်လျောက် အကုန် လိုက်လိုက်ပူ နေရပါတယ်။ သူ့ရဲ့ အလုပ်၊ မိသားစု၊ နောက်ပြီးတော့ သူ့ရဲ့ စိတ်ခံစားချက်။ ကိုယ်သာလျင် အကောင်းဆုံး အတော်ဆုံး တုနှိုင်းရာမဲ့ လို့ သူသိလာအောင် သူ့ကို အစစအရာရာ လိုလေ သေးမရှိ သေသေချာချာ စေ့စေ့ပေါက်ပေါက် စောင့်ရှောက်ထားရပါတယ်။ ကိုယ်တော့ နောက်ထပ် အဲ့လောက် မမောချင်၊ စိတ်မပင်ပန်းချင်တော့ဘူး။ အဲ့တာကြောင့် နောက်ကို ဘယ်ယောက်ျားတယောက်ကိုမှ ကိုယ် “ထပ်” မစောင့်ရှောက်တော့ပါဘူး။ ကိုယ်ကပဲ အစောင့် ရှောက်ခံပါမယ်။

ဒုတိယ “မ” ဖြစ်တဲ့ စိတ်မဝင်စားဘူးဆိုတာက ဒီလိုပါ။ ယောက်ျားတွေကို ဘယ်တော့မှ နောက်ထပ် စိတ်ဝင်တစား နဲ့ သတိမပြုပေးတော့ ဂရုမစိုက်ပေးတော့ဘူးလို့ ဆိုလိုတာပါ။ ဘယ်လို နေ့ရက်မျိုးမှာ မဆို (ဥပမာ-ချစ်သူများနေ့၊ သူ့ရဲ့ မွေးနေ့ စသဖြင့်ပေါ့) သူ့အတွက် လက်ဆောင်ကို သေသေချာချာ ဂရုတစိုက် ရွေးချယ်ပြီးဝယ်ပေးတာမျိုး၊ အမှတ်တရ ရှိပေးတာမျိုး၊ သူပျော်အောင် တခုခု လုပ်ပေးတာမျိုး တွေနဲ့ သူ့ရဲ့ အကြင်နာ ဂရုစိုက်မှု တွေကို ရအောင် မလုပ်တော့ဘူး။ လက်ဆောင် တခုပေးတယ်ဆိုတာ ဦးနှောက်သိပ်ခြောက်ရပါတယ်။ အဲ့ဒီပေးမယ့် လက်ဆောင် က ကိုယ်ကိုယ်တိုင်လဲ ကြိုက်ရမယ်၊ ပြီးတော့ သူကလဲ သဘော ကျရအုံးမယ်၊ ကဲ ဘယ်လောက်များ ခက်ခဲ စိတ်ရှုပ်စရာကောင်းလိုက်သလဲလို့နော်။ စိတ်ဝင် စားမှု ဆိုတာ အချိန် အင်မတန်ပေးရပါတယ်။ အချိန်ရှိနေပြီဆိုရင်တောင် အဲ့ဒီအချိန်တွေကို ကိုယ့်ဘဝ တိုးတက် ဖို့အတွက်ပဲ သုံးလိုက်တော့မယ်။ ဟုတ်တယ်မှလား?

နောက်ဆုံး “မ” ကတော့ မသနားဘူးပါပဲ။ ကိုယ်မချစ်တဲ့ယောက်ျားတယောက်နဲ့ပတ်သက်ရင် ဘယ်တော့မှ စိတ်မပျော့ပါနဲ့။ ဟုတ်တယ်လေ သူနဲ့ပတ်သက်ပြီး ကိုယ်က ခံစားချက် လုံးဝမရှိ ဘူးဆိုရင် ဘာလို့ နှစ်ယောက်စလုံး ရဲ့ အချိန်တွေကိုဖြုန်းနေမလဲနော်။ နောက်ပြီး သူ့ကိုလဲ ကြိုးရှည်ရှည်နဲ့ လှန်တာတွေ ဘာညာတွေ လုပ်မနေပါနဲ့။ မတရားပါဘူး။ တကယ်လဲ မချစ်နိုင် ဘဲနဲ့ အဲ့လို သူ့ကို မျှော်လင့်ချက်တွေပေးသလို လုပ်ထားမယ်ဆိုရင် သိပ် သိပ် ရက်စက် လွန်းရာကျပါတယ်။ နောက်တခုက ခုခေတ်မှာ ၃ နှစ် ၃ မိုး စောင့်ခိုင်းတာတွေ မေ့မေ့ဆူလိမ့် မယ် ဆိုတာတွေက ခေတ်မမှီတော့ပါဘူး။ အစကတည်း က ပြောထားတယ်လေ ၂၁ ရာစု ရဲ့ ကိုယ်ပါ လို့နော်။ ဒုံးပျံခေတ်မှာ ကိုယ်တွေကလဲ လိုအပ် ရင် အလင်းထက်မြန်ရပါမယ်။

တချို့ကျတော့ ရှိပါသေးတယ်။ ကိုယ်က ဘယ်လိုငြင်းငြင်း သူက ကုတ်နဲ့ခွာတောင် မကျ ဘူးဆိုတာမျိုးပါ။ အဲ့လိုမျိုးဆိုရင်တော့ ပိုတောင် ဆိုးပါသေးတယ် လုံးဝ ကို သနားမနေပါနဲ့။
သံပုံးသာ တီးလိုက်ပါ။ ပစ်ပစ်ခါခါပဲဆိုဆို…“ရှင့်အချိန်တွေကို ကျမ မဖြုန်းချင်သလို ကျမ ရဲ့အဖိုးတန်တဲ့အချိန်တွေကိုလဲ မဖြုန်းချင်ပါနဲ့” လို့ သာပြောထည့်ပလိုက်ကြအေ။

နောက်ဆုံးအနေနဲ့ ပြောချင်တာက
ကဲလာ တို့တွေ အတူတူ ကြိုးစားလိုက်ကြရအောင် မှတ်မိတယ်နော် ရွှေခြူး အဲလေ…
“မ” သုံးလုံး
• မစောင့်ရှောက်
• စိတ်မဝင်စား
• မသနား နော်…

* (“မ” သုံးလုံး ဆိုလို့ သူငယ်ချင်းတယောက်ရဲ့ အမ ကိုတောင် သတိရမိပါသေးတယ်။ သူ့နာမည်က မီမီမောင်ပါ “မ” သုံးလုံး ပါပဲ။ မိမိမုန်းမဟုတ်ဘူး၊ မိုမိုမြင့်မဟုတ်ဘူး၊ မင်းမင်းမြတ် မဟုတ်ဘူး မီမီမောင်လို့ အမြဲ ပြောလေ့ရှိပါတယ် ဆိုင်တော့မဆိုင်ပါဘူး ဒီစာကြောင်းရေး နေရင်းနဲ့ ဂျူးရဲ့ “ကံကြမ္မာကိုမယုံကြည်ကြသူများ” (ကိုယ်လဲပါတယ် ^o^) ထဲက “not သင်းသင်းဆရာ my name is သင်သင်ခိုင် ဝစ္စနှစ်လုံးပေါက်မပါဘူး” လို့ ထပြောတဲ့ ကျောင်းသူ ကိုသတိရမိပါသေးတယ်။)


A Chen
1:37 am
4th June 2010
Home
Bangkok

6 comments:

  1. "မ"သုံးလုံး
    ယောကျာ်းတွေကို မသနားလို့ စိတ်မ၀င်စားတာ။ မစောင့်ရှောက်ချင်ရင် ဝေးဝေးရှောင်ကြပါ တီတီချမ်းကို... :P

    တီတီ ငြင်းမရရင် သံပုံးတော့ မတီးနဲ့။ တိုင်ကီလိုက်ချပေးမယ်။ ဟီဟီးးး

    ReplyDelete
  2. သနပ်ခါး ခြေဆုံး ခေါင်းဆုံး မောင့်လုပ်စာကို မဖြုန်းလိုပါတယ်...

    (မှတ်ချက်။ သနပ်ခါးသွေးရမှာ ပျင်းလို့။ မလိမ်းဘဲ ဖြုန်းမယ်)

    ဘာမှ မဆိုင်ဘူး။ ဘာရေးရမှန်းမသိလို့ ခေါင်းထဲရှိတာ ချရေးလိုက်တာ။

    ReplyDelete
  3. တီချမ်း နမ်း တာတွေကို ဘယ်တူ က ပါမစ်ပိတ်လိုက်တာလည်းဟင် သူများ ခံဘူး

    ReplyDelete
  4. ရွှေဇင့် အပေါ်က မိန်းမကြီးဘဲ
    တူကရေးတင့်ဘူး ကြောလို့

    ReplyDelete
  5. ဟုတ်တယ် မရွှေဇင်
    အဲဒီအကြောင်းအရာတွေက two body tiger ပဲ ကောင်းတယ်။

    ReplyDelete
  6. little: ရွှေဘယ်လောက်ဝတ်ဝတ် မလေးဘူး ဗိုက်ထဲကကလေး ဘယ်လောက်၀၀ မလေးဘူး .. ကုတင်ပေါ်က ကိုယ့်လင်ဝတုတ်တုတ် အပေါ်က တက်ဖိရင် ဘယ်တော့မှ မလေးဘူး


    little brook12: စိမ်းလန်းခြင်းရဲ့နေ့သစ်များ ... ဒဏ်ရာမရှိသောနေ့သစ်များ
    little: မလေးခြင်းသုံးပါးနဲ့ မိန်းမ
    ခွိခွိ

    ReplyDelete