Friday, June 25, 2010

ဘန်နာရှင်အတွက် စပက်ဂတီ

ဒီရက်ပိုင်း ကိုယ်စိတ်ညစ်နေပါတယ် တင်တဲ့ပိုစ့်တွေ ဘတ်ကြည့်ရင်သိမှာပါ ကိုယ်ကပျော်ပျော်ပဲ နေတတ်တဲ့သူဆိုတော့ ကိုယ်စိတ်ညစ်ရင် သိပ်သိသာတယ် မျက်နှာကလဲ ပျက်နေတာပဲ (စကားအရပြောတာနော်) မနေ့ညကလဲ တညလုံးငိုရတယ် အိပ်မပျော်ဘူး ဒီနေ့လဲ ငိုရသေးတယ်
ဘဝက ဒီလိုပါပဲ လို့ဖြေပါတယ် ကိုယ့်ကိုယ်ကို ရင့်ကျက်လှပြီထင်နေတာ အမှန်တော့ အလကားပဲ
အချစ်နဲ့ပတ်သက်လာရင် ဘယ်သူမဆို ဘယ်အရွယ်ရောက်ရောက် မရင့်ကျက်ဘူးမှတ် (တီချမ်း ဖီလော်)
ထားပါတော့
စိတ်ညစ်ရတာ တယောက်ကြောင့် ဒါပေမယ့် အမြဲလိုလို ကံကောင်းတတ်တဲ့ကိုယ်က တခြားတယောက်ကြောင့် ပြန်ပျော်ရပြန်ပါတယ် စိတ်ထားကောင်းရင် ကံကောင်းတယ်လေ တကယ်ပါ ကိုယ်က တနင်္ဂနွေလေ တနင်္ဂနွေတွေဆိုတာတဲ့ စိတ်ကောက်ရင်ကောက် မကောက်ရင် ဆံပင်ကောက် မကောက်ရင်ဖင်ကောက်တဲ့
ကိုယ်က ၃ မျိုးလုံးကောက်တယ် ထင်ပါတယ် သို့သော် စိတ်ထားလေးကတော့ ကောင်းရှာတယ် ကိုယ့်ကိုကိုယ်မို့လို့ပြောတာ မဟုတ်ဘူး ဒီကောင်လေးမဆိုးဘူး ဆိုတဲ့ အထဲကပါ ကိုယ်ကဖြူစင်တယ် ရိုးသားတယ် ပွင့်လင်းတယ် လူတွေကို ကူနိုင်တဲ့ဘက်ကအမြဲကူတယ် တခါတခါတော့ စိတ်ကောက်တတ်တာ ဝန်ခံပါတယ် ထားပါတော့ လိုရင်းပြောရရင် အချစ်ရေးအဆင်မပြေလို့ စိတ်ညစ်ရသော်လည်း စိတ်ထားကောင်းသော ကောင်လေးဖြစ်တာမို့ နတ်ကောင်းနတ်မြတ်တွေက သိပ်သိပ်သိပ် ချစ်စရာကောင်းတဲ့ ကောင်လေးကို စာတွေနဲ့ပိပြီး မအားတဲ့ကြားက ကိုယ့်ကို ပျော်အောင်ဆိုပြီးလွှတ်ပေးကြတယ်
ကောင်လေး ကောင်းမှုကြောင့် ဒီနေ့စိတ်တော်တော်ပျော်ရပါတယ် ကျေးဇူးပါ

ညနေကျတော့ အိမ်ပြန်ရောက်တာနဲ့ ကွန်ပျူတာ ဖွင့်ဖွင့်လိုက်ချင်း ဘန်နာလှလှလေးတွေ ဂျီတော့ ကနေ တုံတုံနဲ့ တက်လာပါတယ် မြင်လိုက်တာနဲ့ ပျော်သွားစေတဲ့ဘန်နာမျိုးပါ ကိုယ်သိပ်ကြိုက်ပါတယ်
ဒီဇိုင်း ကိုလဲကြိုက်တယ် အရောင်ကိုလဲ ကြိုက်တယ် ဘန်နာရှင်ကိုလဲ သိပ်သိပ်သိပ် ကြိုက်ပါတယ် အဲလေ စကားတွေ ရောကုန်ပြီ...

ပြီးတော့ ကိုယ်လိုချင်တဲ့ အရောင်လှလှ နုနုလေးတွေ ကို သေသေချာချာ လုပ်ပေးတဲ့ စိတ်ရှည်ရှည်လေးကိုလဲ သိပ်သိပ်ကြိုက်ပါတယ် ...
အဲ့တာကြောင့် ရန်ကုန် တွေ မန္တလေးတွေ ကိုခဏ ရပ်ထားပြီး ကြားဖြတ် တင်ပေးပါတယ်
ဘန်နာရှင်အတွက် စပက်ဂတီ ပါ
သူကတော့ ယူရိုပီယမ် အစားအစာတွေ ချက်လေ့ရှိတဲ့ ရှက်ဖ် ဆိုတော့ ကိုယ်ချက်တဲ့ စပက်ဂတီ က သူ့အတွက် ရယ်စရာဖြစ်နေမှာပါ သို့ပါသော်လည်းပေါ့လေ စေတနာတော့ အများကြီး ပိုထည့်ထားပါတယ် ရှယ်ပေါ့ ဇွန်းကြီးကြီးလဲ တပ်ထားပေးတယ်





ပထမပုံကတော့ သံလွင်ဆီနဲ့ ကြက်သွန်ဖြူ ရယ် ဘာဘာညာညာတွေပါတဲ့ အမွှေးအကြိုင်ပါ ဘေးကတော့ စပက်ဂတီ ခေါက်ဆွဲခြောက်ပါ ဘေးပုံက သံလွင်ဆီ နဲ့ ဟင်းခတ် ကိုပဲ ပုံကြီးနဲ့ ပြန်ပြထားတာပါ တတိယ ပုံက ခရမ်းချဉ်သီးဆော့်....အဲ့တာတွေ အကုန်က ကြိုက်တဲ့ တံဆိပ် ဝယ်လို့ ရပါတယ်

အမှန်အတိုင်းပြောရရင် တီက စပက်ဂတီ ကို တခါမှ ကိုယ်တိုင်မချက်ဘူးပါဘူး အရင်တခါက တီ့ မွေးစားသားလိုဖြစ်နေတဲ့ နီပေါက ကောင်လေးချက်ကျွေးတာ စားဖူးတယ် သူငယ်ချင်းအမကြီး (မအေမီ) ချက်ကျွေးတာ စားဖူးတယ် အဒေါ်ချက်ကျွေးတာစားဖူးတယ် ရှန်ဟိုင်းတုံးက အချစ် ဂျာမန် ကောင်လေး (top ten ထဲမှာပါတယ်)ချက်ကျွေးတာစားဖူးတယ် ခုလဲ မွေးစားသားချက်တာပါ ဘေးကနေ ဓါတ်ပုံရိုက် ပြီးတော့လိုတာ လုပ်ပေးပေါ့ ခုတော့ ချက်တတ်ပါပြီ ကိုယ်ကအဲ့လိုပဲ သိပ်တော်တာ (ဖြူဖြူပြောသလိုဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေပါပဲ) တခါပြရင်တတ်ပြီ........အရင်တုံးကချက်တာတွေလဲ အဲ့လိုပဲ ယိုးဒယားရောက်မှ ချက်ရတာ အရင်အိမ်မှာက ရေတောင် ခပ်မသောက်ရဘူး အမွှေးလဲ ဘာအမွှေးမှ မီးမလောင်ဘူးဘူး





ဒီအပေါ် ပထမ ပုံက ရိုစ်မေရီ လို့ခေါ်တဲ့ဟာပါ ဟင်းခတ်အမွှေးအကြိုင်ပါပဲ အီတာလီယံ အမျိုးအစားနေမှာပေါ့ တီကတော့သိပ်မသိပါဘူး မွေးစားသားနဲ့သမီးဝယ်လာတာ ကိုသုံးလိုက်ကြတာပါပဲ နောက်ဘေးက အိမ်မှာရှိတဲ့ ဗူးမှို ရယ် ကြက်သွန်ဖြူနီ ရယ် ခရမ်းချဉ်သီးရယ်ပါ ဘေးနားက အသားကြိတ်ထားပြီးသား တီ့သဘော ဆိုရင် တော့ အမဲသားနဲ့ စားချင်တာပါ ကလေးတွေက မစားဘူး ပြီးတော့ အိမ်မှာကလဲ ဝက်သားပဲ အသင့်ရှိနေတာဆိုတော့ ဝက်သားပဲ အလွယ်သုံးလိုက်ပါတယ် အိမ်မှာရှိတာနဲ့ ဖြစ်အောင် စီစဉ်တတ်တာ အိမ်ထောင်ရှင်မကောင်းပီသတာပါ ငှဲငှဲ (ဒေါ်ရီတာ တို့ ဘယ်တော့မှ လိုက်မမှီမယ့် ဝိသေသတွေပေါ့)





ပထမဆုံး ကြက်သွန်နီ ကို သံလွင်ဆီနဲ့ ကြော်ပါမယ် ဆီကိုအများကြီးမထည့်ပါနဲ့ ဝက်သားကလဲကြော်ရင်းဆီထွက်ဦးမှာ မို့လို့ပါ ကြက်သွန်နီ နွမ်းရင် ဝက်သားထည့်ကြော်ပါမယ် ပုံကိုကြည့်ပါ





ပြထားတဲ့အတိုင်း ဝက်သားကို တဖြည်းဖြည်းချင်းမီးအေးလေးနဲ့ကြော်ပေးပါ ဝက်သားတွေ ကောင်းကောင်းကြေကုန်ပြီဆိုရင် သူ့ဘာသာရေထွက်လာပါမယ် အဲ့ရေတွေကို ခန်းအောင် ဆက်ကြော်ပေးပါ
ဝက်သားရေခန်းလောက်ပြီဆိုရင် ကြက်သွန်ဖြူ ကိုထည့်ပါမယ် ပုံမှာပြထားတဲ့အတိုင်းပေါ့နော် ပြီးတော့ လျှာရှည်ပြီး နနွင်းမှုန့် နည်းနည်းထည့်လိုက်ပါတယ် ကြိုက်ရင်ထည့်ပေါ့ တီတို့ကတော့ ဆေးဘက်ဝင်တယ်ဆိုပြီး ထည့်လိုက်တာပါပဲ တတိယပုံပါ သေချာမမြင်ရရင် ရိုက်ကလစ်နဲ့ ချဲ့ကြည့်လို့ရပါတယ် အဲ့တာဆိုရင် နနွင်းမှုန့်လေးတွေ ကအစ သေချာမြင်ရမယ်





ပြီးရင် ငရုတ်သီးမှုန့် ထည့်ပါမယ် တချို့က ငရုတ်သီး အခြောက်ကိုလဲ ထည့်ကြော်လေ့ရှိပါတယ် ကြိုက်တတ်သလိုပါပဲ ပြီးရင် ခုနက နနွင်းမှုန့်နဲ့ အခု ထပ်ထည့်တဲ့ ငရုတ်သီးမှုန့်တွေ နဲ့မွှေးလာအောင်ကြော်ပါတယ် ပြီးရင်တော့ ခရမ်းချဉ်သီးထည့်လို့ရပါပြီ.... နောက်ခရမ်းချဉ်သီးလေးတွေ လိပ်သွားတဲ့အထိ မီးအေးနဲ့ ဖြည်းဖြည်းလေးကြော်ပေးပြီးရင် မှို ထည့်လို့ရပါပြီ




မှိုထည့်ပြီး ပုံမှာ ပြထားတဲ့အတိုင်း နူးနေအောင်ကြော်ပါမယ် ပြီးရင် လိုအပ်တဲ့ဆားအချိုမှုန့် နည်းနည်းထည့်ပါမယ် ပြီးရင် ခရမ်းချဉ်သီး ဆော်ထ် ခုနက ပုလင်းနဲ့ဟာ ကို နည်းနည်းထည့်ပါမယ် ပြီးရင် မီးနဲ့ ဆက်လှိမ့်ပါမယ် ပုံတွင်ရှု ဟင်းအနှစ် ပြစ်ပြစ်ကလေးရပြီဆိုရင် ......





ခုနက ကြက်သွန်ဖြူပါတဲ့ ဟင်းခတ်အမွှေးအကြိုင်ကိုထည့်ပါတယ် ပြီးရင် ရိုစ်မေရီ ကိုလဲဆက်ထည့်ပါတယ် ဘေးက ပုံက ပုံကြီးချဲ့ထားတာပါ သေချာမြင်ရအောင် ရှက်ဖ် ပြောတာကတော့ သစ်ကြပိုးတွေ ဖာလာတွေပါမယ် ထင်ပါတယ် ကိုက အဲ့ဒီ ရိုစ်မေရီကို အစက ကွမ်းယာထဲထည့်စားတဲ့ စမုံစပါးလို့တောင် ထင်နေမိသေးတယ် ဟိဟိ ပြီးရင်တော့ ဟင်းကို အနှစ်ဖြစ်တဲ့အထိ ဖြည်းဖြည်းကြော်ပေးမယ်နော်




အားလုံးပြီးရင်တော့ ရေလိုသလောက်ထည့်ပါ ပြီးရင် ဆူအောင်ဖြည်းဖြည်းလေး ထပ်တည်ပေးထားပါ
ဘေးက ပုံက ခုနက စပက်ဂတီ ခေါက်ဆွဲကို ပြုတ်ပါမယ် ပြုတ်တဲ့အခါ ဆားနည်းနည်းထည့်ပြုတ်ပါမယ် ဟင်းအနှစ်ကို ပေါ့အောင်ချက်ထားရင် ခေါက်ဆွဲကိုနည်းနည်းလေးအောင်လုပ်တဲ့သဘောပါ သွေးတိုးနှလုံးဆီးချိုရှိရင်တော့ ကြည့်ကျက်ချက်ပေါ့နော် ....အသက်ကိုဥာဏ်စောင့်လေနော်...
အရေးကြီးတာက ခေါက်ဆွဲပြုတ်တာပါ အထုပ်မှာတော့ ၈ မိနစ် ပြုတ်ရင်အကောင်းဆုံးလို့ဆိုပါတယ် တီကတော့ ပြုတ်ကြည့်လိုက်တယ် စားကြည့်တယ် မကေဘူး
၁၀ မိနစ်အထိထားတယ် စားကြည့်တယ် မကေသေးဘူး
အဲ့တာနဲ့ အမြင်ကပ်ကပ်နဲ့ ၁၅ မိနစ်အထိ ပြုတ်ပစ်လိုက်ပါတယ် အဲ့တော့မှပဲ ကေသွားတော့တယ်
အဲ့တော့ ကိုယ့်အကြိုက် သူ့အကြိုက်ပါပဲ ကြိုက်သလိုသာချက်စားပါ တီတောင် (တီကောင်မဟုတ် သေချာဘတ်ရန်) ဟင်းအနှစ်လေးချက်ရင်းစဉ်းစားမိသေးတယ် အခု အနှစ်ကို ရေစိမ်ခေါက်ဆွဲနဲ့စားတော့ လဲရတာပဲလို
အဟေးဟေး ရှမ်းနဲ့ အီတလီ တမျိုးတမြည်ပေါ့လေ နော့ ကဲကဲ အောက်မှာ ရှုပါ
စပက်ဂတီပါ မဆိုးပါဘူး စားလို့ ကောင်းပါတယ် ...............ဒါပေမယ့် အမှန်အတိုင်းပြောရရင် ကိုယ်ကတော့ ကိုယ်တို့ မြန်မာပြည်ဖြစ် စစ်စစ် နန်းကြီးသုပ်လောက် ကို ကောင်းတယ်မထင်ပါ နောက်နေ့မှ နန်းကြီးသုပ် ကိုပဲမှုန့်နိုင်းချင်းနဲ့ ကြက်သားအနှစ်ရှယ်ရှယ်လေးနဲ့ချက်စားမယ် လို့တေးထားလိုက်ပါတယ်

PS
post လဲရေးပြီးသွားရော ရေးပြီးတဲ့ အချိန်ကို မှတ်တော့ ရက်စွဲက ၂၅ ဖြစ်နေတာ သတိထားမိတယ်
ပျော်သွားပြန်ပါတယ် လခ ထုတ်မယ်လေ
ဝေး.................................................ဒီနေ့ ပြန်ပျော်ရတဲ့အတွက် ကောင်လေးကို ကျေးဇူးတင်ပါတယ်
ပန်းတိုင်ကိုရေထဲပိုက်ချတယ် တံငါသည်တွေက ပိုက်ဆုံးရင် ဘာဘာညာညာ ဆွဲတယ် ပန်းတိုင်ဆိုပြီး လျောက်ဖောနေပါတယ် ကောင်လေးရေ........................ကျေးဇူး...ပန်းတိုင်ရောက်ရင် ကေတာပါပဲ
ငါးမပါရင်လဲရေချိုးပြန်ကြတာပေါ့





A Chen
2:47 Am
25th June 2010
Home
Bangkok

6 comments:

  1. ခေါက်ဆွဲ ရ မရ စမ်းနည်းရှိတယ်။ခေါက်ဆွဲ တဖတ်ကိုဆယ်ပြီး မီးဖိုးနံရံ ကို လွင့်ကပ်လိုက် ။။ ကွာကျနေသေးရင် ခေါက်ဆွဲက မရသေးဘူး။ ကပ်နေရင်ခေါက်ဆွဲက စားဖို့ အဆင်သင့်။း)

    ခေါက်ဆွဲပြုတ်ရင် vegetable stock ကိုထည့်ပြုတ်... knorr တံဆိပ်က ကောင်းတယ်။ ခေါက်ဆွဲကမွှေးတယ်။

    ကြက်သွန်နီနီလာရင် မှိုထည့်. ဝိုင်ထည့် .. ပြီးမှ အသားထည့် .. ပူစီနံခြောက်ထည့် .. မွှေးတယ်။ အဟဲ


    မစားရမယ့်တူတူ ဆရာဝင်လုပ်သွားတယ်။

    စပါဂတ်တီကိုကြိုက်တယ်။ ခရမ်းချဉ်သီးများများနဲ့ကိုကြိုက်တာ။ အပေါ်က ဟာလူမီ ချီစ်လေးအုပ်လိုက်... ရှလွတ်...


    နောက်နေ့ချက်စားဦးမယ်။

    အသည်းမကွဲတကွဲ မျက်ရည်ရွှဲလဲနဲ့ သူက ဒီနေ့ပျော်သွားတယ်ဆိုလို့ ကျေနပ်မိပါတယ်။

    ReplyDelete
  2. ကတောက်!
    အမဲသားမရှိလို့ ရှိတဲ့ ဝက်သားနဲ့ ချက်တာများ လိုက်မမီဘူးလို့ ပြောသွားသေးတယ်။ ကိုယ်တို့ကတော့ ဘာမှ မရှိရင် ကြက်ဥခေါက်ထည့်ပြီးတောင် ချက်တတ်သေးတယ်။ မှတ်ထား။

    ReplyDelete
  3. Waiting for နန်းကြီးသုပ်, Ygn, Mdy posts. Delighted to hear that you are now in a good mood.

    ReplyDelete
  4. တီရေ မသိတာ၊ မတက်တာများရှိသေးရဲ့လား။ တော်လိုက်တာ။ ကျွန်တော်လည်း နန်းကြီးသုတ်ကိုပိုကြိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အခု 711 က စပါဂတ်တီကိုစားရင်း တီ့ပိုစ့်ကိုဖတ်နေတာ။
    ကျွန်တော်ကတော့ စပါဂတ်တီမပြောနဲ့ ထမင်းကြော်တာ ထမင်းနဲ့ဆီ ဘယ်ဟာအရင်ထည့်ရမှာလဲလို့ အိမ်ကိုဖုန်းနဲ့လှမ်းမေးတဲ့ကောင် :D
    Glacier

    ReplyDelete
  5. ကောင်လေးနဲ့ဘာတွေ လုပ်...

    ReplyDelete
  6. တီက အကုန်တတ်တာပဲ စပက်ဂတီကြိုက်တယ် နန်းကြီးသုတ် ပိုကြိုက်တာလည်း အမှန်ပဲ၊ မန်းလေးမုန့်တီသုတ် ကောင်းကောင်း လုပ်တတ်တယ်၊ ဒါမဲ့ တီ့လို ဟင်းချက်ရင်း ဓါတ်ပုံ အဆင့်ဆင့်ရိုက်ဖို့ စိတ်မရှည်ဘူး...

    ReplyDelete