Sunday, August 8, 2010

အချစ် နှင့် ရင်းနှီးမြုပ်နှံခြင်း

အချစ် နှင့် ရင်းနှီးမြုပ်နှံခြင်း

တခါတခါ ကျတော့ လူတယောက်ကို လက်လွှတ်အဆုံးရှုံးခံရမှာ၊ ဖြတ်လိုက်ရမှာ၊ ပြတ်စဲရမှာ၊
ထားခဲ့ရမှာ စတာတွေကို လုပ်ဖို့ ကိုယ်တို့တွေမှာ မကျေမနပ် ဖြစ်တတ်ကြတယ်၊ ယူကြုံးမရ ဖြစ်တတ်ကြတယ်၊ မကျေမချမ်း ဖြစ်တတ်ကြတယ်။ ဘာလို့လဲ…?
ဘာလို့လဲဆိုတော့ သူတို့တွေအပေါ်မှာ ကိုယ်တို့ ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ သိပ်များသွားလို့ပါပဲ။
အချိန်တွေ၊ အချစ်တွေ၊ ခံစားချက်တွေ၊ ပျိုမြစ်မှုတွေ နောက်ဆုံး ကုန်ကုန်ပြောရရင် ငွေကြေး ပိုက်ဆံ စတာတွေကအစ ပါပါတယ်။

ကိုယ်နဲ့ သူ့ကြားမှာ အခြေအနေတွေက တနေ့တခြား ပိုပိုဆိုးလာပြီ၊ တင်းမာလာပြီ၊ ပြောစရာ စကားတောင် တနေ့ထက်တနေ့ ရှားရှားလာပြီ၊ အတူတူနေရတာလဲ တနေ့တခြား ပိုပိုပြီး စိတ် ဆင်းရဲစရာဖြစ်လာပြီ၊ လမ်းခွဲဖို့လဲ စဉ်းစားမိတာ ခဏခဏ အကြိမ်ကြိမ် အခါခါ မရေမတွက်နိုင် လောက်အောင်ပဲ၊ ဒါပေမယ့်………………..နောက်ဆုံးတော့လဲ လမ်းမခွဲဖြစ်တော့ဘဲ အတူတူ ဆက် နေမိပြန်တာပဲ။ ဘာဖြစ်လို့လဲ…? ခုနက ပြောခဲ့သလိုပဲလေ ရင်းနှီးမြုပ်နှံထားတာတွေ သိပ်များနေပြီ။ ခုမှလက်လျော့လိုက်လို့ ဘာအဓိပ္ပါယ်ရှိအုံးမှာလဲနော်။ လမ်းတဝက်တောင် ရောက်လာမှတော့ မထူးပါဘူး။ ခုမှ စိတ်လျော့လိုက်ရင် အရင်တုံးက ရင်းနှီးထားတာတွေ ဆုံးရှုံး ကုန်မှာပေါ့ ဘယ်လိုလုပ်မလဲ? လောင်းကစားလိုပဲ ရင်းတောင်ရင်းပြီးနေပြီ လောင်း တောင်လောင်းပြီးနေပြီလေ။ မနိုင်ရင်လဲ ဘယ်စိတ်ကျေနပ်ပါ့မလဲနော်။

ဒီလိုနဲ့ပဲ လမ်းခွဲမယ်လို့ ပြောတဲ့အကြိမ်တိုင်း၊ ရန်ဖြစ်တိုင်းလဲ တကယ့်တကယ် လမ်းခွဲကြ မလား ပြတ်ကြစဲကြတော့မလားဆိုတော့လဲ လက်မခံနိုင်ကြသေးသလိုပဲ။

သူ့ကိုတော့လဲ ချစ်နေသေးသလိုပါပဲလေ။ ဒါပေမယ့် သူ့ကို ဘာချစ်တာလဲ..? ဘာအတွက် ချစ်တာလဲ…? သူ့ရဲ့ ဘာကိုချစ်တာလဲ …? စိတ်သဘောလား…? ရုပ်ရည်လား…? ကိုယ့်ကို သူ့ရဲ့ အလိုက်သိတတ်တာလား…? သူကိုယ့်ကိုချစ်လို့ သူ့ကို ပြန်ချစ်တာလား…?

တဖြည်းဖြည်းနဲ့လဲ သူ့ကို ဘာလို့ ချစ်တာလဲဆိုတာ ကိုယ့်ကိုကိုယ်လဲမသေချာတော့သလိုပါပဲ။ ချစ်နေသေးတယ် လို့တော့လဲ ထင်သား….။

ဒါမှမဟုတ် ကြည့်ရတာ အချစ်တွေက အချိန်နဲ့ အတူ တပြည်းညီ ဖြည်းဖြည်းချင်း ကုန်ဆုံး သွားခဲ့ပြီဆိုတာ ကို ကိုယ်တို့တွေ လက်မခံချင်ကြသေး၊ ဝန်မခံချင်ကြသေးတာလား…?

ကိုယ်တို့တွေ ကိုယ့်ကိုကိုယ် အတွက်ဆိုရင် လက်မနှေးတမ်း ရင်းနှီးမြုပ်နှံလေ့ရှိကြပါတယ်။ ဥပမာ အကြောင်းအမျိုးမျိုးပြပြီး ကိုယ့်ကိုယ်ကို လက်ဆောင်လေးတွေ ဝယ်ပေးတာမျိုး…. (ကိုယ်ဆိုမကြာခဏ အဲ့လို လုပ်လေ့ရှိတယ်) သင်တန်းတခုခုကို ကိုယ်တက်ချင်ရင် မရရ ရအောင် အချိန်လုပြီး တော့ပဲ ဖြစ်ဖြစ် တက်တာမျိုး၊ စသဖြင့်ပေါ့။ ကဲ အဲ့တာဆို အချစ်အတွက် ကျတော့ရော ဘာလို့မရင်းနှီးမြုပ်နှံ နိုင်ရမှာလဲနော်။

ဘဝမှာ ဒီလူတယောက်ကို ကြုံတွေ့ခဲ့သည်ဖြစ်စေ၊ မကြုံတွေခဲ့ဘူးဖြစ်စေ ကိုယ်လဲ တနေ့ ထက် တနေ့ အိုမင်းလာမှာပဲလေ၊ ဒါဆို ဘာလို့များ သူ့အတွက် ကျမှ မင်းရဲ့ နုပျိုမှုတွေ ရင်းနှီး လိုက် ရတယ်လို့ ပြောမလဲနော်။ အမှန်ကတော့ ကိုယ့်ဘာသာ အသုံးချခဲ့တာ ပဲမဟုတ်ဘူး လား? နောက်ပြီး ကိုယ်က အချစ်တခု ကိုရင်းနှီး စိုက်ထုတ်ပြီး လူတယောက်ကို သွားချစ်လိုက် တယ် ဆိုပါတော့ ကိုယ်လဲ အဲ့ဖြစ်စဉ်တခုလုံးမှာ ပါဝင်ပတ်သက်ခဲ့တာပဲလေ။ ပြောချင်တာက အကောင်း အဆိုး ပျော်ရွှင် ကြည်နူး ဆွတ်ပျံ့ ဝမ်းသာ ဝမ်းနည်း ဘာပဲဖြစ်ဖြစ် သူခံစားရသလို ကိုယ်လဲ ခံစားရတာပဲမှလား? ဒါဆိုရင်ကော ရင်းနှီးမြုပ်နှံမှု လို့ပြောလို့ ရလို့လား…?

ကဲ ငွေကြေး ပိုက်ဆံ တွေ ရင်းနှီး ရတယ်ဆိုပြန်တော့ရော ကိုယ်က ကျေကျေနပ်နပ် သဒ္ဒါ ကြည်ဖြူ ပြီးပေးခဲ့တာပဲမဟုတ်လား။ ကိုယ့်ချစ်သူ ကို လက်ဆောင်တခုခု ဝယ်ပေးတဲ့အခါ၊ သူ့အခက်အခဲတခု ကို (ငွေကြေးအရ) ကူညီဖြေရှင်းပေးလိုက်ရတဲ့အခါ ပြန်ရပါစေရဲ့လို့ သဘောထားကြလား? ကိုယ်ကတော့ မထင်ပါဘူး။

Smart အဖြစ်ဆုံးဆို တဲ့ ရင်းနှီးမြုပ်နှံမှုမျိုး ကတော့ သူနဲ့ ကိုယ့်ကြားမှာ အချစ်တွေ ဆုံးတော့ မယ့် အချိန်ကိုရောက်တာ သိနေပြီဆိုရင် ချက်ချင်း ဆုတ်ရမယ် ဆိုတာ ကိုသိရပါမယ်။ နောက်ပြီး အရင်တုံးက ရင်းနှီးမြုပ်နှံထားခဲ့တဲ့ အရင်းအနှီးတွေ ကို ပြန်ရဖို့လဲမမျှော်လင့်ပါနဲ့။ နောက်ထပ်လဲဆက်ပြီး မရင်းနှီးမြုပ်နှံပါနဲ့။ ကိုယ့်မှာ ကျန်ရှိနေသေးတဲ့ လက်ကျန် အရင်းအနှီး တွေ ကို နောက်တယောက်အပေါ်မှာသာ ထပ်ပြီး ရင်းနှီးမြုပ်နှံလိုက်ပါ။

အချိန်မနှောင်းသေးခင် မြန်မြန်လုပ်နော်…… နောက်မှ တီချမ်းက ရေးချင်တာတွေ ရေးနေပြီး အကြံတော့မပေးဘူးမပြောနဲ့။

A Chen
7:04 pm
5th August 2010
Thursday
Starbucks coffee
Amarin Chitlom
Bangkok

4 comments:

  1. အခုတလေ တီရေးနေတာတွေက ကျွန်တော့်ကိုဆုံးမနေသလား ထင်နေရလောက်အောင် တိုက်ဆိုင်နေလေရဲ့။
    တီပြောသလို ကိုယ့်ရဲ့အချစ်တွေ၊ အချိန်တွေ အားလုံးရင်းနှီးခဲ့ပြီးမှတော့ စွန့်လွှတ်ရမှာကြောက်နေတယ်။ ဒါပေမယ့်လည်း ဆက်လက်ဆုတ်ကိုင်ရမှာကိုလဲ ထိတ်လန့်နေလေရဲ့။ အွန်လိုင်းပေါ်တက်မိရင်တောင် စိတ်တစ်ခုက သူလေးရှိနေပါစေ တနေကုန်လွမ်းလိုက်တာလို့ဆုတောင်းနေပေမယ့် အခြားစိတ်တစ်ခုက သူဒီနေ့မလာရင်ကောင်းမယ် ငါစာလုပ်လို့ရတယ်ဆိုပြီး ဆုတောင်းနေမိတယ်။ အချစ်တစ်ခုကိုကြာရှည်တည်မြဲဖို့အတွက် သူနဲ့ကိုယ်ရဲ့အယူအဆအတွေးအခေါ်တွေတူညီဖို့ အများကြီးလိုအပ်တယ်ဆိုတာ အခုတော့ တဖြည်းဖြည်းသိလာပြီ။ ဒါပေမယ့် သူ့ကိုတော့ အရမ်းချစ်နေတုံးပဲ။ (တုံး) ကိုသုံးမိတာ အပြစ်ရှိတယ်လို့ ခံစားရတယ်။ တီပျော်ရွှင်ပါစေ။ ခါးနာသက်သာပါစေ။

    ReplyDelete
  2. အဲဒါတွေကို အရင်းအနှီးလို့ ထင်နေရင်ကို အချစ်မဟုတ်တော့ဘူး....

    ReplyDelete
  3. တမျိုးပဲနော် .. အရိုးသီချင်းကို သတိရတယ် .. အီကိုမေဂျာကွင်းလေ ..

    ReplyDelete
  4. မချစ်ပြောတာ ဟုတ်ပါတယ် သို့သော်လည်း ဈေးကွက်စီးပွားရေးတွေ ပြောင်းလဲလာတဲ့အခါ ခေတ်စနစ်တွေ ပြောင်းလဲလာတဲ့ အခါ
    နောက်တခုက ဘာတွေပဲပြောင်းပြောင်း မပြောင်းပြောင်း လူဆိုတာကတော့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးမဟုတ်လား
    ကိုယ်နဲ့ ယှဉ်လာရင်တော့လဲ တွက်တတ်တာပပြေါ့ မချစ်ရယ်
    လင်နဲ့မယားတောင် သူ့အမျိုး ကိုယ့်အမျိုး မကြာခဏ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တွက်တတ်ချက်တတ်ကြတယ်လေ (မမကွမ် ကိုရှု)

    နွေဆူးရေ အဲ့သီချင်း ကို တီမသိဘူးတော့ ပို့ပေးပါလား စာသားပဲ ဖြစ်ဖြစ်

    သားလေးရေ တီ လဲတနေ့တနေ့ တီ့အနားမှာ ရှိနေတဲ့ သူငယ်ချင်းတွေ ရဲ့ အဖြစ်အပျက်တွေ မြင်နေကြားနေရတာ များလာတဲ့ အခါ ချရေးဖြစ်လိုက်တာပါ တူနေတာလား ဆိုတော့ အဖြစ်အပျက်တွေ က တူနေတာများတယ်လေ တီပြောချင်တာ မင်းသိမှာပေါ့

    တုံး လို့ သုံးနေသေးတယ်ဆိုကတည်းက ချစ်နေသေးတယ်ဆိုတာ ရှင်းပါတယ်ကွယ်
    ချစ်နေသေးရင်တော့ ညှိ နိုင်သေးရင် ညှိ ညှိ လို့မရရင် အရှုံးခံ အရှုံးခံနိုင်ရင် ခံ
    မခံနိုင်ရင် ကွဲ

    ဒါပေမယ့် စာကိုတော့ မလစ်ဟင်းစေနဲ့ကွယ်
    မိဘတွေ က ပိုက်ဆံအများကြီး အကုန်အကျခံပြီး ကျောင်းထားပေးတာမှလား သားက ငယ်သေးလို့ပါ တီတို့ အရွယ်ရောက်လို့ တကယ်ချစ်ရမယ့် သူကိုတွေ့ပြီဆိုရင် ခုဟာတွေက ရယ်စရာတွေဖြစ်ကုန်မှာပါ ခုတော့လဲ ခုဟာကိုပဲ အချစ်လို့ ထင်နေမှာပေါ့
    သိပ်တော့လဲ ခံစားမနေပါနဲ့ ကိုယ့်ကိုကိုယ်တော့ ပိုချစ်တယ်ဟုတ်?

    ReplyDelete