Sunday, August 29, 2010

နာရီကြည့်သူများ

နာရီကြည့်သူများ

“အချစ်ရဲ့ အမှောင်ဖုန်းကာလ” ဆိုတာ အချိန်ပေါ်မှာ အများကြီး မူတည်ပါတယ်။ မိုးအဆုံး မြေအဆုံးချစ်မယ်ဆိုတာမျိုးတွေ၊ တသက်လုံးမပြောင်းပါဘူးဆိုတာမျိုးတွေ၊ ထာဝရ ချစ်မယ် ဆိုတာတွေ အင်းလေ ကြာကြာချစ်နိုင်လေလေကောင်းလေလေပေါ့နော်။ နှစ်ယောက် စလုံး အကြာကြီး အတူတူ အသက်ရှင်နိုင်ရင် ပိုကောင်းတာပေါ့ကွယ်။ ဒါကြောင့် ချစ်သူတွေ အချင်း ချင်းပြောကြတဲ့ အချစ်စကားတွေဆိုတာလဲအချိန်နဲ့ ကင်းကွာလို့မရပါဘူး။ စကား တခွန်း ရှိတယ် ကိုယ်သိပ်ကြိုက်တာပေါ့…
“မင်းနဲ့ အတူတူ ရှိချိန်ဆိုရင် ကိုယ်အချိန်ဆိုတာ ကိုမေ့နေတယ်”
ဘယ်လိုလဲ။ မမိုက်ဘူးလား။ ပြီးတော့ အချစ်မှာ လူတိုင်း ကို အချိန်ကို မေ့သွားစေနိုင်တဲ့အစွမ်း သတ္တိလဲရှိသေးတယ်။ အဲ့တာကြောင့် ယောက်ျားတွေ က ကိုယ်တို့နောက် ကိုတကောက် ကောက်လိုက်နေတဲ့ အချိန်တွေ တုံးကဆိုရင် ကိုယ်တို့တွေ နာရီနဲ့ချီပြီးနောက်ကျနေရင်လဲ…
“မင်း နည်နည်းပဲ နောက်ကျတာပါ၊ ကိုယ်သိပ်မစောင့်ရပါဘူး” လို့ သူက ပြောလိမ့်မယ်။ အင်းလေ အဲ့အချိန်က တနေ့လောက် တညလောက် မတွေ့ရရင် သုံးနွေ သုံးမိုးလောက် လွမ်းရတယ်ထင်တာကိုးနော်။ (သတိပြုပါ သုံးနေကြလွန်းလို့ ရိုးအီ နေတဲ့ စကားလုံးတွေ ကိုရှောင်ထားပြီးတော့ တီချမ်း စတိုင်လ်အတိုင်း စကားလုံး အသစ်အဆန်းလေးတွေ ကို သုံးထားတယ်နော် ပြီးတော့ ဒီစကားလုံးတွေကို အင်တာလက်ကျူရယ် ပရော်ပါတီ ရိုက်စ်နဲ့အညီ မှတ်ပုံတင်ထားပါတယ် အဲ့တော့ ယူသုံးရင် တရားအစွဲခံရပါမယ်။)

နေ့တိုင်းတွေ့နေရတာတောင် အားမရဘူး အချိန်တွေကုန်တာမြန်လိုက်တာလို့ ထင်ကြတယ်။ ဖုန်းခွက်ကို လျာနဲ့ တနေ့တနေ့ ၇ နာရီလောက် ယပ်ခတ်ကြရတာတောင် မောတယ်မထင်ကြ တာ။ ရက်စတောရင့်စ် က ပိတ်နေပြီ ဒါတောင် နှစ်ယောက်သား မပြီးနိုင်မဆီးနိုင်နဲ့ အစောကြီး ရှိသေးတာပဲ လို့ဆိုကြသေးတယ်။
တနေ့တနေ့ အလုပ်နဲ့ လက်နဲ့မပြတ်အောင် လုပ်နေကြရတယ်၊ အရမ်းလဲ မအားကြပါဘူး ဆိုတဲ့လူတွေတောင် ရည်းစားထားဖို့ အချိန်ရှိတာတော့သေချာတယ်။ အင်း ချွင်းချက်အနေနဲ့ တခြား ကိစ္စတော်တော်များများတော့ လုပ်ဖို့အချိန်မရှိဘူးပေါ့လေ။

ဒါပေမယ့် အချစ်ရဲ့ ပြောင်းလဲခြင်းတွေကလဲ အချိန်နဲ့ပဲ သက်ဆိုင်နေပြန်ပါတယ်။ (တနည်း) အချစ်က အချိန်ပေါ်မူတည်ပြီးတော့လဲ ပြောင်းလဲသွားတတ်ပါသေးတယ်။ ဥပမာ တနေ့မှာ မင်း က မင်းရဲ့ချိန်းဆိုဖက်ဟာ မင်းနဲ့ ချိန်းတွေ့နေတဲ့အချိန်မှာ နာရီ ကို တိတ်တိတ်ကလေး ကြည့် ကြည့်နေတယ်ဆိုပါ တော့၊ ကုန်ကုန်ပြောရရင် ခိုးခိုးပြီးတော့ ကိုကြည့်နေတယ်။ ဒါဟာ ဘာကို ပြ သလဲဆိုတော့ ဟိုးတုံးက “အချစ်ရဲ့ အမှောင်ဖုံးကာလ” ဟာ တဖြည်းဖြည်း ပြောင်းလဲ၊ ကုန်ဆုံး သွားနေပြီဆိုတာ ကိုပြပါတယ်။ တဖြည်းဖြည်းလဲဝေးသွားနေပြီပေါ့။ သူမင်းနဲ့ ရှိနေရက်သားနဲ့တောင် အချိန်ဆိုတာကို သတိထားနေတယ် ဆိုရင် မင်းပြောနေတာကိုလဲ သူကြားမှာ မဟုတ်ဘူးလေ။ သူ့ စိတ်က မြန်မြန်ပြန်ချင်နေပြီကိုး။ ဒါမှမဟုတ် တခြားကို သွားဖို့ စိတ်စောနေတယ်။

ယောက်ျားတွေ နာရီကြည့်ရင် သိပ်မသိမသာပဲ ကြည့်တတ်ကြတယ်။ ဥပမာ စားပွဲအောက်ခြေ ကနေ ခိုးကြည့်တာမျိုးပေါ့။ အဲ ဒါပေမယ့် မိန်းမတွေ မိန်းမတွေ ကတော့ နာရီကြည့်ပြီဆိုရင် အားမနာ တတ်ကြဘူး။ ပေါ်တင်ပဲ ကြည့်တတ်ကြတယ်။ ဘာကိုပြသလဲဆိုတော့ “ကဲ ကိုယ်တော် ပြောစရာရှိတာ မြန်မြန်ပြော။ ကျမ သိပ်စိတ်မရှည်တော့ဘူး” တဲ့။

A Chen
5:19 AM
29th August 2010
Sunday
Home
Bangkok


ပထမဆုံး ပန်းသီးနဲ့ရေးတဲ့ ပိုစ့်ပါ ကျင့်သားတော့မရသေးဘူး အိုတော့အိုကေပါတယ်

3 comments:

  1. အသက်မကြီးသေးပါဘူးတီချမ်း
    ကြွားတာပါပဲ ဟက်ဟက်

    ReplyDelete
  2. ကျွန်တော်လဲ နာရီကြည့်ရင် စားပွဲအောက်ကနေခိုးကြည့်တက်တယ်ဗျ။
    တီအခုတလောရေးတာလေးတွေ တွေးစရာလေးတွေပါတယ်နော်။
    တနည်းအားဖြင့် အမှန်တွေသိပ်ပြောနေတယ်။
    ဘိုင်သဝေး နောက်ဆုံးတော့ ပန်းသီးအကြောင်းကြွားတာပါပဲနော်။
    :D

    ReplyDelete
  3. ဒါကတော့ ရိုးရာကိုး ခြင်္သေ့လေးရယ်
    ဒါပေမယ့် သိပ်မကြိုက်ပြန်ပါဘူး
    တလောတုံးက နက်ဘွခ် တခု ဝယ်တာလဲ မကြိုက်ဘူး
    လက်ရှိသုံးနေတဲ့ ဗိုင်အိုလေးပဲ အကောင်းဆုံး
    အဲ့လိုပဲ လက်ရှိရှိနေတာတွေက အကောင်းဆုံးမဟုတ်လား

    ReplyDelete