Friday, August 27, 2010

Pity Weapon

Pity Weapon

ပြောမယ်နော်။ နည်းနည်းပြောမယ်။ ပြောပြီ။ တချို့ မိန်းမတွေဟာ သနားတာ ကို လက်နက် အဖြစ်သုံးတတ်ကြပါတယ်။ သူတို့ ရဲ့ သွင်ပြင်လက္ခဏာတွေကလဲ များသောအားဖြင့် အားနွဲ့ သောသူများ ဆိုတာ ကို ပိုမို ပေါ်လွင်စေတတ်တယ်။ လေတိုက်ရင် လဲတော့မလို ခန္ဓာမျိုးနဲ့ ဖြူဖျော့ဖျော့လေး။ သိပ်သနားစရာကောင်းတယ်။

အဲ သူမတို့ ဘဝအကြောင်းပြောမယ်ဆိုရင်တော့ ပိုဆိုးတော့တာပဲ။ တကယ့်ကို ကံဆိုးမ သွားရွာ မိုးလိုက်လို့ရွာဆိုတာမျိုး။ ကြားရတဲ့လူတိုင်း နှုတ်ကနေ တကျွတ်ကျွတ်နဲ့ နားထောင် ရင်း စုပ်သပ်ရမယ့် ဇာတ်လမ်းမျိုးတွေပါ။ များသောအားဖြင့် အိမ်ထောင်ကျိုး ကနေလာကြတဲ့ ကလေးဘဝ ကိုပိုင်ဆိုင်ကြမယ်။ အမေ နဲ့ အဖေ က သူတို့ ငယ်ငယ်ကလေး ကတည်းက လမ်းခွဲ သွားကြပြီ။ သူတို့ ဘဝမှာ အကြင်နာတို့ စောင့်ရှောက်မှုတို့ နွေးထွေးမှုတို့ မေတ္တာတို့ ဆိုတာ လူဆင်းရဲ နဲ့ ကြယ်ငါးပွင့် ဟောတယ်လိုလိုပဲ လားလားမျှ မအပ်စပ်ခဲ့။ ဆွေနီးမျိုးစပ် တွေထဲကလဲ ဝိုင်းဝန်းစောင့်ရှောက်မယ့် သူရယ်လို့ မရှိကြဘူး။ မရှိခိုးနိုး မလှစုန်းယိုးတွေ၊ လှေနံ ဓါးထစ်တွေ၊ ရေနစ်သူ ဝါးကူထိုးတွေပဲ များကြတယ်။ သူငယ်ချင်းဆိုလို့ လဲ မယ်မယ်ရရ အားကိုးစရာကောင်းကောင်း တယောက်ဆိုတယောက်မှတောင် လောက်လောက်လားလား မရှိကြတဲ့ဘဝ။ ငယ်စဉ်ကလေးဘဝကတည်းက သူမဟာ ကူကယ်ရာမဲ့ နှောင်တွယ်ရာမဲ့ ချစ်မယ့်သူမဲ့ ကြင်နာမယ့်သူမဲ့ ဆိုတဲ့ဘဝနဲ့ တယောက်ထဲ အထီးကျန်ဆန်ဆန် ကြီးပြင်းလာရ ရှာတာပါ။

ဒီကြားထဲ သူမ ခမျာ ရောဂါဘယကလဲ ပေါလိုက်သေးတယ်။ အမြဲတမ်းလိုလိုပဲ သူ့မှာ ခေါင်း ကနာရင်နာ၊ မနာရင်ဗိုက်ကနာ၊ မဟုတ်ရင်နှလုံးကနာ၊ အစာအိမ်ကနာ၊ အာရုံကြောတွေကနာ၊ အိုကုန်ကုန်ပြောရရင် မိန်းမတို့ ဓမ္မတာ ရာသီ လာလို့ နာရင်တောင် တခြားမိန်းမတွေထက် သူမက ပိုနာရလေ့ရှိတယ်။ (ကဲ ပြီးရော အစွမ်းကုန် ကိုဇာတ်နာပလိုက်တယ်) ကြည့်ရတာ ကမ္ဘာလောကကြီး တခုလုံးမှာ ရှိရှိသမျှ မကောင်းဘူးဆိုတဲ့ အရာမှန်သမျှ သူမဘဝ မှာပဲ လာ ဖြစ်ပေးနေသလားတောင်အောင်းမေ့ရတယ်။ ပြီးတော့ သူမက သေးသေးမွှားမွှား ကိစ္စလေး တွေ ကိုလဲ ကမ္ဘာပျက်တော့လောက်မတတ် ချဲ့ကားပြီး ပြောတတ်ပြန်သေးတယ်။

သူမမှာ မျက်ရည်ဆိုတာကလဲ ပေါလဲပေါ လွယ်လဲသိပ်လွယ်ပြန်တယ်။ သူမ ဘဝ အကြောင်း စကား မစလိုက်နဲ့ မျက်နှာ တပြင်လုံး မျက်ရည် စိုရွှဲ တပို့တွဲ ဖြစ်သွားမယ်။

လမ်းသွားနေရင်း လေလွင့်ကြောင်လေးတကောင်လောက် တွေ့မိရင်တောင် သူမက ငိုမဲ့မဲ့ မျက်နှာ၊အားငယ်ငယ် ပျော့ ညံ့ညံ့လေသံနဲ့ ……

“တခါတခါ ကျမလဲ သူ့လိုပဲ အရမ်းကို သနားစရာကောင်းတယ် လို့ ခံစားရတယ်” လို့ ညိုးညိုး ငယ်ငယ် ပြောတတ်ပြန်တယ်။

ဒီလို မိန်းမမျိုးဟာ အလုပ်ထဲမှာတော့ ဘယ်တော့မှ ထွန်းထွန်းပေါက်ပေါက် တောက်တောက် ပြောင်ပြောင် လုပ်ပြတတ်လေ့ မရှိဘူး။ အလုပ်ကိုလဲ တယ် စိတ်ဝင်စားလှတယ် မဟုတ်ပါဘူး။ အပတ်တိုင်းလိုလို မကျန်းမာတာ တခုခု ကိုအကြောင်းပြပြီး ဆေးခွင့်ယူလေ့ရှိတယ်။

သူမရဲ့ အချစ်ဇာတ်လမ်းတွေကလဲ ရှုပ်ရှုပ်ရှက်ရှက်တွေ ဆိုတာ ပြောနေစရာမလိုပါဘူး။ အရင် ရည်းစားဟောင်းက အမြဲလိုလို သူမကို မိုက်ကြေးခွဲပြီးတော့ ပိုက်ဆံတောင်းလေ့ရှိ တယ်။ ပစ္စည်းတွေ ဆိုတာလဲ အားလုံး လိုလို အပေါင်ဆိုင်မှာ။ အကြွေးဆိုတာလဲ ပတ်လည်ဝိုင်းလို့။ ကြားထဲ သူမက အရက်သောက်တတ်တဲ့ အကျင့်နဲ့ ဆေးလေးဘာလေးကလဲ ချတတ်သေး တယ်။ အကြောင်းပြချက်ကတော့ သူမရဲ့ ဘဝ မလှပ လို့တဲ့။ တွယ်တာစရာ ကောင်းကွက် တချက် မှမရှိလို့တဲ့။ ဖက်တွယ်စရာ အကြောင်းပြချက်မရှိလို့တဲ့။

ဒါပေမယ့် ဒီလို သနားစရာ မိန်းမမျိုးဟာ ဘယ်တော့မှ အပျိုဘဝနဲ့ ကြာကြာ expire မဖြစ်ဘူး။ နားရှုပ်သွားလား? ရှင်းပြမယ်။

ယောက်ျားတွေက အဲ့လို မိန်းမ မျိုးကိုတွေ့ရင် သူတို့ မှာ ကယ်တင်ရမယ့် တာဝန်ရှိတယ် လို့ ထင်တတ်ကြတယ်။ သူမ ကို စောင့်ရှောက်ရမယ် ချစ်ရမယ် ကြင်နာရမယ် လို့ တွေးကြတယ်။ သူတို့မှ မကယ်ရင် သူမရဲ့ ဘဝကပဲ ပျက်တော့မလိုလို မြောင်းထဲရောက်သွားတော့မလိုလို။ အမှန်ကတော့ အစကတည်းက မြောင်းဘောင်ပေါ်က ပျက်လုလု ဘဝပါ။

အမှန်တော့ သူမကသနားကြင်နာခြင်းဆိုတာကို အခွင့်ကောင်းယူပြီး၊ (တနည်း) လက်နက် အဖြစ်အသုံးချပြီး (တနည်း) ယောက်ျားတွေရဲ့ သူရဲကောင်းလို့ သူတို့ကိုယ်သူတို့ ဂုဏ်ယူ ချင်နေတဲ့ ခတ်ပေါပေါ စိတ်ဓါတ်ကို ကောင်းကောင်းအသုံးချပြီး ယောက်ျားတွေ ကို မြူဆွယ် ဖျားယောင်း ပြီးတော့ သူမ အတွက် ဓါးတောင်ကိုကျော်ခိုင်းပြီး ဆီပူအိုးထဲ ခုန်းဆင်းခိုင်းတာ ပါပဲ။ လွယ်လွယ် ရှင်းရှင်းပြောရရင်တော့ နွားဖားကြိုး ထိုးတာပေါ့လေ။

တကယ့်တကယ်မှာတော့၊ အဖြစ်အပျက်အမှန်ကတော့၊ တကယ်ဖြစ်နေတာ ကတော့… .. ကိုယ်တို့လိုမျိုး ကြည့်လိုက်ရင် ရဲရင့်ကြံ့ခိုင်တယ်လို့ထင်ရတဲ့၊ ယောက်ျားတွေကိုအားကိုး စရာ မလိုဘူးလို့ထင်နေတတ်ကြတဲ့၊ ကိုယ့်ကိုကိုယ် ဘာမဆိုငါဖြစ်အောင်လုပ်နိုင်တယ် သွေးနထင် ရောက်နေတဲ့၊ သနားတာကိုလဲ လက်နက်အဖြစ် ကောင်းကောင်းအသုံးမချတတ်တဲ့၊ ကိုယ့်ကို ကိုယ် လွတ်လပ် အရည်အချင်းရှိ မိန်းမဝါဒီလို့ အမြဲလိုလို ခပ်ကြောင်ကြောင်အော်နေတတ်တဲ့ စတဲ့ ဂုဏ်သတ္တိတွေအများကြီးနဲ့ ပြည့်စုံနေတဲ့ မိန်းမ တွေကသာ သနားစရာ ပိုကောင်း တာပါ။

A Chen
3:07 PM
27th August 2010
Friday
Bangkok

6 comments:

  1. ကြိုက်တယ်။ ဒီ post လေးကို။ အဲဒီသနားစရာကောင်းအောင် နေပြတဲ့မိန်းမတွေကို အင်မတန်အမြင်ကတ်တယ်။ ယောက်ျားလေးတွေကလဲ အဲဒီလိုမျိုးမှပိုပြီး အားကိုးခံချင်ကြတယ်။

    ReplyDelete
  2. အမှန်တွေကို ဘာလို့ ချပြနေရတာလဲ တီချမ်းရယ်

    ReplyDelete
  3. တီချမ်း ကီုရီးယားကားတွေ အတော်ကြည့်တယ် ထင်ပါ့၊ ဇာတ်နာလိုက်ပုံများ...:) တို့လည်း မိန်းမတွေ အိညှောင့် အိညှောင့် ဆို အတော် စိတ်ညစ်တယ်။ ကိုယ်တိုင်က ဝုန်းဒိုင်းဂွမ်း မို့လို့လေ...။ ဒါပေမဲ့လေ တချို့က အဲသလိုကို မွေးလာတာ...ပင်ကိုယ် ဆိုပါတော့...

    ReplyDelete
  4. ယောကျာ်းတွေကိုမျက်၇ည်ခံထိုးအသနားခံတယ်ဆိုတာအ၇ည်အချင်းမ၇ှိတဲ့ခပ်ညံ့ညံမိန်းမတွေ၇ဲ့အလုပ်ပါ

    ReplyDelete
  5. မှန်လိုက်တာ တီရယ်....
    မှန်
    မှန်
    မှန်နဲ့တောင် မြည်နေသေးတယ်...
း))))))

    ReplyDelete
  6. "တကယ့်တကယ်မှာတော့၊ အဖြစ်အပျက်အမှန်ကတော့၊ တကယ်ဖြစ်နေတာ ကတော့… .. ကိုယ်တို့လိုမျိုး ကြည့်လိုက်ရင် ရဲရင့်ကြံ့ခိုင်တယ်လို့ထင်ရတဲ့၊ ယောက်ျားတွေကိုအားကိုး စရာ မလိုဘူးလို့ထင်နေတတ်ကြတဲ့၊ ကိုယ့်ကိုကိုယ် ဘာမဆိုငါဖြစ်အောင်လုပ်နိုင်တယ် သွေးနထင် ရောက်နေတဲ့၊ သနားတာကိုလဲ လက်နက်အဖြစ် ကောင်းကောင်းအသုံးမချတတ်တဲ့၊ ကိုယ့်ကို ကိုယ် လွတ်လပ် အရည်အချင်းရှိ မိန်းမဝါဒီလို့ အမြဲလိုလို ခပ်ကြောင်ကြောင်အော်နေတတ်တဲ့ စတဲ့ ဂုဏ်သတ္တိတွေအများကြီးနဲ့ ပြည့်စုံနေတဲ့ မိန်းမ တွေကသာ သနားစရာ ပိုကောင်း တာပါ။"
    တကယ်လားဟင်..... ???

    ReplyDelete