Thursday, August 5, 2010

Why…? Why…? Why…?

Why…? Why…? Why…?

အချစ်နဲ့ ပတ်သက်လာရင် ကိုယ်တို့ ဘဝတလျောက်လုံးမှာ မေးမေးနေလေ့ရှိတဲ့ မေးခွန်းလေး ၂ ခုရှိပါတယ်။

Why you?
ဘာလို့ သူ့ကိုမှ….?

Why me?
ဘာလို့ ကိုယ့်ကိုမှ…?

အချစ်ဇာတ်လမ်း တခု စတင်တဲ့အခါမှာ ကိုယ်တို့တွေ ကိုယ့်ကိုကိုယ် မမေးဘဲ မနေနိုင်တဲ့ မေးခွန်းက တော့ “ဘာလို့ သူ့ကိုမှ” Why you…? ဆိုတာပါပဲ။ ဒီလောက် သန်းပေါင်းများစွာ ရှိနေတဲ့ ထဲကမှ “ဘာလို့ သူ့ကိုမှ …?”

အရင်က ကိုယ့်ကို သဘောကျဖူးတဲ့ သူတွေအများကြီးပါ။ ကိုယ်တိတ်တခိုးကြိုက် ခဲ့တာတွေ လဲရှိ တယ်။ ဒါပေမယ့် သူတို့တွေနဲ့ ကိုယ့်နဲ့ မချစ် မကြိုက်ခဲ့ကြဘူး။ ဘာဖြစ်လို့ မင်းနဲ့ကျမှ…။
နောက်တော့လဲ မင်းကမှ ကိုယ့်အတွက်ရည်ရွယ် ထားတဲ့ သူဆိုတာ ကိုယ်တဖြည်းဖြည်း နား လည်လာခဲ့တယ်။ နဖူးစာလို့ပဲ ပြောပြော ရေစက်လို့ပဲပြောပြော။ တခြားလူတွေဆိုတာ မင်း လောက် ကိုယ့်အတွက် မကောင်းဘူး၊ မသင့်တော်ဘူး ဆိုတာ ကိုယ့်ကိုသိအောင် ကံကြမ္မာက ပြခဲ့တဲ့ ဥပမာ သာသာတွေလောက်ပါပဲ။

ဘာလို့များ မင်းက ကိုယ့်ကို ဒီလောက် နက်နက်ရှိုင်းရှိုင်းချစ်ရတာလဲ…?
ကိုယ့်ကို ဒီလောက် စူးစူးနစ်နစ် ချစ်တဲ့သူက လူသန်းပေါင်းများစွာထဲကမှ ဘာလို့ မင်း ဖြစ်နေရတာလဲ…?
ကိုယ့်ကိုကိုယ် မယုံ မရဲ မဝံ့မရဲ Why you…? လို့မေးရလောက်အောင် သံသယအပြည့်နဲ့ မေးစေခဲ့ရအောင် တန်ခိုး ရှိစေခဲ့တဲ့ စွမ်းအားကကော ဘာများလဲ….?

ဒီလိုနဲ့ အချစ်ဇာတ်လမ်း တပုဒ် အဆုံးသတ်ချိန်ရောက်လာခဲ့တဲ့အခါ ကိုယ်တို့တွေမကျေမနပ်နဲ့ မေးတတ်ကြတာက Why me…? ဆိုတဲ့ မေးခွန်းပါ။ ဘာလို့ အသည်းကွဲရတာက မင်းမဟုတ် ဘဲ ကိုယ်ဖြစ်နေရတာလဲ? ဘာလို့ ကိုယ့်ကျမှ... ဒီလိုကိစ္စ ဒီလိုအဖြစ် ကို လာကြုံရတာလဲ…?
ကိုယ်ဘာများ မှားခဲ့မိလို့ မင်းက ကိုယ့်အပေါ်ဒီလိုရက်စက်ရတာလဲ…?
Why me…why me…why me… why me…

ပထမ မေးခွန်းရော ဒုတိယ မေးခွန်းရောက ဘယ်တော့မှ အဖြေမပေါ်နိုင်တဲ့မေးခွန်းမျိုးတွေပါ။
ဒီလိုနဲ့ တနေ့မှာ ကိုယ်တို့တွေက တတိယမေးခွန်းကိုစဉ်းစားမိကြပြန်ရော….အဲ့တာကတော့…
Why not? ဆိုတာပါပဲ။
“ဒီလို အချစ်မျိုး လောကကြီးမှာ ဘာဖြစ်လို့မရှိရမှာလဲ…?” ဆိုတာပါပဲ….။

တည ကိုယ် ရုပ်ရှင်တကားကြည့်မိပါတယ်။ ဇာတ်ကားနာမည်က “De lovely” တဲ့ “ချစ်လှစွာသော” လို့ ဘာသာပြန်ရင် ရမယ်ထင်တယ်။ အဲ့ဇာတ်လမ်းထဲမှာ လှပ ပြည့်ဝပြီး ထက်မြက်တဲ့ (ကိုယ့်လို) ဇာတ်လိုက် မင်းသမီးက သူ့ရဲ့ အမျိုးသား(ဇာတ်လိုက်) ဂီတ ပညာ ရှင် ကို ဇာတ်လမ်း အစကတည်းက ပြောတဲ့စကားတခွန်းရှိတယ်။
“ကျမ မောင့်ကို ချစ်သလိုမျိုး မောင်ကျမ ကိုချစ်စရာမလိုပါဘူး” တဲ့ တဘဝလုံးလဲ သူမ
ပြောတဲ့ စကားအတိုင်းပဲ သူမ တည်အောင်နေခဲ့တယ်။

ကိုယ့်ကိုလဲ တခါက လူတယောက်က(ခု သူကိုယ့်ဘေးမှာ ကိုယ့်ဘဝအဖော်အဖြစ်ရှိနေတယ်) ပြောခဲ့ဘူးတယ်။ “မင်းကိုယ့်ကို မချစ်တာ ကိုယ်သိပါတယ်၊ ဒါပေမယ့် ကိုယ်မင်းကိုချစ်တယ်” တဲ့။ အဲ့အချိန်တုံးက ကိုယ်အဲ့လို အချစ်ကို နားမလည်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကို မချစ်တဲ့သူတယောက်ကို ကိုယ်ကလဲ လုံးဝ ချစ်နိုင်မှာ မဟုတ်တဲ့အတွက်ပါ။ နောက်ပြီးတော့ ကိုယ်ချစ်သလိုမျိုး ကိုယ့်ကိုမချစ်တဲ့ သူမျိုးကိုလဲ ချစ်မှာ မဟုတ်ပါဘူး။

ဒီတညမှာတော့ ရင်ကို တသိမ့်သိမ့်နဲ့ နွေးနွေးထွေးထွေး စိတ်လှုပ်ရှားစေတဲ့ အချစ်ရုပ်ရှင်လေး ကို ကြည့်ရင်းနဲ့ တခါက “သူ” ပြောခဲ့ဖူးတဲ့ “မင်းကိုယ့်ကို မချစ်တာ ကိုယ်သိပါတယ်၊ ဒါပေမယ့် ကိုယ်မင်းကိုချစ်တယ်” ဆိုတာ ဘယ်လောက်တောင်မှ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်း၊ ခမ်းနား ကြီးကျယ်ပြီး မြင့်မြတ်တဲ့ အချစ်မျိုးလဲ ဆိုတာကို ကိုယ်ကိုတိုင် ရုတ်တရက် နားလည် သဘော ပေါက်လာခဲ့ရပါတယ်။

ခုထက်ထိကိုလဲ ကိုယ်ဝန်ခံရမှာ တခုက ကိုယ် ကောင်းကောင်းမချစ်တတ်သေးပါဘူး။ အချစ် ဆိုတာ ကိုလဲ သေသေချာချာာ နားမလည်သေးပါဘူး။ ပြီးတော့ အဲ့ဒီလောက်လဲ မမြင့်မြတ် သေးပါဘူး။

ဒါပေမယ့်…
မြင့်မြတ်တဲ့ ချစ်ခြင်းတခု ကို ကိုယ်လူတယောက်ဆီက တန်းဖိုးရှိရှိ ရထားတယ်။ ရနေတယ်။ ရနေအုံးမယ်။

A Chen
3:45 pm
5th August 2010
Thursday
Bangkok
Thailand

2 comments:

  1. တီရေ
    မြင့်မြတ်တဲ့အချစ်ကိုရထားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာနော်။
    ၁၀၀ ပေးထားလို့ ၁၀၀ ပြန်မရရင်စိတ်ဆိုးသင့်သလား တီ။
    အဆိုးမြင်တွေ အကောင်းမြင်တွေမသိဘူး
    အပြည့်မရဘဲ တစ်ဝက်ပဲရရင် အဲဒီ့ဖန်ခွက်ထဲကရေကိုမသောက်တဲ့အပြင် အဲဒီ့ဖန်ခွက်ကိုပါ ရိုက်ခွဲပစ်ချင်တဲ့သူကိုရော တီကဘယ်လိုမြင်သလဲဟင်။
    တီရေ---စိတ်လေနေတယ်ဗျာ။

    ReplyDelete
  2. ၁၀၀ ပေးပြီး ၁၀၀ ပြန်မရရင်ဆိုတာက
    အချစ်ဆိုတာ ရယူတာလား
    ပေးဆပ်တာလား
    နားလည်တာလား လို့ လက်ခံတဲ့ပေါ်မှာမူတည်ပါလိမ့်မယ်

    ခွက်ကို တဝက်ပဲ ရှိတယ်လို့ မမြင်ဘဲနဲ့ တဝက်ပြည့်နေတယ်လို့ မြင်ကြည့်ပါလား
    ဒါမှမဟုတ် သူပထက် သေးတဲ့ ခွက်ထဲပြောင်းထည့်ရင်လဲ ပြည့်သွားမှာပဲလေ နော်

    ReplyDelete