ငါမင်းကို တိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၂)
(၁၂)
အဲ့နေ့က ကျောင်းဆင်းတော့ ကျမ လိမ်လိမ်မာမာနဲ့ ကျောင်းစာကြည့်တိုက်မှာ သွားပြီးတော့ အချိန်ပိုနေပါတယ်။ ဝက်ဝံ ကတော့ ဘယ်သွားနေမှန်းမသိ၊ မပေါ်လာပါဘူး။ တကယ်လို့ လူပုလေးသာ ရုတ်တရက် ရှောင်တခင် စစ်ဆေးရေး ဝင်ရင်တော့ ဒီကောင်သေပြီ။ ယောက်ျားလေးတွေ ရဲ့ ခေါင်းထဲမှာ ဘာတွေများထည့်ထားကြသလဲ မသိပါဘူး။ အမြဲတမ်းလိုလို မိုးမကြောက်မြေမကြောက် ပုံစံတွေနဲ့။
ကျမ ပျင်းပျင်းရှိတာနဲ့ စာအုပ်စင်ကနေပြီးတော့ တိရိစ္ဆာန်တွေ နဲ့ပတ်သက်တဲ့ စာအုပ်တအုပ်ယူကြည့်ပါတယ်။
ကျောင်းစာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်အများစုကတော့ ထုံးစံအတိုင်း ပျင်းစရာတွေပေါ့လေ။ “ကြောင်မွှေး စာအုပ်ဆိုင်” က စာအုပ်တွေ နဲ့ လုံးလုံးမှ ယှဉ်လို့မရဘူး။ “ကြောင်မွှေးစာအုပ်ဆိုင်”က စာအုပ်တွေက သိပ်စိတ်ဝင် စားဖို့ကောင်းတာ။ တခါက ကျမ အဲ့မှာ ငှားဘတ်ဖူးတဲ့ စာအုပ်ဆိုရင် လူသေအလောင်းကောင်တွေအကြောင်းရေး ထားတာလေ။ နာမည်က “အလောင်းကောင် ပြောတာ နားထောင်ကြည့်ပါ” တဲ့။ လူတွေ သေသွားပြီးရင်တောင် အလောင်းတွေက လက်သည်းဆက်ရှည်တဲ့အကြောင်း စာအုပ်ထဲမှာ ပြောထားတာ သိပ်စိတ်ဝင်စားဖို့ ကောင်း တာပဲ။ နောက် ရှိသေးတယ် “အလောင်း က သင့်ကို သိစေချင်တယ်” နဲ့ “အဲ့ဒီ အလောင်း ကို ဘယ်သူ ယူသွားသလဲ” ဆိုတဲ့ စာအုပ်တွေ။ အို ဘာပဲ ပြောပြော အလောင်းနဲ့ပတ်သက်တာ မှန်သမျှ၊ အရင်ရှေးခေတ်က အလောင်းကောင်တွေရော အခုခေတ် ခေတ်ပေါ် အလောင်းကောင်တွေ ကော အကုန် ကျမ စိတ်ဝင်စားပါတယ်။
တခါတခါ ကျမ ကိုယ့်ကိုကိုယ်တောင် အလောင်းတွေကို စွဲလမ်းနေတဲ့ ရောဂါ ရှိနေသလား စိတ်ပဲ မမှန်ဘူးလား လို့ တောင်ထင်မိတယ်။
ကျမ လက်ထဲက အဲ့ဒီ “နို့ တိုက်သတ္တဝါတွေအကြောင်းသိကောင်းစရာ” ဆိုတဲ့ စာအုပ်ကို ဟိုလှန်ဒီလှန် လုပ်နေမိ တယ်။ တနေရာမှာတော့ ဝက်ဝံတွေအကြောင်းပြောထားတာတွေ့လို့ ကောက်ဘတ်ကြည့်တော့....အေရှိယတစ် ဝက်ဝံ မည်းတွေက (သူတို့ကို တိဘက်က လဝက်ဝံလို့လဲခေါ်ကြပါသတဲ့) လူတွေ နဲ့ နီးနီးကပ်ကပ်နေရတာကို ကြိုက်ကြပါတယ်တဲ့။ လူနဲ့ တွေ့နိုင်မယ့် နေရာတွေ မှာ နီးနီးကပ်ကပ် နေလေ့ရှိကြပါသတဲ့။ ဝံညိုတွေကကျတော့ ကျယ်ပြန့်တဲ့ ကွင်းပြင်လိုနေရာတွေ ရှိမှ အသက်ရှင်နိုင်ပါတဲ့။ ဝံပျင်းတွေ ရဲ့ အမွှေးတွေကတော့ အမြဲ လိုလို ဘယ်တော့မှ မဖြီး မသင်ထားတဲ့ ပုံစံနဲ့ ရှုပ်ပွနေတတ်ပါသတဲ့။ ဝက်ဝံ ကကော ဘယ်လို ဝံ အမျိုးအစားမှာ ပါမှာပါ လိမ့်? လွတ်လပ်မှု ကို ကြိုက်တဲ့ ဝံညိုလား? ငြိမ်းချမ်းမှု ကို ကြိုက်တဲ့ လူနဲ့ နီးနီးနေတတ်ကြတဲ့ အေရှီယတစ် ဝံ မျိုး လား? ဒါမှမဟုတ် အမြဲ လိုလို အတန်းတက်တိုင်း ပျင်းနေတတ်တဲ့ ဝံပျင်းမျိုးလား?
ဒါပေမယ့် ပြောသာပြောတာ ဝက်ဝံ က နည်းနည်းမှ ဝက်ဝံ ပုံမပေါက်ပါဘူး။ သူ့ကြည့်ရတာ ကြမ်းတမ်း ရိုင်းစိုင်း ပုံလဲ မရ၊ အကောင်ကြီးသလားဆိုတော့လဲ အဲ့လောက် မကြီးဘူး။ ထုံထုံ အအ ဖြစ်နေသလားဆိုတော့လဲ မဟုတ်။
အဲ့တာတွေအကုန်နဲ့ ပြောင်းပြန် သူ့မှာ ရိုးသားထက်မြက်ပြီး ကလေးဆန်တဲ့ မျက်လုံးတစုံရှိတယ်။ မျက်နှာ မှာ အမြဲ လိုလို ချိတ်ထားတာက ရှက်တတ်တာလား ဒါမှမဟုတ် ရှုပ်ရှုပ်ရှက်ရှက် လုပ်ရမှာ ကြောက်တာလား မသိနိုင် တဲ့ အမူအရာနဲ့။ အဲ့လိုပုံစံ ကောင်လေးတယောက်ဖြစ်ရက်နဲ့ တခါတခါ ကျတော့ သူ့ကို အိမ်မွေး မွှေးပွခွေးလေး
တွေကို စိတ်မရှည်လို့ ချစ်စနိုးနဲ့ အမွှေးဖွပစ်သလိုမျိုး သူ့ရဲ့ နဂိုကတည်းက ပွတတ ဖြစ်နေတဲ့ ခေါင်းကို ဖွပစ်ချင် စိတ်တွေ ဝင်စေတယ်။
အဲ့နေ့က ဝက်ဝံ ပေါ်မလာပါဘူး။ ကျမ ခေါင်းကို လက်နှစ်ဘက်ထဲမှာ ညှပ်ထားပြီးတော့ စာအုပ်ကို ကိုင်ပြီး ငိုင်နေ မိတယ်။ အဲ့အချိန်မှာပဲ စင်မင်း တယောက် စာကြည့်တိုက်ထဲ ပေါက်ချလာပါတယ်။ လွယ်အိတ်ကို လက်ကဆွဲပြီး
တော့ ဝင်လာတာနဲ့ စာအုပ်စင်တွေဘက်ကို တန်းတန်းမတ်မတ်လျောက်သွားပါတယ်။ ကျမ နောက်နားမှာ ထိုင်
နေကြတဲ့ အလယ်တန်းက ကောင်မလေးတွေ သူဝင်လာကတည်းက အချင်းချင်း မျက်စတွေ ပစ်နေကြပြီးတော့ တီးတိုး တီးတိုး သဖန်းပိုးလုပ်နေကြပါတယ်။ ဝက်ဝံ တယောက် သူနဲ့ လဲပါမလာပါဘူး။ ကျမ လက်က နာရီကို ကြည့်မိတော့ အပြစ်ပေးခံထားရတဲ့ တနာရီက ပြည့်ဖို့ ၁၀ မိနစ်လောက်လိုနေသေးတယ်။ အဲ့ဒီ ၁၀ မိနစ် ဆိုတဲ့ အချိန်လေးက ရုတ်တရက် ဆိုသလိုပဲ ကုန်ဖို့ နှေးကွေးလွန်းသွားလိုက်တာ။ ကျမ ဝက်ဝံ အချိန်မီရောက်လာပါစေ လို့ ဆုတောင်းရမလား လူပုလေး ရောက်မလာပါစေနဲ့လို့ ဆုတောင်းရမလား ဝေခွဲမရဖြစ်နေမိသေးတယ်။
နောက်ဆုံးတော့လဲ နှစ်ယောက်စလုံးပေါ်မလာကြပါဘူး။ ကျမ လဲ သက်ပြင်းတချက်ချလိုက်မိတယ် ပြီးတော့
ဘေးမှာ ချထားတဲ့ လွယ်အိတ်ကို ကောက်လွယ်လိုက်ပြီးတော့ လက်ထဲက “နို့တိုက်သတ္တဝါများအကြောင်း သိကောင်းစရာ” ကို စင်ပေါ်ပြန်ထားဖို့ ထလိုက်ပါတယ်။
စာအုပ်စင်တခုရဲ့ နောက်မှာတော့ စာအုပ်တအုပ်ကို မတ်တပ်ရပ်ဘတ်နေတဲ့ စင်မင်းကိုတွေ့ ရတယ်။
“လူစင်မင်း နင် ဝန်မိုးညို ကိုတွေ့မိသေးလား?” ကျမ သူ့ကို မေးလိုက်တယ်။
သူက မပြုံးတုံ့တုံ့ပြုံးတုံ့တုံ့ ပုံစံနဲ့ ရယ်မြူးမြူး မျက်လုံးတွေနဲ့ ကျမ ကိုမော့ကြည့်ပြီးတော့ ပခုံးတွန့်ပြပါတယ်။
“သူ့ကိုပြောလိုက်စမ်းပါ၊ လူပုလေးလာသွားတယ်လို့ သူတော့ သေပြီလို့” ကျမ ကြောက်သလိုလိုပုံစံ အမူအရာ တမင်လုပ်ပြီးပြောလိုက်ပါတယ်။ ပြောပြီးပြီးချင် ကျမ လှည့်ပြီး ခြေလှမ်းကျဲကျဲတွေနဲ့ စာကြည့်တိုက်ကနေ ထွက်ခဲ့
တော့တာပဲ။ နှုတ်ခမ်းကိုလဲ ကိုက်ထားရသေးတယ်လေ ရယ်မိမှာစိုးလို့။ စိတ်ပင်ပန်းလိုက်တာ။
A Chen
1:22PM
Thursday
19th Apr 2012
Office
Bangkok
Subscribe to:
Post Comments (Atom)
No comments:
Post a Comment