Monday, February 14, 2011

လက်စားချေမှု သေးသေးလေးတွေ

ဘဝမှာ တခါမှ လက်စာမချေဖူးဘူး လို့ ပြောချင်ပါသလား။ တခုလောက်မေးပါမယ်။ ဘဝမှာ ချစ်ဖူးပါသလား။ ဘဝမှာ တခါလောက်ချစ်ဖူးတယ်ဆိုရင် အနည်းအများတော့ ကိုယ်တို့တွေ လက်စားချေမှု သေးသေးလေးတွေပဲဖြစ်ဖြစ် လုပ်ဖူးကြပါတယ်။

ဒီနေ့ ကိုယ်နဲ့တူတူနေပေးမယ် လို့ သူ ပြီးခဲ့တဲ့ တရက်က ကတိပေးထားခဲ့တယ်။ အဲတာနဲ့များတောင် ဒီနေ့ကျတော့ သူ့ရဲ့ ဝက်ပေါင်းဝက်သင်းတွေနဲ့ ဘောလုံးသွားကစား ဖို့ (ရုတ်တရက် ကိစ္စ) ပေါ်လာတယ်။ ရတယ် ကိစ္စမရှိဘူး။ သူ့ပိုက်ဆံ အိတ် ကို ကုန်အောင်သုံးပစ်မယ်။ ဖက်ရှင်ဆိုင်တွေအကုန်လျောက်လှည့်ပြီးတော့ ရှိရှိသမျှ မျက်လုံးထဲ လှတယ် ထင်တာ အကုန်ဝယ်ပစ်လိုက်တယ်။ အင်္ကျံတွေ၊ ဖိနပ်တွေ၊ လက်ကိုင်အိတ်တွေ။ ဝယ်လဲပြီးရော စိတ်ထဲမှာ နည်းနည်းကျေနပ် သွားသလို ခံစားလိုက်ရတယ်။ နောက်ထပ် ဘေးနားက ဆိုင်တွေဘက်လှည့်ပြီးတော့ ရှိလဲဖြစ် မရှိလဲဖြစ်တဲ့ ပစ္စည်းလေးတွေ ထပ်လျောက်ဝယ်လိုက်တယ်။ ဥပမာ ရေမွှေး၊ နှုတ်ခမ်းနီ စသဖြင့်ပေါ့ ဘာပဲဖြစ်ဖြစ်လေ အဓိကကတော့ စိတ်ထဲရှိသမျှ ဝယ်၊ ဝယ်၊ ဝယ်ပါပဲ။
ကိုယ့် ကို ပစ်ထားသမျှ ကောင်းကောင်း လက်စားချေရမယ် ( မမကွမ်တို့ သတိချပ်စရာပါ)။

တကယ်လို့များ ရှော့ပင်း ထွက်ဖို့ ၊ ဝယ်ဖို့ ချမ်းဖို့ စိတ်မပါနေဘူးဆိုပါတော့၊ အဲ့တာဆိုရင်တော့ အစားပေါ့၊ စား၊ စား၊ စား တွေ့သမျှ စား စိတ်ကူးတည့်ရာစား ဒီလိုနည်းနဲ့ သူ့ကို လက်စားချေရပါမယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် သူမပြောနဲ့ကိုယ့်ကိုကိုယ်တောင် စားနေတဲ့ ပုံစံ ကို မမြင်ချင်တော့တဲ့ အထိ စားပစ်ရပါမယ်။ (ဟမ်ဘာဂါ တို့ဘာတို့ပေါ့ ဖတ်စ်ဖွတ်တွေ)

ဒီလိုနည်းတွေ နဲ့လက်စားမချေချင်ဘူး၊ ကိုယ့်ကိုကိုယ် နှိပ်စက်တဲ့ နည်းတွေ မသုံးချင်ဘူးဆိုရင်လဲကိစ္စမရှိပါဘူး၊ တခြား လက်စားချေစရာ နည်းလမ်းအဖြာဖြာ အများကြီး ရှိနေပါသေးတယ်။ သူထွက်သွားတယ် မှလား၊ ကိုယ်လဲထွက်မယ်၊ သူနောက်ကျမှ ပြန်လာရင် ကိုယ်က သူ့ထက် ပိုညည့်နက်စေရမယ်။

သူ သိပ်တန်ဖိုးထားတဲ့ ကားလေးပေါ့၊ တွေ့မယ် တွေ့မယ်။ ကားတံခါး ကိုဆင်းတိုင်းတက်တိုင်း ဆောင့်ပိတ်မယ်။ စိတ်ပါရင် ခြေထောက်နဲ့တောင် တံခါး ကိုတချက်လောက် ကန်လိုက်အုံးမယ်။

ရှိသေးတယ်...သူသိပ်ချစ်လို့အလိုအရမ်းလိုက်ထားတဲ့ ခွေးလေး၊ မတည့်လို့ဆိုပြီး ချောကလက်မကျွေးဘူး။ ရတယ် ရတယ် သူမသိအောင် ခွေးလေး ကိုချောကလက်တွေ တပြုံတမကြီး ကျွေးလိုက်အုံးမယ်။ သူ ရင်နာ စိတ်နာပြီး သေပစေ...လုံးဝ ဂရုမစိုက်ဘူး။

ဒီနေ့ သူကတိအတိုင်း ကိုယ့်ကို အဖော်မလုပ်ပေးဘူး။ ကိစ္စမရှိဘူး။ ရတယ်၊ နောက်တရက်လောက်ကျရင်လဲ ကိုယ်ကလဲ ပြောထားပြီး ချိန်းထားပြီးတော့ တမင် ကို မေ့ပစ်မယ်။ ပြီးတော့ လှလှပပလေး ဝင်စားဆင်ယင် ပြင်ဆင်ပြီးတော့ သူ့ကို ခနဲ့တဲ့တဲ့ နဲ့ “ ဟွန်း ဒီလောက်ကြီးတဲ့ လူတယောက်တောင်ဖြစ်နေပြီ.... ကိုယ့်ဘာသာ အကြောင်းအရာလေး ဘာလေး ရှာပြီး မနေတတ်ဘူးလား” လို့ပြောလိုက်အုံးမယ်။ ပြီးမှ ပိုက်ဆံအိတ် နဲ့ တကိုယ်လုံး ရှိရှိသမျှတွေ ကိုအကုန် ခါပြီး ကော့ကော့ ကျော့ကျော့လေး ထွက်လာမယ်။

တခုပဲ.....

သူ ကိုယ့် ကို ပေယျလကန် လုပ်တုံးက၊ ပစ်ပစ်ခါခါ ထားပြီး သူ့သူငယ်ချင်းတွေ နဲ့ သွားတုံးက သူ့အပြစ်တွေ ကိုတွေးတွေးပြီး သူကို ပြန် လက်စားချေရတာတွေဟာ အရသာရှိသလောက် သူကိုယ့် အပေါ် ပြန်ကောင်းတဲ့ အခါ ပြန်ချော့တဲ့ အခါကျတော့ ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားရတာကတော့ ဘာလို့များလဲ.....။

A Chen
12:14AM
13 Feb 2011
Sunday
Home
Bangkok

No comments:

Post a Comment