တကယ်တော့ ကိုယ်သိပ်သိပ်....
တခါတလေ ကိုယ်တို့တွေ ကိုယ့် ချစ်သူရဲ့ ရှေ့ မှာ အေးစက်စက်နဲ့ မထုံတက်သေး ပုံစံ ဟန်ဆောင်တတ်ကြပါတယ်။ အမှန်တကယ်ကတော့ ကိုယ်တို့ စိတ်ထဲမှာ တကယ်ဖြစ်နေတာက တဘက်သား ကို ကိုယ်တို့ ဘယ်လောက် သတိရ၊ လွမ်းဆွတ်၊ တမ်းတ နေလဲဆိုတာတွေ မသိအောင် ဟန်ဆောင်နေတာပါ။
ဖုန်းသံ မြည်လာတဲ့ အချိန်မှာ ကိုယ်တို့ စိတ်ထဲမှာ “သူ” ဆက်လာတာမှန်း သိရက်နဲ့ ဖုန်း ကိုချက်ချင်းကောက်မကိုင်ပါဘူး။ စိတ်ထဲမှာ ၁ ကနေ ၁၀ အထိ အရင်ရေပါတယ်၊ ပြီးတော့မှ ဖုန်း ကို ကောက်ကိုင်ပြီး ပုံမှန်လေသံဖြစ်အောင် ကြိုးစားပြီးထူးပါတယ်။ ကို်ယ်တချိန်လုံးလိုလို ဖုန်းဘေးမှာ ထိုင်စောင့်နေတယ် လို့ သူ့ကို မသိစေချင်ပါဘူး။ ဖုန်းခွက်ကို ကိုင်ပြီးတဲ့ အခါကျမှ ပုံမှန်လေသံ နဲ့ ...
“ကျမ ကို ရှာတာ ဘာကိစ္စရှိပါသလဲ” လို့ အေးစက်စက် နဲ့ထူးလိုက်ပါတယ်။ တကယ်တော့ ကိုယ့်စိတ်ထဲမှာ “သူ့” ကို၊ “သူ့” ရဲ့အသံလေးကို သိပ်သိပ် သတိရ တမ်းတနေမိတာပါ။
“သူ့” ကိုမတွေ့ရတဲ့နေ့တွေမှာဆို တနေ့လုံးလိုလို အချိန်တိုင်း နာရီတိုင်း “သူ့” အကြောင်းတွေပဲတွေးနေမိတယ်။ “သူ့” ရဲ့ ရင်ခွင်ထဲမှာ ခိုဝင်ပြီးတော့ မှီတွယ်ချင်မိတယ်။ တကယ့်တကယ် မျက်နှာချင်းဆိုင်လဲ တွေ့ ကြရော ကိုယ်က လက်နှစ်ဘက်ကို ခန္ဓာကိုယ်ရဲ့ ဘေးတဘက်တချက်မှာ ကပ်လို့ တောင့်တောင့်ကြီး ရပ်ပြီး က္ကုနြေ္ဒကြီး တခွဲသားနဲ့ စကားပြောတတ်တယ်။ သူကတော့ ထင်မှာ ပဲ ကိုယ်က သိပ်အေးတိအေးစက်နိုင်တာပဲလို့။ ဘာခံစားချက်မှမရှိတဲ့ မိန်းမလို့တောင်ထင်နိုင်တယ်။
တကယ်တော့ ကိုယ်က သူနဲ့တွေ့ရတာ ပျော်ရွှင်လွန်းလို့၊ ဝမ်းသာလွန်းလို့ သိပ်သိပ်...ဟန်ဆောင်နေရတာပါ။
ချိန်းတွေ့တာလဲပြီးရော လမ်းခွဲဖို့ အချိန်ရောက်ပြီပေါ့။ အိမ်ပြန်ရတော့မယ်လေ။ အိမ်ပြန်မယ့် လမ်းတလျောက်မှာ တလမ်းလုံး ကိုယ်ဘယ်လောက် ပျော်နေခဲ့သလဲဆိုတာကိုတွေးရင်းနဲ့ မပြန်ချင်သေးပါဘူးလေ လို့ တွေးနေမိတယ်။ တကယ်ပါ ကိုယ်မပြန်ချင်သေးပါဘူး။ သူနဲ့ တူတူ တွဲပြီး တိတ်တိတ်ဆိတ်ဆိတ် ညချမ်းအချိန်အခါမှာ အေးအေးဆေးဆေး လမ်းဆက်လျောက်ချင်နေမိသေးတယ်။ လျောက်ရင်းနဲ့ပဲ မိုးလင်းချင်လဲလင်းသွားပါစေပေါ့နော်။
သူပြောတဲ့ စကားသံလေးတွေ ကိုကြားချင်နေသေးတယ်။ သူပြောပြတဲ့ သူနဲ့ဆိုင်တဲ့ အကြောင်းတွေ ကိုလဲ ဒီ့ထက် ဒီ့ထက် ပိုသိချင်နေမိသေးတယ်။ ဒါပေမယ့်လဲကိုယ်က ဘာမှမပြောဖြစ်ပါဘူး။ ဒီလိုနဲ့ပဲ သူက ကိုယ့်ကိုအိမ်ပြန်ပို့ရော။
အိမ်ရှေ့ရောက်ပြီဆိုတာနဲ့ သူကတောင် နှုတ်ဆက်စကားမပြောရသေးခင်မှာ ကိုယ်က အရင်ဦးအောင် ချက်ချင်း “နောက်မှတွေ့ကြတာပေါ့” လို့ အမြန်ပြောပြီး အိမ်ထဲလှည့်ဝင်ဖို့ အသင့်ဖြစ်နေပြီ။
သူတောင် လှည့်မထွက်ရသေးဘူး ကိုယ်က အိမ်ဝန်းထဲကိုရောက်နေပြီ။ ဒါပေမယ့် သူလှည့်ထွက်သွားတဲ့ အချိန်ကျမှ ကိုယ်က တိတ်တိတ်ကလေး ပြန်ပြန်လှည့်ပြီးတော့ သူ့ရဲ့ နောက်ကျောပြင်လေးကို ခိုးခိုးကြည့်တတ်တာ သူသိမှသိပါ့မလား။
သူ့ရဲ့ ကျောပြင်လေးကို ကိုယ်သိပ်သိပ် ချစ်တယ်ဆိုတာကော သူသိရဲ့လား။
နောက်တခါများကျရင် ကိုယ်က သိပ်စိမ်းကား အေးစက်တာပဲလို့ သူထင်မြင်မိရင်... တကယ်တော့ ကိုယ်ဘယ်လောက်တောင်မှ သူ့အပေါ် သိပ်သိပ်...သိပ်သိပ်...အလေးထားတယ်ဆိုတာ သူ့ကို သိစေချင်ပါတယ်လေ။
A Chen
2:48 AM
14th Feb 2011
Sunday
Home
Bangkok
Subscribe to:
Post Comments (Atom)
I like this post !!! just like about me :(
ReplyDeleteI want u to translate this post to English version.