Friday, February 11, 2011

ရိုးစင်းသော

ရိုးစင်းသော

ခုတလော သူသိပ်အထီးကျန်နေပါသည်။ နေ့တဓူဝ အလုပ်တွေ ပုံမှန်လုပ်ဖြစ်နေသော်လည်း လူက စိတ်နဲ့ သိပ်မကပ်။ မနက်ဆိုလျင် သူက စောစောထနေကျ၊ မနက်ကို စောစောထပြီး လျင် ကော်ဖီတအိုးနှပ်လိုက်သည်။ ထို့နောက် ထုံးစံအတိုင်းလမ်းလျောက်ထွက်မည်။ လမ်း လျောက်ထွက်ရာက အပြန်ဈေးကလေးထဲမှာ ဝယ်လာသော နံနက်စာ ကို ကော်ဖီနှင့် စားသောက်မည်။ ဒါတွေက နေ့တိုင်း သူလုပ်နေကြတွေ။

ပြီးလျင်တော့ သတင်းစာ ပို့သမားကို အိမ်ရှေ့ကပြင် ကနေမျှော်မည်။ တခါတရံများ မိုးတွေ လေတွေကြောင့် သတင်းစာ အပို့နောက်ကျလျှင် မနေ့က သတင်းစာကို ဖင်ပြန်ခေါင်းပြန် အပြန်ပြန် အလှန်လှန် ဘတ်နေတတ်သေးသည်။ ၁၀ နာရီလောက်ဆိုလျှင်တော့ မနက်စာ ချက်ပြုတ်ဘို့ သူစရသည်။ သူ့မနက်စာသည် တကယ်တော့ အင်မတန်မှရိုးရှင်းလှပါသည်။ တကိုယ်တည်းသမားဆိုတော့ များသောအားဖြင့် ဖြစ်သလိုသာ စားလေ့ရှိသော်လည်း သူသည် အစားအသောက်ကို ခုံခုံမင်မင်ရှိသူဖြစ်သောကြောင့် မကြာမကြာဆိုသလို မိမိဘာသာ စားချင်သည်လေးများကိုလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်တတ်ပြန်သေးသည်။

အဲ့ဒီနေ့ကတော့ ပြက္ခဒိန် အလိုအရဆိုလျှင် သောကြာနေ့ဖြစ်သည်။ ၁၃ ရက်နေ့တော့လည်း မဟုတ်ပြန်ပါ။ သို့သော် မိုးတွေကတော့ မဲမှောင်နေအောင်ပင် ပတ်ဝန်းကျင် တပြင်တခွင်လုံး လိုလို မှိုင်းညို့လို့နေသည်။

အတွေးတွေက အတိတ်ကို လွင့်သွားပြန်သည်။ လွန်ခဲ့သော ဆယ်စုနှစ်တခုခန့်က ဒီလိုမျိုး မိုးသည်းနေ့တနေ့မှာ သူချစ်တဲ့ သူတယောက်ကို သူချစ်လျက်နဲ့ပဲ စွန့်လွှတ်ဖူးခဲ့သည်။ အချိန်က ကုစားပေးလိမ့်မယ်ဆိုသော စကားသည် အခါခပ်သိမ်း မမှန်ပါ။ သူတို့နှစ်ယောက်၏ အဖြစ်အပျက်က သက်သေပဲဖြစ်သည်။

ထိုအချိန်တုံးကတော့ သူသည် တက်ကြွသော ရည်မှန်းချက်ပြည့်ဝသော ရိုးသား ကြိုးစားသော သာမန်လူငယ်လေးတယောက်သာဖြစ်သည်။ သူ့မှာ ရည်မှန်းချက်တွေရှိသည်၊ တောက်ပ သော အနာဂတ်တခုကို သွားမည့် သေချာသော လမ်းကြောင်းရှိသည်။ သူ့ရဲ့ဘေးမှာ ဖဝါးမကွာ လိုက်နေသော နွေးထွေးသည့် အကြင်နာလက်နှစ်ဘက် နှင့် မြဲမြဲခိုင်နေသော ချစ်သူရှိသည်။ ဒါတွေသည် ခုတော့လဲ အိပ်မက်တွေလိုပဲ ဝေးဝါးလွင့်ပါးကုန်ခဲ့ပြီ။

ခုတော့လဲ ဘဝက သူ့အတွက် လှေလှော်ရင်းတက်ကျိုးခဲ့တာလား၊ လမ်းလျောက်ရင် ခြေခေါက်ခဲ့တာလား၊ ကိစ္စ မရှိပါ ဘဝသည် ဘဝပဲ ဖြစ်တဲ့ အတွက်ကြောင့် ခလုတ်ကသင်းတွေ ရှိနိုင်ပါသည်။ ရှိပါလိမ့်မည်။ တက်ကျိုးတော့ လက်ထိုးလှော်ဆိုသလို ခြေခေါက်ရင် ခါပြီး ပြန်ထရမှာပေါ့။ ပြန်ထ ခဲ့ပါသည် ဒီလိုနှင့် သူပြန်ထခဲ့ပါသည်။

အရင်တုံးက ဘေးနားမှာ ရှိခဲ့တဲ့ ချစ်သူဆိုသူကိုလဲ ချစ်သူနှစ်နာမှာစိုးလို့ ဟုသော် အတ္တသက်သက်ဖြင့် သူချစ်သူကို ထားခဲ့ပါသည်။ သူကတော့ ချစ်သူအတွက် ဟုထင်သော်လည်း ချစ်သူကဖြင့် ဒီလိုမြင်ပါ့မလား။ သို့သော် ကိစ္စ မရှိပါ ချစ်သူသည် အခုချိန်ထိ ရင်းနှီးသော သူငယ်ချင်း အဖြစ်ဖြင့် သူ့ဘေးတွင် ရှိနေပါသေးသည်။ ဒါဆို သိပ်မဆိုးသေးဘူး ဟု မိမိဘာသာ ဖြေသိမ့်လိုက်မိသည်။

အတ္တကို သာအနိုင်ပေးမိတာ သူ့ဘဝတွင် ခဏခဏ သို့မဟုတ် အခါခါ ဖြစ်နေကျ အဖြစ်အပျက် တခုသာဖြစ်သည်။ ဒါကလည်း လူပီသတာပဲ ဟု အတ္တကြီးကြီး ဖြင့် သူ့ဘာသာ မိမိကိုယ်ကို ဆင်ခြေပေးမိပြန်သည်။ သူတရားရဲ့လား ကိစ္စ မရှိပါ။ ဘဝရော၊ လောကကြီးရော၊ ကံကြမ္မာရော၊ အချစ်ရော၊ စစ်ရော တရားတာတခုမှမရှိ ဆိုမှတော့ သူကော တရားနေရအုံးမှာတဲ့လားလေ။

ခုတော့လဲ ဘာလိုလိုနဲ့ နေလာလိုက်တာ လူ့ဘဝမှာ တဝက်ကျိုးတော့မည်။ သူ ဘာမှတော့ ဖြစ်မလာသေးပေ။ အိမ်တွေ ကားတွေ စသော ပိုင်ဆိုင်မှုများဖြင့် တိုင်းတာမည်လျှင်တော့ သူခုထိ လူမဖြစ်သေးဘူးပေါ့။ ဒါပေမယ့် လုပ်ခဲ့တဲ့ အလုပ်တွေ အဲ့ဒီ အလုပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ လူတွေ ရရှိတဲ့ အကျိုးကျေးဇူးစတာတွေ နဲ့ တိုင်းတာမယ်ဆိုရင်တော့ သူတခုခု ဖြစ်ခဲ့ပါပြီ။ လုပ်ခဲ့ပါသည်။ ကိစ္စ မရှိပါ ဒီနေရာမှာ ပေတံမရှိတဲ့ အတွက် ကိုယ်ကြိုက်ရာ ပေတံယူပြီးတိုင်းပါလေ။

ချစ်သူဆိုတာ ဘယ်နေမှန်းမသိတော့ပေမင့် ဘဝလက်တွဲဖော် ဆိုတာ ကိုတော့ သူ လျောက်ရင်း လမ်းမှာ နားလည်လာခဲ့ပါသည်။ ထိုထိုသော သွင်ပြင်လက္ခဏာများနှင့် တိုက်ဆိုင်သော သူတယောက်ကို လည်း တွေ့ခဲ့ပါသည်။ ချစ်သူမဟုတ်ပေမယ့် ချစ်သူယောင်ယောင် ထင်မြင်မိလောက်အောက် ထိုသူကသူ့ ကိုချစ်ခဲ့ပါသည်၊ ချစ်နေပါသည်၊ ချစ်နေဆဲဖြစ်ပါသည်။ သူကကော…? ချစ်သည်ဟု ထင်သလိုလို ရှိသလိုလို တခါတခါတော့လဲ သူကတော့ သူ့ကို အသုံးချယုံပဲ ဟု သူ့ဘာသာတယောက်ထဲ မျက်စိမှိတ်၍ လောကကြီးနှင့်အပြိုင် ငြင်းချင်ပါသေးသည်။ တခါတခါတော့လဲ သူက သူ့ကို အသုံးချနေတာပါ ဟု မြင်ယောင် ထင်ယောင်မိပြန်ပါသည်။ အဲ့တာကရော အရေးကြီးပါသလား…? လူနှစ်ယောက်အတူတူနေရင် ဘယ်အရာက ပိုအရေးကြီးပါသလဲ။

အိမ်ထောင်ရေး ဟု မခေါ်ဆိုနိုင်သော်လည်း တချို့တချို့သော် တရားဥပဒေပါ ပညတ်ချက်များအရ သူအိမ်ထောင်ကျနေပါသည်။ ကိုတာရာကြီးကတော့ လင်းဗင်းတူ ၈ ပဲသား ဟု ပြောပါသည်။ သာယာပါသည်။ သာယာလျှင် အိမ်ထောင်မည်သည်လား? သူ့မှာအဖြေမရှိပါ။ ထို့ကြောင့် ထိုမေးခွန်းကို မမေးသလို ဖြေဆိုဖို့လဲငြင်းဆန်လေ့ရှိသူမှာ သူသာဖြစ်သည်။

အိုးထဲမှ ကော်ဖီကိုခွက်ထဲလောင်းထည့်ကာ သကြား နှစ်တုံးပစ်ထည့်လိုက်သည်။ ကော်ဖီ ကို သူချိုချိုကြိုက်ပါသည်။ သို့သော် ချိုချိုဆိုသော် နာမည်ကိုတော့ သူမကြိုက်ပါ။ မိန်းကလေး များ ကို ချိုချိုအောင်ဟု တချို့ကောင်လေးများစကြတာ ကြားဖူးပါသည်။ သူမကြိုက်ပါ။ သူ့အမြင်တွင် ရိုင်းသည်ဟု မြင်ပါသည်။ ဂျန်ဒါအကြောင်းကို သူသေသေချာချာ နားမလည်သော်လည်း သူဘာကို မကြိုက်သလဲ ဆိုတာကိုတော့ သူသေသေချာချာသိပါသည်။

အိမ်ခန်းထဲ သို့ လှမ်းကြည့်လိုက်သောအခါ သူ့ လက်ရှိ ချစ်သူ (ဘဝ လက်တွဲဖော်) နိုးလာလုပြီ ကိုတွေ့ရသည်။ အပျင်းကြော ဆန့်နေသော ချစ်သူကို ကြည့်၍ ကော်ဖီ ရပြီ မောင် ဟုပြောလိုက်သောအခါ ချစ်သူကပြုံးပါသည်။ ခုတော့လဲ ချစ်သူ့အပြုံးသည် သူ့အတွက် ပွင့်သောပန်းများပဲ ဖြစ်နေသည်မှာ ကာလအားဖြင့် လပြည့် ၆၀ ခန့် ပြည့်ပြီးပြီဖြစ်သည်။

မနက်စာချက်ဖို့ ပြင်ဆင်ယင်း ဘဝဆိုတာ ဒီလိုပါလားဟု အသက် ၃၀ ပြည့်ခါနီး သူတယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ဆင်ခြင်လာမိပါသည်။

A Chen

3:01 PM

11th February 2011

Friday

Bangkok

8 comments:

  1. ကော်ဖီဖျော်ပြီးရင် အဲလို ပြောရသလား၊ အင်း လေ့ကျင့်ရအုံးမယ်...၊ ဘဝဆိုတာ ဒီလိုပါလား သိသွားပြီ။

    ReplyDelete
  2. (လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က)
    ???
    ဒါဆို ၁၀ နှစ်အရွယ်ကလား

    ReplyDelete
  3. ဖတ်ရတာ လေးတယ်။ ဒါပေမဲ့ ကောင်းပါတယ်။

    ReplyDelete
  4. ကိုယ့်အကြောင်းလို့ ဘယ်သူကပြောလဲ
    ခက်တော့တာပဲ

    ReplyDelete
  5. Phat lo. kg tal, Nar!

    ReplyDelete
  6. (မနက်စာချက်ဖို့ ပြင်ဆင်ယင်း ဘဝဆိုတာ ဒီလိုပါလားဟု အသက် ၃၀ ပြည့်ခါနီး သူတယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ဆင်ခြင်လာမိပါသည်။)

    ဘယ်သူ့အကြောင်းဖြစ်ဖြစ်။ ခု အသက် ၃၀ ဆို လွန်ခဲ့တဲ့ အနှစ် ၂၀ က ၁၀ နှစ်ပေါ့။

    ReplyDelete
  7. ဟုတ်တယ် ပြင်လိုက်ပြီ

    ReplyDelete
  8. ပျော်ရွှင်ဖွယ်ခရီးမှာ စိတ်ချမ်းမြေ့ပါစေရှင်။ (ပိုစ့်နဲ့တော့ မဆိုင်ဘူး)

    ReplyDelete