Wednesday, May 11, 2011

ကြက်ဥ ဆန်ပြုတ်ငံ

တခါလာလဲ အသားဆီပျံ တခါလာလဲ ကုန်းဘောင် ဆီတဝင်းဝင်း တခါလာလဲ ကြက်သားမှို တခါလာလဲ ဘာသား ညာသား တော်ပါပြီ အရပ်ကတို့ရေ အီပြီတော့ အီပြီ လို့ သာ ကိုဖေ့ လို လမ်းဆုံကနေ မန်းတုန်အောင် ကုန်းအော်လိုက်ချင်တော့တယ် သွားကျိုး အဆိုတော်ကတော့ လမ်းဆုံမှာ....ဘာဘာ ညာညာ ဆိုပြီး သီချင်း ဆိုလေမလား...........ကိုယ်ကတော့ တကယ်ပြောတာပါ တခါတခါ အသားတွေကို တကယ် အီ ပြီး စိတ်ကုန်လာပြီ.........တသက်တာပတ်လုံး သက်သတ်လွတ်ပလိုက်ရရင် ကောင်းမလားလို့တောင်မှ တခါတခါ တွေးမိတယ် တကယ် အဟုတ် ဘုရားစူး မိုးနတ်မင်းကြီး အသိ.......

သို့သော် လည်း အခါများစွာတွေမှာတော့ ဝက်တကောင် က အွိုင့် အွိုင့် တို့ ကြက်တကောင်ကောင် က ကတော်ကတော်တို့ လာလုပ်ရင် အသံ ကိုတောင် ပြေးကိုက်ချင်မိပြန်ရော်.......အဟိ

ထားပါလေ ခုတော့ တခါ ပုံဆန်းကလေး နဲ့ အများကြည်အောင် တင်ဆက်အုံးမှာက ရွာစားရေ.........
ဆန်ပြုတ် အငံပါတဲ့တော့............. ဂလိ ဂလိ ပလို့ဂျိ.........

မောင်ကတော့ ဆန်ပြုတ် ဆို ဘယ်လိုပြုတ်ပြုတ် မကြိုက်ပါဘူး ကိုယ်ကတော့ သူနဲ့ ပြောင်းပြန် ဆန်ပြုတ် ဆို ဘယ်လိုပြုတ်ပြုတ် ကြိုက်တယ် ကဲ ဘယ်နှယ့်လဲ အသွင်မတူ အိမ်သူမဖြစ်ဆို ပြောကြစမ်းပါအုံး ဥာဏ်များတဲ့ ရှေးလူကြီးတွေရဲ့ ............

“ဟဲ့ ခင်မိမိချမ်း ငတို့က အသွင်မတူ အိမ်သူမဖြစ်လို့ပြောတာ လေ ညည်း အိမ်သားဖြစ်နေတာများ”
(သိပါတယ် အရီးလေးမြ အသံကြီးများ.....)

ကဲပါလေ ရယ်စရာမရေးတာကြာလို့ ရေးလိုက်ပါတယ် စိတ်လဲကြည်နေတာနဲ့ ....

ချက်ရပြုတ်ရတာ သိပ်လွယ်တယ် စားရတာလဲ လွယ်တယ် တီက ကြိုက်လဲ ကြိုက်တော့ ခဏခဏ ချက်စားပါတယ် နေမကောင်းမှ စားတာမျိုးမဟုတ်ဘဲနဲ့ သွားရည်စာ လိုမျိုးပါ တအိုး အကြီးကြီး လဲ ချက်ထားပြီး တယောက်ထဲ တစွပ်စွပ် စားနေတတ်တာပဲ ပန်းကန်ကြီး နဲ့ ထည့် အစာပလာတွေ ထည့်ပြီး ဇွန်းတပ်ပြီး တီဗီရှေ့ ဒါမှမဟုတ် ဝတ္ထု တအုပ်နဲ့ ဖြစ်ဖြစ် စားတော့တာပဲ တဇွန်းခပ်စားလိုက် စာရွက် လှန်လိုက်ပေါ့......ကဲ ခြေဆင်းတွေ ကို ဒီမှာတင်ရပ်လို့

ဟင်းချက်တဲ့ဆီ ချီတက်ကြရအောင်.....





ဆန်ပြုတ်ဆိုတဲ့ အတိုင်း ပထမဆုံး ဆန်တွေ ကိုရေဆေး လိုသလောက် အိုးလေးထဲထည့်ပြီး ရေ အသင့်အတင့် နဲ့ဆန်လုံး ကွဲပြီး နည်းနည်း စေးလာတဲ့ အထိပြုတ်ထားပေးပါ





ပထမပုံကတော့ ပုစွန်ခြောက် အကောင်သေးသေးလေးတွေ ကို ရေနွေးနဲ့ ဆေးပြီး ပြန် စစ်ထားတာပါ ဘေးပုံ က ဝက်သား ကို လိုသလောက် အနေတော် လေးတွေ ပါးပါးလှီး ပြီးတော့ ငရုတ်ကောင်း နဲ့ ပဲငံပြာရည် နယ်ထားပါ (ဒီနေရာမှာ ဆား နဲ့အချိုမှုန့် မထည့်ပါနဲ့ အုံး ခဏနေ အိုးကြီး ထဲ ကို ထည့်အုံးမှာ ဆိုတော့ များနေမှာစိုးလို့ပါ) ပြီးရင် ခဏ နှပ်ထားပါ။ ဝက်ကို လှီးချွတ်နယ်ဖပ် နှပ်ထားတဲ့ အချိန်မှာ ဆန်လုံးလေးတွေ ကွဲစပြုလာရင်ပုစွန်ခြောက်ကောင်လေးတွေ ကို ထည့်လိုက်ပါ





မှိုခြောက် ကို ရေနွေးစိမ်ပါ ပြီးတော့ ပါးပါးလှီး ပြီးတော့ ဆီလေးနဲ့လှိမ့် ပေးပါ ဘာမှထည့်စရာမလိုပါဘူး မွှေးအောင်ပဲဖြစ်ပါတယ်

ပဲပြားရှိရင်တော့ လဲ အတုံးသေးသေးလေးတွေလှီးပြီး ကြော်ထား ပေးပါ တီကတော့ ပဲပြား ကို မကြိုက်လို့ တမင်ကိုမထည့်တာပါ






ကြက်ဥလေး ၄ ၅ လုံးလောက်ကို ငရုတ်ကောင်းလေးနဲ့ ဆား အချိုမှုန့် အနည်းငယ် ထည့် ခလောက်ပြီး မကပ်တဲ့ အိုးမှာ ဆီပါလေရုံနဲ့ ပါးပါးအချပ်လေးတွေ (ရေမုန့်နီးပါ) ရအောင် ကြော်ပါ ပထမ ပန်းကန်ထဲမှာ ကြည့်ပါ အဲ့တာ ကြက်ဥ အပါးကြော် ၇ ချပ် ကိုထပ်ထားတာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကော်ပြန့် လိပ်သလို လိပ်ပြီး အချောင်းလေးတွေ ရအောင်လှီးပါ ဒုတိယ ပန်းကန် မှာ ကြည့်ပါနော်





ဒီအချိန်ဆို ဆန်လုံးလဲ တော်တော်ကွဲလို့ ဆန်ပြုတ်က စေးစပြုနေပါပြီ ခုန က ပုစွန်ခြောက် ထည့်ထားလို့အနံလေးကော ငံတန်တန် အရသာလေးပါ ရစပြုနေပြီဖြစ်တဲ့ ဆန်ပြုတ်ထဲကို ဆီနဲ့လှိမ့်ထားတဲ့ မှိုကြော်လေးထည့်ပါ ပြီးရင် ဝက်သား နယ်နှပ် ကို ထည့်ပါ ကြက်ဥ ကြော် ကိုထည့်ပါ ပြီးရင် သမ မျှတ အောင် ယောက်ဇွန်းအကြီး စားနဲ့ မွှေပေးပါ အကုန် မျှ ပြီဆိုရင် ဆား အချိုမှုန့် ခပ်ပြီး အရသာ ချို ပေါ့ ငံ မြည်းပါ လိုတိုး ပို ရေ နည်းနည်း ရောပါ ဒါက ရေးနေကျ စကား အဖြစ်ရေးတာနော် ရေရောစရာ မလိုအောင် အစကတည်းက နည်းနည်းချင်းစီ မှန်းထည့်ပေါ့ တီက ဦးကြီးပု မဟုတ်တော့ လက်မှန်းနဲ့ ပဲ ရမ်းပစ်ပါတယ် “ဒီနေ့ကံမကောင်းပါလားကတွပ်ပီပေါ့...”
ကြိုက်တတ်ရင် တရုတ်နံနံလေးတွေလက်တစစ် အရွယ်လောက် ဖြတ်ပြီး ထည့်လိုက်ပါအုံး မွှေးတာပေါ့ တီကတော့ မကြိုက်လို့ မထည့်......





ပြီရင်တော့ ခဏပေးဆူပြီး ရင် စ စားလို့ ရပါပြီ တီစားတဲ့ပုံကိုကြည့်ပါ တီက ကြိုက်နှစ်သက်ရာ ပန်းကန်ထဲ ကို စားချင်သလောက် အရင်ထည့်ပါတယ် ကြက်သွန်ဖြူ ဆီချက် နည်းနည် ဆမ်းပါတယ် ပဲငံပြာရည် ကို တချက်နှစ်ချက် ပုလင်း စောင်းပြီး ထည့်ပါတယ် ငရုတ်သီး ဆီချက် ထည့်ပါတယ် သံပရာသီး ညှစ် လိုက်ပါတယ် ပြီးရင် ဇွန်းနဲ့ သေချာ မွှေ လိုက်ရင် စားဖို့ အသင့်ဖြစ်ပါပြီ

နံနံပင် ကြိုက်တတ်ရင် ထည့်စားပါအုံးနော် တီကတော့ လောလောဆယ် မရှိလို့ပါ ထည့်ရတာ နံနံပင်တော့ ကြိုက်ပါတယ်

အရေးကြီးတာ တချက် ပြောပါမယ် သေချာမှတ်ပါ ဒီလို ချက်တဲ့ ဆန်ပြုတ် ကို ခပ်တဲ့နေရာမှာ ဇွန်းနဲ့ အကြီးအကျယ် မမွှေပါနဲ့ ဆန်ပြုတ်က ရေထွက်တတ်ပါတယ် သာသာလေး ကိုယ်စားချင်သလောက်ကို သာ ခပ်ပြီး ပန်းကန်ထဲထည့် တွယ်ပါ အဲ့တာမှ ထားလို့ ကောင်းပါတယ် ခဏခဏ ပြန်ပြန်နွေးရင်လဲ ဆန်ပြုတ်ကနေ ဆန်ပြဲ ဖြစ်တတ်ပါသေးတယ် သတိမှတ်စရာ အချက်တွေပါပဲ.....





အချိုတည်းဖို့ ကတော့ ယိုးဒယား အိုတော့ပ် သရက်ပြင်နဲ့ ကူမင်း မရွေးပါ

ပုကောက်လန်။

(ပုကောက်လန်ဆိုတာ တရုတ်လို ကြော်ငြာ သင်ပုန်းပါ)
မနက်ဖြန် ဟာ ဒီအပတ်ရဲ့ နောက်ဆုံး ရုံးတက်နေ့ပါ နောက်အပတ်မှာ တနင်္လာ အင်္ဂါ ပိတ်ပါတယ် တီက ဗုဒ္ဓဟူး ကနေ သောကြာ အထိ ခွင့်ယူထားပါတယ် အမေ နဲ့ မောင်နဲ့သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ဖူးကက်သွားပါမယ် စာရေးကျဲပါမယ် ခုနောက်ပိုင်း တနေ့ကို ၅၀၀ ဝန်းကျင် တခါတခါ ကျော် ဝင်နေတော့ ကြားထဲ စားရေး ပြတ်သွားရင် ပျောက်ကုန်မှာ စိုးလို့ ကြိုတင် ကြေငြာ ထားတာပါ စကက်ဂျူး နဲ့တော့ တင်သွားနိုင်အောင် ကြိုးစားပါမယ် မသေချာပါ ဟောင်းရှော လို့ မေးခဲ့တဲ့ တီချမ်း နတ်သင်းရှော ဖြစ်နေပါတယ်

A Chen
4:14 PM
11th May 2011
Wednesday
Bangkok

7 comments:

  1. Wonder who cooked this? ;)

    ReplyDelete
  2. Whoever cooked this, this attract me a lot. Must cook that for myself soon.

    ReplyDelete
  3. ဖူးခက် ပုံလေးတွေလဲ တင်ဦးနော်
    အစားအသောက်တွေကောပေါ.

    ReplyDelete
  4. ဆန်ပြုတ်တော့ သိပ်စိတ်မ၀င်စားလို့  ဆုတ်ပြန်သွားပါတယ်။
    ဖူးခက်ကို ဘယ်နေ့ ရောက်မှာလဲ။ တို့ တော့ ဘန်ကောက်ကို ၁၆ ရက်နေ့ ည တက်ဖြစ်မယ်။ ၂၂ ရက်နေ့ မနက်မှ ပြန်ရောက်မယ်။ တွေ့ လို့ ရရင် တွေ့ ချင်သား။

    ReplyDelete
  5. ဟယ် မအိ ကလဲ ဆန်ပြုတ် ပုံပြင်မကြားဖူးဘူးလား

    ကြုံရင် ပြောပြမယ်

    ၁၇ မနက် စောစော လေယာဉ်နဲ့
    ၂၀ ည မိုးစုန်းစုန်းချုပ် မှ လေယာဉ် နဲ့ ပြန်လာမယ် ဆိုတော့ ၂၁ ရက် မနက်စောစော အလွန့်အလွန်စောရောက်မယ်

    ၂၁ ရက်နေ့ တွေ့လို့ ရတယ် အမ

    အမ ကို ထမင်းကျွေးမယ်လေ ဖုန်းဆက်မယ်
    ကေနော်

    ReplyDelete
  6. love ur writing style

    ReplyDelete
  7. well well
    this is me doing something fun when i am amused
    and this is something i would love to get applaused for

    thanks for the comment :)

    ReplyDelete