Wednesday, May 18, 2011

ချစ်မိသွားခြင်း (၁၆ရက်နေ့ မေလ ၂၀၁၁ ခုနှစ်)

ချစ်မိသွားခြင်း

လူတယောက်ကို သူ့အကြောင်းဘာမှ မသိဘဲနဲ့၊ အပြင်မှာတောင် လူကိုယ်တိုင်မမြင်ဘူးဘဲနဲ့....ချစ်တတ်ပါသလား? ချစ်တတ်တယ်ဆိုရင်တော့ ကိုယ် မင်းကိုချစ်နေမိပြီ....“xxx” ကိုယ်မင်းကို မောင်လို့ မခေါ်ချင်ဘူး။ ကောင်လေး လို့မခေါ်ချင်ဘူး၊ ကိုလို့မခေါ်ချင်ဘူး (မင်း က ကိုယ့်ထက် အသက်ကြီးမကြီးမသိလို့) ချာတိတ်လို့လဲ မခေါ်ချင်ဘူး၊ ကိုကြီး လို့လဲ မခေါ်ချင်ဘူး.......ဘာလို့လဲဆိုတော့ အဲ့ဒီနာမ်စားတွေက မင်းနဲ့မတိုင်ခင် ကိုယ်တွေ့ခဲ့တဲ့ သူတွေအကုန်လုံး ကို သုံးခဲ့ဖူးပြီးပြီ။ ကိုယ်စဉ်းစားရတယ်.......အော် ခုတော့လဲ ကျယ်ဝန်းပါတယ်ဆိုတဲ့ မြန်မာစကား ကိုယ့်အတွက် နာမ်စားတလုံးတောင် ရှားနေခဲ့ပြီ။ ကိုယ်မင်း ကို သူလို့ခေါ်ရမလား.....။ ကိုယ်တခါမှ ဘယ်သူ့ကို မှ မခေါ်ဘူးတဲ့ နာမ်စားတလုံးပေါ့။ ဒါပေမယ့်လဲ ခေါ်ခွင့် ရှိမရှိမသေချာတဲ့ ဘဝမှာ ကိုယ်မင်း ကို ဝေးဝေးကနေပဲ ချစ်ပါ့မယ်

မင်းရဲ့ ဇင်ယော်တောင်လို တဝက်တပျက်လိုလို ဖြစ်နေတဲ့ မျက်ခုံး မှုန်မှုန်လေးကို ကိုယ်ချစ်တယ်၊ ယောက်ျားလေးတန်မဲ့ရှိနေတဲ့ မင်းရဲ့ ဘယ်ဘက်ပါးပေါ်က စံပယ်တင်မှည့်လေးကိုချစ်တယ်၊ အမေဘေးမှာ ရှက်ပြုံးနဲ့ ဓါတ်ပုံ အရိုက်ခံတတ်တဲ့မင်းကိုချစ်တယ်.....မင်း ညာဘက်နှုတ်ခမ်းအောက်နားက မှည့်လေး ကိုလဲ ချစ်တယ် ပြောရမယ်ဆိုရင် မဆိုစလောက် အနည်းငယ်လေး ပွနေတဲ့ မင်း နှာခေါင်းလေး ကိုလဲ ကိုယ်ချစ်ပါတယ်....

မင်းက ဘယ်လိုလူမျိုးလဲ...စိတ်ထား ဘယ်လိုရှိမလဲ....ရည်းစားရှိလား ချစ်သူရှိနေပြီးသားဖြစ်မလား.... ကိုယ်ဘာမှ မသိပါဘူး.....ဘာနဲ့ကျောင်းပြီးတာလဲ ဘာအလုပ်လုပ်နေလဲ......ဘယ်လို လူမျိုးတွေနဲ့ မင်း ပေါင်းသင်း သလဲ....ဘယ်လိုလူမျိုးကို မုန်းတတ်လဲ.....ဘယ်လိုပဲ ဖြစ်ဖြစ် မင်းကို ကိုယ်ချစ်တယ်.......မင်းအချစ်ကိုလဲ ကိုယ်မလိုချင်ပါဘူး ကိုယ်မင်းကိုချစ်တာ က မွေးပွဝက်ဝံ ရုပ်ကလေးကို ချစ်သလိုမျိုး.....ဖန်အရုပ်လှလှလေးကိုချစ်သလိုမျိုး.....ဆွတ်ပျံ့ ကြည်နူးဖွယ်ညနေ တခုကို ချစ်သလိုမျိုး...နေဝင်ချိန်ကို ချစ်သလိုမျိုး....မှောင်နေတဲ့ညမှာ တခါတခါလင်းတဲ့ ကြယ်လေးကို ချစ်နေသလိုမျိုး....လင်းလုလု အာရုံ ကိုချစ်သလိုမျိုး........ငွေနှင်းဖွေးဖွေးလေးတွေကို ချစ်သလိုမျိုး.......မိုးဦးရဲ့ မိုးစက်မိုးမှုန်လေးတွေကို ချစ်သလိုမျိုး........

ခုတော့ ဖဘ ပေါ်က မင်းပုံလေးကို ခွင့်ပြုချက်မရဘဲ ဒေါင်းလုတ်လုပ် ကိုယ့် ကွန်ပျူတာ မှာ ဒတ်စ်စတော့ပ် စခရင် အဖြစ်တင်ထားတာ သိရင် မင်း ကိုယ့်ကို ခွင့်မလွှတ်လိုက်ပါနဲ့.......မင်း ကိုချစ်မိကတည်းက အပြစ်တွေပြည့်နေခဲ့ပြီးသားကိုယ်ပါ

ဒါပေမယ့် စကားကြီးစကားကျယ်ပြောရရင်တော့ လူ့အခွင့်အရေးကြေငြာစာတမ်း အချက် နံပါတ် (၁၉ ) မိမိ၏ အယူအဆ ကို လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် အရ ကိုယ့် အချစ်ကို မင်းလိုချင်ချင် မလိုချင်ချင်...သိချင်ချင် မသိချင်ချင် တုန့်ပြန်ချင်ချင် မတုန့်ပြန်ချင်ချင်....ကိုယ့်အချစ်ကို ကိုယ် လွတ်လပ်စွာကြေငြာပါတယ် ကြေငြာချင်ပါ တယ် ကြေငြာရဲပါတယ်....

ထပ်ပြောမယ်နော်......
မင်းကိုကိုယ် .............ချစ်တယ် တုံ့ပြန်ရန်မလို ...........မတုံ့ပြန်ရင်တော့............

A Chen
10:23 Am
16th May 2011
Monday
Home
Bangkok

7 comments:

  1. မြင်
    တွေ့
    ကြား
    သိ
    ထိ
    တွေ့
    ကိုင်တွယ်လို့ မရရင် မခံစားတတ်ဘူး။

    ReplyDelete
  2. တီ
    နောက်ထပ် အချစ်ကို ခံစားမိပြန်ပြီပေါ့လေ....
    "ကိုယ်မင်း ကို ဝေးဝေကနေပဲ ချစ်ပါ့မယ်" မှာ ဒုတိယ "ဝေး" မှာ ၀တ်စပေါက် ကျန်ခဲ့တယ်။ ဖတ်ရတာ ဝေ သွားတယ်။ ဟိ
    ချစ်တူမ

    ReplyDelete
  3. တီ ဖဘမှာ မတ်စိပို့ထားတယ်နော်...ဖတ်လိုက်ဦး :)

    ReplyDelete
  4. အချစ်တွေ လာလေ့လာသွားတယ်။


    ပေါက်

    ReplyDelete
  5. T - kinda platonic love??
    :D

    ReplyDelete
  6. မဟုတ်ဘူး ဂျူ ရေ

    more like "the kind i cannot get love"........LOL

    ReplyDelete
  7. internet ထဲမှာ မင်းမျက်နှာလေး ငေးကြည့်ရုံပဲ ဆိုတဲ့ မေစပါယ်ညို သီချင်းလေးလိုပေါ့နော် တီ။

    ReplyDelete