Thursday, May 26, 2011

မိန်းမတွေ ပေါက်ချင်တဲ့ “ချဲ”

မိန်းမတွေ ပေါက်ချင်တဲ့ “ချဲ”

အရင်က အတူတူ အလုပ်လုပ်ခဲ့ဘူးတဲ့ သူငယ်ချင်းတယောက် က ပြောလာပါတယ်။ သူ့အသက် အခု ၄၀ နားနီးနေပြီ ထားခဲ့ဘူးတဲ့ ရည်းစားတွေလဲမနည်းတော့ဘူး၊ ဒါပေမယ့် သူခုထိ မိန်းမတွေ ဘာလိုချင်လဲဆိုတာ ကို သေချာ သဘောမပေါက်သေးဘူးတဲ့။

ကဲ ဒါဆို ရင် တီချမ်းပြောတာလေး ကိုနားထောင်ကြည့်ပါအုံးနော်။

မိန်းမတွေလိုချင်တဲ့ အရာတွေထဲမှာ အခြေခံအကျဆုံးက ဒီ (၃) မျိုးပါပဲ။ အဲ့တာတွေကတော့
၁) ယောက်ျား
၂) အချစ် နဲ့
၃) လုံခြုံမှုပါ

မိန်းမတွေလိုချင်တဲ့ အရာတွေက သိပ်ကို ရိုးရှင်းပါတယ် ယောက်ျားတွေကသာ အချင်းချင်း တွေ့ကြတဲ့အခါ၊ ဘီယာဝိုင်းမှာ၊ သူငယ်ချင်းချင်း လက်ဘက်ရည်ဆိုင်ထိုင်ကြတဲ့အခါ၊ လူပျိုဝိုင်း မှာ မိန်းမ တွေဘာလိုချင်လဲ မသိဘူး၊ မိန်းမတွေ ဘာကိုလိုချင်တာလဲ ဆိုတဲ့ မေးခွန်း အချင်းချင်းဖြေကြ၊ မေးကြ၊ ဆွေးနွေးကြ ပြောပြောနေကြတာ။ ယောက်ျားတွေအတွက်တော့ မိန်းမတွေ ဘာလိုချင်တာလဲဆိုတာ ရှေးကတည်းက အဖြေမငြိတဲ့ ပဟေဠိပေါ့၊ တကယ်တော့ ဒီအရာ (၃) မျိုး က အပြောလွယ်သလောက် ပြည့်ပြည့်စုံစုံ ရနိုင်ဖို့ကျတော့ သိပ်ခက်ပါတယ်။

ရည်းစားလေးတယောက်၊ ယောက်ျားလေး တယောက်တော့ ရပါရဲ့ (တယောက်ရပါရဲ့ ဆိုလို့ တယောက်ထက်လဲ ပိုမလိုချင်ကြနဲ့နော်) “အချစ်” ရှိဖို့ က မသေချာဘူး၊ ဟော အချစ်ကျတော့ ရှိပါရဲ့ လုံခြုံမှု (sensen of security) ပေးနိုင်ဖို့ကလဲ မသေချာပြန်ဘူး။

ယောက်ျားလဲရှိတယ် အချစ်လဲ ရှိတယ် ဒါပေမယ့်လဲ လုံခြုံမှု ရှိမယ်မရှိဘူး မပြောနိုင်ပြန်ဘူး။

ကဲ အဲ့တာထက်ပိုဆိုးတာက ယောက်ျားလဲရှိပြီ၊ အဲ့ဒီယောက်ျားကိုလဲ ချစ်ပါရဲ့ အဲ့ဒီယောက်ျား ကလဲ လုံခြုံမှုပေးနိုင်ပါရဲ့ ဘာဖြစ်ပြန်သလဲ…..မိန်းမတွေ မိန်းမတွေ ဘာကို စဉ်းစားပါသလဲ ဆိုတော့ ငါ့ ဘဝ က ဒီလောက်ပြည့်စုံနေတာ တကယ်မှ ဟုတ်ပါရဲ့လား…..ငါတကယ်ကော ဒီလောက် ဒီလောက်ကံကောင်းပါ့မလား။ အိပ်မက်နေတာများလား…..စသဖြင့် စသဖြင့် ….ဟော အဲ့အခါကျ ဘာဖြစ်သလဲ…….တကယ်လား ဟုတ်ရဲ့လား ဟုတ်ပါ့မလား…….. လျောက်တွေးနေတဲ့ မိန်းမ ဘယ်လာ လုံခြုံမှု ရှိတော့မလဲ မရှိတော့ပြန်ဘူးပေါ့။

လုံခြုံမှု ဆိုတဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (ခံစားချက်) ကော ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု (ပစ္စည်းဥစ္စာ) အရကော လိုပါတယ်။ မိန်းမတယောက်က ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျား တယောက်ကို ရထားတယ်၊ သူ့ကို ချစ်လဲချစ်တယ် သစ္စာလဲတကယ်ရှိတယ် သို့သော်….. တီချမ်းပြောနေကျအတိုင်းပါပဲ သို့သော် ရဲ့ နောက်မှာ က မကောင်းတာများပါတယ်။ သို့သော် ပိုက်ဆံမရှိဘူး….အဲ့တော့ မိန်းကလေးခများ သူ့ကို ထွန်းပေါက်အောင်မြင်အောင် ကြိုးစားဖို့ပဲ ဖိအားပေးနိုင်တော့တာပေါ့။

ယောက်ျား။ ။အဲ့တာဆိုလဲမင်း ပိုက်ဆံရှိတဲ့ ယောက်ျား ရှာယူပေါ့ကွ……း+(
မိန်းမ။ ။ပိုက်ဆံရှိတဲ့ယောက်ျားကျပြန်တော့လဲ လုံခြုံမှု မပေးနိုင်ပြန်ဘူးလေ…..း=)

မိန်းမတယောက်အတွက်တော့ ယောက်ျားရယ်၊ အချစ်ရယ် လုံခြုံမှု ရယ်ဆိုတာ ချဲ ထိုးသလို ပါပဲ။ ဘယ်လောက်ပေါက်ဖို့ ခက်သလဲဆိုတာ ထိုးဖူးတဲ့ သူတွေ သိကြပါတယ်။ တီယုံတယ် လေ….ဒီလို ချဲမျိုးကျတော့ ဘယ်ဘုန်းကြီးမှလဲ အတိတ်ပေးနိုင်မှာ မဟုတ်ဘူး။

နောက်တခု ရှိသေးတာက ချဲပေါက်တယ်ဆိုတဲ့ သူတွေက များသော အားဖြင့် တုံးတုံး အအ သူတွေများတယ်။ သူများဟစ်ဖြစ်နေတယ် ပြောတာ ကြားလို့ လိုက်ထိုးတယ်။ လေသံဖမ်း တရားနာ ပြီးထိုးတယ်….ဈေးထဲမှာ ကြားလာလို့ထိုးတယ်။ အိပ်မက်ရလို့ ထိုးတယ်၊ စိတ်ထဲ ပေါက်ရာ ဂဏန်းလေး ၃ လုံး ကိုကောက်ထိုးပစ်တယ်။ ဆေးရုံတက်ရလို့ အခန်း နံပါတ်ကို ထိုးတယ်။ မွေးနေ့ ကိုထိုးတယ်……….စိတ်နဲ့ သေချာ တွေးပြီး နံပါတ်ကို သေချာ ရွေးချယ် ပြီး ရှိသမျှ စာရွက်တွေအကုန်လိုက်ဘတ် ရှိသမျှ ဘုန်းကြီးတွေ နောက်လိုက် တနေ့တနေ့ ခါးကုန်း ပြီး ရှိသမျှ နည်းတွေ နဲ့သေချာ တွက်ချက် ပြီးတော့ မှ ထိုး တဲ့ သူတွေ ပေါက်ခဲတယ်။ ခုနက ပြောတဲ့ ဘာကိုမှ သေချာမစဉ်းစား ဘဲနဲ့ ထိုးချင်သလိုထိုးချ လိုက်တဲ့ သူတွေ ပေါက်ကြတယ်။

အဲ့လိုပဲ ခုန က ပြောတဲ့ ဥပမာ နဲ့ ချဲပေါက်တဲ့ မိန်းမတွေဟာများသောအားဖြင့် တုံးတုံး အအ နဲ့ ကံကိုယုံပြီး ထိုးချင်ရာထိုးတဲ့ မိန်းမတွေပဲပေါက်တာ။ သူတို့ဟာ အချစ်ကိုလဲ နားလည်စရာ မလိုဘူး။ ဘယ်လိုချစ်ရသလဲ လဲသိစရာမလိုဘူး ချစ်တတ်ဖို့လဲ ကြိုးစား အားထုတ်စရာ မလို ဘူး။

အချစ်ကို သေချာနားလည်ပြီး ဟိုလိုတွက်လိုက် ဒီလိုချက်လိုက်နဲ့ ထိုးတဲ့ မိန်းမတွေကျတော့ အဲ့ဒီချဲကိုပေါက်ဖို့မပြောနဲ့ တွတ်တောင်မတွတ်ဘူး၊ ဒီလိုပဲ တခါလာလဲ ထိတ်စည်းလွဲလိုက်၊ အလည်ထိုင် မတူလိုက်…..နောက်ပိတ် တခြားစီ ဖြစ်လိုက်နဲ့ပဲ ……….လွဲပြီးရင်းလွဲ ဝေးပြီးရင်းဝေး…..ရှုံးပြီးရင်း ရှုံး………ကြေကွဲ……….အထီးကျန်……….လူလွတ်………အပျိုကြီး. ဖြစ်……….အရိုးဆွေး………….ငှက်ပျော်ပင်ရွေး…………….

A Chen
8:56 PM
20th May 2011
Friday
Phuket Airport
Thailand

10 comments:

  1. အိုင်ဒီယာတွေကတော့ မိုက်တယ်ခင်ဗျာ...။ ဒါပေမယ့် ဘလောဂ်ဂါ အပျိုကြီးမမများ ရဲ့ မေတ္တာပို့ တာကိုတော့ ခံရတော့မယ်ထင်ပါ့။ သူတို့ အကြောင်း ဒက်ထိမှန်အောင်ပြောလို့ လေ။
    KL

    ReplyDelete
  2. အို အဲ့တာဆို မမကွမ် မသိစေနဲ့အမ်.........

    ReplyDelete
  3. တီက မြို့မေတ္တာခံယူနေတာကြာပေါ့

    ReplyDelete
  4. TT Chen.....TT chen....=0)
    Gyidaw

    ReplyDelete
  5. တီပြောတာမှန်တယ်...

    ReplyDelete
  6. တီ, အဲလိုဆို သမြားကတော်တော်တုန်းပုံရတယ်
    ငဲ့ငဲ့ငဲ့

    ReplyDelete
  7. တီရေ.. မှန်လိုက်တာ ဒက်ထိဆိုတာ.. သိပ်ချစ်ခဲ့ဖူးတဲ့အချစ်ဟောင်းကိုတောင် ရုတ်တရက် သတိရသွားသေးတယ်။ ကိုယ်နဲ့ လယ်ဗယ်လ် တူ တစ်ယောက်ကို ချစ်ခဲ့ပါတယ်။ အဲ့ဒီ့လိုနဲ့ သုံးနှစ်အတိ ကြာတဲ့အခါ (သုံးနှစ်အတွင်းမှာသူက အနည်းဆုံး သုံးခါ တခြားမိန်းကလေးတွေနဲ့ မသိအောင် တွဲခဲ့သေးတယ်နော်။ ဒီကလည်း ခွင့်လွှတ်ခဲ့တာပါဘဲ) ချစ်ရလွန်းတဲ့ချစ်သူက သူ့ ကို ကြိုးစားပြီး မေ့လိုက်ပါ၊ သူ့ ထက်သာတဲ့သူကိုသာ ရွေးချယ်စေချင်ပါတယ်တဲ့၊ အမယ်သူက သူရောကိုယ်ရောသိတဲ့ ချမ်းသာတဲ့သူ တစ်ယောက်ကို ဥပမာတောင် ပေးလိုက်သေး။ အဲ့ဒီ့လို လူမျိုးကို ရှာယူပါပေါ့၊ ဘယ်လောက် စော်ကားသလဲနော်၊ ခံစားလိုက်ရတာ၊ ငိုလိုက်ရတာ အရှူးလိုဘဲ၊ မာနကိုထိသလိုလည်း ခံစားရတော့ ခံစားရတာကို ဘယ်လို ဥပမာနဲ့  ပြောရမလဲတောင် မသိတော့ဘူး။ သူက နောက်တစ်ယောက်ကို တွေ့ နေလို့  အဲ့ဒီ့စကားပြော တာလေ (နောက်မှသိရတာပါ)။ အဲအခု ကတီချမ်းပြောတဲ့ စကားရောက်ပြီ၊ အော်ငါ့ရဲ့ ကံက အဲ့ဒီ့လောက်ဆိုးသလားပေါ့၊ ဖြစ်ချင်တာဖြစ် ကံကိုဘဲ ယုံလိုက်တော့မယ်ဆိုပြီး နေလိုက်တာ အဲ နောက်တစ်လလည်း နေရော လူတစ်ယောက်က ချဉ်းကပ်လာရော၊ သူက လက်ထပ်ခွင့်ပါ တောင်းတာနော်။ အဲ့ဒီ့အချိန်မှာ ကိုယ့်ချစ်သူက နောက်တစ်ယောက်နဲ့ လည်း တွဲ နေပြီဆိုတော့ ဖြစ်ချင်တာဖြစ် သူ့ ကိုဘဲယူမယ်ဆိုပြီး လုပ်လိုက်တာ တီချမ်းပြောတဲ့ချဲကို မမျှော်လင့်ဘဲ ပေါက်သွားပါလေရော တီချမ်းရေ. သူဥပမာပေးတဲ့ သူထက်တောင် အများကြီးပိုသာသေး ဟိဟိ.. မမိုက်ဘူးလား၊ အဲသူကမခေဘူးနော် လက်ထပ်ခါနီးကျတော့ လာသေးတယ် မင်းဘယ်လို လုပ်လိုက်တာလဲတဲ့။ ကိုယ်ကလဲ သူပြောခဲ့တဲ့အတိုင်း တသွေမတိမ်း လိုက်နာ တာပါလို့ ပြောလိုက်တော့ သူက ကိုယ်ယူတော့မဲ့သူနဲ့ နောက်နေ့ ရအောင် သွားတွေ့ ပြီး ကိုယ်တို့ အကြောင်းတွေကို အကြောင်းစုံခင်းတယ်တဲ့လေ။ ကိုယ်လက်ထပ်မဲ့သူက သူ့ ကို မင်းက ဟိုးအနိမ့်ဆုံးမှာရှိတဲ့ လူကြီး သူကောင်း တစ်ယောက်ဘဲ၊ အကုန်လုံး သူပြောပြထားလို့ သိပြီးပါပြီ။ မင်းမှ သူနဲ့ မထိုက်တန်တာ၊ မင်းလည်း မင်းဘ၀နဲ့ မင်းနေပါကွာ ဆိုပြီး ပြောလိုက်တယ်တဲ့ ။ ကံကောင်းချင်တော့ ကိုယ်က သူနဲ့ အကြောင်းတွေကို ၀မ်းနည်းလွန်းလို့  ငိုပြီး အကုန်ပြောပြ ထားတာ စောသွားလို့ သာပေါ့နော်။ မနေ့ ကတောင် အဲ့ဒီ့အကြောင်းတွေ နှစ်ယောက်သား အပြင်မှာ ညစာစားရင်း ပြန်ပြီး စမြုံ့ ပြန်ပြီး ရီဖြစ်ကြ သေးတယ်။
    တီချမ်းပြောတဲ့
    " ဘာကိုမှ သေချာမစဉ်းစား ဘဲနဲ့ ထိုးချင်သလိုထိုးချ လိုက်တဲ့ သူတွေ ပေါက်ကြတယ်။

    အဲ့လိုပဲ ခုန က ပြောတဲ့ ဥပမာ နဲ့ ချဲပေါက်တဲ့ မိန်းမတွေဟာများသောအားဖြင့် တုံးတုံး အအ နဲ့ ကံကိုယုံပြီး ထိုးချင်ရာထိုးတဲ့ မိန်းမတွေပဲပေါက်တာ။ "

    ဆိုတာ အမှန်ဘဲ တီချမ်းရေ..... ကိုယ်တွေ့ နဲ့ ဒက်ထိမှန်လွန်းလို့ ကွန်မန့်  ရေးလေ့ရေးထ မရှိဘဲ မရေးရမနေနိုင်လောက်အောင် မှန်လွန်းလို့  ရေးလိုက်တာ။ အခုတော့ အဲ့ဒီ့တစ်ယောက်ကိုဘဲ ကျေးဇူးတင်မိ ပါတော့တယ်။ မုန်းလည်း မမုန်းတော့ပါဘူး၊ တီချမ်းပျော်ရွှင်ပါစေ။

    ReplyDelete
  8. တီရေ ဆောရီးဘဲ ကိုယ့်ကွန်မန့်ကို ကိုယ်ပြန်ကြည့်ရင်းလန့် သွားတယ် အရှည်ကြီးဘဲ၊ တိုက်ပ် ရိုက်တုန်းကတော့ မု ဒ် နဲ့ ဆိုတော့ အဲ့ဒီ့လောက် ရှည်သွားမယ်မှန်း သတိမထားမိလိုက်ဘူး၊ အဲ့ဒီ့အဖြစ်တွေက 2006 ခုနှစ်တုန်းက ဖြစ်ခဲ့တာတွေပါ။ နဲနဲတောင် လွမ်းချင်လာပြီ၊ သူဘယ်ရောက်နေလဲတော့ မသိတော့ပါဘူး၊ ပြောရင်းဆိုရင်း ထပ်ရှည်ပြန်ပြီ။ ဆောရီး အဂန်း နော် တီချမ်း။

    ReplyDelete
  9. ကိစ္စမရှိပါဘူး အနောနိမတ်စ်ရေ......

    ကွန်မန့် ရှည်တာ ကိစ္စမရှိပါဘူး မျှဝေဖြစ်တာကိုပဲ ကျေးဇူးတင်ပါတယ်
    လာလာဘတ်တာလဲကျေးဇူးပါ အစကတည်းက တီက ပညာပေးဘာညာရေးတာမှ မဟုတ်ဘဲ တီ အတွေ့အကြုံ အသိအမြင် အကြားတီ့ ပတ်ဝန်းကျင်တွေမှာ တွေ့မြင်နေရတာ ရေးနေတာပါ
    အဲ့တော့ တိုက်ဆိုင်တာလဲရှိ တည့်တည့်ပြောသလိုဖြစ်နေတာတွေလဲရှိတာပေါ့
    ကြိုက်တယ်ဆိုရင် ပြီးတာပါပဲ

    ReplyDelete
  10. Like · · Share · Delete

    Mee Chit likes this.
    Aye Myat Myat Ko LOL =D =D =D
    Thursday at 4:10pm · Like
    Aye Myat Myat Ko ကိုယ် ဒီရောက်မှ ထီထိုးဖူးတာ။ ထိုးတိုင်း ရောင်းတဲ့သူကို တွေ့တဲ့စာရွက်လက်ညှိုးထိုးပြလိုက်တာပဲ။ ဒါဆို မကြာခင် $2,200,000 ပေါက်တော့မယ် ထင်တယ်။
    Thursday at 4:12pm · Like
    Addy Chen ကိုယ်ကတော့ အလကားရတယ်ဆိုတာ ဘာမှ မရှိဘူး လို့ ယုံလို့ချဲတွေ ထီတွေ တခါမှ မထိုးဖူးဘူး ကိုယ့်မှာ ပေါက်မယ့် ကံပါတယ် လို့လဲ မယုံဘူး ကံ ဆိုတာကိုလဲမယုံဘူး
    Thursday at 4:18pm · Like · 1 person
    Aye Myat Myat Ko ကိုယ်ကတော့ နည်းရင်သာ မလိုချင်တာ။ များရင်တော့ အလကားရလည်း လိုချင်တယ်။
    Thursday at 4:24pm · Like
    Addy Chen အေးနော် မဆိုးဘူး တလောက တခါရေးဖူးသလို စပါန်ဆာ ရရင် ကောင်းမယ် အိ....သူဌေးကြီးများ အမြန်ဆက်သွယ် ကြပါ
    မှတ်ချက် သူဌေးသားများမပါ
    Thursday at 4:25pm · Like
    Aye Myat Myat Ko အာာ အဲဒါဆို သူဌေးကတော်တွေနဲ့ ငြိကုန်မှာပေါ့
    Thursday at 4:26pm · Like
    Addy Chen ရတယ် ကိစ္စ မရှိဘူး ကားသာပါပစေ ခွိ
    Thursday at 4:26pm · Like
    Aye Myat Myat Ko အဲလိုမဟုတ်တာတွေ မှန်းမယ့်အစား ထီထိုးတာမှ ကောင်းဦးမယ်
    Thursday at 4:27pm · Like
    Addy Chen အင်း ဒီနေရာမှာ မဟုတ်တာ ဆိုတာကို အဓိပ္ဗါယ်ဖွင့်ဆိုဖို့တော့ လိုမယ် ဗျ
    Thursday at 4:27pm · Like
    Aye Myat Myat Ko ကိုယ် ရှဲထားတယ့် နိုင်းနိုင်းစနေ စာလေး လာဖတ်လှည့်
    Thursday at 4:28pm · Like
    Aye Mie အင်း ဖြစ် လေ ရာ ဘ၀ မှာ အချစ် ချဲ ပေါက် ရ တဲ့ အချစ် ခံ ရတဲ့ ဘာ မဆို ယုံတတ်တဲ့ ခပ် တုံး တုံးလေးပဲ ဖြစ် ပါ ရ စေ
    Thursday at 5:19pm · Like
    Naychi Maung ချဲလို တလတခါ ထိုးရင်ရော :P

    ReplyDelete