Sunday, May 29, 2011

ယောက်ျားတွေအတွက် လက်ဆောင် (၃) မျိုး……

ယောက်ျားတွေအတွက် လက်ဆောင် (၃) မျိုး……

ယောက်ျားတွေကို လက်ဆောင်ပေးရတာ တခါတခါ သိပ်ခေါင်းခဲတဲ့ ကိစ္စပါ၊* ဟိုတယောက် လို ဘာမှ ကုန်းကောက်စရာ မရှိတဲ့ ယောက်ျား ကျတော့ ကိုယ်တွေက လှည့်တောင် မကြည့် ချင်။ လှည့်တောင် မကြည့်ချင်တော့ ကြိုက်လဲ ဘယ်တော့မှ မကြိုက်ဘူး၊ ဟော ဟိုတယောက် လို အရာရာ ပြည့်စုံနေတဲ့ ယောက်ျားကျတော့လဲ ဘာလက်ဆောင်ပေးရင် ကောင်းမလဲဆိုတာ ခေါင်းခဲရပြန်ရော……

ရှပ်အင်္ကျီ၊ နက်ကတိုင်၊ ခါးပတ်၊ ဘောင်းဘီ၊ လက်ပတ်နာရီ အကုန်လုံး ပေးဖူးနေပြီ…..ဘာမှ အံ့သြစရာ မဖြစ်တော့ဘူး။ မစပရိုင်းစ် တော့ဘူး။ ဖာလာရီ ကားအသစ် တစီးလောက်ဝယ်ပေး ရရင် ကောင်းမလား……ဆိုတော့လဲ မိန်းမတိုင်း က ကား ကို လက်ဆောင်အဖြစ် ဝယ်ပေးနိုင် တာမဟုတ်……(အင်းလေ သူ့ ပိုက်ဆံ နဲ့သူ့ကို ပြန်ဝယ်ပေးရရင်တော့ တမျိုးပေါ့) *

နွေးထွေးမှု ဆိုတဲ့ ကုမ္ဗဏီထုတ် တံဆိပ်ကလေး နဲ့ သိုးမွှေးအင်္ကျီလေး၊ ဦးထုပ်လေး၊ မာဖလာ လေး ထိုးပေးရရင်တော့လဲ စိတ်ကူးလေးက အကောင်းသား၊ သို့သော်………..သို့သော် နောက်က ဘာလဲ ပရိတ်သတ်ကြီး သိပါတယ်လေ…….အခုခေတ်မှာ မိန်းမတော်တော်များများ က သိုးမွှေးထိုးတယ် ဆိုတာ ဂျို နဲ့ လား လို့ မေးကြမယ့်ခေတ်။ ဟင်းတောင် ကညာစစ်ပြီး မချက်ချင်ကြတော့တဲ့ခေတ်၊ အင်တာနက်ရှေ့မှာ သာ ဘလောခ် ရေးနေရရင် ပြီးရောဆိုတဲ့ ခေတ်။*

(သူငယ်ချင်း တယောက်တော့ ရှိတယ် အချုပ် အလုပ် ဝါသနာပါတယ် ဇာထိုးပန်းထိုး တတ်တယ်၊ လက်ဖြစ်တယ် သို့သော်………အခြောက်ကြီးဖြစ်နေတယ် ကိုယ်တွေကပဲ ပိုတော်နေလေသလား….လား…..လား……..)

ဒီလိုနဲ့……….ယောက်ျားတယောက်ကို လက်ဆောင်ပေးဖို့ ကြုံလာတိုင်း ကြုံလာတိုင်း ကိုယ့်မှာ အခက်တွေ့ ရပါတယ်။ ဒုက္ခရောက်ရပါတယ်။ ကူကယ်ရာမဲ့ရပါတယ်။ ဘာပဲပေးပေး၊ ဘယ်လို လက်ဆောင်မျိုးပဲ ဖြစ်ဖြစ် သူ့အတွက်ကျတော့ ချယ်ရီ သီးတွေနဲ့ပြည့်နေပြီးသားဖြစ်နေတဲ့ ချိစ် ကိတ်ပေါ်ကို စတော်ဘယ်ရီ နောက် တလုံး လာတင်သလို ဖြစ်နေတာပဲ။ ရှိလဲဖြစ်တယ် မရှိလဲ ဖြစ်တယ် ဆိုတာမျိုးလေ။ အပိုပဲပေါ့။ အဲ ကိုယ်တို့ မိန်းမတွေအတွက် လက်ဆောင်ပေးဖို့ ကျ တော့ ယောက်ျားတွေအတွက် သိပ်ကို လွယ်ကူနေပြန်ပါတယ်။ စိန်၊ ရွှေ ၊ပုလဲ ဘာဘာညာညာ စတဲ့ အသေးအဖွဲ ကျောက်မျက်ရတာနာ ချည်းသက်သက် ကိုကတင် အမျိုးအစား မနည်းဘူး မှလား၊ မောင်တို့ ယောက်ျားတွေအတွက် သူတို့ပေးချင်တာကို လွယ်လွယ်ကူကူ ခေါင်းမခဲဘဲ ပေးနိုင်ဖို့ ရွေးချယ်စရာများတာပေါ့လေ။

“ခုလာမယ့် မွေးနေ့ ကျရင် ဘာလိုချင်လဲဟင်….?” လို့ ………ယောက်ျားတယောက်ကို မိန်းမ တယောက်က ဒီလိုမေးခွန်းမျိုး မေးဖို့ ကြုံလာတိုင်းလဲ အဲ့ဒီ အမေးခံ ယောက်ျားအတွက်ကလဲ ခေါင်းခဲရတာပါပဲ။ သူ့မှာ ဘာလိုအပ်နေသေးလဲ သူလဲ စဉ်းစားမရဘူးလေ ပြီးတော့ ယောက်ျား တွေ လိုအပ်နေတဲ့ လိုချင်နေတဲ့ အရာ တော်တော် များများ ကလဲ မိန်းမတော်တော်များများ က ဝယ်မပေးနိုင် တာမျိုး…………

နောက်ဆုံးတော့ မိန်းကလေးခမျာ သူ့ အပေါ်ထားတဲ့ သူမ ရဲ့ စိတ်စေတနာ ကိုဖော်ပြဖို့ လက်ဆောင် တခုခုတော့ ဝယ်ပေးမှ ဖြစ်မယ် ဆိုပြီး ….ကောင်းနိုးရာရာ သင့်တော်မယ် ထင်တာလေးကို သူ့ရဲ့လစာ တလစာ လုံးသုံးပြီး ဝယ်ပေးရှာတော့တယ်။ ယောက်ျားလေး အနေနဲ့ က သိပ်ကို ကျေနပ် နှစ်သိမ့်မိပါတယ်။ မိန်းကလေး ရဲ့ သူ့ အပေါ် အလေးထားမှု ကိုလဲ ထိထိခိုက်ခိုက် ခံစားမိတာပေါ့ ဒါပေမယ့်…..ဒီလို လက်ဆောက်လေးတခုထဲအတွက်တောင် ပိုက်ဆံတွေ အများကြီး သုံးတတ်တဲ့ မိန်းကလေးဟာ စီးတဲ့ရေ ဆယ်မယ့် ကန်သင်း ဟုတ်နိင်ပါ့မလား…လို့လဲတွေးနိုင်သေးတယ်နော်။

တကယ်တော့  ယောက်ျားတွေ လိုချင်တဲ့ လက်ဆောင်က (၃) မျိုးပဲ ရှိပါတယ်….

၁) သူ့မာန ကို ဖြည့်စည်းပေးမယ့် အရာ…..။ ။သူ့ကို ယုံကြည် ကိုးစား တာမျိုး၊ ကိုးကွယ် စည်းကပ်တာမျိုး သူ့ ရဲ့ မာန ကို အရောင်တက်စေတဲ့ အရာမျိုးတွေ တထပ် ပြီးတော့ နောက်တထပ်ပေါ့ ပေးလိုက်ပါ…..

၂) လေးစားအထင်ကြီးတဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေ..။ ။တကယ်လို့ သူက ကိုယ့်ရှေ့မှာ တော်တော်တုံးတဲ့ အူကြောင်ကြောင် ကိစ္စ တခုခု လုပ်ခဲ့တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး …. သူ့ကို အဲ့လို မျက်ဝန်းမျိုးလေးတွေသာ လက်ဆောင်ပေးလိုက်ပါ (အရည်လေးတော့ လဲ့ ပစေ နော်)

၃) ဘဝအမောပြေစေမယ့် နှစ်သိမ့်မှုလေးတွေ …..။ ။ကိုယ်ဟာ သူ့အတွက် ဆူးလမ်းလဲ အတူတူဘေးကနေနင်းမယ့် သူ ဆိုတာ ကို သူသိပါစေ။ သူ့ရဲ့ စိတ်အစာ၊ မာန အရောင်၊ သူ့ ရဲ့ အမောပြေမှီတွယ်ရာ….ဆိုတာ ကို သူသိပါစေ။ For better for worse, till death do us part ပေါ့လေ။

သူသာ ကိုယ်တို့တွေ ဆီက ဒီ လက်ဆောင် (၃) မျိုး ကိုရထားရင် ကိုယ့်တို့ က လဲ သူ့ဆီက လက်ဆောင် အမျိုးမျိုး ကို ပြန်ရပြီပေါ့။ ကိုယ်က သူ့ကို ဒီလက်ဆောင် (၃)မျိုးပေးနိုင်ရင် သူကလဲ ကိုယ့်အတွက် လက်ဆောင်တွေ အများကြီး…အများကြီး ပြန်ပေးလာမှာပေါ့နော်။

A Chen
9:41 PM
20th May 2011
Friday
Phuket Airport
Thailand

*မမကွမ်သိပါတယ်လေ……

5 comments:

  1. ipad..
    iphone
    ipod
    အဆင်ပြေသလိုပေါ့..။
    နင်တန်ဒိုဂိမ်းတွေ ဘာတွေလဲ ဖြစ်တာပဲလေ..။


    ပေါက်

    ReplyDelete
  2. အမ ကြိုက်တယ်ဗျာ........အဲမျိုးမှန်းမသိခဲ့ဘူး.

    ReplyDelete
  3. ပြောပြလိုက်စမ်းဘာ

    ReplyDelete
  4. အရည်လေးတော့ ရွှန်းပစေလားဟင်...တီချမ်း။

    မှန်ရှေ့မှာ ကျင့်ရမယ်...ယနေ့မှစ....။ :)

    ရေခဲမုန့်

    ReplyDelete