Wednesday, September 28, 2011

Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်

အားလုံး မင်္ဂလာပါခင်ဗျာ။ ဧရာဝတီမြစ်ဟာ ပြည်ထောင်စုရဲ့ သင်္ကေတ၊ ဧရာဝတီမြစ်ဆုံဟာ ပြည်ထောင်စုရဲ့ အစပဲဖြစ်ပါတယ်။ ဧရာဝတီကို ချစ်မြတ်နိုးခြင်းဟာ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဟာ နိုင်ငံကိုချစ်မြတ်နိုးခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသူတွေ၊ ပြည်ထောင်စုကို ချစ်မြတ်နိုးသူတွေ၊ ဧရာဝတီကို ချစ်မြတ်နိုးသူတွေလို့ ယူဆပါတယ်။ ဒီပွဲကို မတက်ရောက်နိုင်ကြတဲ့ ပြည်တွင်းမှာရှိတဲ့ အလွှာအသီးသီး၊ နေရာဒေသအသီးသီး၊ ဌာနအသီးသီး၊ နေရာဒေသအရပ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးအပါအ၀င် နိုင်ငံတကာမှာရှိနေကြတဲ့ မြန်မာစိတ်ရှိတဲ့ မြန်မာအားလုံးရဲ့ ဧရာဝတီချစ်စိတ်ကို ကျွန်တော်မျက်ဝါးထင်ထင်မြင်ရတဲ့အခါ ကျွန်တော်တို့နိုင်ငံဟာ အရေးကြုံတဲ့အချိန်မှာ ညီညွတ်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပြီး ကျွန်တော်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ရတာကို အများကြီးဂုဏ်ယူမိကြောင်း ပဏာမပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ အခု ပြောကြားခွင့်ရတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်အခုပြောကြားမယ့် အကြောင်းအရာက သတင်းမီဒီယာရှုထောင့်ကပဲ ပြောကြားမှာဖြစ်ပါတယ်။ သတင်းမီဒီယာရှုထောင့်ဆိုတာ ပြည်သူလူထုရဲ့အသံတွေကို နားထောင်ရတယ်။ သက်ဆိုင်ရာပညာရှင်တွေရဲ့ အချက်အလက်တွေကို နားထောင်ရတယ်။ အချက်အလက်တွေကို စုဆောင်းရတယ်။ သမိုင်း၊ ပထ၀ီ၊ အခြေအနေ အရာရာအားလုံးကို သုံးသပ်ရတယ်။ ပြီးတော့ မိမိတို့ရဲ့ ကျွမ်းကျင်မှု၊ တတ်ကျွမ်းမှု၊ မိမိတို့ရဲ့ Common Sense နဲ့ ပြည်သူလူထုကို နားလည်အောင် ပြန်လည်ရှင်းပြရတာ သတင်းမီဒီယာတွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာအနေနဲ့ အခုလို ပြည်သူလူထုကို တင်ပြတဲ့အချိန်မှာ ကျွန်တော်တို့ဟာ သွယ်ဝိုက်တဲ့နည်းနဲ့ တင်ပြရတာရှိသလို တစ်ခါတလေမှာလည်း တည့်တည့် Straight forward ပဲ တင်ပြရတာရှိပါတယ်။ ဧရာဝတီမြစ်ဆုံအရေးဟာ ကျွန်တော်အနေနဲ့ တင်ပြတဲ့အခါ Straight forward တည့်တိုးပဲ ပြောသွားမှာဖြစ်ပါတယ်။ ကျွန်တော် ဒီလိုတည့်တိုးပြောတဲ့အခါ ပညာရှင်မဆန်တာပဲဖြစ်စေ၊ သံတမန်မဆန်တဲ့ စကားလုံးတွေပဲ ပါသွားလို့ဖြစ်စေ ရိုင်းပျသလိုဖြစ်သွားရင်လည်း ခွင့်လွတ်ပေးကြဖို့ အားလုံးကို တောင်းပန်လိုပါတယ်။

ကျွန်တော့်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ခုနက environmental ရှုထောင့်က တင်ပြသွားတာတွေဟာ အားလုံးပြည့်စုံပါတယ်။ environmental ရှုထောင့်ကနေ ဆင်ခြေရာ ထပ်ရှာစရာအကြောင်း မရှိတော့ပါဘူး။ ကျွန်တော်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နောက်ဆုံး ဘယ်နေရာ ဘယ်ရှုထောင့် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံရေးရှုထောင့်ကလည်း သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။ လူမှုရေးရှုထောင့်က တင်ပြရရင် ကျွန်တော် ခုန ဆရာဦးဝင်းမျိုးသူလည်း ရှင်းပြသွားပါပြီ။ မြစ်ဆုံဟာ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အထွတ်အမြတ်ဖြစ်ပါတယ်။ မလိခဆိုတဲ့ မြစ်နဲ့ အင်မိုင်ခလို့ခေါ်တဲ့ မေခမြစ်တို့ ပေါင်းစည်းပြီး ဖြစ်ပေါ်လာတဲ့ ဒီမြစ်ရဲ့ ဒဏ္ဍာရီဟာ ကချင်ဒဏ္ဍာရီမှာ အခိုင်အမာပါဝင်ပြီးတော့ ကချင်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ ဒေသဆိုတာ ဘယ်သူမှ ငြင်းပယ်လို့မရပါဘူး။ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေအနေနဲ့ ရွှေတိဂုံစေတီတော်ကို အထွတ်အမြတ်ထားရာ ရွှေတိဂုံကိုမြင်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်ပြီလို့ ထင်ကြတဲ့အထိ အထွတ်အမြတ်ထားရာ ဖြစ်သလို မြစ်ဆုံဟာလည်း ကချင်လူမျိုးတွေရဲ့ အထွတ်အမြတ်ပဲဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးတွေကို ကျော်ဖြတ်လာတဲ့အချိန်မှာ ရွှေတိဂုံဟာ ဘေးမသီရန်မခ ရှိနေခဲ့တာဟာ ကျွန်တော်တို့နဲ့ အယူအဆမတူသူ၊ ၀ါဒမတူသူ၊ ဘာသာမတူသူ လူမျိုးမတူသူတွေကို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းလေးစားလိုက်နာခဲ့တဲ့အတွက် ကျွန်တော်အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းလိုက်နာဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာကို ဦးစွာပြောကြားလိုပါတယ်။

ဒါ့အပြင် တခြားလူမှုရေးရှုထောင့်က တင်ပြလိုတာကတော့ ကျွန်တော်တို့ ခုနကပြောတဲ့ ဒူဝါကြီး၊ ကျွန်တော့် အဖေကလည်း ကချင်ဒေသခံပါ။ ဒူဝါကြီးထက် ငယ်ပေမယ့် ကချင်ပြည်နယ်မှာပဲ မွေးဖွားပြီး ကချင်ပြည်နယ်မှာပဲ ကြီးပြင်းခဲ့တဲ့သူပါ။ ဒူဝါကြီးက ကျွန်တော့်အဖေထက် အသက်ကြီးပါတယ်။ ဒူဝါကြီးရဲ့ စိတ်ခံစားချက်ကို ကျွန်တော်အများကြီး နားလည်နိုင်ပါတယ်။ CPI ကုမ္ပဏီဥက္ကဋ္ဌ ရှင်းပြသွားတဲ့အချိန်မှာ ဒီ Dam ဟာ ရစ်ခ်ျတာစကေး ၈ ထိ ခံနိုင်ရည်ရှိတယ်လို့ပြောပါတယ်။ error တွေကို ထည့်တွက်ရင် ၇ ၊ ၈ ထက်ကျော်ရင် ခံနိုင်ရည်မရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်တွေကို ပြန်ကြည့်ခဲ့ရင် ကချင်ပြည်နယ် ဒါမှမဟုတ် မြစ်နဲ့ နီးစပ်တဲ့ဒေသမှာ ရစ်ခ်ျစတာစကေး ၇.၅ နဲ့အထက် ငလျင်ကြီးသုံးခု ဖြစ်ပွားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီငလျင်တွေကတော့ ၁၉၃၁မှာ လှုပ်ခတ်ခဲ့တဲ့ ကာမိုင်းငလျင်၊ ၁၉၄၆ မှာဖြစ်တဲ့ တကောင်းငလျင်၊ ၁၉၉၁ မှာဖြစ်တဲ့ ထီးချိုင့်ငလျင်၊ ဒါတောင် ၁၉၉၄မှာ မြစ်ကြီးနားငလျင် လှုပ်သွားပါသေးတယ်။ ရစ်ခ်ျစတာစကေး ၆ ရှိပါတယ်။ ဒါဟာ အချက်အလက်အားဖြင့် ဒီဒေသမှာ ငလျင်ဆိုတာကို ငြင်းပယ်လို့မရတဲ့ အချက်ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကမ္ဘာကြီးဟာ ရာသီဥတုပူ နွေးပြောင်းလဲလာတယ်။ ခုနကလည်း ဆရာဦးထွန်းလွင် ပြောခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာ့အောက်ခြေမှာရှိနေတဲ့ ဓာတ်သဘောသဘာဝ ပြောင်းလဲလာတယ်ဆိုတာ ဘာမှငြင်းလို့မရပါဘူး။ အရင်တုန်းက ငလျင်ဆိုတာ ဒီလောက်ဖြစ်လေ့မရှိပါဘူး။ ၂၀၀၄ခုနှစ် ဆူမားတြားငလျင်ပြီးတဲ့နောက်မှာ ရစ်ခ်ျစတာစကေး ၈ အထက် ငလျင်ကြီး ၁၀ ခုတိတိလှုပ်သွားတယ်ဆိုတာ အံ့သြဖို့ ကောင်းပါတယ်။ ခုနစ်နှစ်အတွင်းမှာ ရစ်ခ်ျစတာစကေး ၈ ရှိတဲ့ ငလျင်ကြီးဟာ မြန်မာနိုင်ငံမှာ နောက်တစ်ကြိမ်ထပ်လှုပ်လာခဲ့ရင်၊ ဒီမြစ်ဆုံဒေသမှာ ထပ်လှုပ်လာခဲ့ရင် ဘယ်လိုအခြေအနေမျိုးတွေဖြစ်မလဲ၊ ဒူဝါကြီးအိပ်မပျော်တာကို ကျွန်တော်တို့ အများကြီး ကိုယ်ချင်းစာနာလို့ ရပါတယ်။

ကျွန်တော်တို့ သတင်းမီဒီယာတစ်ခုအနေနဲ့ ဒီကိစ္စကို တိတိကျကျ ပြည်သူလူထုကို သတိပေးနိုင်တဲ့ဟာက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဘာဘေးအန္တရာယ်မှမရှိဘူး။ အေးအေးဆေးဆေး စိတ်ချလက်ချနေနိုင်တယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ဘယ်လောက် Risk ရှိမယ်။ ဘယ်လောက် Risk မရှိဘူးဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အခြေအနေရှိပါတယ်။ အမြင့်ပေ ၅၀၀ ရှိတဲ့ ဒေသကနေကျလာမယ့် စတုရန်းမိုင် ၅၀၀ ရှိတဲ့ ရေလုံးကြီးရဲ့ ဖိအားကြောင့်ရောက်ခဲ့ရင် နာဂစ်မုန်တိုင်းကြောင့် သက်ရောက်ခဲ့တဲ့ ရေလှိုင်းကြီးရဲ့ အဆပေါင်း ဘယ်လောက်များစွာရှိမလဲ၊ ဒီလို အိပ်မပျော်တဲ့ ညပေါင်းများစွာ ကျော်ဖြတ်နိုင်မယ့် မြစ်ကြီးနားလွင်ပြင်ဒေသက လူသုံးသိန်းကျော်ကို ဘယ်လိုနှစ်သိမ့်မလဲ။ သူတို့ကိုနေပါလို့ ကျွန်တော်တို့ ဘယ်လိုသွားပြောမလဲ မီဒီယာရှုထောင့်ကနေ ခင်များတို့ မပြောင်းပါနဲ့ နေပါ။ စိတ်ချလက်ချနေပါ။ ဘာမှမဖြစ်ပါဘူးလို့ ဘယ်လိုသွားပြောမလဲ ဒီလိုမပြောနိုင်တဲ့ အခြေအနေမျိုးမှာ ဒီဒေသက လူတွေတဖြည်းဖြည်းနဲ့ လူတွေ စွန့်ခွာခဲ့ရင် ဒီမြစ်ကြီးနားမြို့ ဘာဖြစ်သွားမလဲ၊ ကချင်ပြည်နယ် ဘာဖြစ်သွားမလဲ။ ကချင်ပြည်နယ်ရဲ့ မြို့တော်ဟာ ဘာဖြစ်သွားမလဲ။ ဒီအထိ ရေရှည်စဉ်းစားဖို့ လိုပါတယ်။ ကျွန်တော်ပြောနေတာတွေဟာ လှုံ့ဆော်နေတာမဟုတ်ဘူး။ ပုံကြီးချဲ့ကားနေတာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ရဲ့ အကျိုးအတွက် တကယ်အရှိကိုအရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း တင်ပြနေတယ်ဆိုတာကို အားလုံး လက်ခံယုံကြည်စေချင်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ စီးပွားရေးတွက်ခြေကိုက်မှု..
ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲမူ ပြောသွားတာ ကျွန်တော် သဘောကျပါတယ်။ ကချင်လူမျိုး နှစ်သောင်းကျော် ပြောင်းရွှေ့ရတယ်။ ပြည်ထောင်စုကြီးသာ ချမ်းသာခဲ့ရင်၊ ပြည်ထောင်စုကြီးတစ်ခုလုံး အကျိုးရှိရင် ကျွန်မတို့ ကချင်လူမျိုးတွေ အနစ်နာခံရကျိုး နပ်ပါတယ်။ ကောင်းပါတယ်။ ဒီစိတ်ဓာတ်မျိုး ကျွန်တော်တို့ သဘောကျပါတယ်။ ဒါပေမယ့် ကချင်လူမျိုးတွေ အနစ်နာခံလို့ ကျွန်တော်တို့ ပြည်ထောင်စုကြီး၊ ကျွန်တော်တို့ တစ်နိုင်ငံလုံး ဘာဖြစ်သွားမှာမို့လို့တုန်း။ CPI ဥက္ကဋ္ဌက ပြောပါတယ်။ သူ့ရဲ့စာတမ်းမှာ ။ မြန်မာတစ်နိုင်ငံလုံးက ဒီမြစ်ဆုံစီမံကိန်းကြီး ပြီးသွားလို့ရှိရင် Industrialize နိုင်ငံဖြစ်သွားလိမ့်မယ်လို့ မြစ်ဆုံစီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ရောင်းချခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအား သုံးစွဲမှုကိုကြည့်ရင် ကျွန်တော်တို့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးကြည့်ရင် ကျွန်တော်တို့ဟာ ၁၅၀၀ပဲရှိပါတယ်။ စင်ကာပူဟာ ၅၀၀၀ ရှိပါတယ်။ ထိုင်းဟာ ၁၃၀၀၀ ရှိပါတယ်။ တရုတ်ပြည်ဟာ ၄၀၀၀၀၀ ကျော်ရှိပါတယ်။ ဒီအခြေအနေကို နှိုင်းဆကြည့်ရင် ကျွန်တော်တို့ အလွန်ဆုံး သုံးနိုင်ရင် တစ်သောင်းကျော်ပဲရှိပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ် ၁၀နှစ် ၁၅နှစ်နေရင် တစ်သောင်းကျော်ပဲရှိပါတယ်။ ခု ရေအားလျှပ်စစ်စီမံကိန်းတွေကို လေ့လာကြည့်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံမှာ တည်ဆောက်ဆဲ တည်ဆောက်ဖို့ ကြံစည်နေတဲ့ ရေအားလျှပ်စစ်က ထွက်အားဟာ အရမ်းများပါတယ်။ အခု တာပိန်(၁)၊ (၂)၊ ရွှေလီ..။ ရောင်းချပြီးတဲ့ဟာ ထောင်ချီနေတဲ့ ရေအားလျှပ်စစ်က ကျွန်တော်တို့အတွက် ၁၅ရာခိုင်နှုန်း ပဲရှိပါတယ်။ ဒီဟာတွေ တရုတ်ပြည်ရောင်းချလိုက်လို့ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး။ မကြာခင်မှာ ရပ်တော့မယ့် ဟတ်ကြီး၊ တရုတ်ပြည်က သဘာဝပညာရှင်တွေ ကန့်ကွက်မှုကြောင့် ရပ်စဲသွားတဲ့ တာဆန်း၊ ခု အိန္ဒိယကကြိုးစားနေတဲ့ ထမံသီ၊ ဒီပမာဏတွေဟာ မြစ်ဆုံနဲ့ စာရင် ဘာမှမပြောပလောက်ပါဘူး။ ကျွန်တော်တို့မှာ ရေအားလျှပ်စစ် အလျှံပယ်ထွက်နိုင်တဲ့ နေရာတွေရှိပါတယ်။ သဘာဝဓာတ်ငွေ့ကလည်း လျှပ်စစ်ရနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ Industrialize နိုင်ငံဖြစ်ဖို့အတွက် မြစ်ဆုံစီမံကိန်းဆောက်ဖို့ လုံးဝမလိုအပ်ပါဘူး။

နောက်တစ်ချက်က စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ခုနက ဆရာဦးဝင်းမျိုးသူလည်း ပြောသွားပါတယ်။ ဆရာပြောသွားတဲ့ အချက်လေးက ပညာရှင်ဆန်ပြီးတော့ သံတမန်ဆန်ပြီးတော့ အင်မတန်သိမ်မွေ့ပါတယ်။ ကျွန်တော်ကတော့ တည့်တိုးပဲပြောပါမယ်။ CPI ဥက္ကဋ္ဌက ပြောသွားပါတယ်။ နှစ်ပေါင်း ၅၀ ။ ကျွန်တော် အင်မတန်ရင်နာသွားပါတယ်။ ကျွန်တော်သိတာ အစက ၃၀။ နှစ်ပေါင်း ၅၀ မှာ ကျွန်တော်တို့ နိုင်ငံဟာဒေါ်လာ ၄၇ဘီလျံရမယ်လို့ ပြောသွားပါတယ်။ စီးပွားရေး တွက်ခြေကိုက်မှုစာတမ်းမှာ ရေအားလျှပ်စစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက ကျွန်တော်တို့နိုင်ငံဟာ ၁၇ ဘီလျံရမယ်တဲ့။ တရုတ်က ၁၁ ဘီလျံရမယ်။ This is quite different ။ ဒီအချက်ဟာ ကျွန်တော်တို့ မီဒီယာရှုထောင့်ကပြောရရင် ထောက်ပြစရာအချက် ဖြစ်ပါတယ်။ သူက ဒီလို အဆင့်ဆင့် တွက်ချက်မှုပေါင်း ၃၀၀ ကျော်အရ ဒီလိုမျိုးအဆင့်ဆင့်တွက်ချက်ပြီးတော့ ၀န်ကြီးဌာနအဆင့်ဆင့်ရော ရှေ့နေချုပ်ရုံးတွေရော တိုင်ပင်ပြီးတော့ ဒီစီမံကိန်းကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဒီလို မတွက်တော့ပါဘူး။ ရိုးရိုးရှင်းရှင်း သုံးချက်နည်းနဲ့ပဲ တွက်လိုက်မယ်။ ၁၇ ဘီလီယံကို နှစ် ၅၀ နဲ့စားမယ်။ တစ်နှစ်ကို သန်း ၃၀၀ ပဲရမယ်။ ကျွန်တော်တို့ သန်း ၃၀၀ နဲ့ ဒီလောက် ငြင်းခုံဖို့ လိုအပ်မယ်လို့ ထင်လို့လား။

တစ်နှစ်ကို ဒေါ်လာ သန်း ၃၀၀ ရမယ်။ မြစ်ကြောင်းထိန်းသိမ်းရေး ပို့ဆောင်ရေးဝန်ကြီး ဌာနမှာ မေးကြည့်မယ်၊ တစ်နှစ်ကို ဘယ်လောက်ကုန်မလဲ၊ သန်း ၁၀၀ လောက်အနည်းဆုံးကုန်မယ်။ ဒါမြစ်ကြောင်း ထိန်းသိမ်းရေးပဲရှိတယ်။ အောက်မှာ ဆုံးရှုံးသွားတာတွေ ကျန်သေးတယ်။ စီးပွားရေးတွက်ခြေကိုက်မှုအတွက် ကျွန်တော်တို့ မေးစရာမေးခွန်း လုံးဝမလိုပါဘူး။ သဘာဝဓာတ်ငွေ့က ငါးနှစ်အတွင်းရှာတာ ၁၂ ဘီလီယံရှိပါတယ်။ ကျောက်စိမ်းက ရှာတာ ငါးနှစ်အတွင်းမှာ ငါးဘီလီယံရှိပါတယ်။ .....ဒါတွေကို တွက်ချက်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ်က ဘာငွေမှမလိုပါဘူး။

ကျွန်တော်တို့ နိုင်ငံရဲ့ သဘာ၀၀န်းကျင် ပျက်စီးခြင်း၊ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ၊ ဧရာဝတီပေါ်မှာ အခြေစိုက်နေတဲ့ လယ်သမားတွေဘ၀၊ တိုင်းရင်းသားလူမျိုး ပြည်သူလူထုတွေရဲ့ ဘ၀ ပျက်စီးတဲ့ ဒီစီမံကိန်း ဘာမှမလိုပါဘူး။ နောက်ပြီး ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကာကွယ်ရေးစီမံကိန်း၊ အမျိုးသားလုံခြုံရေးအဆင့် စီမံကိန်းလို လျို့ဝှက်နေစရာတွေက ကျွန်တော်တို့အတွက် မေးခွန်းထုတ်စရာ အများကြီးရှိပါတယ်။ ဒါတွေဟာ ဥပဒေနဲ့ညီညွတ်၊ မညွတ်ဆိုတာ ကျွန်တော့်အနေနဲ့ ဒီအချိန်မှာ မပြောပေမယ့် လိုအပ်ရင်တော့ ဥပဒေကြောင်းအရ ပြောနိုင်တဲ့ အချက်အလက်တွေ ကျွန်တော်တို့ဆီမှာ စုဆောင်းထားပြီးဖြစ်ပါတယ်။

နောက်တစ်ခုက CPI ကုမ္ပဏီကို ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်ရမယ့် မေးခွန်းပါပဲ။ BANCA Report ကို ပြည်သူလူထုအများစုကို မချပြခဲ့ဘူး။ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ တရုတ်ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့က ဒီမြစ်ဆုံစီမံကိန်းကို လုံးဝမဆောက်သင့်တဲ့အကြောင်း တရုတ်အစိုးရကို တင်ပြသွားမယ်၊ CPI ကုမ္ပဏီကိုလည်း ရှင်းရှင်းလင်းလင်းပြောသွားမယ်လို့ ကျွန်တော့်ကို ပြောသွားပါတယ်။ ဒီပညာရှင်တွေဟာ အင်မတန် ပညာရှင်ပီသတဲ့သူတွေ ဖြစ်ပါတယ်။ ဒီပညာရှင်တွေရဲ့ ပြောဆိုချက်ကို လျစ်လျူရှုပြီး ဒီမြစ်ဆုံစီမံကိန်းကို ဆောက်ခဲ့တာ ၂၁ရာစုရဲ့ စီးပွားရေးကျင့်ဝတ်မှာ သဘာ၀၀န်းကျင်ကို ထိခိုက်ပြီးတော့ မိမိအမြတ်ယူခြင်းဟာ စီးပွားရေးကျင့်ဝတ်ဖောက်ဖျက်ခြင်းလို့ အတိအလင်း ပါရှိထားပါတယ်။ ဒါကြောင့်မို့လို့ CPI ကုမ္ပဏီရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာကို ကျွန်တော်တို့ မေးခွန်းထုတ်မှာဖြစ်ပါတယ်။ ။ နောက်တစ်ပိုင်းရှိပါတယ်။ ဒီအပိုင်းကတော့ အရေးကြီးပါတယ်။ CPI ကုမ္ပဏီကို ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံ ရေရှည်တည်တံ့လာတဲ့ ချစ်ကြည်မှုကို မပျက်ပြားစေချင်ပါဘူး။ ကျွန်တော်တို့ လူမျိုးအချင်းချင်း ပူးတွဲယှဉ်သန်လာခဲ့ကြတဲ့ နှစ်ပေါင်းများစွာ ရှင်သန်လာတာကို လူမျိုးရေးမုန်းတီးမှုတွေ မဖြစ်ပွားစေချင်ပါဘူး။ ဒါကြောင့် CPI ကုမ္ပဏီကို ဒီမြစ်ဆုံစီမံကိန်းကို ပြန်လည်ရပ်ဆိုင်းပေးဖို့ CPI ကုမ္ပဏီကို ကျွန်တော်တို့ ဒီနေရာက မေတ္တာအထူးရပ်ခံချင်ပါတယ်။

နောက်တစ်ချက်က အေးရှားဝေါလ်ကုမ္ပဏီပါ။ ဒီမြစ်ဆုံစီမံကိန်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ အေးရှားဝေါလ်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၊ ပတ်သက်ဆက်နွယ်သူများ၊ အကျိုးစီးပွားရရှိပတ်သက်နေတဲ့သူများကိုလည်း အထူးမေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီမြေ ဒီရေ ပေါ်မှာနေတယ်။ ကျွန်တော်တို့ဟာ ဒီမြေဒီရေနေတဲ့ ဒီလူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ ပူးတွဲနေထိုင်ခြင်းပဲ။ နောက်ကိုလည်း ခင်ဗျားတို့နဲ့ ယှဉ်တွဲနေထိုင်ကြဦးမှာ ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ စီးပွားရေးအကျိုးအမြတ်လေးတစ်ခဲု့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ သွေးကွဲမှုတွေ မဖြစ်ပွားဖို့အတွက် ကျွန်တော်တို့ သူတို့ ဒါရိုက်တာအဖွဲ့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားအောင်အတွက် အေးရှားဝေါလ်ကုမ္ပဏီဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်ထူးခြားတဲ့ ဒီတစ်ပတ်အတွင်းမှာ စိတ်မကောင်းစရာ သတင်းဆောင်းပါးတစ်ပုဒ်၊ ကောင်းလည်းကောင်းပါတယ်။ 7 Day ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရပါတယ်။ ဒီသတင်းဆောင်းပါးဟာ သမိုင်းမှာ အမှားကျူးလွန်ခဲ့တဲ့သူတွေ နမူနာယူစရာဆောင်းပါး ဖြစ်ပါတယ်။ နိုင်ငံတော်လုပ်ကြံမှု သမိုင်းအမှားတစ်ခုကို ကျူးလွန်ခဲ့တဲ့ အဘိုးလုပ်တဲ့သူကို မြင်တောင်မမြင်ရဘဲနဲ့ မြေးဖြစ်တဲ့သူဟာ ဒီအဖိုးလုပ်တဲ့သူရဲ့ သမိုင်းအမှားကြောင့် နစ်နာခံစားပြီး စိတ်ပိုင်းဆိုင်ရာ ခံစားခဲ့ရတာကို ဦးစောရဲ့မြေး ပြောပြခဲ့တာ ကျွန်တော် အင်မတန်စိတ်မကောင်း ဖြစ်ရပါတယ်။ မြေးတင်မဟုတ်ဘူး၊ မြစ်ပါ ကျောင်းသူကျောင်းသားဘ၀မှာ အာဇာနည်နေ့အကြိုမှာ ကျောင်းမတက်ရဲတဲ့ ဘ၀မျိုးရောက်ခဲ့တဲ့ဟာတွေကို ကြည့်ရှုရင် သမိုင်းအမှားကို ကျူးလွန်ခဲ့တဲ့သူတွေဟာ ကိုယ့်ကြောင့်မို့ ကိုယ့်ရဲ့သားသမီး၊ မြေးမြစ်အထိ ဒီသမိုင်းအမှားကို ခံစားခဲ့ရတယ်ဆိုတာကို မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်နေတဲ့သူတွေကို သိစေချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အပါအ၀င် ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့သူတွေအားလုံးအနေနဲ့ ဒီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပိုင်ခွင့်ရှိသူတွေ၊ လုပ်ဆောင်ပေးနိုင်တဲ့ ကျွန်တော်တို့အပါအ၀င် သမိုင်းပျက်ကွက်သူတွေမဖြစ်ရအော် အဓိကထားလုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ကြောင့်မို့ ကျွန်တော်တို့ မမြင်နိုင်တွေ့နိုင်တဲ့ သားသမီးမြေးမြစ်တွေဟာ ဧရာဝတီမြစ်ကို မမြင်တွေ့ရဘဲ ဧရာဝတီမြစ်ကို ဖျက်ခဲ့တဲ့ ငါတို့အဖိုး၊ ခုနက ဆရာဦးထွန်းလွင်ပြောခဲ့တဲ့ ပုဆိုးနဲ့ထိုင်နေတဲ့လူဟာ ကျွန်တော့်မြေးဖြစ်နေခဲ့ရင်၊ မြစ်ဖြစ်နေခဲ့ရင် ကျွန်တော်တို့ ဘယ်လိုခံစားရမလဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သမိုင်းအမှားကို မကျူးလွန်ရုံမဟုတ်ဘဲ သမိုင်းမှာ ပျက်ကွက်သူတွေမဖြစ်အောင် ကျွန်တော်တို့ အားလုံးလုပ်ဆောင်ဖို့လိုပါတယ်။

နောက် နိုင်ငံရေးရှုထောင့်က ကျွန်တော်တင်ပြပါမယ်။ ကျွန်တော်တို့ Eleven Media Group ရဲ့ နှစ်ပတ်လည်ပွဲမှာလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် စူပါပါဝါတွေရဲ့ ဖြစ်ထွန်းမှုမှာ ကျွန်တော်တို့နိုင်ငံဟာ စတေးခံရမယ့် နိုင်ငံမဖြစ်သင့်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ပထ၀ီနိုင်ငံရေး အနေအထားအရ အိန္ဒိယ၊ တရုတ်အင်အားကြီးလာတဲ့ အချိန်မှာ နောက်ထပ် ထိုးထွက်တဲ့နိုင်ငံဟာ အင်ဒိုနီးရှားပဲဖြစ်ပါတယ်။ အာဆီယံရဲ့ အဓိကဦးဆောင်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအရှိန်အဟုန် မြင့်တက်လာမှုနှင့်အတူ အာဆီယံရဲ့အခန်းကဏ္ဍ၊ ပထ၀ီနိုင်ငံဒေသ အနေအထားအရ မြန်မာနိုင်ငံရဲ့အရေးပါမှုဟာ အရမ်းအရေးပါလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ပကတိ အခြေအနေ၊ ပြည်သူလူထုရဲ့ နိမ့်ကျနေတဲ့ အခြေအနေတွေကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံဟာ မဖြစ်မနေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းထဲကို ၀င်ရောက်မှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ဟာ လှပမယ်ဆိုတာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒီလိုပြောခဲ့ပြီးတာနဲ့အညီ အခုသုံးလအတွင်းမှာလည်း အစိုးရအပါအ၀င် အတိုက်အခံအင်အားစုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းနေကြတာဖြစ်တဲ့အတွက် အင်မတန် ၀မ်းသာစရာကောင်းလို့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ လှပစပြုနေပါပြီ။ မကြာမီအချိန်အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်သာ ကြေညာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်လည်ဝင်ရောက်တော့မှာ ဖြစ်ပြီးတော့ ကျွန်တော်တို့အတွက် လှပတဲ့ အနာဂတ်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီလိုလှပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအနာဂတ်လမ်းကြောင်းမှာ မြစ်ဆုံပြဿနာဟာ လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေမယ့် ပြဿနာအဖြစ် ဘယ်လိုမှဖန်တီးလို့မဖြစ်ပါဘူး။ ဒီပြဿနာဟာ ကျွန်တော်တို့နိုင်ငံရဲ့ မကြာမီဖွံ့ဖြိုးတော့မယ့် ဒီမိုကရေစီစနစ်ရဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ မှတ်ယူပြီးတော့ ကျွန်တော်တို့ဟာ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ဖို့ပဲရှိပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုရဲ့ဆန္ဒတွေကို ပထမထုတ်ဖော်ရပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒတွေကို သတင်းမီဒီယာတွေက မှတ်ကျောက်တင်ပြီးတော့ ပေးရပါတယ်။ သတင်းမီဒီယာတွေ မှတ်ကျောက်တင်ပြီးတဲ့ အချိန်မှာ ပြည်သူလူထုက ရွေးကောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကိစ္စကို အခြေအတင် ဆွေးနွေးပြီးတော့ အစိုးရနဲ့ တိုင်ပင်ရပါတယ်။ အစိုးရက ပြည်သူလူထုရဲ့ဆန္ဒကို လေးစားတဲ့အနေနဲ့ ဒီကိစ္စကို ပြည်သူလူထုဆန္ဒအတိုင်း ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီမြစ်ဆုံကိစ္စကလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ ဒီမိုကရေစီကျင့်စဉ်တစ်ခုအနေနဲ့ ပြည်သူတွေ၊ ကျွန်တော်တို့ သတင်းမီဒီယာတွေ၊ ကျွန်တော်တို့ရဲ့ လွှတ်တော်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အစိုးရတို့က ပူးပေါင်းဆောင်ရွက်ပြီးတော့ ဖြေရှင်းရမယ့်ပြဿနာပဲဖြစ်ပါတယ်။

ကျွန်တော် ဒီနေရာမှာ တိုင်းရင်းသားပြဿနာလေး ပြောချင်ပါတယ်။ ဒီမှာ တိုင်းရင်းသားတွေလည်း အများကြီး တက်ရောက်လာတာဖြစ်ပါတယ်။ နောက်ပြီး ဒူဝါကြီးလည်း ကျွန်တော်လေးစားပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသားတွေအပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ ညီအစ်ကိုမောင်နှမလိုပဲ ရိုးသားပွင့်လင်းမှုအပေါ်မှာလည်း ကျွန်တော်တို့ လေးစားပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ တန်းတူအခွင့်အရေးတွေကို ခုနကပြောသလို လောပိတဖြစ်ပြီး အင်းလေးဒေသမှာ မီးမလင်းသေးတဲ့ဖြစ်ရပ်တွေ၊ ရွှေလီရေအားလျှပ်စစ် ရှိပြီးတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းမှာ မီးမလင်းသေးတဲ့ ဖြစ်ရပ်တွေ၊ ဒီလိုဒုက္ခတွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေ မခံစားစေချင်ပါဘူး။ ကျွန်တော်တို့ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်၊ ရှမ်းတစ်ကျပ်။ ကျွန်တော်တို့ ၁၀ ပြားရနေတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ၁၀ ပြားရစေချင်ပါတယ်။ သူတို့တစ်ပြားမှ မရတဲ့အဖြစ်မျိုးကို ကျွန်တော် အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်။

ကျွန်တော်က ကိုယ့်အကြောင်းနဲ့ ယှဉ်ပြီး ပြောပါမယ်။ ကျွန်တော့်အဖေဟာ ကချင်ပြည်နယ်ဒေသမှာ မွေးဖွားတဲ့ ဗမာလူမျိုး၊ ကချင်နဲ့ ရှမ်းသွေးပါတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်အမေက ရှမ်းကြီးလို့ ခေါ်တဲ့ မဘိမ်းဒေသက ရှမ်းကြီးနဲ့ ဗမာလူမျိုး စပ်ထားတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် အိမ်ထောင်ကျတဲ့အခါကျတော့ မြစ်ဝကျွန်းပေါ်က ကရင်၊ ဗမာ၊ တရုတ်သွေးပါတဲ့သူနဲ့ အိမ်ထောင်ကျပါတယ်။ အဲဒီတော့ ကျွန်တော်က တရုတ်လူမျိုး မုန်းတာလည်းမရှိဘူး။ ကျွန်တော် ဘယ်လူမျိုးကိုမှ ကျွန်တော့်မှာအစွဲမရှိဘူး။ ကျွန်တော့်သားက မေးပါတယ်။ အဖေ သားက ဘာလူမျိုးလဲတဲ့။ သားက ပြည်ထောင်စု မြန်မာလူမျိုး၊ ပြည်ထောင်စုအတွင်းမှာ နေထိုင်တဲ့ နိုင်ငံသားရရှိထားတဲ့ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးမဆို ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုအပေါ်မှာ ကျေးဇူးသစ္စာစောင့်သိရိုသေတဲ့ လူတွေဟာ ကျွန်တော်တို့ရဲ့လူမျိုးတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမြစ်ဆုံကိစ္စမှာ ကျွန်တော် ပြောချင်တာက အကယ်၍သာ ဒီမြစ်ဆုံကို ဇွတ်အတင်း ဆက်ဆောက်ခဲ့မယ်ဆိုရင် ကျွန်တော်သာ ကချင်လူမျိုးဖြစ်ခဲ့ရင် ဒါဟာ တရားမျှတတဲ့လုပ်ရပ်လို့ ဘယ်တော့မှ တွေးထင်မှာမဟုတ်ပါဘူး။ ကျွန်တော်သာ ဗမာလူမျိုးဖြစ်ခဲ့ရင် ကိုယ့်ထက် အင်အားနည်းတဲ့ လူမျိုးတွေအပေါ်မှာ ကျွန်တော်ဟာ အမြဲတမ်း gulity concious ဖြစ်နေမှာပါ။ ကျွန်တော်ဟာ ရှမ်းလူမျိုး၊ ကရင်လူမျိုးဖြစ်ရင် ကချင်လူမျိုးတွေကို ဒီလိုလုပ်ခဲ့တဲ့အတွက် ဘယ်တော့မှ သံသယတွေ ဖြေဖျောက်လို့ရမှာမဟုတ်ပါဘူး။

ကိုလိုနီနယ်ချဲ့စနစ်ရဲ့ သွေးခွဲမှုတွေ၊ ကိုလိုနီလက်သစ်တွေရဲ့ အသုံးချခံရမှုတွေ နှစ်ပေါင်းကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ်၊ နှစ် ၅၀ ကြီးစိုးခဲ့တဲ့ စနစ်ဆိုးတွေအောက်မှာ ကြီးထွားခဲ့တဲ့တိုင်းရင်းသားတွေကြားမှာ တစ်ဦးနဲ့တစ်ဦး မယုံသင်္ကာဖြစ်မှုတွေ၊ တစ်ဦးနဲ့ တစ်ဦးအထင်အမြင်လွဲမှုတွေကြောင့် ကျွန်တော်တို့ဟာ ဒီအခြေအနေမျိုး ရောက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။ သွေးကွဲခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ငြိမ်းချမ်းသင့်ပါပြီ။ ဖွံ့ဖြိုးမှုကွာဟမှု၊ တစ်ဦးနဲ့ တစ်ဦး မယုံသင်္ကာဖြစ်မှု၊ နိုင့်ထက်စီးနင်းမှုတွေ ကင်းရှင်းတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်သင့်ပါပြီ။

ဒါပေမယ့် သတိထားရမယ့်အချက်က ကျွန်တော်အပါအ၀င် ကျွန်တော်တို့ လူမျိုးတွေကြားထဲမှာ ပြည်ထောင်စုစစ်စစ်ဆိုတဲ့ဟာ အပေါ်မှာ ဒီအချက်ကို လက်ခံဖို့အတွက် အချိန်တစ်ခုတော့ ယူရဦးမယ်ဆိုတာကို တိုင်းရင်းသားခေါင်းဆောင်တွေရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော သဘောပေါက်ဖို့ ဒီနေရာက ပြောကြားလိုပါတယ်။ ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေးအရ လေ့လာထားသမျှ ပြည်ထောင်စုစစ်စစ်ကို လက်ခံပါတယ်။ တိုင်းရင်းသားအားလုံး ပူးပေါင်းနေထိုင်ပြီး ပြည်ထောင်စုကြီး မပြိုကွဲတဲ့ အမြဲတမ်းထာဝရ ရပ်တည်နေထိုင်တဲ့ ပြည်ထောင်စုကြီးတစ်ခု တည်ဆောက်သွားဖို့ အရမ်းအရေးပါနေတဲ့အချိန် ရောက်နေပါပြီ။ ပြည်ထောင်စုကြီး တည်ဆောက်တော့မယ်ဆိုရင် ၁၉၄၁ ခုနှစ် ရဲဘော်သုံးကျိပ်က ပေါက်ဖွားခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မေ့ထားလို့လုံးဝမရပါဘူး။ Professional ပီသပြီး ခိုင်မာကျစ်လျစ်ပြီး တိုင်းရင်းသားပြည်သူတွေ လေးစားချစ်ခင်တဲ့ တပ်မတော်ဟာ ပြည်ထောင်စုစစ်စစ်နဲ့အတူ ပူးတွဲပါဝင်ရမှာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း တပ်မတော်ဖြစ်တာနဲ့အညီ တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုစစ်စစ်က ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအချိန်ကာလဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစစ်စစ်ဖြစ်ရေးအတွက် အချိန်ယူတည်ဆောက်ရမယ့် ကာလပဲဖြစ်ပါတယ်။ မဏ္ဍိုင်ကြီးသုံးခုနဲ့ ကင်းရှင်းပြီး မဏ္ဍိုင်ကြီးသုံးခုကို စောင့်ရှောက်နိုင်တာ စတုတ္တမဏ္ဍိုင်ရှိပါတယ်။ ပဉ္စမမဏ္ဍိုင်ဆိုတဲ့ ပြည်သူ့မဏ္ဍိုင် လည်းရှိပါတယ်။ ပြည်သူ့မဏ္ဍိုင်နည်းတူ ဒီမဏ္ဍိုင်တွေနဲ့ ကင်းကင်းရှင်းရှင်း ဆဌမမဏ္ဍိုင်အဖြစ် တပ်မတော်ဟာ ပေါ်ထွန်းလာခဲ့ပြီဆိုရင် ဒီမိုကရေစီလည်း ဖြစ်ထွန်းပြီးတော့ ပြည်ထောင်စုစစ်စစ်လည်း ဖြစ်ထွန်းလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Professional ပီသတဲ့ တပ်မတော်ဖြစ်အောင်၊ ပြည်သူလူထု လေးစားယုံကြည်တဲ့၊ ပြည်သူလူထု တိုင်းရင်းသားတွေ ချစ်ခင်တဲ့ တပ်မတော်ဖြစ်အောင် ကျွန်တော်တို့အားလုံးက တပ်မတော်ခေါင်းဆောင်တွေကို ကူညီပေးရမှာဖြစ်ပါတယ်။

ဟိုတစ်နေ့က ပွဲတစ်ခုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ မြစ်ဆုံကနေ ညီညွတ်ရေး အမြတ်ယူရမယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေအားလုံး အစိုးရအပါအ၀င် ပြည်သူတွေအားလုံး ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ပြည်၊ ပြည်ထောင်စု တစ်ခုဖြစ်အောင် မြစ်ဆုံကနေတစ်ဆင့် အဖြေထုတ်သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အတိတ်ကို ပြန်သွားဖို့ မလိုပါဘူး။ အတိတ်ဆိုတာ သင်ခန်းစာယူရုံပဲ ဆိုတာကလွဲလို့ ကျွန်တော်တို့ ရှည်ရှည်ဝေးဝေး ထပ်မတွေးစေချင်ပါဘူး။ ဘယ်အချိန်၊ ဘယ်အခါမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေးဖြေရှင်းသွားဖို့လိုပါတယ်။

နိုင်ငံတော် သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ခေါင်းဆောင်တွေအပါအ၀င် ပြည်သူလူထုက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲညီလာခံတစ်ခုကို သင့်တော်တဲ့အချိန်မှာ ပြုလုပ်ဖို့ လိုလာပါပြီ။ ဒီညီလာခံဟာ အဖြေတစ်ခု မထွက်နိုင်ရင်တောင် တိုင်းရင်းသားတွေ အားလုံးကြားမှာ သံသယရှိမှုတွေ၊ ပြည်သူလူထုကြားမှာ အားလုံးပြေပျောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံဟာ ရှေ့ဆက်သွားပြီးတော့ ကျွန်တော်တို့ဟာ တူတာတွေတွဲလုပ်၊ မတူတာတွေ ပူးပေါင်းဖြေရှင်းကြမယ့် အနေအထားမျိုးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီတစ်ခါလုပ်မယ့် ညီလာခံကို ပင်လုံမှာ မလုပ်တော့ပါဘူး။ ဒီတစ်ခါ ကျွန်တော်တို့ မြစ်ဆုံမှာ လုပ်ပါမယ်။ ကျွန်တော်တို့ အားလုံး မြစ်ဆုံမှာ ပြန်လည်ဆုံတွေ့ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

2 comments:

  1. တီချမ်း ရေ

    ကျေးဇူး

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ဟင်းလေး ဘာလေး လည်း ချက်ပါအုန်းဗျာ တခါတရံ ပေါ့

    ReplyDelete
  2. ဟုတ်တယ် ဦးရွှေဇင်ရေ

    တီ့ ကို ဟင်းချက်ဖို့ ပြောတဲ့ လူတွေ များနေပြီ

    တီလဲ ကိုယ်နဲ့ မဆိုင်တာတွေ လုပ်နေမိသလားမပြောတတ်

    ပြန်ရေးပါ့မယ်လေ အမေရိက က အမ တယောက်က ကော်ရည်ခေါက်ဆွဲတောင်းဆိုထားတယ် အဲ့တာ တင်ပေးမယ် နောက်အပတ်လဲ ရန်ကုန် ခဏ ပြန်မှာဆိုတော့ ဝေးပေအုံးတော့မယ်

    ReplyDelete