ကဲရေးလိုက်ပါအုံးမယ်လေ။ မြင်လာတော့လဲရေးချင်လာတယ်။ တနေ့ကလဲ မိုးမိုးဦး လား မို့မို့ဦးလားမသိပါဘူး။ ဖဘမှာ တီ့ကို အရင်လို ယောက်ျားမိန်းမ အချစ် ရီလေးရှင်းရှစ်ပ်ဆောင်းပါးလေးတွေရေးပါအုံးပြောလာပါတယ်။ တီလဲရေးရတာ ကြိုက်ပါတယ် အဲ့တာလေးတွေကို သို့သော် အင်စပရေးရှင်းက လာမှ ရေးလို့ရတာကလား။ ခုတလော ကိုယ့်ရီလေးရှင်းရှစ်ပ်ကလဲ စတေဘယ်လ်ဖြစ်နေတော့ ရေးစရာသိပ်မရှိဘူးပေါ့။ ဒီနေ့တော့ နေ့လယ်က ထမင်းစားထွက်ရင်း တွေ့လာတာလေးကြောင့်ရေးစရာရလာတယ်။ တလက်စတည်း ကြေငြာဝင်ရရင်တော့ တီ့အရင်က ရေးထားသမျှ အဲ့လိုဆောင်းပါး အပုဒ် ၇၀ ကျော်ကို နန်းညီနဲ့ သူ့သူငယ်ချင်း ခိုင်စိုးလင်းတို့ က အီးဘွခ် အဖစ်ဖန်တီးပေးနေကြပါပြီ။ ပြီးရင် ပီဒီအက်ဖ် နဲ့ ရမှာမို့ တီ့ အမာခံပရိတ်သတ်တွေဆောင်းပါးချည်းပဲ တဝကြီး ဘတ်ရမှာပါ။ အခြေအနေပေးရင် ယောက်ျားပိုက်ဆံနဲ့ အဲ့တာကို စာအုပ်ထုတ်မယ် စဉ်းစားပါတယ်။ ရှုံးရင်တော့ သူ့ပိုက်ဆံပလုံပစေပေါ့။ မြတ်ရင် နာမည်ကြီးလာရင် ကိုယ်ကြီးမှာလေနော်။ ပိုစ့်ခေါင်းစဉ် ကို ကိုတာရာ ရဲ့ဝတ္ထု ဇာတ်ပို့တယောက် နာမည်ယူသုံးထားပါတယ်။ အဲ့စာအုပ်ကို ခဏခဏ ပြန်ဘတ်ပေမယ့် စဘတ်ကတည်းက အဲ့ဇာတ်ပို့နာမည်ကို ရွက်နု လို့ အမြဲမှားဘတ်နေကျ နောက်မှ ရွယ်နု လို့ရေးထားမှန်း သိသွားတော့ နာမည်ကြီးက ဘယ်လိုလဲလို့တောင် ဖြစ်မိသေးတယ်။ ထားတော့ ခုတော့ ဒီပိုစ့်လေးနဲ့ လိုက်ဘက်လို့ယူသုံးလိုက်တယ်။ ခွင့်လွှတ်ပါ ကိုတာယာ။ မောင်မျိုးကတော့ မပိုင်ဘူးထင်တာပဲ။ ထား...
ရွယ်နုတဲ့ အချစ်ကလေးတွေ

foto from google
ဒီနေ့ ထမင်းထွက်စားပြီး ကော်ဖီသောက်ဖို့ Starbucks မှာ ခဏထိုင်ဖြစ်တော့ လူငယ် စုံတွဲလေးတွဲ ကလေးတွေ ကစားတဲ့ ကစားနည်းလေးတခု ကစားနေကြတာတွေ့ရတယ်။ (သိကြမှာပါ။ တယောက်နဲ့တယောက် မျက်လုံးချင်းစိုက်ကြည့်ပြီး အရင်မျက်နှာလွှဲတဲ့သူ သို့ မျက်တောင်ခတ်တဲ့သူက အရှုံးလေ။ ရွယ်နုစဉ်အခါက စာဘတ်သူတို့လဲ ကိုယ့်ချစ်သူနဲ့ ကစားလဲကစားဖူးကြမှာပါ။) သူတို့နှစ်ယောက် တယောက်ကို တယောက် စူးစူး နစ်နစ် ကြင်ကြင်နာနာ လေးလေးနက်နက် ချစ်ရည်ရွှန်းတဲ့ အကြည့်လို့ တင်စားကြတဲ့ မျက်ဝန်းလဲ့လဲ့လေးတွေနဲ့ စိုက်ကြည့်နေကြတယ်။ ဘယ်သူ အရင်မျက်တောင်ခတ်ရင် အဲ့ဒီသူက အရှုံးလေ။ အဲ့လိုမြင်လိုက်ရတဲ့ အခိုက်အတန့်မှာ အော် ငယ်ရွယ်သူတို့ရဲ့ ပျိုမြစ်နုနယ်တဲ့ အမူအရာ၊ ကလေးဆန်မှုလေးတွေက သိပ်ချစ်စရာကောင်း သိပ်လှတာပဲ လို့ မတွေးမိဘဲမနေနိုင်ပါဘူး။
ကြည့်ရတာ သူတို့နှစ်ယောက် အချစ်နွံထဲကို ခုမှ စနစ်နေကြသလို၊ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ခုမှပဲ စချစ်ကြသလို၊ အချစ်ဆိုတာ ဒီလိုပါလား လို့စသိကြသလို၊ စတဲ့ ချစ်စခင်စ ကြည်နူးစ ဆိုတဲ့ သရုပ်ဟန်မူရာတွေအပြည့်နဲ့ပါ။ နှစ်တွေအများကြီး တူတူနေကြပြီးသား၊ ချစ်ခင်တဲ့ အချိန်တွေ ကြာလှပြီဆိုတဲ့ ချစ်သူရည်းစားတွေ ဘယ်ဒီလို လူမြင်ကွင်းမှာ လုပ်ကြပါ့မလဲနော်။
တခါကလဲ ကုန်းကျော်တံတား တခုအပေါ်မှာ အခုလိုပဲ သူငယ်အတွဲတွဲ ကိုတွေ့ခဲ့ဖူးပါတယ်။
ကောင်မလေးက ကောင်လေးကိုဆူနေတာလား၊ စိတ်ကောက်နေတာလား မသိပါဘူး။ ပါးစပ်ကနေ စက်သေနတ်ပစ်သလိုပဲ တရစပ်ကို ပြောနေတာပါ။ ပွစိ ပွစိတောင်မဟုတ်ပါဘူး။ အော်ကျယ်ဟစ်ကျယ်ပါ။ အဲ့ဒီ မှန်ကြောင်ကောင်လေးကတော့ သနားစရာမျက်နှာလေးနဲ့ ကောင်မလေးဘေးမှာရပ်ပြီး ဘာမှ ပြန်မပြောရှာပါဘူး။
နောက်ဆုံးတော့ ကောင်မလေးက သူ့ ဟမ်းဖုန်းကို ကောင်လေးခေါင်းကို ကောက်ပေါက်လိုက်ပြီး.....
“နင့်ကို ငါနောက် ဘယ်တော့မှ မတွေ့ချင်ဘူး” လို့ ပြောပြော ငိုငို နဲ့ ထွက်ပြေးသွားပါတယ်။ ကောင်လေးကတော့
ဘာသံမှ တချက်မထွက်ဘဲ ငူငူငိုင်ငိုင်နဲ့ အဲ့ဒီနေရာမှာပဲ ရပ်ကျန်ခဲ့ပါတယ်။
နေ့တိုင်း နေ့တိုင်း အချစ်ဇာတ်လမ်းတွေ ဇာတ်ဝင်ခန်းတွေအများကြီး လမ်းတွေပေါ်မှာ လမ်းကြားထဲမှာ ဈေးထဲမှာ
ကော်ဖီဆိုင်ထဲမှာ ရုပ်ရှင်ရုံအောက်မှာ ပန်းခြံထဲမှာ ဖြစ်နေ ပျက်နေကြပါတယ်။ တခါတခါ မင်းသား မင်းသမီးက ကိုယ်တွေကိုယ်တိုင်ဖြစ်နေတတ်သလို တခါတခါတော့လဲ ငါသူတပါး ယောက်ျား မိန်းမတွေပေါ့လေ။ တခါတခါ သူများတွေက ကိုယ့်ရုပ်ရှင်ထဲက ဖြတ်လျောက်ဖြစ်လာသလို တခါခါတော့လဲ ကိုယ်က သူများ ရုပ်ရှင်ထဲက
ဒေါ်ထားနဲ့ အဖွဲ့ပေါ့။ တခါခါတော့လဲ ကိုယ်က သူ့ရုပ်ရှင်ကြည့်ပရိတ်သတ်ဖြစ်သွားတတ်သလို တခါခါကျတော့လဲ သူတို့တွေက ကိုယ့်ပရိတ်သတ်ဖြစ်သွားတတ်ကြပြန်တာပေါ့လေ။
ချစ်သူများနေ့မှာ ကောင်လေးတယောက် နှင်းဆီပန်း အနီရဲရဲ တောက်တောက် လှလှလတ်လတ် တစည်းနဲ့ လျောက်တာတာတွေ့ရင် အူကြောင်ကြောင်နိုင်လိုက်တာလို့ မတွေးမိဘဲမနေပါဘူး။ ဒါပေမယ့် တကယ်တမ်းစဉ်းစားကြည့်တော့ သူက အချစ်အတွက် အချစ်ရဲက စွမ်းအားကြောင့်သာ လူတွေ ရယ်ရင်ရယ်ပစေ ဆိုတဲ့ အရဲကိုးမှုမျိုး သတ္တိမျိုးရှိတာ မဟုတ်ဘူးလား။
လမ်းပေါ်မှာ လူငယ်စုံတွဲတတွဲ အချစ်တွေလျှံဖိတ်ပြီး ပွေ့ဖက် နမ်းရှုတ်နေတာ မြင်တယ်ဆိုပါတော့၊ တကယ်က ဒီလိုမျိုး မြင်ကွင်းဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက ဗလတောင့်တောင့် မင်းသားနဲ့ ဆက်ဆီ ကျကျ မင်းသမီး နမ်းရင်သာမိုက်တာ၊ ဒီအူကြောင်ကလေးနှစ်ကောင် နမ်းနေတာ ဘယ်လိုမှ ကြည့်မကောင်းတဲ့ အပြင် လမ်းသွားလမ်းလာတွေတောင် စိတ်အနှောင့်အယှက် ဖြစ်စရာပေပ လို့ တွေးမိပေမယ့် သူတို့ နှစ်ယောက်ကိုလဲ လှမ်းမကြည့်ဘဲမနေနိုင်ဘူး။ သူတို့နှစ်ယောက်ကလဲ လူကြားထဲမှာတောင် ဒီလိုထိန်းမနိုင်သိမ်းမရ ဖြစ်ပျက်နေတယ် ဆိုတာ လိင်စိတ်တွေ ထကြွနေလွန်းကြလို့ ဆိုတာထက် အချစ်ထဲမှာ ပျော်ဝင် နစ်မြုပ်နေကြလို့သာ လိုက်၏ မလိုက်၏ ကောင်း၏ မကောင်း၏ သင့်တော်၏ မသင့်တော်၏ ဆိုတာတွေထက် အချစ်အတွက် လုပ်မိတဲ့ အပြုအမူလေးတွေပဲ မှလား။
စဉ်းစားပါလေ။ ချစ်စခင်စ ကြင်နာစ သည်းသည်းလှုပ်ချစ်နေကြတုံး အစပိုင်းကာလတွေမှာ ဘယ်သူဒီလိုမလုပ်ဖူး မလဲနော်။ မလုပ်ဖူးသေးဘူးဆိုရင် အဲ့တာ ဘဝရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အတွေ့အကြုံပိုင်းလေးတွေ နည်းခဲ့တယ် မှတ်ပါ။ မလုပ်ဖူးတာ ဂုဏ်ယူစရာမဟုတ်သလို လုပ်ဖူးတာလဲ ရှက်စရာမဟုတ်ပါဘူး။ ရွယ်နုတဲ့ အချစ်လေ။ ပြောခဲ့တယ် မှလား။ ရူးရူးမိုက်မိုက်ချစ်တယ် ဆိုတဲ့ စကားက သူ့ဘာသာသူ ဖြေရှင်းပြီးသား အဓိပ္ဗါယ် ပြည့်ဝပြီးသားပါ။ ဘာနမ်စား ဘာနာမဝိသေသနမှ နောက်ထပ်မလိုပါဘူး။ (စကားစပ်လို့အရင်တပိုစ့်မှာ စာဘတ်သူတယောက်က အခုအချိန်ထိ ရည်းစားစာ အပေးမခံရပါဘူးတဲ့ ယောက်ျားကော ကလေးကော ရနေပြီ၊ မိုက်လိုက်လေခြင်းနော်။ သူ့ယောက်ျားကို ရည်းစားစာ ပြန်ပေးခိုင်းလိုက်ပါလို့အကြံပေးလိုက်တယ်)
တနေ့ ကိုယ့်အရွယ် ရောက်တဲ့အခါ ပြန်တွေးကြည့်လို့ရှိရင် အဲ့ဒီ ရွယ်နုစဉ်အခါက ဖြစ်ခဲ့တဲ့ ရူးရူးမိုက်မိုက်အချစ်ကလေးတွေကို ပြန်သတိရလာလို့ရှိရင် စာဘတ်သူကို နောင်တတွေနဲ့ မနေစေ့ချင်ပါဘူး။ အဲ့တာကြောင့် ချစ်စရာရှိတာလေးတွေကို ရွယ်နုတုံး ရူးရူးမိုက်မိုက် လုပ်သာလုပ်ပစ်လိုက်ပါလို့ပဲ......
A Chen
3:32 PM
8th Dec 2011
Thursday
Bangkok