Saturday, March 10, 2012

နောင်ယောင်လိုက်ခံရတဲ့ မိန်းမ




ကဲ ဒီတခါ စိတ်ကူးယဉ်အဖြစ်အပျက်တခုပြောပြချင်ပါတယ်။ သိနေတယ်လေ အဲ့လိုပြောလိုက်ရင် ပိုစိတ်ဝင်စား သွားမယ်ဆိုတာကို။ အရင်လို သူငယ်ချင်းကောင်မလေး တယောက်ရဲ့အဖြစ်အပျက်လို့ မပြောဘူး။ ကိုယ့်ကိုယ်တွေ့ လို့လဲ မပြောဘူး။ စိတ်ကူးယဉ်အဖြစ်အပျက်လို့ပဲ ပြောမယ်။ ကြိုက်သလိုသာ စဉ်းစား ချင့်ချိန်ပြီးတော့ ယုံ။ ကိုယ်ကတော့ ဒေါ်ချစ် စကား ခဏ ငှားပြောမယ်။ ကျမ ညာတတ်တယ်။

ခုပြောမယ့် အဖြစ်အပျက်ထဲက မင်းသမီးလေးနာမည်က “ချမ်း” ဆိုပါတော့။

တခါက ချမ်း သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့ရဖူးတယ်။ ဇာတ်လမ်းထဲကို နောက်ဆုံးမှ ဝင်လာတဲ့
ယောက်ျားက ပုံမှန်နဲ့ မတူ ပိုမိုထူးခြား မနာလို အူတို သဝန်တိုတတ်သူပါကလား။ တညမှာ တော့ ကလပ်ကို ဒစ်စကို ဒန့်သွားရင်းနဲ့ သူက ချမ်းကိုပြောပြလာပါတယ်။ သူတခါက အလွတ်စုံထောက်ငှားပြီး ချမ်း ကိုနောက်
ယောင်ခံ လိုက်ခိုင်းခဲ့ဖူးတယ်တဲ့။ ချမ်းနဲ့ နောက်တယောက်ရဲ့ အသွားအလာတွေ ကိုသိချင်လို့ပါတဲ့လေ။

သူပြောတာကြားပြီးတော့ ချမ်း ကြောင်အသွားပါတယ်။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးကို အလွတ်စုံထောက် ငှားပြီး နောက်ယောင်ခံလိုက်ခိုင်းတယ်ဆိုတာမျိုးက ရုပ်ရှင်တွေထဲမှာပဲ ရှိတာမဟုတ်ဘူးလား။ ပိုဆိုးတာက ချမ်းလို ချစ်စရာကောင်းရုံပဲကောင်းပြီး ဘာမှ ထူးခြားဆန်းကျယ် မရှိတဲ့ ကောင်မလေးမျိုးကို နောက်ယောင်ခံ လိုက်ခိုင်းဖို့ဆိုတာ ကာယကံရှင်ကိုယ်တိုင်က လာပြောနေလို့သာပဲ။ ယုံနိုင်စရာမရှိ။ ရုပ်ရှင်ထဲက ဇာတ်ကွက်တွေ ခုတော့ အပြင်မှာ တကယ်ကို လာဖြစ်နေပြီ။ ယောက်ျားတယောက်က ချမ်းကို အဲ့လောက်တောင် ချစ်ပါတယ် တဲ့လား။ အလွတ်စုံထောက်တောင်ငှားပြီးတော့ ချမ်းဘယ်သွားလဲ ဘာလုပ်လဲ ဘယ်သူနဲ့တွေ့လဲ စတာတွေကို သိချင်လို့ စုံစမ်းခိုင်းတယ်တဲ့။ တွေးကြည့်ရင် စိတ်ဆိုးစရာဆိုပေမယ့် ပုံမှန် ပန်းပို့တာ။ လာကြိုတာ၊ စာလိုက်ပေး တာ စတဲ့ ခေတ်မမှီတော့တဲ့ လုပ်ကွက်တွေထက်စာရင်တော့ ပို ရိုမန်တစ်တယ်ပြောရမယ်။ အလွတ်စုံထောက်ဆို တာက ဈေးကြီးတယ်မှလား။ ပြီးတော့ ကိုယ့်အတွက် သူက ဒီလောက်တောင် လုပ်နေတာလေ။ မိုက်ရိုင်းပေမယ့် တုံးအတဲ့ ဒီ အပြုအမူကလေးက ကိုယ့်ကို မကြွေပဲ မနေနိုင်စေဘူး။

အဲ့ဒီ နိုက်ကလပ်ညမှ သူ့ကို ချမ်း ချစ်မိသွားတာပါပဲ။ တကယ်တော့လဲ အဲ့ဒီတညစာထဲပဲ သူ့ကို ချစ်မိသွားတာပါ။ နောက်တလလောက်ကြာတော့ သူနဲ့ ချမ်း လမ်းခွဲဖြစ်ကြပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့ အထိတောင်မှ လူစုံတဲ့ အခါတိုင်း အရင်တုံးက ယောက်ျားတယောက် ချမ်းကို အဲ့လောက်တောင် ချစ်ခဲ့ဖူးတယ်၊ အလွတ်စုံထောက်ငှားပြီး ချမ်းနောက်ကို တကောက်ကောက်လိုက် စုံစမ်းနေခဲ့တယ် ဆိုတာမျိုး သူငယ်ချင်းတွေ
ကြားမှာ ဂုဏ်ယူစိတ် နည်းနည်းနဲ့ပဲဖြစ်ဖြစ် အမြဲလိုလို ကြွားဖြစ်ဆဲပဲ။ ချမ်း သူ့ကို မချစ်တော့ဘူး။ ဒါပေမယ့် အဲ့ဒီအဖြစ်ကလေးကိုတော့ သာယာနေဆဲပဲ။ တချိန်က တောက်ပ ခဲ့တဲ့ ကိုယ့် အလှတရားတခုလို့ ခံစားရဆဲပဲ။

ချမ်း တခါမှတော့ နောက်ကနေ လူတယောက် ကိုယ့်ကို နောက်ယောင်ခံလိုက်နေတယ်ဆိုတဲ့ ခံစားမှု မျိုး မခံစားခဲ့ ရပါဘူး။ နောက်ကနေ လူလိုက်နေတယ် လို့ ပြောလို့ ရမယ့် ထင်နိုင်လောက်တဲ့ အထောက်အထားတောင် မခံစား ခဲ့ရဘူး။ အာရုံခံစားသိနဲ့တောင် မခံစားခဲ့ဘူးဘူး။ အဲ့ဒီ ယောက်ျားက တကယ့်ကိုပဲ အလွတ်စုံထောက် ငှားပြီး ချမ်း
နောက်ကို လိုက်စေခဲ့တာလား။ ဒါမှ မဟုတ် လှပတဲ့ လိမ်ညာမှုလေး တခုနဲ့ ချမ်းရဲ့ စိတ်နှလုံးကို သိမ်းကြုံး ထိခိုက် ခံစားစေခဲ့တာလား.......? ဘယ်လိုပဲ ပြောပြော ဘယ်သူဘာပဲ ပြောပြော ချမ်းကတော့ အဲ့ဒီ အဖြစ်အပျက်ဟာ လိမ်ညာမှု တခုလို့ မယုံကြည်ချင်ပါဘူး။

ဟုတ်တယ်လေနော်။ တကယ့်လို့ အဖြစ်အပျက်ကလဲ လှပတယ်၊ ထိခိုက်နစ်နာမှုကြီးကြီးမားမားလဲ မရှိခဲ့ဘူး၊ တဘဝလုံးစာလဲ သူငယ်ချင်းတွေကြားမှာ ဂုဏ်ယူ ပနာယူပြီး ပြောလို့ရသေးတယ်ဆိုရင် ညာတယ်ဆိုတော့ကော ဘာဖြစ်သေးလဲနော်။

A Chen
8:44 PM
10th Mar 2012
Saturday
the Orange coffee shop
Phaya Thai
Bangkok

9 comments:

  1. ဖြစ်နိုင်တာပေါ့။ ကိုယ့်ချစ်နေရသူအကြောင်း လူတိုင်း သိချင်ကြတာပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ထဲကြည်နူးမိစရာပဲမဟုတ်လား။ တော်လိုက်တဲ့လူ။ (စကားမစပ် ကျွန်တော်လဲ ညာတက်တယ်။)
    :)
    လီယို

    ReplyDelete
    Replies
    1. ကိုလီယို ညာတတ်တာတော့ ယုံပါတယ် :P

      Delete
    2. ဟော်တော့ ကျုပ်ဘလောခ် မှာ ဇယား လာရှုပ်နေကြပါလား

      Delete
  2. အေးစုစံMarch 10, 2012 at 9:20 PM

    စာအုပ်မြန်မြန်ထုတ်တော့ တီချမ်းရေ..
    တီချမ်းအရေးအသားတွေကို ခိုက်တယ်...

    ReplyDelete
  3. I really love the way U lie to me <3!!

    ReplyDelete
  4. နောက်ယောင်ခံလိုက်ခိုင်းတယ်ဆိုတာ မနာလို အူတိုတတ်သူတွေရဲ့လုပ်ရပ်တစ်ခုလို့မြင်တယ်။
    နောက်တစ်ချက်ကလည်း အမှန်တကယ်နှစ်သက်လို့ပေါ့။ အားပေးလျှက်ပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကိုယ်တွေသာဆိုရင်တော့
    မရဘူးစိတ်ဆိုးမှာပဲ
    အဲလောက်တောင်ယုံကြည်မှုမရှိရင်လဲနေ
    ပြီးတော့ယုံဖို့မေးတာမြန်းတာတော့လုပ်ဦးမှာပဲ
    လွယ်လွယ်တော့ယုံလို့ဖြစ်ဘူးလေ
    ယောက်ျားတွေကို
    :))

    ReplyDelete
  6. ချမ်းလေးကို ရချင်လို့ ရွှီးဒါလည်းဖြစ်မှာပဲ ငှဲငှဲ ဘာဖစ်ဖစ်ကြွေတော့ ကြွေသွားခဲ့တယ်မှလားလို့ ...

    ReplyDelete
  7. ဒါလည်း မှတ်သားစရာနည်းတစ်ခုပဲ :P

    ReplyDelete