Tuesday, March 20, 2012

ပြန်မရတော့မယ့် မနေ့ည...




ခေါင်းစဉ် ကိုကြည့်လိုက်တာနဲ့ တီချမ်းတယောက် ဘာတွေ ရေးပြန်ပလဲ လို့တွေးနေပြန်ပြီမှလား။ တလွဲမတွေးပါနဲ့လေ။ သေသေချာချာ အပြီးထိ ဘတ်ကြည့်ပါအုံး။ တနေ့က စာလေးတပုဒ်ဘတ်မိလို့ပါ။ အဖြစ်အပျက်လေးတခုက ဒီလိုပါတဲ့။ သူနဲ့ သူမနဲ့ တူတူ ညအိပ်ရာဝင်ကြတယ်။ မနက်သူလဲ နိုးရော သူ့ဘေးမှာ ရှိနေတဲ့ သူမခန္ဓာကိုယ်တခုလုံးက တောင့်တင်းအေးစက်နေခဲ့ပြီ။ သူအရမ်းကို အံ့သြ သွားတယ်။ ယူကြုံးမရဖြစ်မိတယ်၊ အမှန်ကတော့ သူမမှာ နှလုံးရောဂါရှိနေတာသိနေခဲ့ကြပြီးသားပါ။ သေခြင်းတရားက ဒီလောက် စောစောနဲ့ မြန်မြန် သူတို့နှစ်ယောက်ကြားရောက်လာမယ် မထင်ထားခဲ့တာတခုပါပဲ။ သူမက အခုမှ ၃၂ နှစ် သမီးလေးမွေးပြီးတာတောင် မကြာသေးဘူး။ သမီးက ခုမှ လပိုင်းပဲ ရှိသေးတယ်။ ခုတော့ သူမက ညဘက် အိပ်နေရင်း အမောဖောက်ပြီး သေဆုံးသွားတာပေါ့။

ညလယ်ကောင်မှာ သူမ အမောဖောက်နေတုံး သူမ ရုန်းကန်မောလျနေမှာပေါ့။ သူမ အတွက် အသက်ရှုဖို့ ရုန်းကန်မောပန်း နေချိန်က အချိန်ဆိုတာ ကာလ ငရဲလိုဖြစ်နေမှာပါပဲ။ ရှည်လျှားပြီးတော့ အကုန်နှေးနေလိုက် မယ်ဆိုတာလေ။ ဒါပေမယ့် အိပ်နေတဲ့ လင်ယောက်ျား ဖြစ်သူအတွက်ကတော့ အဲ့ဒီ အချိန်က အခိုက်အတန့်ပါ ခဏတာလိုပါပဲ။သူမ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ မသိလိုက်ရလောက်အောင် သူလဲ မောမောပန်းလျ အိပ်ပျော်နေ ခဲ့တာပါလား။ တရေးထဲနဲ့ နိုးလာလို့မနက်လဲရောက်ရော သူတို့ နှစ်ယောက်ရဲ့ဘဝက ဇာတ်သိမ်းသွားခဲ့ပြီလေ။

ကိုယ်သိချင်တာတခုက မနေ့ညက မအိပ်ခင် အချိန်မှာ သူတို့ နှစ်ယောက် ဘာတွေ များပြောခဲ့ကြမလဲဆိုတာ ပါပဲ။ မနက်ဖြန်အကြောင်းများပြောခဲ့ကြမလား။

မအိပ်ခင်အချိန်မှာ ကိုယ်တို့တွေ များသောအားဖြင့် ပြောဖြစ်ကြတာ “မနက်ဖြန် ဘာတွေလုပ်မလဲ၊ လုပ်စရာ ရှိသလဲ” ဆိုတာပါ။ အဲ့လိုအချိန်မှာလဲ များသောအားဖြင့် ဘေးကတယောက်က အိပ်ချင်မူးတူးနဲ့ ပြန်ပြော တတ်တာက “မနက်ဖြန်ကျမှပြောတော့ကွာ” လို့ပေါ့။ ကြုံဖူးကြမှာပါ။ ဒါပေမယ့် ဘယ်သူမှ အာမ မခံနိုင်တာ မသိနိုင်တာက တရေးအိပ်လို့ နိုးလာတဲ့ အခါ ကိုယ်တို့ နှစ်ယောက် အတွက် မနက်ဖြန် ဆိုတာ ရှိကော ရှိပါ အုံးမလားဆိုတာပါပဲ။ ဒါ ကိုယ်က အဆိုးမြင်တာ မဟုတ်ပါဘူး။ တွေးကြည့်တာပါ။ ခုတလော မောင်ပြန်သွား
တော့ ကိုယ် အိပ်ခန်းထဲက ကုတင်မှာ မအိပ်ဖြစ်ဘူး။ နှစ်ယောက် အိပ်ကုတင်က ခုတော့ ကိုယ့်တယောက် ထဲ အတွက် ကျယ်လွန်းနေတယ်။ မောင်မရှိတော့ တမျိုးပဲ။ ပထမ ညက အိပ်ဖို့ ကြိုးစားကြည့်သေးတယ်။ ဒါပေမယ့် ကုတင်ပေါ်မှာ လှဲလိုက်တာနဲ့ ဝမ်းနည်းတဲ့ စိတ်က လှိုက်လှိုက်တက်လာလို့ အိမ်ရှေ့ က ဂျပန်ဖျာ
ပေါ်မှာပဲ အိပ်ဖြစ်နေခဲ့တာ မောင်ပြန်သွားကတည်းက။ ခုဆို ၆ ညရှိပြီ။

ဖြစ်ချင်တော့ ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကလဲ Charlotte Gray ဖြစ်နေတယ်။ စကော့တ်ရှ် မိန်းမ က ဒုတိယ ကမ္ဘာစစ်ထဲပါသွားတဲ့ သူ့ ရည်းစားကို ကယ်ဖို့ပြင်သစ်ကို သွားပြီး စပိုင်လုပ်တဲ့ကားပါ။ အဓိက ပြောချင်တာ မင်းသမီးနဲ့ သူ့ ရည်းစား (မင်းသား မဟုတ်ပါ) နဲ့ တွေ့တွေ့ချင်းကြိုက်သွားကြတယ်။ နောက်တော့ ချစ်သူက စစ်ထွက်ဖို့ဖြစ်လာရော။ အဲ့မှာ တည သူတို့ ပြတင်းပေါက်မှာ တူတူထိုင်နေတုံး သူ့ရည်းစားက သူစစ်ထဲကနေရတဲ့ သူ့ခွင့်ရက်ပြည့်ပြီ ပြောပါတယ်။ သူစစ်ထဲပြန်သွားရတော့မှာပေါ့။ ဘယ်တော့လဲ ဆိုတော့ မနက်ဖြန်တဲ့။ ကြည့် အဲ့ဒီအခန်းကို ကြည့်နေရင်း ကိုယ်သိလိုက်ပြီ သူတို့မှာ မနက်ဖြန် မရှိတော့ဘူး။
စစ်ထဲမှာ က ဒီလိုကိစ္စတွေမထူးဘူးဆိုပေမယ့် ချစ်သူနှစ်ယောက်ကတော့ ကြေကွဲစရာပါ။ နောက် ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာတွေ ရှိတယ် မင်းသမီး ပြင်သစ်ရောက်တော့ ဆန့်ကျင်ရေးသမား ကွန်မြူနစ်ရဲ့ အဖေ ပြောတဲ့ စကားတခွန်း.....မင်းသမီးကို ဘာ့ကြောင့် ဒီကိုလာရတာလဲ မေးတော့ မင်းသမီးက နိုင်ငံအတွက်ပေါ့လို့ပြန်ဖြေတယ်။ အဲ့မှာ အဖိုးအို ပြန်ပြောတာက “ဘယ်သူမှ သူတို့ နိုင်ငံအတွက် စစ်မတိုက်ဘူး၊ သူတို့ မိသားစု အတွက် သူတို့ချစ်တဲ့ သူတွေအတွက် စစ်တိုက်ထွက်ကြတာ” တဲ့။ ဘယ်လောက် ကောင်းလိုက်သလဲ။ ယုံကြည်မှု ဆိုတာ စဉ်းစားစရာပါပဲ။ မင်းသမီးက ကိုယ့်အကြိုက်ဆုံး ကိတ်ဘလန့်ရှက်ပါ။ 

တခါတလေ မအိပ်ခင်မှာ ကိုယ်တို့တွေအနာဂတ်အတွက် ဆွေးနွေးမိရင် ဘေးကတယောက်က ခေါင်းယမ်း
ပြီးတော့ “အနာဂတ်ကိစ္စထားပါအုံးကွာ မနက်ဖြန်အတွက်ပဲအရင်ပြောကြတာပေါ့” လို့ပြောမိတာမျိုးကော ကြုံဖူးကြလား။ ဒါပေမယ့်လဲ နေထွက်ပြီးသွားလို့ ရှိရင် မနက်ဖြန်တွေဆိုတာကလဲ တဖြည်းဖြည်း ဝေးသွား
တတ် တာမျိုးပါ။


မအိပ်ခင်မှာ ကိုယ်တို့ တွေ ဘေးက တယောက်ကို “ဘဝကို တယောက်ထဲ အေးအေးလူလူ ဖြတ်သန်းချင် သလားဟင်” လို့ မေးမိကြတဲ့ အခါ သူက စောင်ပုံထဲကို တိုးခွေ့ဝင်ရင်းနဲ့ “ဒီနေ့တောင် မောလှပါပြီ” လို့အိပ် ချင်မူးတူးပြန်ဖြေသလား။ မနက်ဖြန် နိုးလာတဲ့ အခါကျမှ သူ့ဘေးမှာ ကိုယ်ထာဝရ အိပ်ပျော်နေတာ တွေ့တဲ့ အခါ မနေညဆိုတာက ကိုယ်တို့ နှစ်ယောက် အတွက် နောက်ဆုံးတညပါလား။

တနေ့ တနေ့ အိပ်ရာကနေ နိုးလာတဲ့ အခါ ဘဝမှာ ကိုယ်ဘာတွေ လက်လွှတ်ခဲ့ရသလဲ၊ ဆုံးရှုံးခဲ့ဖူးသလဲ လို့
တွေးမိကြလား။

ကိုယ်ကတော့ မနေ့ညက မအိပ်ခင်အချိန်မှာ မောင့်ရဲ့  နွေးထွေးမှု နဲ့ မလွဲခဲ့ချင်သလို မောင်နဲ့ တူတူကျော်ဖြတ်ကြရမယ့် မနက်ဖြန်ပေါင်းများစွာ ကိုလဲ မလွဲချင်ပါဘူး။

I miss your spooning every night my darling.





A Chen
9:36 PM
Tuesday
20th Mar 2012
Home
Bangkok  

9 comments:

  1. ကိုယ်ချင်းစာတယ် တီချမ်းလွမ်းနေတာ။

    ReplyDelete
  2. တစ်ပတ်တောင် မပြည့်သေးဘူး။ ပြန်လာတော့မှာလေ။ ရက် နှစ်ဆယ်လောက် မရှိတာကို ဇာချဲ့နေတယ် မုန်းထှာ။

    ReplyDelete
  3. အံမယ် ထူးထူးခြားခြား နင်နားမလည်တဲ့ ငါ့ဘလောခ် ကို ဝင်ဘတ်နေပါ့လား သူများတွေလွမ်းစရာ ရှိတာကို မနာလိုမဖြစ်ပါနဲ့အေ

    ReplyDelete
  4. ခရစ္စတလ်March 25, 2012 at 6:10 PM

    လစ်ဟာနေတဲ့အကြောင်း လွမ်းတဲ့အကြောင်းတွေတော့ ထွေထွေထူး ပြောနေချင်တော့ဘူးးးးးးးးးးး။

    တီရေးတာတွေနဲ့ ကိုယ့်ဘဝနဲ့က တယ်လည်း တိုက်ဆိုင်သကိုးးးး။

    ReplyDelete
  5. ဘတ်သွားတယ်... (သူက ဘတ်ဆိုတော့ ကိုယ်လည်း လိုက် ဘတ်ရတာပ..။)
    ဒါမျိုး ကြိုမတွေးချင်ဘူးအေ... ။

    ReplyDelete
  6. စင်ဒလားပါ... ညှင်းညှင်း

    ReplyDelete