Saturday, March 24, 2012

ယောက်ျားဆိုတဲ့ သတ္တဝါ

ယောက်ျားဆိုတဲ့ သတ္တဝါ




foto credit


ယောက်ျားဆိုတဲ့ သတ္တဝါဆိုတာ အိမ်မှာ ဖုန်းမြည်တဲ့အခါ ......အသံပြဲကြီးနဲ့ “ဖုန်း” လို့ ထထအော်တတ်ပေမယ့် ဘယ်သောအခါကမှ ကိုယ်တိုင်ကိုယ်ကျ ထပြီးတော့ အဲ့ဒီ မြည်နေတဲ့ ဖုန်းဆိုတာကြီးကို မြည်သံရပ်သွားအောင် ထမကိုင်တတ်ပါဘူး။

ယောက်ျားတယောက်ဆိုရင် ဧည့်ခန်းကနေ ရေချိုးခန်းထဲက ရေချိုးကန်ထဲမှာ စိမ်နေတဲ့ မိန်းမဖြစ်သူဆီအပြေးသွား
ပြီးတော့ “ဖုန်းလာနေတယ်” လို့ပြောပါတယ်။ မိန်းမက “ဘယ်သူ့ဆီကလဲ” လို့ပြန်မေးတော့....ပျင်းတိပျင်းတွဲ နဲ့ ....“ဘယ်သိမှာလဲ ငါမှ မကိုင်ကြည့်တာ” လို့ ပြန်ဖြေပါသတဲ့။

တယောက်ယောက်ကများ အိမ်ရှေ့မှာ တံခါးခေါက်နေတယ်ဆိုလို့ရှိရင်လဲ အဲ့ဒီ ယောက်ျားဆိုတဲ့ သတ္တဝါက အသံပြဲ နဲ့ “အိမ်ရှေ့မှာ တံခါးခေါက်နေတယ်” လို့အော်ပါလိမ့်မယ် ပြီးရင် သူနဲ့မဆိုင်သလိုပဲ မိန်းမ ထဖွင့်တာကို တီဗီကြည့်မပျက်ဘဲ ထိုင်စောင့်နေတာလဲ သူတို့ပါပဲ။

ယောက်ျားတွေ က သူတို့ မိန်းမတွေကို အမြဲလိုလိုမေးလေ့ရှိတဲ့ မေခွန်း ၃ ခုရှိပါတယ်။
“ပစ္စည်းအသစ်တွေ အဝယ်ထွက်ပြန်ပြီလား?”
“ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပလဲ?”
“ငါ့အတွင်းခံ ကိုဘယ်နားထားထားလဲ?”

ယောက်ျားတွေ အမြဲ လိုလိုပြောလေ့ရှိတဲ့ (အပြောအများဆုံး) စကားတခွန်းကတော့....
“မိန်းမရေ ကိုယ်ဒီနေ့လဲ နောက်ကျအုံးမယ်နော် ညစာစားမစောင့်နဲ့တော့။”

(အိုဗာတိုင်ရှိလို့၊ သူငယ်ချင်း ထမင်းကျွေးပွဲရှိလို့၊ ရုံးမှာ ညစာစားပွဲရှိလို့.....စသဖြင့်ပေါ့လေ အကြောင်းပြချက်တွေ သာပြောင်းမယ် ပြောချင်တာကတော့ တူတူပါပဲ)

လင်မယားနှစ်ယောက် တူတူတနေရာရာ ကို ကားမောင်းသွားလို့ လမ်းမှာ မတော်တဆ လမ်းမှားနေပြီဆိုပါစို့.....
ယောက်ျားဆိုတဲ့ သတ္တဝါတွေဟာ ဘယ်တော့မှ သူတို့ ကားမောင်းရင်း လမ်းမှားနေပြီ ဆိုတာ ဝန်မခံတတ်ပါဘူး။ “ငါ လမ်းမမှားဘူးကွ၊ ဒီနေရာက လမ်းမှတ်တိုင်တွေက တလွဲတွေ ပြထားတာ” လို့ ဖင်ပိတ်ငြင်းတတ်ပါတယ်။ ဒီလို အချိန်မှာများ မိန်းမ က အလိုက်မသိစွာနဲ့ “ရှင် လမ်းမှားနေတာ အသိသာကြီးကို” လို့များ ပြောမိလို့ကတော့ “အဲ့တာလဲ မင်းသောက်တလွဲတွေ လမ်းပြနေလို့ပဲ ဖြစ်ရတာ၊ မဟုတ်ရင် ငါဘယ်လိုလုပ် လမ်းမှားမှာလဲ” လို့ ကားမောင်းနေတာသူဖြစ်ရက်နဲ့ ဘူးခံငြင်းပြီး အပြစ်တောင် ကိုယ့်ဘက် ပြန်လွှဲလာတတ်တာလဲ အဲ့ဒီ ယောက်ျားဆိုတဲ့ သတ္တဝါပါပဲ။

ကိုယ်တွေက အလှပြုပြင်ဆိုင်မှာ နေ့တဝက်လောက်ကို ခက်ခက်ခဲခဲ ရတဲ့ ရက်ချိန်းလေးနဲ့ အချိန်ကုန်ခံ ပြီး ဆံပင် ကိုပြုပြင်ထားတယ်ဆိုပါတော့.....အိမ်ပြန်လာတဲ့ အခါမှာ အသစ် ဖြောင့်ထား၊ ကောက်ထားတဲ့ ဆံပင်လှလှလေးနဲ့ ကိုယ့်ယောက်ျားက ကိုယ့်ကို “ဟာ......ငါ့ မိန်းမ ဒီနေ့ တယ်လှနေပါလား” လို့ ချီးမွမ်းတာ ခံချင်နေတဲ့စိတ်နဲ့ “ယောက်ျားရေ လှရဲ့လား” လို့ မေးတဲ့အခါ “ဟမ် နေ့တဝက်ကျိုးလောက် အချိန်ကုန်ခံပြီး ထွက်လာတော့လဲ ဒီပုံပါပဲလား” လို့ အလိုက်မသိစွာ ပြန်ဖြေတတ်တာလဲ ဘယ်သူလဲ ပရိတ်သတ်ကြီး....... (ယောက်ျားဆိုတဲ့ သတ္တဝါတွေပါပဲ။)

ယောက်ျားဆိုတာ အဲ့လောက်ကို မုန်းဖို့ ချဉ်ဖို့ ကောင်းတဲ့ သတ္တဝါတွေပါပဲ။ ဘာလို့များ ယောက်ျားတယောက်ကို ကိုယ့်နဲ့တူတူဘဝလက်တွဲဖို့ ကိုယ့် ယောက်ျား ဖြစ်လာဖို့ လက်ခံခဲ့တဲ့အချိန်တုံးက ဘာလို့များ အဲ့လောက် ပျော်ရွှင် ချိုမြိန်ခဲ့တာပါလဲနော်။

ကဲ ပြောစရာရှိတာတွေကတော့ ပြောပြီးပြီ တော်သေးတာတခုက ကိုယ့်မောင် က အဲ့လို ယောက်ျားတွေထဲမှာ မပါ ပေလို့ပေါ့။ ကိုယ့်မောင်က ဖုန်းဆိုရင် အရင်ကောက်ကိုင်ပြီးသား၊ တံခါးဆိုရင်လဲ ဖွင့်ပြီးသား၊ မောင်ရေ ဒီနေ့ ရုံးမှာ ပင်ပန်းလိုက်တာလို့ ပြောရင် မောင်နှိပ်ပေးမယ်လေ သဲဆိုတာမျိုး၊ ကိုယ်က မောင်ရေ မောလာတယ်ကွယ် လို့ ပြောလိုက်ရင် သံပရာရည်အသင့်ဆိုတာမျိုး.....ဒီကင်မရာ လန်းစ်လေး လိုချင်လိုက်တာ ဝယ်ပေးမလားဟင် ဆိုရင်လဲ သဘောသဘော ဆိုတာသူပဲ။ ကဲ ကိုယ့်လို ကံမကောင်းချင်ကြဘူးလား။

A Chen
11:06 PM
24th Mar 2012
Saturday
Home
Bangkok

10 comments:

  1. Replies
    1. ဟယ် အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိပါလား ဗြဲတဲ့......

      Delete
  2. ပြောတာပဲ ... မမြင်ရတော့လည်း ယုံရမှာပေါ့...စိတ်တိုတာတွေ ချရေးပြီး ပြန်ချော့ထားတာ အသိသာ ကြီး ကို...ချောမွေ့ သော အိမ်ထောင်ရေး ဆိုရင်တော့ တစ်ခုခု တော့ မှားနေမှာ ပျင်းစရာ ကြီးပေါ့ အကုန်အင်း အင်း အင်း ဆိုရင်ပေါ့ သံစဉ် လေးနဲ့ မှ ကောင်းမှာပေါ့

    ReplyDelete
    Replies
    1. သေချာတာပေါ့ ငဝန်နဒီရယ်

      ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေး ဆိုတာတော့ ဘယ်ရှိပါ့မလဲ တီတို့လဲ တီတို့ ပြဿနာလေးတွေ တော့ရှိတာပေါ့
      ဒါပေမယ့် အဓိက ပြောချင်တာကတော့ ညာခိုင်းရမယ် ဆိုတာပါပဲ

      Delete
  3. (((((((ဟမ်))))))))
    ရှယ်ပါပဲလားကွယ်ရို့... :P :P
    ဂလိုအပြောလေးတွေကြောင့်ပဲ ကိုကို၊မောင်မောင်တို့ခမျာ :))

    ReplyDelete
    Replies
    1. ဟုတ်တယ် အနော်ရေ

      အပေါ်မှာ ပြောထားသလိုပဲ ယောက်ျားဆိုတဲ့ သတ္တဝါတွေကို ညာခိုင်းရမှာ ကိုယ်တို့တွေ ရဲ့သမိုင်းပေးတာဝန်ပဲလေ နော်

      Delete
  4. တီတင့်ရဲ့အိမ်ဦးသခင်လည်း တီချမ်းရဲ့'မောင်'လိုပဲး)))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ကျေးဇူးပါ တီတင့်ရေ

      Delete
  5. အရမ်းမြင့်မားတဲ့ ပုရိသတွေ ပုံနိုင်း၍မပြောတော့ပါဘူး။ ခင်ဗျာ တွေ့ဖူးတဲ့ ခက်ညံညံ ယောင်္ကျားအကြောင်းတွေရေးပြီရင်...မ သတ္တဝါအကြောင်းလဲ အားရင်ရေးပါအုံး။

    ReplyDelete
  6. အရမ်း မြင့်မားတဲ့ ပုရိဿတွေကို ပုံနိုင်း၍မပြောတော့ပါဘူး။ ခင်ဗျာ တွေ့ဖူးတဲ့ ခက်ညံ့ညံ့ ယောင်္ကျားအကြောင်းတွေရေးပြီရင်... ခကညံ့ညံ့ မ သတ္တဝါအကြောင်းလဲ အားရင်ရေးပါအုံး။

    ReplyDelete